← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း - ၁၃၅

ရှီလဲ့၏ ကူညီပံ့ပိုးမှုဖြင့် ကျန်းစန်းဖောင် သည် ဆူမီဒါရပ်ကွက်ရှိ ကုန်တိုက်ကြီး သုံးခု၏ အိမ်သာလေဝင်လေထွက်ပြွန်များအတွင်းသို့ မိုင်းသုံးလုံးကို လွယ်လွယ်ကူကူပဲ သွားရောက်တပ်ဆင်နိုင်ခဲ့ပြီး ပဏာမမစ်ရှင်ကို အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်သည်။

အခြားတစ်ဖက်တွင်မူ ယဲ့ဖုန်း နှင့် မာလျန် တို့သည် ၎င်းတို့၏မစ်ရှင်ကို အချိန်မတိုင်မီကပင် ပြီးစီးအောင်မြင်ခဲ့ကြသဖြင့် ဟိုတယ်သို့ ကြိုတင်ပြန်ရောက်ရှိနေကြပြီး ညဘက်တွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအတွက် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

ရှီလဲ့သည် ကြိုးမဲ့နားကြပ်များကို စမ်းသပ်စစ်ဆေးပြီး လပ်တော့ပ်ကွန်ပျူတာထဲသို့ ချိတ်ဆက်ထည့်သွင်းကာ ကြိုးမဲ့ဆက်သွယ်ရေးလိုင်းကို အဆင့်မြင့်စနစ်ဖြင့် လျှို့ဝှက်ကုဒ်ပြောင်းလဲ နေ၏။

ညနေ ၅ နာရီကျော်ခန့်တွင် ကျန်းစန်းဖောင်သည် ကျောပိုးအိတ်ကို လွယ်ကာ ဟိုတယ်သို့ ပြန်ရောက်လာသည်။ ရှီလဲ့က သူ့ကို တစ်ချက်လှမ်းကြည့်ရင်း “ဘာလို့ သက်သေတွေကို ဖျက်ဆီးမပစ်ခဲ့တာလဲ” ဟု မေးလိုက်သည်။

ကျန်းစန်းဖောင်က “သူဌေး... လမ်းမှာ အဆင်ပြေမယ့်နေရာ မရှိလို့ပါ... ဒီည လုပ်ငန်းပြီးရင် သက်သေအားလုံးကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်ပါ့မယ်” ဟု ရှင်းပြလိုက်သည်။

“ကောင်းပြီ ဘာမှ အမှားအယွင်း မရှိစေနဲ့” ရှီလဲ့၏ မျက်လုံးများက ကွန်ပျူတာမျက်နှာပြင်ဆီမှ မခွာဘဲ လက်ချောင်းများကမူ ကီးဘုတ်ပေါ်တွင် အဆက်မပြတ် မြန်မြန်ဆန်ဆန် ရိုက်နှိပ်နေရင်း

“ယဲ့ဖုန်း... သွား၊ စားစရာတချို့ သွားဝယ်ပြီး ပြန်ယူခဲ့ဦး”

ဟု ‌ေပြာလိုက်သည်။

ဆယ်မိနစ်ကျော် ကြာပြီးနောက် ယဲ့ဖုန်းသည် ရာမန်ခေါက်ဆွဲ လေးပန်းကန်ကို သယ်ပြီး ပြန်လာသည်။ ရှီလဲ့က မျက်လုံးအဝိုင်းသားဖြင့် ကြည့်ကာ “ယဲ့ဖုန်း... မင်း ရာမန်ခေါက်ဆွဲပဲ စားတတ်တာလား” ဟု ညည်းတွားလိုက်၏။

