အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း - ၁၃၃
ရှီလဲ့သည် ဆူမီဒါရပ်ကွက်၏ လမ်းမကြီးများစောင့်ကြည့်ရေး စနစ်အတွင်းမှ ကိုအိကီ အီချီရို၏ ကားကို ရှာဖွေတွေ့ရှိသွားသောအခါ ကျန်းစန်းဖောင်ကို မော့ကြည့်ကာ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
“စန်းဖောင်... ငါးကတော့ အစာဟပ်ပြီဟေ့”
ကျန်းစန်းဖောင်မှာ အနည်းငယ် ကြောင်အသွားပြီး “သူဌေး... ကိုအီဇူမီ ရောက်လာပြီလား” ဟု မေးလိုက်သည်။
“ဟုတ်တယ်” ရှီလဲ့သည် လမ်းမကြီးများစောင့်ကြည့်ရေး စနစ်မှတစ်ဆင့် ကိုအီဇူမီ အီချီရို၏ တည်နေရာကို အတည်ပြုလိုက်ပြီးနောက် ရှစ်မိနစ်ခန့်အတွင်း ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း လျင်မြန်စွာ တွက်ချက်လိုက်သည်။
“စန်းဖောင်... အဝတ်အစားသွားလဲပြီး လှုပ်ရှားဖို့ ပြင်ဆင်တော့”
ကျန်းစန်းဖောင်က ခေါင်းငြိမ့်ကာ ထရပ်ပြီး ရာမန်ခေါက်ဆွဲဆိုင်ထဲမှ ထွက်သွားခဲ့သည်။ ထို့နောက် ရှီလဲ့သည် လျှို့ဝှက်နားထောင်ခြင်းမှ ကာကွယ်ရန်အတွက် သူဝယ်ယူထားသော မှတ်ပုံမတင်ထားသည့် ဖုန်းနံပါတ်များကို ‘ယန်’ ကို အသုံးပြု၍ ကုဒ်ဝှက်စနစ်ဖြင့် အကာအကွယ်ပြုလုပ်လိုက်သည်။
ငါးမိနစ်၊ ခြောက်မိနစ်ခန့် ကြာပြီးနောက် အဝတ်အစားအသစ် လဲလှယ်ထားသော ကျန်းစန်းဖောင်သည် ရာမန်ဆိုင်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ သူ၏ အပြာနုရောင် လုပ်ငန်းခွင်ဝတ်စုံကိုမူ ကိရိယာပုံးထဲသို့ ထည့်သွင်းသိမ်းဆည်းထားသည်။
“သူဌေး... အားလုံး အဆင်သင့်ဖြစ်ပါပြီ”
“ဟို မိုင်းတွေကရော အဆင်ပြေရဲ့လား” ရှီလဲ့သည် ကျန်းစန်းဖောင်ကို ကြည့်ကာ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသော ဖောက်ခွဲရေးပစ္စည်းများကို မေးလိုက်သည်။
“စိတ်မပူပါနဲ့ သူဌေးရာ၊ ဒါတွေက ကျွန်တော့်လက်တွေလို ကျွမ်းကျင်ပြီးသားပါ... ကောင်းကောင်း နားလည်ပါတယ်” ကျန်းစန်းဖောင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ရှီလဲ့သည် ဘလူးတု နားကြပ်တစ်ခုကို ထုတ်ယူကာ ကျန်းစန်းဖောင်ထံ ကမ်းပေးလိုက်သည်။
“သွားတော့... အစီအစဉ်အတိုင်း လုပ်၊ ပြီးတော့ အဆက်အသွယ် အမြဲမပြတ်စေနဲ့”
