အခန်း ၁၃၈
Vol. 14 Ch. 138
အခန်း - ၁၃၈
မနက်အစောကြီး တစ်နာရီကျော်အချိန်တွင် ရှီလဲ့သည် သူ၏ လပ်တော့ပ်ကွန်ပျူတာကို ပွေ့ပိုက်ကာ ညမိုက်မှောင်ထုအတွင်း၌ တစ္ဆေတစ်ကောင်ကဲ့သို့ အရိပ်အယောင်မပြဘဲ တစ်ကိုယ်တည်း လျှောက်လှမ်းနေခဲ့သည်။
သူ၏ နားကြပ်လိုင်းမှာ အလုပ်လုပ်နေဆဲဖြစ်ရာ ရှီလဲ့က ခပ်တိုးတိုး လှမ်းမေးလိုက်သည်။
“ယဲ့ဖုန်း... မင်းတို့ဘက်မှာ အခြေအနေ ဘယ်လိုလဲ”
ယဲ့ဖုန်းက “သူဌေး... ကျွန်တော်တို့ ဆူမီဒါရပ်ကွက်ထဲကနေ ထွက်လာခဲ့ပါပြီ အခုလောလောဆယ် ဘေးကင်းတဲ့နေရာကို ရောက်နေပြီး သက်သေအားလုံးကို ဖျက်ဆီးဖို့အတွက် ခိုအောင်းတဲ့နေရာကို ပြန်နေကြပါတယ်” ဟု ပြန်ဖြေသည်။
ရှီလဲ့က ထပ်မံစစ်ဆေးမေးမြန်းသည်။ “အဲဒီ ကားနှစ်စီးပေါ်မှာ သက်သေတစ်ခုခု ကျန်ခဲ့တာမျိုး ရှိလား”
“သူဌေး... စိတ်ချပါ ကျွန်တော်တို့အားလုံး မျက်နှာဖုံးစွပ်ထားကြတယ်၊ အတွင်းကနေလည်း ခန္ဓာကိုယ်နဲ့ ကပ်နေတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားပြီး ဆေးဘက်ဆိုင်ရာ ပိုးသတ်လက်အိတ်တွေကို သုံးထားတာပါ လက်ဗွေရာတွေ၊ ဆံပင်တွေ ဒါမှမဟုတ် ချွေးစက်တွေ လုံးဝ ကျန်ခဲ့မှာ မဟုတ်ပါဘူး ဒါ့အပြင် ကျွန်တော်တို့ စီးထားတဲ့ ဖိနပ်တွေက သံပြားပါတဲ့ စလစ်မကပ်တဲ့ ဖိနပ်အပြားတွေဖြစ်လို့ ထူးခြားတဲ့ ခြေရာလက္ခဏာမျိုးလည်း ကျန်ရစ်မှာ မဟုတ်ပါဘူး တိုကျိုရေပေးဝေရေးဌာန အဝောင်ဆောင် ဝတ်စုံတွေကိုတော့ အထည်လက္ကားဒိုင်ကြီးတစ်ခုကနေ ဝယ်ထားတာပါ အိမ်ရောက်တာနဲ့ ဒါတွေအားလုံးကို မီးရှို့ဖျက်ဆီးပစ်မှာမို့လို့ သက်သေ လုံးဝ ကျန်မှာ မဟုတ်ပါဘူး” အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သည့်အလျောက် ယဲ့ဖုန်း၏ စုံစမ်းထောက်လှမ်းမှု ဆန့်ကျင်ရေးစွမ်းရည်မှာ အလွန်အမင်း ထက်မြက်လှပေသည်။
“ကောင်းတယ်” ရှီလဲ့က ချီးကျူးလိုက်ပြီး “ချက်ချင်းပြန်ကြတော့၊ ပြီးရင် ငါ့ကို လှမ်းမဆက်သွယ်နဲ့ဦး ငါတို့ရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်း အားလုံးကို ငါ ဖျက်ဆီးပစ်လိုက်ပြီ ငါ ရှနိုင်ငံကို ပြန်ရောက်တဲ့အခါကျမှ မင်းတို့ကို ကိုယ်တိုင် အရင် ဆက်သွယ်လိုက်မယ် အော်... ပြီးတော့ ယဲ့ဖုန်း၊ ပြီးခဲ့တဲ့အပတ်က ငါပြောခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကြေးစားစစ်သားအဖွဲ့အစည်း ဖွဲ့စည်းဖို့ ကိစ္စကိုလည်း စတင်အကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားတော့”
ယဲ့ဖုန်းက သဘောတူပေသည်။
