← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း - ၁၃၂

ဂျပန်နိုင်ငံစံတော်ချိန် ညနေ ၆ နာရီတွင် ရှီလဲ့နှင့် ကျန်းစန်းဖောင်တို့သည် ညစာကို အမြန်ပင် စားသောက်လိုက်ကြသည်။ ၎င်းနောက် ဟိုတယ်ထဲမှ အတူတူထွက်လာကြပြီး လမ်းဘေးဆိုင်တစ်ဆိုင်၌ ဘေ့စ်ဘောဦးထုပ် နှစ်လုံးကို ရွေးချယ်ဝယ်ယူခဲ့ကြသည်။

ဘေ့စ်ဘောဦးထုပ်များကို ဆောင်းထားသဖြင့် ၎င်းတို့၏ မျက်နှာသွင်ပြင်များသည် အရိပ်ထဲ၌ ဖုံးကွယ်သွားပြီး နေဝင်ရိုးရီအချိန် ပိုမိုမှောင်ပျိုးလာသည်နှင့်အမျှ ၎င်းတို့၏ရုပ်ရည်ကို ခွဲခြားသိမြင်နိုင်ရန် မဖြစ်နိုင်တော့ပေ။

ရှီလဲ့သည် စျေးဝယ်စင်တာတစ်ခု၌ လပ်တော့ပ်တစ်လုံး ဝယ်ယူခဲ့ပြီး အွန်လိုင်းအင်တာနက်စနစ်ကို စတင်အသက်သွင်းလိုက်သည်။ ထို့အပြင် အဝတ်အထည်ဆိုင်တစ်ဆိုင်၌ အလုပ်သမားဝတ်စုံ နှစ်စုံကိုလည်း ရွေးချယ်ဝယ်ယူခဲ့သေးသည်။

ည ၇ နာရီကျော်ခန့်တွင် ရှီလဲ့သည် လပ်တော့ပ်ကို သယ်ဆောင်ကာ အပြာနုရောင် အလုပ်သမားဝတ်စုံနှင့် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားသဖြင့် ပုံမှန်ပြင်ဆင်ရေးသမားတစ်ဦးနှင့် တူနေတော့သည်။ ကျန်းစန်းဖောင်သည်လည်း အပြာနုရောင် အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားပြီး ကိရိယာမျိုးစုံ ထည့်ထားသောပုံးကို သယ်ဆောင်ထားသည်။ သို့သော်လည်း ထိုကိရိယာပုံး၏ လျှို့ဝှက်အကန့်ထဲတွင်မူ မိုင်းကို ဝှက်ထားလေသည်။

၎င်းတို့နှစ်ဦးသည် တိုကျိုမြို့၏ လူစည်ကားလှသော လမ်းမများအတိုင်း လျှောက်လှမ်းရင်း အလောတကြီး သွားလာနေကြသော လူအုပ်ကြီးကို စောင့်ကြည့်နေကြသည်။ ရှီလဲ့က သက်ပြင်းတစ်ချက်ချရင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

‘တိုကျို၊ ဂျပန်နိုင်ငံဟာ တကယ့်ကို ဖိအားများတဲ့ မြို့ပြကြီးဆိုတဲ့ ဂုဏ်သတင်းနဲ့ ညီတာပဲ ဂျပန်တွေက အနောက်ကနေ ခွေးဆိုးတစ်ကောင် လိုက်ကိုက်တော့မယ့်အတိုင်း အလောတကြီး လျှောက်လှမ်းနေကြတာပဲ’

“ဒင် ဒင် ဒင် “

ကြိုတင်ငွေဖြည့်ထားသော အမည်မသိဖုန်း မြည်လာသဖြင့် ရှီလဲ့၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက ဖုန်းကိုထုတ်၊ အဖြေခလုတ်ကို နှိပ်လိုက်ပြီး အိုဆာကာလေသံဖြင့် ပြောလိုက်သည်။

“ဟယ်လို၊ လင်းယင် ပြင်ဆင်ရေးကပါ ဘာများကူညီပေးရမလဲခင်ဗျာ”