ယဲ့ဖုန်းက ခါးသက်သက်အပြုံးဖြင့်

“ရာမန်ခေါက်ဆွဲပဲ အဆင်ပြေတာကိုး” ဟု ပြောလိုက်သည်။

“ထားလိုက်တော့၊ ထားလိုက်တော့... အားလုံး နည်းနည်းစီပဲ စားကြ တကယ့် လုပ်ငန်းက သန်းခေါင်ယံမှ စမှာ” ရှီလဲ့သည် ရာမန်ခေါက်ဆွဲကို မစားချင်စားချင်ဖြင့် အနည်းငယ် စားလိုက်ပြီး စားပွဲပေါ်ရှိ ဖုန်းကိုကောက်ကိုင်ကာ အချိန်ကို စစ်ဆေးပြီး ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။

ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ဖုန်းလိုင်းပွင့်သွားပြီး တစ်ဖက်မှ “ဟယ်လို... ယူအန်ယွန် ကားအငှားကုမ္ပဏီပါခင်ဗျာ၊ ဘာများ ကူညီပေးရမလဲခင်ဗျာ” ဟု ပြန် ‌ေဖြသည်။

ရှီလဲ့က ချောင်းတစ်ချက်ဟန့်ကာ “ဟယ်လို... ဒီနေ့မွန်းလွဲပိုင်းက ခင်ဗျားတို့ကုမ္ပဏီမှာ ကျုပ် ပန်နယ်ဗန်ကားတစ်စီး ငှားဖို့ စာရင်းသွင်းထားတာ ရှိပါတယ် အခု အဲဒီကားကို အရောက်ပို့ပေးဖို့ အဆင်ပြေမလား” ဟု မေးလိုက်သည်။

“ခဏလောက် စောင့်ပေးပါခင်ဗျာ၊ ကျနော် စစ်ဆေးပေးပါ့မယ်” ယူအန်ယွန် ကားအငှားကုမ္ပဏီ၏ ဝန်ဆောင်မှုပေးသူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် “ဟယ်လို... လူကြီးမင်းက မစ္စတာ ကိုအီဇူမီ အီချီရို လားခင်ဗျာ” ဟု မေးလာသည်။

“ဟုတ်တယ် ငါက ကိုအီဇူမီ အီချီရိုပဲ” ရှီလဲ့က ပြုံးလိုက်သော်လည်း လေသံကိုမူ အလွန်တည်ကြည်အလေးအနက်ဖြစ်အောင် လုပ်ထားသည်။

“ဟုတ်ကဲ့ပါ မစ္စတာ ကိုအီဇူမီ အီချီရို... လူကြီးမင်း ဒီနေ့မွန်းလွဲပိုင်းက မှာယူထားတဲ့ ပန်နယ်ဗန်ကား အဆင်သင့်ဖြစ်နေပါပြီ ကားကို ဘယ်နေရာကို ပို့ပေးရမလဲ ခင်ဗျာ” ဟု ကားအငှားကုမ္ပဏီမှ ယဉ်ကျေးစွာ မေးမြန်းလာသည်။

ရှီလဲ့က ဟိုတယ်တည်နေရာကို ပေးလိုက်ရာ ယူအန်ယွန် ကားအငှားကုမ္ပဏီမှ အချိန်ကို တွက်ချက်ပြီး “မစ္စတာ ကိုအီဇူမီ အီချီရို... လူကြီးမင်း မှာထားတဲ့ ကားက နောက်ထပ် တစ်နာရီဝန်းကျင်အတွင်း ရောက်ပါလိမ့်မယ် ခင်ဗျာ အခု ဆက်သွယ်နေတဲ့ ဖုန်းနံပါတ်အတိုင်းပဲ ဆက်သွယ်လို့ ရမလား ခင်ဗျာ” ဟု ပြန်ပြောသည်။

“ရတယ်၊ အဲဒီအချိန်ကျရင် ဒီနံပါတ်နဲ့ပဲ ဆက်သွယ်လိုက်” ရှီလဲ့က ပြန်ဖြေလိုက်၏။

“ကောင်းပါပြီ မစ္စတာ ကိုအီဇူမီ အီချီရို... ပျော်ရွှင်စရာ ညချမ်းလေး ဖြစ်ပါစေခင်ဗျာ၊ နှုတ်ဆက်ပါတယ်”

“နှုတ်ဆက်ပါတယ်”