ကျန်းစန်းဖောင်သည် ဘလူးတုနားကြပ်ကို ယူ၍ နားတွင် တပ်ဆင်လိုက်ပြီး ဘေ့စ်ဘောဦးထုပ်ကို ဆောင်းလိုက်သည်။ သူသည် ကိရိယာပုံးကို ရာမန်ဆိုင်တွင် ထားရစ်ခဲ့ကာ မိုမိုအီရိုဘားဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ ရှီလဲ့သည်လည်း ကိုယ်တိုင် ဘလူးတုနားကြပ်ကို တပ်ဆင်ကာ မှတ်ပုံမတင်ထားသည့် အသင့်သုံးဖုန်းဖြင့် ကျန်းစန်းဖောင်၏ ဖုန်းနံပါတ်သို့ ခေါ်ဆိုလိုက်သည်။
“စန်းဖောင်... ငါပြောတာ ကြားရလား” ရှီလဲ့၏ အသံမှာ တိုးညှင်းလှပြီး ရာမန်ဆိုင်၏ ထောင့်စွန်းတွင် ထိုင်နေခြင်းကြောင့် မည်သူ့ကိုမျှ သံသယဝင်စေခြင်း မရှိပေ။
ကျန်းစန်းဖောင်သည် အလုပ်မှ အိမ်ပြန်လာသော သာမန်လူတစ်ယောက်ကဲ့သို့ လမ်းမပေါ်တွင် အေးအေးလူလူ လျှောက်လှမ်းရင်း “သူဌေး... ကြားရပါတယ်” ဟု ပြန်ပြောလိုက်သည်။
ရှီလဲ့သည် သူ၏ လပ်တော့ပ်ပေါ်တွင် လမ်းမကြီးများစောင့်ကြည့်ရေး စနစ်နှင့် ပြည်သူ့လုံခြုံရေး စောင့်ကြည့်ရေး စနစ်တို့၌ ဖမ်းမိထားသော ကျန်းစန်းဖောင်၏ ပုံရိပ်များကို လိုက်လံဖျက်ဆီးနေသည်။
ကျန်းစန်းဖောင် မိုမိုအီရိုဘားထဲသို့ ဝင်ရောက်သွားသောအခါ ရှီလဲ့သည် ဘား၏ အတွင်းပိုင်း လုံခြုံရေးစောင့်ကြည့်ရေး စနစ်ကို ဟက်ကာ ဝင်ရောက်ပြီး ကျန်းစန်းဖောင်၏ ခြေရာများကို ဖုံးကွယ်ရန်အတွက် ဗီဒီယိုမှတ်တမ်းများကို ကွင်းဆက်ပုံစံအဖြစ် ပြောင်းလဲသတ်မှတ်လိုက်သည်။
“စန်းဖောင်... ကိုအီဇူမီရဲ့ကားက ကားပါကင် အမှတ် ၇၂ မှာ ရှိတယ်.. မြန်မြန်လုပ်” ရှီလဲ့က သတိပေးလိုက်သည်။
ဓါတ်လှေကားဖြင့် မြေအောက်ကားပါကင်သို့ ဆင်းသွားပြီးနောက် ကျန်းစန်းဖောင်သည် ကားပါကင် အမှတ်များကို လိုက်လံကြည့်ရှုကာ အမှတ် ၇၂ ဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။ ကိုအိဇူမီ အီချီရို၏ ကားမှာဂျပန်တွင် အလယ်အလတ်နှင့် အဆင့်မြင့် စီးပွားရေးလုပ်ငန်းသုံးကားအဖြစ် သတ်မှတ်ထားသော တိုယိုတာ ခရောင်း အမျိုးအစား ဖြစ်သည်။
ကျန်းစန်းဖောင်သည် သူ၏ ဘောင်းဘီအိတ်ကပ်ထဲမှ ဂွမ်းလုံးကဲ့သို့ ပျော့ပျောင်းသော ဖောက်ခွဲရေးပစ္စည်းများကို ထုတ်ယူလိုက်သည်။ ၎င်းကို သေချာစွာ တပ်ဆင်ပြီးနောက် ချစ်ပ်အသေးစားလေးတစ်ခုနှင့် ချိတ်ဆက်လိုက်ပြီး ကားအောက်သို့ ပက်လက်လှန်ကာ လျှောတိုက်ဝင်သွားခဲ့သည်။ သူသည် ဓါတ်မီးကို ပါးစပ်ဖြင့် ကိုက်ကာ ရှေ့ဘယ်ဘက်ဘီးကို အလင်းပြလိုက်ပြီး ဂွမ်းလုံးနှင့်တူသော ပလတ်စတစ် ဖောက်ခွဲရေးပစ္စည်းကို ရှေ့ဘယ်ဘက်ဘီး၏ ဘောင်တွင် ကပ်လိုက်သည်။
