← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း - ၁၃၁

ကျန်းလင်း ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီ၏ ဧည့်ကြိုကောင်တာတွင် ဖြစ်သည်။ ဂျပန်အမျိုးသမီးငယ်သည် ရှီလဲ့ကို မျက်မှောင်ကုတ်လျက် စိုက်ကြည့်ရင်း နှာခေါင်းရှုံ့ကာ ဒေါသတကြီး ပြောလိုက်သည်။

“ဒီမှာ လူမခေါ်ဘူး အခုချက်ချင်း ထွက်သွားပေးပါ၊ မသွားရင် ရဲခေါ်ရလိမ့်မယ်”

ရှီလဲ့သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းလင်း ကုမ္ပဏီထဲမှ ဖြည်းညှင်းစွာ ခြေလှမ်းလှည့်ထွက်ခဲ့သည်။ ထွက်လာရင်းနှင့်လည်း အနီးနားရှိ အခြေအနေ အရပ်ရပ်ကို အကဲခတ်ရန် မမေ့ချေ။

‘ဧည့်ခန်းထဲမှာ စောင့်ကြည့်ကင်မရာ လေးလုံးရှိတယ်၊ လုံခြုံရေးဝန်ထမ်း မတွေ့ရဘူး၊ ကားပါကင်ကတော့ အမိုးအကာမရှိတဲ့ ကွင်းပြင်ပဲ ရုံးချိန်က မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ နေ့လယ်စာကိုတော့ အပြင်ကပဲ မှာစားပုံရတယ်... အမှိုက်ပုံးထဲမှာ ပါဆယ်ဘူးတွေ တွေ့ခဲ့ရတယ် ဒါပေမဲ့ လုံခြုံရေးကင်မရာစနစ်က အင်တာနက်နဲ့ ချိတ်ဆက်ထားသလား ဆိုတာတော့ မသေချာသေးဘူး’

ရှီလဲ့သည် စိတ်ထဲမှ အစီအစဉ်များကို တွက်ချက်ရင်း ကျန်းလင်း ကုမ္ပဏီဝင်းထဲမှ ထွက်လာခဲ့သည်။

ကုမ္ပဏီအတွင်း၌မူ ကိုအိဇုမိ အိချီရိုသည် ဧည့်ခန်းမထဲသို့ ဝင်လာသည်။ သူသည် ထွက်ခွာသွားသော ရှီလဲ့၏ ကျောပြင်ကို လှမ်းကြည့်ရင်း တစ်နေရာရာတွင် မြင်ဖူးသလိုလို ရင်းနှီးမှုကို ခံစားလိုက်ရသဖြင့် မေးလိုက်သည်။

“ခယောကို... ခုနကလူက ဘယ်သူလဲ”

ခယောကိုဟု ခေါ်သော ဧည့်ကြိုအမျိုးသမီးသည် ပုပြတ်ကာ ဝတုတ်ပြီး ရုပ်ဆိုးလှသော ထိုလူကြီးကို ပြာပြာသလဲ ဖြေလိုက်သည်။

“ဥက္ကဋ္ဌ ကိုအိဇုမိ၊ အဲဒီလူက မင်းသားနေရာအတွက် လာလျှောက်တာလေ နှင်ထုတ်လိုက်ရပါတယ်ရှင်”

ထိုအခါမှ ကိုအိဇုမိ အိချီရိုသည် စိတ်အနည်းငယ် အေးသွားတော့သည်။ အလုပ်လာလျှောက်သူဆိုလျှင်မူ သူထင်နေသည့်အထဲမှ ထိုလူ မဖြစ်နိုင်တော့ပေ။

ရှီလဲ့သည် ကျန်းလင်း ကုမ္ပဏီအနီးတစ်ဝိုက်ကို တစ်ပတ်ပတ်ကြည့်ကာ ပထဝီဝင် အနေအထားနှင့် မိမိအတွက် အသုံးချနိုင်မည့် နေရာကွက်လပ်များ ရှိ၊ မရှိ သေချာစွာ စစ်ဆေးခဲ့သည်။