ဖုန်းချလိုက်ပြီးနောက် ရှီလဲ့သည် မှင်တက်မိနေကြသော ယဲ့ဖုန်းနှင့် အခြားနှစ်ယောက်ကို ကြည့်ကာ ပြုံးလျက် “သိပ်ပြီး အံ့ဩမနေကြနဲ့ဦး ငါ အွန်လိုင်းကနေ ကိုအီဇူမီ အီချီရို နာမည်ကို သုံးပြီးတော့ ယူအန်ယွန် ကားအငှားကုမ္ပဏီမှာ ဗန်ကားတစ်စီး သွားငှားထားတာ” ဟု ရယ်မောရင်း ပြောလိုက်သည်။

ရှီလဲ့သည် စကားပြောပြီးနောက် ကြောင်တောင်တောင် ဖြစ်နေသည့် ထိုသုံးယောက်ကို ဂရုမစိုက်တော့ဘဲ နောက်ထပ် ဖုန်းတစ်လုံးကို ထပ်မံနှိပ်လိုက်ကာ “ဟယ်လို... ရက်ဒ်ဆန်း ကြော်ငြာကုမ္ပဏီလား ငါ ကိုအီဇူမီ အီချီရိုပါ ငါ မှာထားတဲ့ ကြော်ငြာစတစ်ကာတွေ လုပ်လို့ ပြီးပြီလား” ဟု မေးလိုက်သည်။

“ဟယ်လို မစ္စတာ ကိုအီဇူမီ အီချီရို... လူကြီးမင်း မှာယူထားတဲ့ ကြော်ငြာကို ကျနော်တို့ အချိန်ပိုဆင်းပြီး လုပ်ပေးထားလို့ အားလုံး ပြီးစီးပါပြီခင်ဗျာ လူကြီးမင်း ကိုယ်တိုင် လာယူမလား၊ ဒါမှမဟုတ် ကျနော်တို့ဘက်က လာပို့ပေးရမလား ခင်ဗျာ” ဟု ရက်ဒ်ဆန်းကုမ္ပဏီမှ ဖုန်းလက်ခံသူက အလိုလိုနေရင်း ဖားလိုသည့်လေသံဖြင့် ပြောရှာသည်။

ရှီလဲ့၏ အော်ဒါမှာယူမှုသည် ပုံမှန်ရရှိမည့် အမြတ်အစွန်းထက် ၅၀ ရာခိုင်နှုန်း ပိုမိုများပြားသဖြင့် သူ့ကို ‘လက်ကြီးကောင်’ ဖောက်သည်အဖြစ် သတ်မှတ်ကာ ၎င်းတို့ဘက်က ဖားနေကြခြင်း ဖြစ်သည်။

“ပို့ပဲ ပေးလိုက်ပါ ပစ္စည်းရောက်ရင် အွန်လိုင်းကနေ လက်ခံရရှိကြောင်း အတည်ပြုပေးမယ်” ရှီလဲ့က ဟိုတယ်လိပ်စာကို ထပ်မံပေးလိုက်ရာ တစ်ဖက်က နာရီဝက်အတွင်း ရောက်ရှိမည်ဖြစ်ကြောင်း ပြောသည်။

နာရီဝက်ခန့် ကြာပြီးနောက် ရက်ဒ်ဆန်း ကြော်ငြာကုမ္ပဏီမှ ပစ္စည်းပို့သမားသည် ဟိုတယ်အပြင်ဘက်သို့ ရောက်ရှိလာပြီး ရှီလဲ့ထံ ဖုန်းဆက်လာသည်။ ရှီလဲ့သည် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းကာ ဟိုတယ်အပြင်ဘက်သို့ တိုက်ရိုက်ထွက်သွားပြီး ပစ္စည်းပို့သမားနှင့် ဆက်သွယ်ကာ ပါဆယ်ထုပ်ကို လက်မှတ်ရေးထိုးယူလိုက်၏။ ထို့ပြင် ပစ္စည်းပို့သမားကို ယန်းတစ်ထောင် မုန့်ဖိုးပေးလိုက်ရာ ပစ္စည်းပို့သမားမှာ အကြိမ်ကြိမ် ညွှတ်တွတ်ဦးညွှတ်ကာ ကျေးဇူးတင်နေပြီး ရှီလဲ့၏ မျက်နှာကိုပင် သေသေချာချာ မမြင်လိုက်ရပေ။