ဂျပန်နိုင်ငံ၏ ယာဉ်ကြောစနစ်မှာ တရုတ်နိုင်ငံ၏ လက်ယာဘက်မောင်းနှင်မှုနှင့် မတူဘဲ လက်ဝဲဘက်မှ မောင်းနှင်ရခြင်း ဖြစ်သည်။ ကျန်းစန်းဖောင်သည် ပလတ်စတစ် ဖောက်ခွဲရေးပစ္စည်းမှာ မြဲမြံစွာ ကပ်မိနေခြင်း ရှိမရှိကို နှစ်ခါပြန် စစ်ဆေးပြီးနောက် ကားအောက်မှ ပြန်လည်တွားထွက်လာခဲ့သည်။ သူသည် အဝတ်အစားပေါ်မှ ဖုန်မှုန့်များကို ခါထုတ်ကာ ပတ်ဝန်းကျင်မှ ခြေရာလက်ရာများကို ဖျက်ဆီးလိုက်ပြီး မြေအောက်ပါကင်မှ ဓါတ်လှေကားဖြင့် ပြန်လည်ထွက်ခွာလာခဲ့သည်။
“သူဌေး... ပြီးပါပြီ” ကျန်းစန်းဖောင်သည် မိုမိုအီရိုဘားအပြင်ဘက်သို့ လျှောက်လှမ်းရင်း တိုးညှင်းစွာ ပြောလိုက်သည်။
ရာမန်ဆိုင်အတွင်း၌မူ ရှီလဲ့သည် လက်တစ်ဖက်ဖြင့် လပ်တော့ပ်ကို ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် ကိရိယာပုံးကို မ လိုက်ရင်း အပြင်သို့ ထွက်လာခဲ့သည်။ “ခြေရာခံစက်ကရော ဖောက်ခွဲရေးပစ္စည်းထဲမှာ ပါသွားလား”
“ဟုတ်ကဲ့ ခြေရာခံစက်က ပုံမှန်အတိုင်း အလုပ်လုပ်နေပါတယ်” ကျန်းစန်းဖောင်သည် ရာမန်ဆိုင်ဘက်သို့ လျှောက်လာခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ရာမန်ဆိုင်အပြင်ဘက် လမ်းမပေါ်တွင် ဆုံတွေ့ကြပြီး အငှားယာဉ်တစ်စီးကို တားကာ ဟိုတယ်သို့ ပြန်ခဲ့ကြသည်။
ဟိုတယ်အခန်းအတွင်းရှိ ရှီလဲ့၏ လပ်တော့ပ် စခရင်ပေါ်တွင်မူ ဆူမီဒါရပ်ကွက်၏ မြေပုံနှင့်အတူ အနီရောင်အစက်လေးတစ်ခု လင်းကနဲ လင်းကနဲ ဖြစ်နေသည်ကို တွေ့ရသည်။ ထိုအနီရောင်အစက်လေးမှာ ကိုအိဇူမီ အီချီရို၏ ကားကို ကိုယ်စားပြုခြင်းဖြစ်ပြီး ခြေရာခံစက်မှ ထုတ်လွှင့်သော အချက်ပြလှိုင်းက ရှီလဲ့အား ကိုအိဇူမီ အီချီရို၏ တည်နေရာကို အတိအကျ သိရှိစေသည်။
ကျန်းစန်းဖောင်သည် ရှီလဲ့၏ အနောက်တွင် မတ်တတ်ရပ်ကာ လေးစားအားကျသော မျက်ဝန်းများဖြင့် “သူဌေး... သူဌေးရဲ့ ကွန်ပျူတာစွမ်းရည်က တကယ့်ကို အံ့မခန်းပဲဗျာ” ဟု ချီးကျူးလိုက်သည်။
ရှီလဲ့က ပြုံးလျက် ခေါင်းခါကာ “တကယ့် ဆရာကြီးတွေနဲ့ ယှဉ်ရင်တော့ ငါက အဝေးကြီး လိုပါသေးတယ်ကွာ” ဟု နှိမ့်ချစွာ ပြောလိုက်သည်။
လပ်တော့ပ် စခရင်ပေါ်တွင်မူ ကိုအိဇူမီ အီချီရို၏ ကားကို ကိုယ်စားပြုသော အနီရောင်အစက်လေးသည် ည ၁၁ နာရီအထိ မိုမိုအီရိုဘားတွင်ပင် ငြိမ်သက်စွာ ရှိနေခဲ့ပြီး ထိုအချိန်မှစ၍ စတင် ရွေ့လျားလာခဲ့သည်။