“ဟယ်လို၊ ခင်ဗျားတို့က အော်ဒီယိုပလေယာ အသံချဲ့စက်အမျိုးမျိုးကို အထူးပြုပြင်ပေးတာ ဟုတ်ပါသလား” ဟု လူတစ်ဦး၏ အသံက ပျာပျာသလဲ မေးမြန်းလာသည်။

ရှီလဲ့၏ မျက်ဝန်းများ ဝင်းလက်သွားပြီး အပြုံးက ပိုမိုကျယ်ပြန့်လာသည်။

“မှန်ပါတယ်ခင်ဗျာ ကျွန်တော်တို့ လင်းယင်ပြင်ဆင်ရေးက အော်ဒီယိုပလေယာ ပြုပြင်ခြင်းကို အထူးကျွမ်းကျင်ပါတယ်”

“အာ၊ တော်သေးတာပေါ့ ဟယ်လို၊ ကျွန်တော်က မိုမိုအီရိုဘား(မက်မွန်ရောင်ဘား)က မိုမိုမူရာ ယူကီရိုပါ.. အခုချက်ချင်း အရောက်လာပြီး ပြင်ဆင်ပေးဖို့ အချိန်ရမလားခင်ဗျာ”

မိုမိုအီရိုဘားတွင် လုပ်ကိုင်နေသူ မိုမိုမူရာ ယူကီရိုသည် အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။ အကြောင်းမှာ ည ၇ နာရီတွင် ဘား၏ အော်ဒီယိုပလေယာသည် ရုတ်တရက်ချို့ယွင်းသွားပြီး ဘားတစ်ခုလုံး၏ သီချင်းတောင်းဆိုမှုစနစ် တစ်ခုလုံး ပျက်ကျသွားသောကြောင့် ဖြစ်သည်။ ၎င်းတို့ဘား၏ အော်ဒီယိုပလေယာမှာ တစ်ပတ်ရစ်ပစ္စည်း ဖြစ်သည့်အပြင် ရောင်းချခဲ့သော ကုန်သည်မှာလည်း လုပ်ငန်းပိတ်သိမ်းသွားခဲ့ပြီဖြစ်သည်။ ကျူရှူးကျွန်းပေါ်ရှိ ထုတ်လုပ်သည့် စက်ရုံမှာလည်း အလွန်ဝေးကွာလှသဖြင့် အော်ဒီယိုပလေယာ ပျက်စီးသွားပြီးနောက် ၎င်းတို့ဘာသာ ပြင်ဆင်ရေးဝန်ဆောင်မှုကို ဆက်သွယ်ရန် လိုအပ်နေခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် မိုမိုမူရာ ယူကီရိုသည် သူ၏မိတ်ဖက်အဖွဲ့ဝင်၏ ဆက်သွယ်ရန်စာရင်းထဲတွင် လင်းယင်ပြင်ဆင်ရေး၏ ဖုန်းနံပါတ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။

“ဟယ်လို ၊ ကျွန်တော့်နာမည်က အီရှီမူရာ နာနာဂျီရိုပါ အခုက ရုံးပိတ်ချိန်နောက်ပိုင်း ဖြစ်နေပေမယ့်လည်း အရောက်လာပြီး ပြင်ဆင်ပေးနိုင်ပါတယ် ဒါပေမဲ့ ပြင်လို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မစ္စတာမိုမိုမူရာအနေနဲ့ လာရောက်စစ်ဆေးခအဖြစ် ဂျပန်ယန်းသုံးထောင် ပေးဆောင်ရမှာ ဖြစ်ပါတယ်” ဟု ရှီလဲ့က ပြုံးလျက် ပြန်လည်ဖြေကြားခဲ့သည်။