ရက်ဒ်ဆန်း ကြော်ငြာကုမ္ပဏီမှ လုပ်ဆောင်လာသော ကြော်ငြာစတစ်ကာများကို ယူဆောင်ကာ အခန်းထဲသို့ ပြန်ရောက်လာသောအခါ ရဲ့ဖုန်းနှင့် အခြားနှစ်ယောက်က စတစ်ကာများကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရင်း “သူဌေး... ဒါတွေက ဘာလဲ” ဟု မေးကြသည်။

“ဖွင့်ကြည့်လိုက်ရင် သိမှာပေါ့” ရှီလဲ့က ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်သည်။

ယဲ့ဖုန်းနှင့် မာလျန်တို့က ထိုကြော်ငြာစတစ်ကာ အကြီးကြီးများကို ဆွဲဖြန့်ကြည့်လိုက်ရာ စတစ်ကာပေါ်တွင် ဂျပန်စာလုံး အပြာရောင်ဖြင့် “တိုကျို ရေပေးဝေရေး ကုမ္ပဏီ” ဟု ရေးသားထားပြီး ၎င်းနှင့် သက်ဆိုင်သည့် ဝန်ထမ်းကတ်၊လိုဂိုများပါ ပါရှိနေသည်ကို တွေ့လိုက်ရသည်။

ရှီလဲ့ အခုလေးတင် ငှားရမ်းထားသည့် ပန်နယ်ဗန်ကားနှင့် ယခင်က ဝယ်ယူထားသည့် တိုကျိုရေပေးဝေရေးကုမ္ပဏီ၏ လုပ်ငန်းခွင်ဝတ်စုံများ၊ ဝန်ထမ်းကတ်ဆွဲကြိုးများကို ပြန်လည်တွေးတောမိရင်း ယဲ့ဖုန်းက အံ့ဩတကြီးဖြင့် “သူဌေး... ခင်ဗျားက ကျွန်တော်တို့ကို တိုကျိုရေပေးဝေရေးကုမ္ပဏီ ဝန်ထမ်းတွေအဖြစ် အယောင်ဆောင်ခိုင်းပြီး ယင်းဟယ်ဥယျာဉ်ထဲကို ဝင်သွားခိုင်းဖို့ ကြံစည်နေတာလား” ဟု အော်လိုက်မိသည်။

“အတိအကျပဲ” ရှီလဲ့က ခေါင်းညိတ်ပြလိုက်ပြီး “ဒီည သန်းခေါင်ကျော်ရင် ယင်းဟယ်ဥယျာဉ်ထဲမှာ ရေပိုက်ပြင်ဆင်တဲ့ အလုပ်တွေ လုပ်မှာဖြစ်လို့ တိုကျိုရေပေးဝေရေးကုမ္ပဏီက လူလွှတ်လိမ့်မယ် ငါက ခဏနေရင် ယင်းဟယ်ဥယျာဉ် အိမ်ရာစီမံခန့်ခွဲရေးအမည်နဲ့ တကယ့် တိုကျိုရေပေးဝေရေးကုမ္ပဏီရဲ့ ပြုပြင်ရေးသမားတွေကို ငြင်းပယ်လိုက်မယ် ပြီးရင် ငါတို့က သူတို့အယောင်ဆောင်ပြီး ဝင်သွားကြမယ် ဒီလိုနည်းနဲ့ အဲဒီ ကိုအီဇူမီ အီချီရို ဆိုတဲ့ကောင်ကို ဘာသံမှမထွက်စေဘဲ ရှင်းပစ်လို့ရမယ် နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ရင်တောင် သက်သေအားလုံးက ကိုအီဇူမီ အီချီရို ကိုယ်တိုင်လုပ်တာလို့ပဲ ပေါ်သွားမှာ ဖြစ်ပြီး ငါတို့နဲ့ လုံးဝမပတ်သက်တော့ဘူး”