မိုမိုအီရိုဘား၏ ကားပါကင်အတွင်းရှိ စောင့်ကြည့်ရေးစနစ်မှ ဗီဒီယိုမှတ်တမ်းများသည် သိပ်ပြီး ကြည်လင်ပြတ်သားမှု မရှိပေ။ ရှီလဲ့သည် လပ်တော့ပ်မှတစ်ဆင့် ကိုအိဇူမီ အီချီရို၏ ကား စတင်ထွက်ခွာသွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။ ၎င်းကိုကြည့်ရင်း ရှီလဲ့သည် စိတ်ထဲမှ သက်ပြင်းချမိကာ ‘ဒီခေတ်မှာ အရက်မူးပြီး ကားမောင်းတာက နောင်အနာဂတ်မျိုးဆက်တွေလိုမျိုး ဆိုးဆိုးရွားရွား ပြဿနာတစ်ခု မဟုတ်သေးသလို၊ ကြီးမားတဲ့ လူမှုရေးပြဿနာတစ်ခုအနေနဲ့လည်း သတ်မှတ်ခြင်း မခံရသေးဘူးပဲ’ ဟု တွေးလိုက်သည်။
ခြေရာခံစက်က တည်နေရာ အချက်အလက်များကို အဆက်မပြတ် ပေးပို့နေစဉ် ကိုအီဇူမီ အီချီရိုသည် ခုံးကျော်တံတားနှင့် ပို၍ပို၍ နီးကပ်လာခဲ့ရာ ရှီလဲ့၏ အပြုံးများမှာလည်း ပိုမိုပွင့်လန်းလာခဲ့သည်။
‘ခွေးကောင်လေး... မင်းကို ငါ အုန်းကနဲ မြည်အောင် သေခိုင်းပြီး အရက်မူးပြီး မောင်းတာက ဘယ်လောက် အန္တရာယ်များလဲဆိုတာ ကမ္ဘာကြီးကို သတိပေးလိုက်မယ်’ ဟု ရှီလဲ့ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
ကိုအီဇူမီအီချီရို၏ ခရောင်းကား ခုံးကျော်တံတားပေါ်သို့ ရောက်ရှိသွားသောအခါ ခြေရာခံစက်၏ ရွေ့လျားမှုနှုန်းအရ သူ၏ ယာဉ်မောင်းနှင်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ တစ်ရာအထက်တွင် ရှိနေသည်။
လပ်တော့ပ် ဘေးတွင် ကားလော့ခ်ဖွင့်သည့် ရီမုသော့နှင့်တူပြီး အနီရောင်ခလုတ် တစ်ခုတည်းသာပါသော ပစ္စည်းတစ်ခု ရှိနေသည်။ ရှီလဲ့သည် ၎င်းကို ကောက်ကိုင်လိုက်ပြီး လက်မကို အနီရောင်ခလုတ်ပေါ် တင်ကာ စခရင်ကို ကြည့်ရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။
“နှုတ်ဆက်ပါတယ်... ငါ့ရဲ့ ရန်သူတော်ကြီးရယ်”
အနီရောင် ခလုတ်ကို နှိပ်ချလိုက်ပြီဖြစ်သည်။
ခုံးကျော်တံတား ပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေသော ခရောင်းကား၏ ရှေ့ဘယ်ဘက်ဘီးသည် ရုတ်တရက် အနည်းငယ် တုန်ခါသွားပြီးနောက် ပြင်းထန်စွာ ကျိုးပျက်သွားခဲ့သည်။ အရှိန်ပြင်းစွာ မောင်းနှင်နေသော ခရောင်းကားမှာ မြင်းရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး ခုံးကျော်တံတား၏ အကာအရံများကို တိုက်ဖြတ်ကာ ၁၆ မီတာခန့် မြင့်သော တံတားပေါ်မှ အောက်သို့ ထိုးဆင်းသွားခဲ့တော့သည်။