“ကောင်းပါပြီ ရှောင်လင်း ရဲ့ ခွဲစိတ်ကုသမှုက အောင်မြင်ပါတယ် အခုတော့ ချန်ယွဲ့ တို့ကို စောင့်ရှောက်ပေးဖို့ အကူအညီတောင်းထားတယ် သူမ ဆေးရုံက ဆင်းရင် ချန်ယွဲ့တို့ မိသားစုနေထိုင်တဲ့ ဆပ်ပိုရို မြို့ကို သွားပြီး ရှနိုင်ငံနဲ့ ဂျပန်နိုင်ငံ နှစ်ဘာသာသင်ကျောင်းမှာ ကျောင်းအပ်နှံပေးမှာပါ”
“အင်း... အဲဒီကိစ္စကို ငါ ရှနိုင်ငံပြန်ရောက်မှ ဆက်ဆွေးနွေးကြတာပေါ့ အော်... ဒါနဲ့၊ ကျိုးချန် ကို ဆက်သွယ်ဖို့ ကူညီပေးပါဦး သူ ဒီနေ့ မိုးလင်းရင် ရွှမ်ချင်းမြို့ကို ရောက်လိမ့်မယ် သူ့ကို တည်းခိုဖို့ ဟိုတယ်တစ်ခု ရှာခိုင်းလိုက်၊ ပြီးတော့ တည်းခိုခတွေကို ကုမ္ပဏီကနေ ပြန်အမ်းပေးမယ်လို့ ပြောလိုက်ပါ” ရှီလဲ့သည် ကျိုးချန်၏ ကိစ္စကို မေ့လျော့ခြင်းမရှိပေ။ သို့သော်လည်း သူကိုယ်တိုင်မှာမူ ယနေ့မွန်းလွဲပိုင်း သို့မဟုတ် မနက်ဖြန်အထိ မြို့ထဲမှ ချက်ချင်း ပြန်ထွက်နိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
အကြောင်းမှာ ဆူမီဒါရပ်ကွက်ရှိ သူ တည်းခိုခဲ့သော ဟိုတယ်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တိုကျိုမြို့တစ်ခုလုံးကို စစ်အုပ်ချုပ်ရေး အဆင့်အထိ တင်းကျပ်ထားမည်ဖြစ်ပြီး မိမိကဲ့သို့သော နိုင်ငံခြားသားများကိုလည်း အပြင်းအထန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကြမည် ဖြစ်သောကြောင့် ဖြစ်သည်။
“နားလည်ပါပြီ သူဌေး အခြား ညွှန်ကြားစရာ ရှိသေးလား ခင်ဗျာ” ယဲ့ဖုန်းက မေးလိုက်၏။
ရှီလဲ့က ခေတ္တမျှ စဉ်းစားလိုက်သည်။ အခုလောလောဆယ် ယဲ့ဖုန်းနှင့် အဖွဲ့ လုပ်ဆောင်ရမည့် ကိစ္စများ မရှိတော့ဘဲ ကျန်ရှိနေသေးသော ကိစ္စရပ်များကို သူ တစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းနိုင်သည်။ “မရှိတော့ဘူး ဒါဆိုရင် ဒီလောက်ပဲ သက်သေအားလုံးကို ဖျက်ဆီးပစ်ဖို့ မမေ့နဲ့ဦး”
စကားပြောပြီးနောက် ရှီလဲ့သည် နားကြပ်ကြိုးကို နားမှ ဆွဲဖြုတ်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ခြေထောက်ဖြင့် အကြိမ်ကြိမ် နင်းခြေဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် လမ်းဘေးရှိ ရေမြောင်းအဖုံးအပေါက်ထဲသို့ ကန်ထည့်လိုက်ရာ ၎င်းသည် အောက်သို့ ကျဆင်းသွားတော့သည်။
ဆယ်မိနစ်ကျော်ခန့် လမ်းလျှောက်ပြီးနောက် ရှီလဲ့သည် ပန်းခြံငယ်တစ်ခုသို့ ရောက်ရှိလာပြီး ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်လိုက်သည်။ လပ်တော့ပ်ကို ဖွင့်ကာ ဘက်ထရီ ၇၀ ရာခိုင်နှုန်း ကျန်ရှိနေသေးသည်ကို စစ်ဆေးပြီးနောက် ပါဝါချွေတာရန်အတွက် စခရင်ကို ဖြည်းညင်းစွာ ပြန်ပိတ်ကာ Sleep Mode သို့ ပြောင်းလဲလိုက်၏။