ကျန်းစန်းဖောင်က လက်မထောင်ပြရင်း “သူဌေး... ခင်ဗျားကတော့ တကယ့်ကို မိုက်နေတာပဲ” ဟု ချီးကျူးလိုက်သည်။

ရှီလဲ့က ခပ်ပြုံးပြုံးဖြင့် လပ်တော့ပ်ကို ဆက်လက်အသုံးပြုနေ၏။ သူသည် လပ်တော့ပ်ကို အသုံးပြု၍ စူပါကွန်ပျူတာ ယန် ကို ထိန်းချုပ်ကာ ဆူမီဒါရပ်ကွက်တစ်ခုလုံး၏ ဆက်သွယ်ရေးဆာဗာ ခွင့်ပြုချက်များကို ဟက်နေခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ဆက်သွယ်ရေးလိုင်း လုံခြုံရေးစနစ်သည် တာ့ရှားထက် များစွာသာလွန်သဖြင့် စူပါကွန်ပျူတာ ယန်၏ အကူအညီဖြင့်ပင် ဟက်ရသည့် လုပ်ငန်းစဉ်မှာ အလွန်နှေးကွေးလှသည်။

အချိန်များသည် တစ်မိနစ်ချင်းစီ ကုန်ဆုံးလာခဲ့သည်။ ဟိုတယ်ရှိ နာရီလက်တံက ည ၁၀ နာရီခွဲသို့ ညွှန်ပြချိန်မှသာ ရှီလဲ့သည် စူပါကွန်ပျူတာ ယန်၏အကူအညီဖြင့် ဆူမီဒါရပ်ကွက်၏ ဆက်သွယ်ရေးဆာဗာ ခွင့်ပြုချက်ကို နောက်ဆုံးတွင် အောင်မြင်စွာ ဟက်နိုင်ခဲ့သည်။ သူသည် ချက်ချင်းပင် ဖုန်းကိုကောက်ကိုင်ကာ ဆက်သွယ်ရေးခွင့်ပြုချက်များကို အသုံးပြု၍ မိမိ၏ ဖုန်းနံပါတ်ကို ယင်းဟယ်ဥယျာဉ် အိမ်ရာစီမံခန့်ခွဲရေးရုံး၏ ဖုန်းနံပါတ်အဖြစ် ခေတ္တလွှဲပြောင်းလိုက်ပြီး တိုကျိုရေပေးဝေရေးကုမ္ပဏီထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။

“ဟဲလို... တိုကျိုရေပေးဝေရေးကုမ္ပဏီကလားခင်ဗျာ ကျွန်တော်တို့ ယင်းဟယ်ဥယျာဉ် အိမ်ရာစီမံခန့်ခွဲရေးရုံးကပါ အိမ်ပိုင်ရှင်တွေရဲ့ အခြေအနေကြောင့် ဒီည ရေမပိတ်နိုင်တော့လို့ ပုံမှန်လုပ်နေကျ ပြုပြင်ထိန်းသိမ်းရေးအလုပ်ကို မနက်ဖြန်အထိ ရွှေ့ဆိုင်းပေးဖို့ မျှော်လင့်ပါတယ် ခင်ဗျာ”

တိုကျိုရေပေးဝေရေးကုမ္ပဏီ၏ တာဝန်ကျဝန်ထမ်းက စိတ်မရှည်သောလေသံဖြင့် “ရွှေ့ဆိုင်းလို့မရဘူး၊ အခု ရွှေ့လိုက်ရင် နောက်လအထိ အချိန်မရှိတော့ဘူး” ဟု ပြန်ပြောသည်။