ခရောင်းကားသည် လေထဲမှ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာပြီး ခုံးကျော်တံတားအောက်ရှိ လမ်းမကြီးပေါ်သို့ အတိအကျ ကျရောက်သွားရာ ထိုနေရာတွင် မောင်းနှင်နေသော ကုန်တင်ကားကြီးတစ်စီးက ပုံပျက်ပန်းပျက် ဖြစ်နေပြီဖြစ်သော ခရောင်းကားကို အရှိန်ပြင်းစွာ ဝင်တိုက်မိတော့သည်။ ခရောင်းကားတစ်စီးလုံးသည် လေထဲတွင် သံပန်းသံစများအဖြစ် လွင့်စင်ကြေမွသွားခဲ့ပြီး ရဲရဲနီသော သွေးစက် သွေးပေါက်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ရှီလဲ့သည် လပ်တော့ပ်ပေါ်တွင် ခုံးကျော်တံတား အနီးအနားရှိ လမ်းမကြီး စောင့်ကြည့်ရေး ကင်မရာများနှင့် ပြည်သူ့လုံခြုံရေး ကင်မရာများကို လိုက်လံရှာဖွေကြည့်သည်။ သို့သော် ကံဆိုးစွာဖြင့် ထိုအနီးအနားတွင် မည်သည့်ကင်မရာမျှ ရှိမနေပေ။ အကြောင်းမှာ ဤနေရာသည် ကားများ အရှိန်ပြင်းစွာ မောင်းနှင်လေ့ရှိသော လမ်းမကြီးဖြစ်၍ ကင်မရာများ တပ်ဆင်ထားရန် မလိုအပ်သောကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့် လမ်းမကြီးစောင့်ကြည့်ရေး ကင်မရာများနှင့် မီးပွိုင့်များကိုသာ တွဲဖက်တပ်ဆင်လေ့ရှိပြီး ပြည်သူ့လုံခြုံရေး ကင်မရာများကိုမူ လူနေရပ်ကွက်များနှင့် လူစည်ကားရာ နေရာများတွင်သာ တပ်ဆင်လေ့ရှိသည်။
ထို့ကြောင့်ပင် ရှီလဲ့သည် စောင့်ကြည့်ရေးစနစ်ကို အားမကိုးဘဲ ကျန်းစန်းဖောင်အား ခြေရာခံစက် တပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ယာဉ်မတော်တဆမှု၏ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့လိုက်ရသဖြင့် ရှီလဲ့ စိတ်ထဲတွင် အနည်းငယ် နှမြောမိသည်။ သို့သော်ငြားလည်း မိမိ၏ ရန်သူ အသက်ပျောက်သွားသည်ကို သိလိုက်ရခြင်းကပင် ရှီလဲ့အတွက် ကြီးမားသော ကျေနပ်မှုကို ပေးစွမ်းနိုင်ခဲ့သည်။
“စန်းဖောင်... တီဗီကို NHK ရဲ့ အရေးပေါ်သတင်းချန်နယ်ကို ပြောင်းလိုက်စမ်း ဒီကားအက်ဆီးဒင့်ကို သူတို့ ထုတ်လွှင့်မလား ကြည့်ရအောင်” ဟု ရှီလဲ့က မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