‘ခြံစည်းရိုးတံတိုင်း တိုင်းမှာလည်း ကင်မရာတစ်လုံးစီ တပ်ထားတယ်... ကင်မရာကွယ်တဲ့နေရာ မရှိအောင် စောင့်ကြည့်ထားတာပဲ ဒါကတော့ တော်တော် လက်ဝင်မယ့်ကိစ္စပဲ’

ရှီလဲ့သည် တက္ကစီတစ်စီးကို တားစီးကာ ဟိုတယ်သို့ ပြန်ခဲ့သည်။

ယခုအချိန်တွင် မာလျန်သည် ကိုအိဇုမိ အိချီရိုကို စောင့်ကြည့်နေပြီး၊ ကျန်းစန်းဖောင်က မိုင်းများကိုပြင်ဆင်နေသည်။ ယဲ့ဖုန်းကမူ ဆေးရုံ၌ ဒန်ရှောင်လင်းကို ပြုစုစောင့်ရှောက်ပေးနေရသဖြင့် ဟိုတယ်အခန်းထဲတွင် ရှီလဲ့ တစ်ယောက်တည်းသာ ရှိနေသည်။ သူသည် မာလျန် ဆွဲပေးထားသော စောင့်ကြည့်ကင်မရာ မြေပုံကို အသေအချာ လေ့လာနေမိသည်။

‘ကျန်းလင်း ရုပ်ရှင်ကုမ္ပဏီက တိုက်ခိုက်ဖို့ အကောင်းဆုံးနေရာပဲ’

ရှီလဲ့သည် ရေရွတ်ရင်း အခန်းထဲရှိ ကွန်ပျူတာကိုဖွင့်ကာ အင်တာနက် မှတစ်ဆင့် ကျန်းလင်း ကုမ္ပဏီအကြောင်း အချက်အလက်များကို ရှာဖွေလိုက်သည်။

အမှန်တကယ်တော့ ထိုကျန်းလင်း ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီသည် တိုကျိုမြို့တွင် တော်တော်လေး နာမည်ကြီးလှသည်။ ရှီလဲ့ ခန့်မှန်းခဲ့သည့်အတိုင်းပင် ၎င်းသည် လူကြီးကြည့် အနုပညာရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်သော ကုမ္ပဏီတစ်ခု ဖြစ်နေသည်။

ရှီလဲ့သည် ကုမ္ပဏီ၏ တရားဝင် ဝဘ်ဆိုက်စာမျက်နှာကို ဖွင့်လိုက်ရာ လိုင်းဆွဲနှုန်းမှာ အလွန်ပင် နှေးကွေးလှသည်။ သူသည် မျက်မှောင်ကို အနည်းငယ် ကျဉ်းမြောင်းလိုက်ရင်း ဝက်ဆိုက်ပေါ်ရှိ လူကြီးကြည့်ဗီဒီယို ကာဗာမျိုးစုံနှင့် ရုပ်ရှင်အသစ် မိတ်ဆက်များကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

‘လိုင်းဆွဲနှုန်းက ဒီလောက်တောင် နှေးနေတာ... သူတို့ရဲ့ ဆာဗာအဖြစ် ကုမ္ပဏီထဲက လုပ်ငန်းသုံးဆာဗာကိုပဲ သုံးထားတာ ဖြစ်ရမယ်’

ရှီလဲ့သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး ဝက်ဆိုက်စာမျက်နှာမှတစ်ဆင့် တစ်ဖက်လူ၏ ဆာဗာနောက်ကွယ်သို့ အလွယ်တကူ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ ဆာဗာဖွဲ့စည်းပုံကို စစ်ဆေးကြည့်ရာ သူထင်သည့်အတိုင်း ကျန်းလင်း ကုမ္ပဏီသည် လုပ်ငန်းသုံးဆာဗာကိုသာ ဝက်ဆာဗာအဖြစ် သုံးထားကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုဆာဗာမှတစ်ဆင့် ရှီလဲ့သည် ကျန်းလင်း ကုမ္ပဏီ၏ အတွင်းပိုင်း တစ်ခုလုံးသို့ လျင်မြန်စွာ လှည့်ပတ်ကြည့်ရှုကာ လုံခြုံရေးစောင့်ကြည့်စနစ် ကို ထိန်းချုပ်ထားသည့် ကွန်ပျူတာကို လိုက်လံရှာဖွေခဲ့သည်။