ရှီလဲ့က ၎င်းတို့တွင် မည်သည့်အချိန်တွင် အချိန်ရှိသည်ကို ဂရုမစိုက်ဘဲ “ပြဿနာမရှိပါဘူး၊ နောက်လမှပဲ လုပ်ကြတာပေါ့” ဟု အေးအေးဆေးဆေး ပြောလိုက်၏။

“သိပြီ၊ ခင်ဗျားတို့ သဘောပဲ” တိုကျိုရေပေးဝေရေးကုမ္ပဏီ၏ တာဝန်ကျဝန်ထမ်းသည် အလွန်ရိုင်းစိုင်းသော အမူအရာဖြင့် ဖုန်းကို တိုက်ရိုက်ချပစ်လိုက်သည်။

တိုကျိုရေပေးဝေရေးကုမ္ပဏီ၏ ပြုပြင်ရေးဝန်ထမ်းများကို ငြင်းပယ်ပြီးနောက်တွင်လည်း ရှီလဲ့သည် စိတ်မချသေးပေ။ သူသည် ဆက်သွယ်ရေးခွင့်ပြုချက်များကို အသုံးပြုကာ တိုကျိုရေပေးဝေရေးကုမ္ပဏီ၏ ဖုန်းအဝင်အထွက်များကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ ယင်းဟယ်ဥယျာဉ် အိမ်ရာစီမံခန့်ခွဲရေးရုံးထံသို့ ဦးတည်လာသော မည်သည့်ဖုန်းခေါ်ဆိုမှုမဆို ရှီလဲ့၏ ဖုန်းထဲသို့ အလိုအလျောက် ရောက်ရှိလာမည် ဖြစ်သည်။

သန်းခေါင်ယံအချိန်တွင် ရှီလဲ့နှင့် အခြားသုံးယောက်တို့သည် ကြိုးမဲ့နားကြပ်များကို တပ်ဆင်လိုက်ကြသည်။ ရှီလဲ့က ယဲ့ဖုန်း၏ ပုခုံးကို ပုတ်ကာ “ပလန်-B အတိုင်း လုပ်ကြ၊ ယင်းဟယ်ဥယျာဉ်ကို သွားကြပါ ငါက အချိန်ပြည့် ကြည့်ပေးထားမယ် နောက်ဆုံးအနေနဲ့... မေးစရာ မေးခွန်းရှိသေးလား” ဟု မေးလိုက်သည်။

ယဲ့ဖုန်းနှင့် အခြားနှစ်ယောက်သည် မေးစရာမရှိကြောင်း တစ်ပြိုင်နက်တည်း ခေါင်းခါပြလိုက်ကြသည်။

“ဒါဆိုရင်... လုပ်ငန်း စကြစို့”

ရဲ့ဖုန်းနှင့် အခြားနှစ်ယောက်သည် ဟိုတယ်မှ ထွက်ခွာလာပြီး လမ်းကြားလေးတစ်ခုထဲသို့ ဝင်ကာ တိုကျိုရေပေးဝေရေးကုမ္ပဏီ လိုဂိုကပ်ထားပြီးသား ဖြစ်သည့် ပန်နယ်ဗန်ကားပေါ်သို့ တက်လိုက်ကြသည်။ ၎င်းတို့သည် ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ယင်းဟယ်ဥယျာဉ်ဆီသို့ မောင်းနှင်သွားကြတော့သည်။ ရှီလဲ့မှာမူ ဟိုတယ်တွင် ကျန်ရစ်ခဲ့ပြီး ၎င်းတို့အတွက် အချိန်ပြည့်ကြည့်ပေးနေသည်။

ဗန်ကားထဲတွင် မာလျန်က ကားမောင်းနေပြီး ယဲ့ဖုန်းနှင့် ကျန်းစန်းဖောင်တို့ကမူ ဘေးက နှစ်ယောက်ထိုင်ခုံတွင် ထိုင်နေကြသည်။ မာလျန်၏ ကားမောင်းကျွမ်းကျင်မှုက အလွန်ထူးချွန်လှပြီး ဗန်ကားကို တစ်နာရီလျှင် ကီလိုမီတာ ရှစ်ဆယ်ကျော်နှုန်းဖြင့် မောင်းနှင်နေသည်။ မိနစ်နှစ်ဆယ်ခန့် မောင်းနှင်ပြီးနောက် ၎င်းတို့သည် နောက်ဆုံးတွင် ယင်းဟယ်ဥယျာဉ်သို့ ရောက်ရှိလာခဲ့သည်။