ဂျပန်ယန်းသုံးထောင်သည် ရှနိုင်ငံငွေ နှစ်ရာခန့်နှင့် ညီမျှသည်။ အော်ဒီယိုပလေယာမရှိပါက မိုမိုအီရိုဘားသည် မဖြစ်မနေ ပိတ်ရမည်ဖြစ်ပြီး အရှုံးအမြတ်များစွာ ထိခိုက်ပေလိမ့်မည်။ ရှီလဲ့သည် ထိုဂျပန်ယန်းသုံးထောင်ကို မက်မောလွန်း၍ မဟုတ်ဘဲ ပြင်ဆင်ရေးကိစ္စရပ်ကို ပိုမိုသဘာဝကျစေရန်အတွက်သာ ဖြစ်သည်။ သို့မှသာ ရုံးပိတ်ချိန်နောက်ပိုင်းဖြစ်၍ အပိုဆောင်းဝန်ဆောင်ခ တောင်းခံခြင်းက လုံးဝကျိုးကြောင်းဆီလျော်မှု ရှိပေလိမ့်မည်။

မိုမိုမူရာ ယူကီရိုက တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။

“မစ္စတာအီရှီမူရာ၊ ကျေးဇူးပြုပြီး အမြန်ဆုံး လာခဲ့ပေးပါ ကျွန်တော်တို့က ဆူမီဒါရပ်ကွက် အမှတ် ၂၇ မှာ ရှိတာပါ”

ရှီလဲ့ကမူ ၎င်းတို့ မည်သည့်နေရာတွင် ရှိသည်ကို အသေအချာ သိရှိပြီးသားဖြစ်သည်။ သူက ဖုန်းထဲမှတစ်ဆင့် မိုမိုမူရာ ယူကီရိုအား ကတိပေးလိုက်သည်။

“စိတ်မပူပါနဲ့ မစ္စတာမိုမိုမူရာ၊ ကျွန်တော်တို့ ၁၅ မိနစ်ခန့်အတွင်း ရောက်လာပါမယ်”

ဖုန်းချလိုက်ပြီးနောက် ကျန်းစန်းဖောင်က သံသယဖြင့် မေးမြန်းလာသည်။

“သူဌေး၊ အခုချက်ချင်း သွားရင် အလွန်ဆုံး ၁၀ မိနစ်ပဲ ကြာမှာကို ဘာလို့ ၅ မိနစ်လောက် အချိန်ဆွဲလိုက်တာလဲ”

ရှီလဲ့က ခပ်ဖွဖွရယ်မောရင်း ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါတို့ သက်သေတွေကို ဖျက်ဆီးဖို့ လိုအပ်လို့ပဲ”

ရှီလဲ့သည် ကျန့်ဆန်းဖောင်ကို လမ်းကြားလေးတစ်ခုထဲသို့ ခေါ်ဆောင်သွားပြီးနောက် အသစ်ဝယ်ယူထားသော လပ်တော့ပ်ကို ထုတ်လိုက်သည်။ ဂျပန်အော်ပရေတင်းစနစ်အောက်တွင် သူသည် စူပါကွန်ပျူတာ ‘ယန်’ နှင့် ချိတ်ဆက်လိုက်ပြီး တိုကျိုမြို့ ဆူမီဒါရပ်ကွက်၏ လမ်းမပေါ်ရှိ စောင့်ကြည့်ရေးကင်မရာစနစ်ကို အသံတိတ် တိုက်ခိုက်မှု စတင်လိုက်သည်။ လပ်တော့ပ်၏ စွမ်းဆောင်ရည်မှာ အလွန်ညံ့ဖျင်းသော်လည်း ၎င်းသည် စူပါကွန်ပျူတာ ‘ယန်’ အား တိုက်ခိုက်ရန် အမိန့်ပေးစေခိုင်းရုံသာ ဖြစ်သည်။