သို့သော်လည်း ကွန်ရက်တစ်ခုလုံးကို အနှံ့အပြား ရှာဖွေခဲ့သော်ငြား လုံခြုံရေးစနစ်၏ အရိပ်အယောင်ကိုမျှ မတွေ့ရချေ။ ကျန်းလင်း ကုမ္ပဏီ၏ လုံခြုံရေးကင်မရာစနစ်သည် အင်တာနက်နှင့် လုံးဝချိတ်ဆက်မထားဘဲ သီးခြားခွဲထုတ်ထားပုံရသည်။

ယေဘုယျအားဖြင့် လုံခြုံရေးစနစ်များကို အမျိုးအစား နှစ်ခု ခွဲခြားနိုင်သည်။ ပထမတစ်ခုမှာ ကျန်းလင်း ကုမ္ပဏီကဲ့သို့ အင်တာနက်နှင့် အဆက်အသွယ်မလုပ်ဘဲ သီးခြားခွဲထားခြင်း ဖြစ်သည်။ ထိုစနစ်သည် အလွန်လုံခြုံစိတ်ချရသော်လည်း အဝေးမှ လှမ်း၍ စောင့်ကြည့် ထိန်းချုပ်၍မရဘဲ မော်နီတာရှေ့တွင် လုံခြုံရေးဝန်ထမ်း အမြဲတမ်း ထိုင်ကြည့်နေရသည့် အားနည်းချက် ရှိသည်။

ဒုတိယအမျိုးအစားမှာ အင်တာနက်နှင့် ချိတ်ဆက်ထားသော လုံခြုံရေးစနစ် ဖြစ်သည်။ ၎င်းသည် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို အင်တာနက်ရှိရုံဖြင့် ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းပစ္စည်းများမှတစ်ဆင့် စောင့်ကြည့်ကင်မရာများကို လှမ်းမြင်နိုင်သဖြင့် နေရာအတော်များများတွင် အသုံးပြုကြသည်။

‘စိတ်ရှုပ်စရာပဲ ဂွကျတာပဲကွာ... သူတို့က လုံခြုံရေးကင်မရာတွေကို အင်တာနက်နဲ့ မချိတ်ထားဘူးပဲ လုံခြုံရေးဝန်ထမ်းလည်း မရှိဘဲနဲ့ ဘာလို့ သီးခြားစနစ် သုံးထားရတာလဲ’

ရှီလဲ့ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

အင်တာနက်နှင့် ချိတ်ဆက်မထားသော လုံခြုံရေးစနစ်သည် ပြင်ပကွန်ရက်နှင့် လုံးဝ အဆက်ပြတ်နေသဖြင့် မည်မျှပင် တော်သော ဟက်ကာ ဖြစ်ပါစေ၊ ရုပ်ပိုင်းဆိုင်ရာအရ လိုင်းမချိတ်ထားဘဲ အင်တာနက်မှတစ်ဆင့် လှမ်း၍ ဟက်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။ ဤကဲ့သို့ ကွန်ရက်လိုင်း ဖြတ်တောက်ထားခြင်းသည် ဟက်ကာများ၏ ကျူးကျော်မှုကို အထိရောက်ဆုံး ကာကွယ်နည်းပင် ဖြစ်သည်။