ယင်းဟယ်ဥယျာဉ်၏ လုံခြုံရေးက တင်းကျပ်သော်လည်း တိုကျိုရေပေးဝေရေးကုမ္ပဏီမှ လာရောက်ပြုပြင်မည်ကို ၎င်းတို့ ကြိုတင်သိရှိထားကြပြီး ဖြစ်သည်။ ထို့ပြင် သန်းခေါင်ကျော်အချိန်ဖြစ်သဖြင့် လူများမှာလည်း ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။ ၎င်းတို့သည် ဗန်ကားအပြင်ဘက်ရှိ တိုကျိုရေပေးဝေရေးကုမ္ပဏီ လိုဂိုကို ကြည့်ပြီး တိုက်ရိုက် ပေးဝင်လိုက်ကြသည်။

ယင်းဟယ်ဥယျာဉ်ထဲသို့ ဝင်ရောက်ပြီးနောက် ရှီလဲ့၏ အသံက နားကြပ်မှတစ်ဆင့် ထွက်ပေါ်လာသည် “ငါ ယင်းဟယ်ဥယျာဉ်ရဲ့ လုံခြုံရေးစောင့်ကြည့်ကင်မရာ စနစ်ကို ထိန်းချုပ်လိုက်ပြီ အရင်က ရိုက်ကူးထားတဲ့ တစ်မိနစ်စာ ဗီဒီယိုဖိုင်ကိုပဲ လှည့်ပတ်ပြသထားတယ် ကိုအီဇူမီ အီချီရိုက ဗီလာအမှတ် ၃၂ မှာ ရှိတယ် မြန်မြန် သွားကြတော့”

မာလျန်သည် ဗန်ကားကို မောင်းနှင်ကာ ရှီလဲ့၏ လမ်းညွှန်မှုအတိုင်း ဗီလာအမှတ် ၃၂ နှင့် မလှမ်းမကမ်းရှိ သစ်ပင်ရိပ်အောက်တွင် ကားကို ရပ်လိုက်သည်။

ဗီလာအမှတ် ၃၂ အတွင်း၌ ကိုအီဇူမီ အီချီရိုသည် အိပ်ပျော်ခြင်းမရှိသေးပေ။ သူသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ မိမိ၏ ရုပ်ရှင်နှင့် ဗီဒီယိုကုမ္ပဏီမှ ထုတ်လုပ်ထားသော အချစ်အက်ရှင် အနုပညာဇာတ်ကားကို ကြည့်ရှုနေသည်။

ကန်နွန်ကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်းနှစ်ဦးမှာမူ အိပ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ အခြားဆိုဖာတစ်ခုပေါ်တွင် အိပ်ပျော်နေကြပြီ ဖြစ်သည်။

ကိုအီဇူမီ အီချီရိုသည် အချစ်အက်ရှင် အနုပညာဇာတ်ကားကို ကြည့်ရင်း အဆက်မပြတ် သမ်းဝေနေသော်လည်း အိပ်ပျော်သွားရန် ကြောက်ရွံ့နေမိသည်။ အကယ်၍ သူသာ အိပ်ပျော်သွားခဲ့လျှင် ပြန်နိုးလာတော့မည်မဟုတ်ဟု စိုးရိမ်နေခြင်း ဖြစ်သည်။

ကိုအီဇူမီ အီချီရိုသည် တစ်နေ့လုံး ထူးဆန်းသည့် ကားမတော်တဆမှုကို စိတ်ထဲတွင် စွဲထင်နေပြီး တွေးမိလေလေ ပို၍ ထူးဆန်းနေလေလေ ဖြစ်သည်။ ၎င်းသည် သာမန် ကားအတော်တဆမှုတစ်ခု မဟုတ်သည်မှာ လုံးဝသေချာသည်။