တစ်မိနစ်အကြာတွင် ဆူမီဒါရပ်ကွက်၏ လမ်းမပေါ်ရှိ စောင့်ကြည့်ရေးကင်မရာစနစ်သည် ရှီလဲ့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။ ရှီလဲ့သည် လပ်တော့ပ်ပေါ်တွင် ၎င်းတို့၏ လက်ရှိတည်နေရာကို စစ်ဆေးကာ တည်နေရာကို သော့ခတ်ပြီးနောက် စောင့်ကြည့်မှတ်တမ်းများကို စတင်ရှင်းလင်းလိုက်သည်။ စာရင်းရှင်းလင်းမှု ပြီးမြောက်သွားသောအခါ ၎င်းတို့နှစ်ဦးသည် မိုမိုအီရိုဘားသို့ တက္ကစီစီး၍ သွားခဲ့ကြသည်။ ရှီလဲ့သည် လက်ပ်တော့ကို သူ၏ပေါင်ပေါ်တွင် တင်ထားပြီး တက္ကစီ၏ မောင်းနှင်မှုမှတ်တမ်းကိုလည်း တစ်ပြိုင်နက်တည်း ဖျက်ပစ်လိုက်သည်။

မိုမိုအီရိုဘားသို့ ရောက်ရှိသောအခါ သက်ကြီးပိုင်းအမျိုးသားတစ်ဦးသည် ဘား၏အပြင်ဘက်တွင် ရပ်လျက် လင်းယင်ပြင်ဆင်ရေးအတုဖြစ်သော ရှီလဲ့နှင့် ကျန်းစန်းဖောင်တို့ကို စောင့်ဆိုင်းနေသည်။

ရှီလဲ့နှင့် ကျန်းစန်းဖောင်တို့သည် အပြာနုရောင် အလုပ်သမားဝတ်စုံများကို ဝတ်ဆင်ထားပြီး လျှောက်လှမ်းလာကာ ပြောလိုက်သည်။

“ ကျွန်တော်တို့က လင်းယင်ပြင်ဆင်ရေးက အီရှီမူရာ နာနာဂျီရိုနဲ့ ကီမူရာ အာရာနို တို့ ဖြစ်ပါတယ် ခင်ဗျားက မိုမိုအီရိုဘားရဲ့ တာဝန်ခံလားခင်မျ”

ရှီလဲ့သည် ကျန်းစန်းဖောင်၏ ဂျပန်နိုင်ငံသား အမည်ရင်းကို မဖော်ပြဘဲ တမင်တကာ ဝှက်ထားခြင်းဖြစ်ပြီး မမျှော်လင့်ဘဲ စုံစမ်းစစ်ဆေးခံရသည့် အခြေအနေမျိုးတွင် သဲလွန်စမကျန်ရစ်စေရန်အတွက် ဖြစ်သည်။

မိုမိုမူရာ ယူကီရိုသည် အမြန်ပင် လက်ဆွဲနှုတ်ဆက်ကာ ပြောသည်။

“မစ္စတာအီရှီမူရာ၊ ကျွန်တော်က မိုမိုမူရာ ယူကီရိုပါ၊ ခုနက ဖုန်းပြောခဲ့ကြတဲ့သူပါပဲ”

“မစ္စတာမိုမိုမူရာ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အော်ဒီယိုပလေယာဆီ ခေါ်သွားပေးပါ” ရှီလဲ့က မိုမိုမူရာ ယူကီရိုအနေဖြင့် မိမိ၏ရုပ်ရည်ကို မှတ်မိမသွားစေရန်အတွက် ထိတွေ့ဆက်ဆံမှုကို အတတ်နိုင်ဆုံး လျှော့ချလျက် တည့်တည့်ပဲ လိုရင်းကို ပြောလိုက်သည်။

“ရပါတယ်၊ ရပါတယ်” မိုမိုမူရာ ယူကီရိုသည် ရှီလဲ့တို့အား အမြန်ဆုံး ပြင်ဆင်ပေးစေချင်လှပြီဖြစ်သည်။

သူက ရှေ့မှဦးဆောင်ကာ ရှီလဲ့နှင့် ကျန်းစန်းဖောင်တို့ကို သီးသန့်ရုံးခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။ ထိုရုံးခန်းထဲတွင် ကွန်ပျူတာ စုစုပေါင်း သုံးလုံးနှင့် အော်ဒီယိုပလေယာတစ်လုံး ရှိနေသည်။ အခန်းထဲရှိ လူငယ်နှစ်ဦးမှာ အော်ဒီယိုပလေယာကို အလုပ်ရှုပ်ခံကာ ပြင်ဆင်နေကြသည်။ သို့သော်လည်း ရှီလဲ့က တမင်တကာ လျှို့ဝှက်နှောင့်ယှက်ထားခြင်းဖြစ်ရာ ၎င်းတို့ မည်သို့ပင်ပြင်ပြင် မည်သို့ရနိုင်ပါမည်နည်း။