ရှီလဲ့သည် ကျန်းလင်း ကုမ္ပဏီ၏ ဝက်ဆာဗာထဲမှ ပြန်လည်ထွက်ခွာခဲ့ပြီး ဟိုတယ်ကွန်ပျူတာပေါ်ရှိ မိမိဝင်ရောက်ခဲ့သော အထောက်အထားအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် မြေပုံကို ပြန်လည်လေ့လာရာ တံတားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုတံတားသည် ပင်မလမ်းမကြီး နှစ်ခုကို ဖြတ်သန်းဖောက်လုပ်ထားသည့် ၁၆ မီတာမြင့်သော တံတားကြီး ဖြစ်ပြီး မြေအောက်လူသွားလမ်းလည်း ရှိသည်။ ဤလမ်းသည် ကိုအိဇုမိ အိချီရို ကားမောင်းသွားလျှင် ဧကန်မုချ ဖြတ်သန်းရမည့် လမ်းပိုင်း ဖြစ်သည်။

ရှီလဲ့သည် စိတ်ထဲတွင် အစီအစဉ်တစ်ခုကို ချက်ချင်းပုံဖော်လိုက်သည်။ သူသည် အနီးနားရှိ ဘားသုံးခု၏ အချက်အလက်များကို အင်တာနက်တွင် ဦးစွာရှာဖွေခဲ့ပြီး ထိုဘားများအနက် တစ်ခုခု၏ လုံခြုံရေးစနစ်သည် အင်တာနက်နှင့် ချိတ်ဆက်ထားရန် မျှော်လင့်ခဲ့သည်။ သို့သော် ရလဒ်က စိတ်ပျက်စရာပင်။ ထိုဘားများတွင် တရားဝင် ဝက်ဘ်ဆိုက်မရှိသဖြင့် IPလိပ်စာ များကို ရှာမတွေ့ဘဲ ဟက်ရန် လမ်းစ ပျောက်နေခဲ့သည်။

သို့သော် ရှီလဲ့သည် လက်မလျှော့ဘဲ ပထဝီဝင်အနေအထား ကောင်းမွန်သော ဘားများကို ထပ်မံရှာဖွေရာ မက်မွန်ရောင်ဘားကို တွေ့ရှိခဲ့သဖြင့် ၎င်းကို အရင်စုံစမ်းရန် ပြင်ဆင်လိုက်သည်။

ဝက်ဘ်ဆိုက်မရှိသဖြင့် တိုက်ရိုက် ရှာမရသော်လည်း ဘား၏ တည်နေရာလိပ်စာမှတစ်ဆင့် အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၏ ဒေတာဘေ့စ် တွင် ပြန်လည်ရှာဖွေနိုင်သည်။ ဤနည်းလမ်းသည် IP မှတစ်ဆင့် လူတည်နေရာကို ရှာဖွေခြင်း၏ ပြောင်းပြန်လုပ်ဆောင်ချက် ဖြစ်သည်။

ရှီလဲ့သည် ထိုဒေသရှိ အင်တာနက် အော်ပရေတာများ၏ ဖုန်းနံပါတ်များကို ရှာဖွေပြီးနောက် ပြုံးလိုက်ရင်း အသစ်ဝယ်ထားသော မှတ်ပုံမတင်ထားသည့် အမည်မသိဆင်းမ်ကတ်ဖြင့် နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။ ရည်ရွယ်ချက်မှာ မက်မွန်ရောင်ဘားသည် မည်သည့်ကုမ္ပဏီထံမှ အင်တာနက်လိုင်း ဝယ်ယူထားသည်ကို စုံစမ်းရန် ဖြစ်သည်။

“မင်္ဂလာပါရှင်၊ ဆိုနက် အင်တာနက် ဝန်ဆောင်မှုက ကြိုဆိုပါတယ်၊ ဘာကူညီပေးရမလဲရှင်”

ဖုန်းထဲမှ ချိုသာသော အသံလေး ထွက်ပေါ်လာသည်။ ဆိုနက် သည် ဆိုနီ ကုမ္ပဏီပိုင် တိုကျိုမြို့၏ အဓိက အင်တာနက် အော်ပရေတာတစ်ခု ဖြစ်သည်။