မတော်တဆမှုဖြစ်ပြီး မိနစ်အနည်းငယ်အကြာတွင် ရှီလဲ့သည် ဆူမီဒါရပ်ကွက် ရဲစခန်း၏ စနစ်အတွင်း၌ ခုံးကျော်တံတား ယာဉ်မတော်တဆမှုနှင့် ပတ်သက်သော သတင်းပေးပို့ချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုသတင်းပေးပို့ချက်အရ ကိုအီဇူမီ အီချီရို၏ ကားသည် ခုံးကျော်တံတားပေါ်မှ ၁၆ မီတာခန့် အောက်သို့ ပြုတ်ကျသွားပြီး လမ်းမကြီးပေါ်ရှိ ကုန်တင်ကားကြီး၏ တိုက်မိမှုကြောင့် တစစီ ကြေမွသွားခဲ့ကြောင်း ရှီလဲ့ အတည်ပြုနိုင်ခဲ့သည်။
မိနစ်နှစ်ဆယ်ကျော် ကြာပြီးနောက် NHK ၏ အရေးပေါ်သတင်းချန်နယ်တွင် ထိုယာဉ်မတော်တဆမှု၏ အသေးစိတ် အခြေအနေများကို တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းများနှင့်အတူ ထုတ်လွှင့်ပြသခဲ့သည်။
ခုံးကျော်တံတားပေါ်တွင်မူ ကားအောက်သို့ မပြုတ်ကျမီ အရေးပေါ် ဘရိတ်အုပ်ခဲ့သည့် လက္ခဏာအဖြစ် မည်းနက်ပြီး လောင်ကျွမ်းနေသော တာယာရာများကို တွေ့ရသည်။ အောက်ဘက် လမ်းမကြီးပေါ်တွင်မူ ခရောင်းကား ပြုတ်ကျလာသည့် အရှိန်ကြောင့် ကတ္တရာလမ်းမပေါ်တွင် သိသိသာသာ နိမ့်ဝင်သွားသော ကျင်းတစ်ခု ဖြစ်ပေါ်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကြေမွနေသော သံပန်းသံစများနှင့် တုန်လှုပ်ဖွယ်ရာ ရဲရဲနီသော သွေးကွက်များ ပြန့်ကြဲနေပြီး ရှေ့ပိုင်း အပြင်းအထန် ပျက်စီးနေသော ကုန်တင်ကားကြီးမှာလည်း လမ်းဘေးတွင် ရပ်တန့်ထားသည်ကို မြင်တွေ့ရသည်။
NHK အရေးပေါ်သတင်းချန်နယ်မှ ချောမောလှပသော သတင်းတင်ဆက်သူ အမျိုးသမီးမှာ မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေပြီး အခင်းဖြစ်ပွားရာနေရာမှ တိုက်ရိုက် သတင်းပေးပို့နေသည်။
“မင်္ဂလာညချမ်းပါ မိဘပြည်သူများရှင် အခု တင်ဆက်ပေးချင်တာကတော့ စိတ်မကောင်းစရာ သတင်းဆိုးတစ်ခုပဲ ဖြစ်ပါတယ် ဆူမီဒါရပ်ကွက်ရှိ ချစ်ကြည်ရေး ခုံးကျော်တံတားပေါ်မှာ ကြီးမားတဲ့ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်”
ကင်မရာသည် ကုန်တင်ကားကြီး၏ အပြင်းအထန် ပျက်စီးနေသော ရှေ့ပိုင်းဆီသို့ အာရုံစိုက်လိုက်ပြီး သတင်းတင်ဆက်သူက ဆက်လက်၍ ပြောကြားသည်။
“အနက်ရောင် ခရောင်းကားတစ်စီးဟာ ချစ်ကြည်ရေး ခုံးကျော်တံတားပေါ်ကနေ ကံဆိုးစွာနဲ့ ပြုတ်ကျသွားခဲ့ပြီး အရှိန်နဲ့ မောင်းနှင်လာတဲ့ ကုန်တင်ကားကြီးနဲ့ ထိပ်တိုက် တိုက်မိခဲ့တာကြောင့် ခရောင်းကားတစ်စီးလုံး ကြေမွပျက်စီးသွားခဲ့ရပါတယ် ကျန်ရစ်ခဲ့တဲ့ ခရောင်းကားရဲ့ လိုင်စင်နံပါတ်ပြားအရ စုံစမ်းစစ်ဆေးကြည့်ရာမှာတော့ ဒီကားဟာ ကန်နွန် ကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေးဌာန ဒုတိယအကြီးအကဲနဲ့ ကျန်းလင်း ရုပ်ရှင်နှင့်ဓါတ်ပုံကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ ကိုအီဇူမီ အီချီရိုရဲ့ ကားဖြစ်ကြောင်း သိရှိရပါတယ်ရှင်”