မိုမိုမူရာ ယူကီရိုက ထိုလူငယ်နှစ်ဦးကို ဆူပူကြိမ်းမောင်းလိုက်ပြီး ရှီလဲ့ စစ်ဆေးနိုင်ရန်အတွက် ဖယ်ခိုင်းလိုက်သည်။ ရှီလဲ့သည် လပ်တော့ပ်ကို သယ်ဆောင်ကာ အော်ဒီယိုပလေယာပေါ်တွင် တင်လိုက်ပြီးနောက် ပြောလိုက်သည်။

“အာရာနို၊ ငါ့ကို နက်ဝေါ့ကြိုး တစ်ချောင်း ပေးစမ်း”

ကျန်းစန်းဖောင်ကလည်း အစီအစဉ်အတိုင်း စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်သည်။

“ဆရာ၊ ကျွန်တော်တို့ အလောတကြီး ထွက်လာရလို့ နက်ဝေါ့ကြိုး ယူခဲ့ဖို့ မေ့သွားတယ်ဗျ”

မိုမိုမူရာ ယူကီရိုက အမြန်ပင် ကြားဖြတ်ပြောလာသည်။

“မစ္စတာအီရှီမူရာ၊ နက်ဝေါ့ကြိုး လိုတာလား ကျွန်တော်တို့ဆီမှာ ရှိတယ် ရှိတယ်”

မိုမိုမူရာ ယူကီရိုသည် လူငယ်နှစ်ဦးအား နက်ဝေါ့ကြိုး အမြန်သွားယူရန် ခိုင်းစေလိုက်သည်။ ခဏအကြာတွင် ထိုလူငယ်နှစ်ဦးသည် နက်ဝေါ့ကြိုးကို ယူဆောင်လာခဲ့သည်။ ရှီလဲ့သည် လပ်တော့ပ်ကို အော်ဒီယိုပလေယာနှင့် ချိတ်ဆက်လိုက်ပြီး ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဟန်ဆောင်ကာ ပြဿနာကို စစ်ဆေးလေတော့သည်။ မှောင်မည်းနေသော OS Interface ပေါ်တွင် ရှီလဲ့သည် ကုဒ်မျိုးစုံကို အဆက်မပြတ် ရိုက်ထည့်နေပြီး အော်ဒီယိုပလေယာကလည်း သက်ဆိုင်ရာ အချက်အလက်များကို ပြန်လည်ပြသနေသည်။

ရှီလဲ့၏ အနောက်တွင် ရပ်နေသော မိုမိုမူရာ ယူကီရိုသည် ရှီလဲ့၏ ‘ကျွမ်းကျင်မှု’ ကို ကြည့်ရင်း မျှော်လင့်ချက်များ တဖွားဖွား ပေါ်ပေါက်လာသည်။

“မစ္စတာအီရှီမူရာ၊ ပြဿနာက အတော်လေး ပြင်းထန်လား” မိုမိုမူရာ ယူကီရိုက စိုးရိမ်တကြီး မေးမြန်းသည်။

ရှီလဲ့က တွေးတောဟန်ဖြင့် ညည်းတွားလိုက်သည်။

“ပြင်းထန်တယ်လို့ ပြောရင်လည်း အတော်လေး ပြင်းထန်တယ်၊ မပြင်းထန်ဘူးလို့ ပြောရင်လည်း ဘာမှမဟုတ်ပါဘူး”

ဤကဲ့သို့ ရေရေရာရာမရှိသော အဖြေကြောင့် မိုမိုမူရာ ယူကီရိုမှာ အလွန်ပင် စိတ်ရှုပ်သွားရသော်လည်း ရှီလဲ့အား စိတ်မဆိုးဝံ့သဖြင့် အောက်ကျို့ကာ ပြောရှာသည်။