အမှောင်ထု၏ ဝါးမြိုခြင်းကို ခံထားရရင်း ရှီလဲ့သည် မျက်လုံးများကို မှိတ်ကာ တစ်ဝက်တစ်ပျက် အိပ်မောကျနေခဲ့သည်။ သူသည် ကောင်းကင်တမန်ကောင်စီကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေခြင်း ဖြစ်သည်။ ကောင်းကင်တမန်ကောင်စီ၏ ရာဖေးလ် နှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရခြင်းက ရှီလဲ့ကို အနည်းငယ် တုန်လှုပ်စေခဲ့သည်။
သူ၏ ယခင်ဘဝတုန်းကဆိုလျှင် သူသည် ၂၀၁၀ ပြည့်နှစ်မှသာ ကောင်းကင်တမန်ကောင်စီနှင့် စတင်ထိတွေ့ခဲ့ဖူးခြင်း ဖြစ်သည်။ ယခု ပြန်လည်မွေးဖွားလာပြီးနောက်တွင်မူ ရှီလဲ့အနေဖြင့် အရာအားလုံး အဆင်သင့်မဖြစ်သေးဘဲ အစီအစဉ်အမျိုးမျိုးမှာ ပြင်ဆင်ဆဲအဆင့်တွင်သာ ရှိနေသေးသဖြင့် ကောင်းကင်တမန်ကောင်စီကို တတ်နိုင်သမျှ ရှောင်ကွင်းရန်သာ ကြိုးစားရမည် ဖြစ်သည်။
“အချိန်စေ့ပြီ” ရှီလဲ့က မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်ပြီး တောင်ဘက်ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ တောင်ဘက်ဆီမှ ပြင်းထန်လှသော မီးတောက်တစ်ခုသည် ဝုန်းခနဲ လင်းထိန်သွားခဲ့ပြီးနောက် ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့တော့သည်။
ရှီလဲ့ ဟိုတယ်တွင် ချန်ထားခဲ့သော အချိန်ကိုက်ဗုံးမှာ နောက်ဆုံးတွင် ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။
သူသည် ပိတ်ထားသော လပ်တော့ပ်ကို ပြန်ဖွင့်ကာ စနစ်ကို ပြန်လည်နိုးထစေပြီးနောက် ဟိုတယ်၏ လုံခြုံရေးစောင့်ကြည့်စနစ်သို့ ချိတ်ဆက်ကာ ဟိုတယ်အတွင်းပိုင်း အခြေအနေကိုအဝေးမှ စစ်ဆေးလိုက်သည်။
ကင်မရာများမှတစ်ဆင့် ရှီလဲ့ မြင်တွေ့ရသည်မှာ တောက်လောင်နေသော မီးတောက်များ၊ ထိတ်လန့်ခြောက်ခြားနေကြသော လူအုပ်ကြီးနှင့် ပျက်စီးယိုယွင်းသွားသော အခန်းများသာ ဖြစ်သည်။ အနီးနားရှိ ကင်မရာအချို့မှာ ပျက်စီးသွားခဲ့ပြီဖြစ်ပြီး အဝေးမှ ကင်မရာအချို့သာ ပုံမှန်အလုပ်လုပ်နေဆဲဖြစ်ကာ ရှီလဲ့ထံသို့ ပုံရိပ်များကို ပေးပို့နေခြင်း ဖြစ်သည်။
“ဒီလောက်အထိ ပြင်းထန်တဲ့ ပေါက်ကွဲမှုနဲ့ မီးလောင်မှုမျိုးဆိုရင် သက်သေအထောက်အထား မှန်သမျှ ပြာအဖြစ် ပြောင်းလဲသွားလောက်ပါပြီ” ရှီလဲ့သည် စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် လပ်တော့ပ်ပေါ်တွင် ဆူမီဒါရပ်ကွက်နှင့် ကပ်လျက်ရှိသော အဲဒိုဂါဝါရပ်ကွက် ရှိ ဟိုတယ်အချက်အလက်များကို ရှာဖွေလိုက်သည်။
အင်တာနက်ကွန်ရက်မှတစ်ဆင့် သူသည် အဲဒိုဂါဝါရပ်ကွက်အတွင်း လူကြိုက်အများဆုံးနှင့် တည်းခိုသူအပြည့်ဆုံး ဖြစ်သည့် ကြယ်ငါးပွင့်အဆင့်ရှိ ‘ခီဒါဟိုတယ်’ ကို ရှာဖွေတွေ့ရှိခဲ့သည်။