သူ စိတ်လွင့်နေစဉ်မှာပင် ဗီလာ၏ ဒုတိယထပ်မှ ထူးဆန်းသော အသံအချို့ကို ရုတ်တရက် ကြားလိုက်ရသည်။ သူ၏ လွင့်နေသော စိတ်များသည် ချက်ချင်း တင်းကျပ်သွားပြီး အိပ်ပျော်နေသော လုံခြုံရေးဝန်ထမ်းနှစ်ဦးကို ကန်၍ နှိုးလိုက်သည်။

“ဆူဇူကီး၊ ကာတို... မင်းတို့နှစ်ယောက် အပေါ်ထပ်ကို သွားကြည့်စမ်း၊ ဘာသံတွေလဲလို့” ကိုအီဇူမီ အီချီရိုက ပြာပြာသလဲဖြင့် အမိန့်ပေးလိုက်သည်။

အိပ်မောကျနေစဉ် နှိုးခံလိုက်ရသဖြင့် ဆူဇူကီးနှင့် ကာတိုတို့မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ၎င်းတို့၏ ရာထူးနှင့် အခြေအနေကြောင့် နောက်ဆုံးတွင် ဗီလာ၏ ဒုတိယထပ်ဆီသို့ ဦးတည်လျှောက်လှမ်းသွားကြသည်။

ဒုတိယထပ်သို့ ရောက်သည်နှင့် ဆူဇူကီးက တိုးတိုးလေး ကပ်ပြောသည် “ကာတို... မင်း မထင်ဘူးလား၊ အဲဒီ ငတုံး ကိုအီဇူမီက အကြောက်လွန်ရောဂါ ဖြစ်နေသလိုပဲ”

ကာတိုက ခေါင်းညိတ်ရင်း “ဆူဇူကီး... မင်းပြောတာ မှန်တယ် အဲဒီ ငတုံးက စိတ်ဝေဒနာရှင်တစ်ယောက်လို ဖြစ်နေတာ”

သို့သော်လည်း ၎င်းတို့နှစ်ဦး လျှောက်လမ်းမီးကို ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းစန်းဖောင်နှင့် မာလျန်တို့သည် လုံခြုံရေးနှစ်ယောက်၏ လည်ပင်းကို တစ်ပြိုင်နက်တည်း သိုင်းရိုက်လိုက်ကြရာ ၎င်းတို့နှစ်ဦးမှာ သတိလစ်သွားပြီး ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။

ကိုအီဇူမီ အီချီရိုသည် လှေကားကွေ့မှ ပျောက်ကွယ်သွားသော ထိုနှစ်ယောက်ကို ကြည့်ရင်း ပို၍ စိတ်မအေးဖြစ်လာသည်။ သူက လှမ်းအော်လိုက်သည် “ကာတို၊ ဆူဇူကီး... မင်းတို့ ငတုံးနှစ်ကောင်၊ ဘာလို့ မီးမဖွင့်ကြတာလဲ”

ဗီလာ၏ ဧည့်ခန်းရှိ တီဗီစခရင်ပေါ်တွင် ပြသနေသော အချစ်အက်ရှင် အနုပညာဇာတ်ကားမှ ညည်းတွားသံများ ထွက်ပေါ်နေသော်လည်း ကိုအီဇူမီ အီချီရိုမှာမူ ယင်းကို စိတ်ဝင်စားခြင်း မရှိတော့ပေ။ သူ၏ နဖူးပြင်မှ ချွေးစေးများမှာ အသက်ဘေးနှင့် ကြုံတွေ့နေရသကဲ့သို့ အဆက်မပြတ် စီးကျလာနေသည်။

ကိုအီဇူမီ အီချီရို၏ မျက်နှာသည် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ဖြူလျော်နေပြီး ဒုတိယထပ်ဆီသို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိတော့သည်။

All Chapters