“မစ္စတာအီရှီမူရာ၊ ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောပြပေးပါ”

“အော်ဒီယိုပလေယာရဲ့ ဟာ့ဒ်ဝဲစနစ်မှာ ဘာပြဿနာမှ မရှိလို့ ပြဿနာက သိပ်မပြင်းထန်ပါဘူး” ရှီလဲ့သည် စိတ်သက်သာရာရသွားသော မိုမိုမူရာ ယူကီရိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် လေသံပြောင်းကာ ဆက်ပြောသည်။ “ဒါပေမဲ့ အော်ဒီယိုပလေယာထဲက စနစ်ဖိုင် တစ်ခု ပျက်စီးနေလို့ ကျွန်တော် ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားနေပါတယ်”

မိုမိုမူရာ ယူကီရိုက စိုးရိမ်စိတ်အပြည့်ဖြင့် ပြောသည်။

“မစ္စတာအီရှီမူရာ၊ ကျွန်တော်တို့ဘားက ည ၈ နာရီမှာ တရားဝင် ဖွင့်လှစ်မှာမို့လို့ ည ၈ နာရီမတိုင်ခင် အော်ဒီယိုပလေယာကို ပြင်ဆင်ပေးနိုင်မလား သိချင်ပါတယ်ဗျာ။”

ယခုအခါ ည ၇:၃၀ နာရီခန့် ရှိနေပြီဖြစ်ရာ မိနစ် ၃၀ ခန့်သာ လိုတော့သည်။ မိုမိုမူရာ ယူကီရိုသည် ရှီလဲ့အနေဖြင့် အော်ဒီယိုပလေယာကို အမြန်ဆုံး ပြင်ဆင်ပေးနိုင်ရန် စိတ်ရင်းဖြင့် မျှော်လင့်နေမိသည်။

ရှီလဲ့က ခက်ခဲဟန်ဆောင်ကာ ပြောလိုက်သည်။

“ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ် ကျွန်တော့်အလုပ်ကို မနှောင့်ယှက်ရအောင် ခင်ဗျားတို့နှစ်ယောက် အပြင်ကို ခဏထွက်ပေးပါဦး”

မိုမိုမူရာ ယူကီရိုသည် အရိုအသေပေးလျက် ဦးညွှတ်လိုက်သည်။

“ဟုတ်ကဲ့ပါ အားလုံးကို မစ္စတာအီရှီမူရာ အပေါ်မှာပဲ ပုံအပ်ထားပါတယ်”

ဦးညွှတ်ပြီးနောက် မိုမိုမူရာ ယူကီရိုသည် လူငယ်နှစ်ဦးနှင့်အတူ ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

ရှီလဲ့က ကျန်းစန်းဖောင်အား အချက်ပြမျက်လုံးတစ်ချက် ပေးလိုက်ရာ ကျန်းစန်းဖောင်သည် အခန်းကို ဝှေ့ကြည့်ပြီး စောင့်ကြည့်ရေးကင်မရာစနစ် မရှိကြောင်း အမူအရာ ပြသလိုက်သည်။ ထိုသို့ဖြစ်ခြင်းမှာလည်း သဘာဝကျပေသည်၊ ဤနေရာသည် ၎င်းတို့၏ ကိုယ်ပိုင်ရုံးခန်းနေရာ ဖြစ်သဖြင့် စောင့်ကြည့်ရေးကင်မရာများ တပ်ဆင်ထားလေ့ မရှိပေ။