ရှီလဲ့က အိုဆာကာ လေယူလေသိမ်း အပီအပြင်ဖြင့် ဂျပန်ဘာသာဖြင့် ပြန်ပြောလိုက်သည်။

“မင်္ဂလာပါဗျာ၊ ကျွန်တော် အင်တာနက်လိုင်းအသစ် လျှောက်ချင်လို့ပါ”

“ဟုတ်ကဲ့ပါရှင်၊ လူကြီးမင်းရဲ့ တည်နေရာလိပ်စာနဲ့ လိုချင်တဲ့ အင်တာနက်နှုန်း ကို ပြောပေးပါရှင်”

ရှီလဲ့က တည်တည်ငြိမ်ငြိမ်ပင် ဖြေလိုက်သည်။

“တိုကျိုမြို့၊ ဆုမိဒါရပ်ကွက်၊ ၆ ချုမဲ၊ အမှတ် ၂၇ ပါ”

အော်ပရေတာမလေးက ကွန်ပျူတာတွင် စစ်ဆေးကြည့်ပြီးနောက် ထူးဆန်းသလို ရေရွတ်လိုက်သည်။

“ရှင်... လူကြီးမင်းကမက်မွန်ရောင်ဘားကလားရှင် အဲဒီနေရာက အင်တာနက်လိုင်း လျှောက်ထားပြီးသား ရှိပါတယ်ရှင် လိုင်းနောက်တစ်ခု ထပ်တိုးချင်တာလား၊ ဒါမှမဟုတ် လိုင်းအမြန်နှုန်း မြှင့်ချင်တာလားရှင်”

“အော်... ဟုတ်လား အားနာလိုက်တာဗျာ၊ ကျွန်တော်က အဲဒီဘားမှာ အလုပ်ဝင်ခါစ ဝန်ထမ်းမို့ မန်နေဂျာရဲ့ အမိန့်ကို မှားနားလည်မိတာ ထင်တယ် ဒုက္ခပေးမိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်ခင်ဗျာ”

ရှီလဲ့သည် ဖုန်းထဲတွင် အလွန်အားနာဟန်ဖြင့် ပြောနေသော်လည်း စိတ်ထဲတွင်မူ အေးစက်စွာ ရယ်မောနေမိသည်။ မက်မွန်ရောင်ဘား၏ အင်တာနက် အော်ပရေတာကို သိပြီဖြစ်၍ IPလိပ်စာ ရှာရန်မှာ မခက်ခဲတော့ချေ။

“ရပါတယ်ရှင်၊ ဆိုနက် က လူကြီးမင်းကို ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုတောင်းပေးပါတယ်ရှင် ” ဖုန်းလိုင်း ပြတ်တောက်သွားခဲ့သည်။

ရှီလဲ့သည် ဟိုတယ်ကွန်ပျူတာကို အသုံးပြု၍ အိုက်စင် ကုမ္ပဏီ၏ မူလဘော့တ်ကွန်ပျူတာတစ်ခုနှင့် ချိတ်ဆက်လိုက်ပြီး ထိုမှတစ်ဆင့် ဆိုနတ် ၏ ပင်မဆာဗာကို ဟက်ကာ ဝင်ရောက်ခဲ့သည်။ ကုမ္ပဏီ၏ နည်းပညာဝန်ထမ်းများ မရိပ်မိစေဘဲ မက်မွန်ရောင်ဘား၏ IP လိပ်စာကိုအလွယ်တကူ ရှာဖွေတွေ့ရှိသွားပြီးနောက် ခြေရာလက်ရာများကို သန့်စင်ကာ သာသာယာယာပင် ပြန်ထွက်လာခဲ့သည်။