ရှီလဲ့သည် ထိုသတင်းကို ကြည့်ရင်း ခပ်တိုးတိုး ရယ်မောကာ “အဲဒီ စိတ်ရှုပ်စရာ ခွေးကောင်လေးကတော့ နောက်ဆုံးတော့ လေထဲလွင့်ပြီး ပျောက်ကွယ်သွားပြီပဲ” ဟု ပြောလိုက်သည်။
ကျန်းစန်းဖောင်ကလည်း ပြုံးလျက် “ဂုဏ်ယူပါတယ် သူဌေး” ဟု ဆိုသည်။
ကျန်းစန်းဖောင်သည် အမိနိုင်ငံ၏ တရားမျှတမှုအတွက် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သော်လည်း ယခုအခါတွင် ရှီလဲ့အတွက် အလုပ်လုပ်နေသူ ဖြစ်ခြင်းကြောင့် ဂျပန်နိုင်ငံသားတစ်ယောက်ကို သတ်ဖြတ်ရခြင်းအပေါ် မည်သည့် ကိုယ်ကျင့်တရားဆိုင်ရာ တွန့်ဆုတ်မှုမျှ ရှိမနေပေ။
ကျန်းစန်းဖောင်ကို ပြန်လွှတ်ပြီးနောက် ရှီလဲ့သည် ရေချိုးကာ ကုတင်ပေါ်တွင် သက်တောင့်သက်သာဖြင့် အိပ်စက်အနားယူလိုက်သည်။
မူလအစီအစဉ်အရ သုံးရက်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသော်လည်း ယခုမူ နှစ်ရက်အတွင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ရှီလဲ့အနေဖြင့် မိန်းကလေးများအတွက် လက်ဆောင်ပစ္စည်းများ ဝယ်ယူရန် တစ်ရက် အချိန်ပိုရသွားခဲ့သည်။
တစ်ညတာ အိပ်မက်ကမ္ဘာတွင် ဖြတ်သန်းပြီးနောက် နောက်တစ်နေ့ နံနက်ခင်းတွင် ရှီလဲ့သည် ဖုန်းမြည်သံကြောင့် နိုးလာခဲ့သည်။
“ဟယ်လို...” ရှီလဲ့သည် အိပ်ချင်မူးတူးအသံဖြင့် ဖုန်းကို ပြန်ထူးလိုက်သည်။
ဖုန်းအစီအစဥ်ထဲမှ မာလျန်၏ အသံ ထွက်ပေါ်လာသည်။
“သူဌေး... နိုးပြီလား”
“မနိုးသေးဘူး ၊ ဘာကိစ္စရှိလို့လဲ” ရှီလဲ့သည် ကုတင်ပေါ်တွင် ဖြည်းညှင်းစွာ ထိုင်လိုက်ရင်း မေးလိုက်သည်။
မာလျန်သည် အရင်ဆုံး ခါးသီးစွာ ရယ်မောလိုက်ပြီး “သူဌေး... ကျွန်တော့်မှာ သူဌေးအတွက် သတင်းဆိုးတစ်ခု ရှိတယ်” ဟု ပြောလိုက်သည်။
ရှီလဲ့၏ ရင်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး “ဘာသတင်းဆိုးလဲ” ဟု အလျင်အမြန် မေးလိုက်သည်။