“စန်းဖောင်၊ မင်း တံခါးဝမှာ သွားပြီး ဆေးလိပ်သောက်ချင်ယောင်ဆောင်ရင်း ငါ့ကို စောင့်ကြည့်ပေးထား” ရှီလဲ့ အမိန့်ပေးပြီးနောက် အမြန်ထရပ်ကာ ရုံးခန်းထဲရှိ အခြားကိုယ်ပိုင်ကွန်ပျူတာ သုံးလုံးကို စစ်ဆေးလိုက်သည်။ သူသည် ယခင်က မိုမိုအီရိုဘား၏ အတွင်းကွန်ပျူတာကွန်ရက်ထဲသို့ ခိုးဝင်စဉ်က အင်တာနက်ချိတ်ဆက်ထားသော ကိုယ်ပိုင်ကွန်ပျူတာ နှစ်လုံးကိုသာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသော နောက်ဆုံးတစ်လုံးမှာ လုံခြုံရေးစောင့်ကြည့်မှုစနစ်နှင့် ချိတ်ဆက်ထားသော ကွန်ပျူတာ ဖြစ်ရပေမည်။

ကျန်းစန်းဖောင်သည် တံခါးဝတွင် ဆေးလိပ်သောက်ရင်း ပုံမှန်အတိုင်းပင် ရှိနေသော်လည်း အမှန်စင်စစ်တွင်မူ ပတ်ဝန်းကျင်ကို အကဲခတ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

ရှီလဲ့သည် ကွန်ပျူတာ သုံးလုံးကို အမြန်စစ်ဆေးလိုက်ရာ ခန့်မှန်းထားသည့်အတိုင်းပင် အတွင်းဘက်အကျဆုံး ကိုယ်ပိုင်ကွန်ပျူတာမှာ လုံခြုံရေးစောင့်ကြည့်မှုစနစ်ကို ထိန်းချုပ်ထားသော ပင်မကွန်ပျူတာ ဖြစ်နေသည်။ ရှီလဲ့သည် သူ ကြိုတင်ဝယ်ယူထားသော နက်ဝေါ့ကတ်နှစ်ခုကို ထုတ်လိုက်သည်။ တစ်ခုကို လုံခြုံရေးစောင့်ကြည့်မှုစနစ် ထိန်းချုပ်သည့် ပင်မကွန်ပျူတာနှင့် ချိတ်ဆက်လိုက်ပြီး အခြားတစ်ခုကိုမူ အင်တာနက်ချိတ်ဆက်ထားသော ကိုယ်ပိုင်ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်သည်။ ထိုနက်ဝေါ့ကတ်များမှတစ်ဆင့် လုံခြုံရေးစောင့်ကြည့်မှုစနစ် ထိန်းချုပ်သည့် ကွန်ပျူတာသည် အင်တာနက်နှင့် အောင်မြင်စွာ ချိတ်ဆက်သွားနိုင်ခဲ့သည်။

ရှီလဲ့သည် နက်ဝေါ့ကတ်များကို ကွန်ပျူတာကေ့စ် အတွင်း၌ ဝှက်ထားခဲ့သဖြင့် အချိန်တိုအတွင်း ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။ ကွန်ပျူတာကေ့စ်၏ ဘေးဖုံးကို ပိတ်ပြီးနောက် ရှီလဲ့သည် သူ၏လပ်တော့ပ်ကို အသုံးပြု၍ အဝေးမှချိတ်ဆက်မှုကို ကြိုးပမ်းခဲ့ရာ လုံခြုံရေးစောင့်ကြည့်မှုစနစ်၏ ပင်မကွန်ပျူတာကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တော့သည်။

လုံခြုံရေးစောင့်ကြည့်မှုစနစ်၏ ပင်မကွန်ပျူတာနှင့် ထိုကိုယ်ပိုင်ကွန်ပျူတာတို့ကို မူလအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်ပြီးနောက် ရှီလဲ့သည် သူ၏လက်ပ်တော့ကို သယ်ဆောင်ကာ အော်ဒီယိုပလေယာနှင့် ပြန်လည်ချိတ်ဆက်ပြီး အော်ဒီယိုပလေယာအတွင်းရှိ ဗိုင်းရပ်စ်ကို တိုက်ရိုက်ဖျက်ပစ်လိုက်သည်။

ရှီလဲ့သည် အော်ဒီယိုပလေယာ၏ မိုက်ခရိုဖုန်းကို ဖွင့်လိုက်ပြီး အိုဆာကာလေသံဖြင့် ပြောလိုက်သည်။