လုပ်ငန်းစဉ်တစ်ခုလုံးသည် သုံးမိနစ်ပင် မကြာလိုက်ချေ။

IP လိပ်စာ ရပြီဖြစ်၍ ရှီလဲ့သည် ဘော့တ်ကွန်ပျူတာကို အသုံးချကာ မက်မွန်‌ေရာင်ဘားအတွင်းရှိ အင်တာနက်ချိတ်ထားသော ကွန်ပျူတာထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ခဲ့သည်။ ထိုဘား၏ အတွင်းပိုင်း စနစ်ကို စစ်ဆေးကြည့်ရာ အင်တာနက်နှင့် ချိတ်ဆက်ထားသော စက်ပစ္စည်း စုစုပေါင်း သုံးလုံးသာ ရှိကြောင်း တွေ့ရသည်။

၎င်းတို့အနက် နှစ်လုံးမှာ သာမန်ရုံးသုံး ကွန်ပျူတာများဖြစ်ပြီး ကျန်တစ်လုံးမှာ ဘားတစ်ခုလုံး၏ သီချင်းဖွင့်စနစ်ကို ထိန်းချုပ်ထားသည့် အော်ဒီယို ပလေယာ စက် ဖြစ်သည်။

ကွန်ပျူတာနှစ်လုံးထဲတွင် ထူးခြားသော အချက်အလက် မရှိသကဲ့သို့ ထင်ထားသည့်အတိုင်းပင် လုံခြုံရေးကင်မရာစနစ်သည်လည်း အင်တာနက်နှင့် ချိတ်ဆက်မထားသဖြင့် ရှီလဲ့ အနည်းငယ် စိတ်ပျက်သွားရပြန်သည်။

ရှီလဲ့သည် ထိုနည်းလမ်းဟောင်းကိုပင် အသုံးပြု၍ ကျန်ရှိသော ဘားနှစ်ခု၏ IP များကို လိုက်လံစုံစမ်းကာ ထပ်မံဟက်ခဲ့သည်။ သို့သော် ထိုဘားများ၏ လုံခြုံရေးစနစ်များမှာလည်း အင်တာနက်နှင့် အဆက်အသွယ်မရှိဘဲ ကွန်ပျူတာ တစ်လုံးစီသာ လိုင်းချိတ်ထားသဖြင့် ရှီလဲ့အတွက် အခြေအနေမှာ တော်တော်လေး လက်ဝင်နေခဲ့သည်။

အင်တာနက်အပေါ် မှီခိုမှုနည်းပါးသော ဘားကဲ့သို့သော လုပ်ငန်းမျိုးတွင် ဟက်ကာတစ်ယောက်အနေဖြင့် စွမ်းဆောင်နိုင်ရည်မှာ အကန့်အသတ် ရှိလှသည်။

သို့သော် ရှီလဲ့သည် မက်မွန်ရောင်ဘား၏ အတွင်းကွန်ရက်ထဲသို့ ပြန်လည်ဝင်ရောက်ကာ ထိုအော်ဒီယို ပလေယာစက်၏ အခြေအနေကို အသေးစိတ် စစ်ဆေးခဲ့သည်။ ယခုအချိန်တွင် ဤစက်တစ်ခုသာ သူအသုံးချနိုင်မည့် တစ်ခုတည်းသော အရာ ဖြစ်နေသည်။

ကွန်ပျူတာနှစ်လုံးထဲရှိ အချက်အလက်များကို အသေးစိတ် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီးနောက် စိတ်ဝင်စားစရာ သတင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ အဆိုပါ အော်ဒီယိုစက်ကို ရောင်းချခဲ့သော ကုမ္ပဏီသည် ယခုအခါ လူမွဲစာရင်းခံယူကာ ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။

ဆိုလိုသည်မှာ အကယ်၍ ထိုအော်ဒီယိုစက် ပျက်စီးသွားပါက ဘားပိုင်ရှင်သည် ပြင်ဆင်စရိတ်ကို မိမိအိတ်စိုက်ဖြင့်သာ လိုက်လံပြင်ဆင်ရမည် ဖြစ်သည်။

ဤသတင်းကို မြင်လိုက်ရသောအခါ ရှီလဲ့သည် ဗြုန်းခနဲ သဘောကျကာ အော်ဟစ်ရယ်မောလိုက်တော့သည်။