“သူဌေးက ကျွန်တော့်ကို ကိုအီဇူမီ အီချီရိုကို စောင့်ကြည့်ဖို့ ညွှန်ကြားခဲ့တယ်မလား မနေ့က ကျွန်တော် မိုမိုအီရိုဘားမှာ သူ့ကို စောင့်ကြည့်ရင်း သူနဲ့ ‘သူငယ်ချင်း’ တွေတောင် ဖြစ်သွားခဲ့တယ် အဲဒါကြောင့် သူဌေးကို အချိန်မီ သတင်းမပို့နိုင်ခဲ့တာပါ တကယ်တော့ အဲဒီ ခရောင်းကားကို မောင်းသွားတဲ့လူက ကိုအီဇူမီ အီချီရို မဟုတ်ဘဲ ကျန်းလင်း ရုပ်ရှင်နှင့်ဓါတ်ပုံကုမ္ပဏီက ဝန်ထမ်းတစ်ယောက် ဖြစ်နေတယ် သူဌေး” မာလျန်က ရှင်းပြသည်။
ရှီလဲ့၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး “မာလျန်... မင်းပြောချင်တာက ကိုအီဇူမီ အီချီရို မသေသေးဘူးပေါ့ ဟုတ်လား” ဟု မေးလိုက်သည်။
“ဟုတ်ပါတယ် သူဌေး မနေ့ညက ကိုအီဇူမီ အီချီရိုရယ်၊ မိုမိုအီရိုဘားရဲ့ ပိုင်ရှင် မိုမို ယူကီရိုရယ်၊ ကျွန်တော်ရယ် သုံးယောက်သား မနက် ၁ နာရီကျော်တဲ့အထိ အတူတူ သောက်ကြပြီး မိုမိုအီရိုဘားမှာပဲ တစ်ခါတည်း အိပ်လိုက်ကြတာ အဲဒါကြောင့် ကျွန်တော်လည်း သူဌေးကို ဒီသတင်းလှမ်းပြောဖို့ အခွင့်အရေး မရလိုက်တာပါ တောင်းပန်ပါတယ် သူဌေးရာ... ကျွန်တော့်ကြောင့် သူဌေးရဲ့ အစီအစဉ် ပျက်စီးသွားတဲ့အပြင် ကိုအိဇူမီ အီချီရိုကိုပါ သတိထားမိသွားအောင် လုပ်လိုက်သလို ဖြစ်သွားပြီ” မာလျန်က အားနာစွာဖြင့် ပြောရှာသည်။
ရှီလဲ့သည် လက်သီးကို တင်းတင်းဆုပ်ထားမိပြီး အလွန်အမင်း မကျေမနပ် ဖြစ်သွားသည်။
သို့သော် “ရပါပြီကွာ မာလျန်... အစီအစဉ် ပြောင်းသွားပြီ၊ မင်းလောလောဆယ် ပြန်ဆုတ်ခဲ့တော့ အော်... ပြီးတော့ သူတို့ မင်းရဲ့ တကယ့် အမှတ်အသားကို သိသွားကြလား ငါပြောတာက... တကယ်လို့ ကိုအိဇူမီ အီချီရိုသာ သေသွားခဲ့ရင် သူတို့ မင်းနောက်ကို ခြေရာခံမိနိုင်မလားလို့”
မာလျန်သည် စိတ်ထဲတွင် အလွန် ထိခိုက်သွားရသည်။ ရှီလဲ့သည် သူ့ကို အပြစ်မတင်သည့်အပြင် သူ၏ လုံခြုံရေးအတွက်ပါ စိုးရိမ်ပေးနေသဖြင့် မာလျန်၏ ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ နွေးထွေးသွားရသည်။
“စိတ်မပူပါနဲ့ သူဌေး၊ ကျွန်တော့်ရဲ့ တကယ့် အမှတ်အသားကို သူတို့ကို မပြောခဲ့ပါဘူး”
“ဒါဆိုရင်တော့ ကောင်းပြီ လောလောဆယ် ပြန်ဆုတ်ခဲ့၊ အစီအစဉ်ကို နောက်မှ ပြန်စရတာပေါ့”
ရှီလဲ့သည် ဖုန်းကို ချလိုက်ပြီးနောက် ဘာကြောင့်မှန်းမသိဘဲ ရုတ်တရက် ရယ်မောလိုက်မိတော့သည်။
“ဟင်း တကယ်ပဲ... လူကောင်းတွေက အသက်တိုပြီး လူယုတ်မာတွေကပဲ အသက်ရှည်ကြတယ်ဆိုတာ မှန်နေတာပဲ”