“မစ္စတာမိုမိုမူရာ၊ ကျွန်တော် စနစ်ကို ပြင်ဆင်ပြီးပါပြီ၊ ကျေးဇူးပြုပြီး လူလွှတ်ပြီး စစ်ဆေးပေးပါဦး”

ဘား၏ ပင်မခန်းမထဲတွင် ရှိနေသော မိုမိုမူရာ ယူကီရိုသည် လူငယ်နှစ်ဦးနှင့်အတူ ဝမ်းသာအားရဖြင့် ရုံးခန်းထဲသို့ ပြေးဝင်လာသည်။ စစ်ဆေးမှုအချို့ ပြုလုပ်ပြီးနောက် မိုမိုမူရာ ယူကီရို၏ လက်အောက်ငယ်သား လူငယ်နှစ်ဦးက အော်ဒီယိုပလေယာသည် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။

မိုမိုမူရာ ယူကီရိုသည် ပြင်ဆင်ခအဖြစ် ဂျပန်ယန်း ၃၂,၀၀၀ နှင့် လာရောက်စစ်ဆေးခ ၃,၀၀၀ ယန်း၊ စုစုပေါင်း ၃၅,၀၀၀ ယန်း ပေးချေခဲ့ရာ ၎င်းသည် ရှနိုင်ငံငွေ ၂,၂၀၀ ခန့်နှင့် ညီမျှသည်။ ရှီလဲ့နှင့် မိုမိုမူရာ ယူကီရိုတို့ အပြန်အလှန် နှုတ်ဆက်စကား ပြောကြားပြီးနောက် ရှီလဲ့သည် ကျန်းစန်းဖောင်နှင့်အတူ ထွက်ခွာခဲ့ကြသည်။

မိုမိုအီရိုဘားနှင့် တစ်လမ်းကျော်ဝေးသော ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်တွင် ရှီလဲ့နှင့် ကျန့်ဆန်းဖောင်တို့သည် ရာမန်ခေါက်ဆွဲ (Ramen) တစ်ပန်းကန်စီ မှာယူကာ ဆိုင်ထဲတွင် ထိုင်နေကြသည်။ ကျန်းစန်းဖောင်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“သူဌေး၊ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”

ရှီလဲ့သည် တည်ငြိမ်စွာဖြင့် သူ၏လပ်တော့ပ်ကို အသုံးပြုကာ တိုကျိုမြို့ ဆူမီဒါရပ်ကွက်ရှိ မီးပွိုင့်စနစ်ကို ထိန်းချုပ်လိုက်သည်။ သူသည် ‘ဟွိုင်ရန်ဘား’ နှင့် ‘ဟွမ်မန်ဘား’ တို့အနီးရှိ လမ်းမများ၏ မီးနီပြသချိန်ကို တိုးမြှင့်လိုက်ပြီး ယာဉ်ကြောပိတ်ဆို့မှုများကို ဖန်တီးလိုက်လေသည်။

ကိုအီဇူမီ အီချီရို သည် အလွန်အလုပ်ရှုပ်သော နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရသည်။ ကျန်းလင်းရုပ်ရှင်နှင့် ရုပ်သံဓာတ်ပုံကုမ္ပဏီမှ ထွက်ခွာလာပြီးနောက် သူသည် ဘားတစ်ခုသို့ သွားရောက်အပန်းဖြေရန် သူ၏ကားကို မောင်းနှင်လာခဲ့သည်။ လမ်းခရီးတွင် ဟွိုင်ရန်ဘားနှင့် ဟွမ်မန်ဘားတို့ တည်ရှိရာ လမ်းမများ၌ ယာဉ်ကြောပိတ်ဆို့နေကြောင်း ယာဉ်ကြောသတင်းလွှင့်ချက်မှ ကြားသိရသောအခါ သူသည် ကားကို ချက်ချင်းပင် ပြန်လှည့်လိုက်ပြီး မိုမိုအီရိုဘားဆီသို့ ဦးတည်မောင်းနှင်သွားခဲ့လေတော့သည်။

All Chapters