အကြောင်းမူကား ကိုအိဇုမိ အိချီရိုကို မည်သည့်ခြေရာလက်ရာမျှ မကျန်စေဘဲ ရှင်းလင်းပစ်နိုင်မည့် နည်းလမ်းကောင်းကို သူ ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ရှီလဲ့သည် ဘော့တ်ကွန်ပျူတာမှတစ်ဆင့် ထိုအော်ဒီယို ပလေယာစက်ထဲသို့ အချိန်ကိုက်ဗိုင်းရပ်စ် တစ်ခုကို ထည့်သွင်းလိုက်ပြီး ဘားရှိ ကွန်ပျူတာတစ်လုံး၏ လုပ်ငန်းသုံး ဖုန်းနံပါတ်စာရင်းထဲတွင် အော်ဒီယိုစက်ပစ္စည်းမျိုးစုံကို ကျွမ်းကျင်စွာ ပြင်ဆင်ပေးသည့် ဆိုင်တစ်ဆိုင်၏ ဖုန်းနံပါတ်ကို ခိုးယူထည့်သွင်းပေးခဲ့သည်။

ဗိုင်းရပ်စ်သည် ယနေ့ည ၇ နာရီတိတိတွင် စတင်ကိုက်မည် ဖြစ်ကြောင်း သေချာစေပြီးနောက် ရှီလဲ့သည် ဟက်ခဲ့သည့် အထောက်အထား အားလုံးကို အမြန်ဆုံး ဖျက်ဆီးကာ ကုတင်ပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်း အနားယူနေလိုက်တော့သည်။

နေ့လယ်စာအဖြစ် ရှီလဲ့သည် ဟိုတယ်အနီးတွင် ရာမန်ခေါက်ဆွဲကို အရသာခံစားစားသောက်ခဲ့ပြီး တိုကျိုမြို့၏ လမ်းမကြီးများပေါ်ရှိ စောင့်ကြည့်ကင်မရာစနစ်ကို ဝင်ရောက်ရန် အနည်းငယ် စမ်းသပ် တိုက်ခိုက်ကြည့်ခဲ့သည်။

သို့သော် တိုကျိုမြို့ပြ လမ်းမကြီးများ၏ လုံခြုံရေးစနစ်မှာ အလွန်ပင် မြင့်မားလှသဖြင့် ဟိုတယ်ရှိ သာမန်ကွန်ပျူတာဖြင့် ဖောက်ထွင်းရန် မဖြစ်နိုင်ချေ။ ရှီလဲ့သည် ခဏမျှ စမ်းသပ်ကြည့်ပြီးနောက် အသာတကြည်ပင် ပြန်လည်ဆုတ်ခွာခဲ့သည်။

မွန်းလွဲပိုင်းတွင် ရှီလဲ့သည် အပြင်ရှိ အီလက်ထရွန်နစ်စျေးသို့ သွားရောက်ကာ သယ်ဆောင်ရလွယ်ကူသော ကြိုးမဲ့ကွန်ရက်ကတ် နှစ်ခုကို ဝယ်ယူပြီး ဟိုတယ်သို့ ပြန်လာခဲ့သည်။

ညနေ ၆ နာရီခန့်တွင် ကျန်းစန်းဖောင်သည် ခရီးဆောင်သေတ္တာတစ်လုံးကို ဆွဲလျက် ရှီလဲ့၏ အခန်းထဲသို့ ရောက်ရှိလာပြီး တိုးတိုးလေး ပြောလိုက်သည်။

“ဆရာကြီး... ဖောက်ခွဲ‌ေရးပစ္စည်းတွေ ရလာပြီဗျ”

ရှီလဲ့သည် လက်ခုပ်တစ်ချက် တီးလိုက်ရင်း ကျေနပ်စွာ ပြောလိုက်သည်။

“အကောင်းဆုံးပဲ... ငါလည်း ဘာအပြစ်အနာအဆာမှ မရှိစေမယ့် ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုကို ပုံဖော်ပြီးသွားပြီ”

All Chapters