ရှီလဲ့သည် အိုက်စင်ကုမ္ပဏီ၏ အဆင့်-၁ ဘော့တ်များကို လှုပ်ရှားစေပြီး ခီဒါဟိုတယ်၏ ဆာဗာကို ချိုးဖျက်ဝင်ရောက်ကာ လွန်ခဲ့သည့် သုံးရက်အတွင်း လူမတည်းခိုရသေးသည့် သို့မဟုတ် သန့်ရှင်းရေးမလုပ်ရသေးသည့် အခန်းလွတ်များကို ရှာဖွေလိုက်သည်။
ရှာဖွေမှုအရ အခြေအနေနှင့် ကိုက်ညီသော အခန်းနှစ်ခန်းသာ ရှိပြီး ၎င်းတို့မှာ အသက်သာဆုံး သာမန်တစ်ယောက်အိပ်ခန်းများ ဖြစ်ကြသည်။ ရှီလဲ့သည် သူ၏ နိုင်ငံကူးလက်မှတ်ရှိ ရှနိုင်ငံ ID အချက်အလက်များကို အသုံးပြုကာ ဟိုတယ်၏ တည်းခိုမှုစနစ်အတွင်းသို့ ဟက်၍ ပြင်ဆင်လိုက်၏။ သူသည် လွန်ခဲ့သော သုံးရက်ကတည်းက ဤခီဒါဟိုတယ်သို့ စတင်ဝင်ရောက်တည်းခိုခဲ့ပြီး ဂျပန်နိုင်ငံသို့ ရောက်ရှိကတည်းက ဤနေရာတွင်သာ ရှိနေခဲ့သည့်ပုံစံမျိုး ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ဒေတာအချက်အလက်များကို ပြင်ဆင်ပြီးနောက် ရှီလဲ့သည် လပ်တော့ပ်ကို ပိတ်ကာ လမ်းဘေးသို့ လျှောက်လှမ်းသွားပြီး တက္ကစီတစ်စီးကို တားစီးလျက် အဲဒိုဂါဝါရပ်ကွက်ရှိ ခီဒါဟိုတယ်ဆီသို့ ဦးတည်ထွက်ခွာခဲ့တော့သည်။
မနက်အစောကြီး နှစ်နာရီကျော်အချိန်တွင် ရှီလဲ့သည် ခီဒါဟိုတယ်သို့ ရောက်ရှိလာခဲ့ပြီး လပ်တော့ပ်ကို ပွေ့ပိုက်ကာ ဧည့်ကြိုကောင်တာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ သူက အိုဆာကာ ဒေသိယစကားဖြင့် ယဉ်ကျေးစွာ
“မင်္ဂလာညချမ်းပါ” ဟု နှုတ်ဆက်လိုက်၏။
ကောင်တာတွင် ထိုင်နေပြီး အိပ်ငိုက်နေကြသောဂျပန်နိုင်ငံသူ အလှလေးနှစ်ဦးမှာ မိမိကိုယ်ကိုယ် အတင်းအကျပ် စိတ်အင်အားမွေးကာ “မင်္ဂလာပါရှင်... ဘာများ ကူညီပေးရမလဲရှင့်” ဟု ပြန်လည်ထူးကြသည်။
ရှီလဲ့က အားနာဟန်ဖြင့် “အားနာပါတယ်ဗျာ... ကျွန်တော့်ရဲ့ အခန်းကတ် ပြုတ်ကျကျန်ခဲ့လို့ပါ တစ်ယောက်ယောက် တွေ့လို့ ကောင်တာမှာ လာအပ်ထားတာမျိုး ရှိမလားလို့ သိချင်လို့ပါ” ဟု ပြောလိုက်သည်။
“လူကြီးမင်း... ဘယ်အခန်းမှာ တည်းတာလဲ ရှင့်” လွန်စွာ ညနက်နေပြီ ဖြစ်သော်လည်း ကောင်တာမှ အလှလေးနှစ်ဦးမှာ စိတ်ပျက်ခြင်းမရှိဘဲ ၎င်းတို့၏ လုပ်ငန်းခွင် ယဉ်ကျေးပျူငှာမှုမှာ အလွန်ကောင်းမွန်လှသည်။
ရှီလဲ့က တိုက်ရိုက်ပင် “အခန်း ၁၄၀၄ ပါ”
“ခဏလောက် စောင့်ပေးပါဦး လူကြီးမင်း... ကောင်တာမှာ အခန်းကတ် လာအပ်ထားတဲ့ အချက်အလက် ရှိမလားဆိုတာ ကွန်ပျူတာထဲမှာ စစ်ဆေးပေးပါ့မယ်” ကောင်တာအလှလေးက ကွန်ပျူတာထဲတွင် စစ်ဆေးလိုက်ရာ အခန်း ၁၄၀၄ ၏ အခန်းကတ် သတင်းစကားကို သဘာဝကျကျပဲ ရှာဖွေတွေ့ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အခန်း ၁၄၀၄ တွင် မည်သူမျှ တည်းခိုခြင်းမရှိဘဲ ရှီလဲ့က ဟက်၍ စနစ်ထဲတွင် အချက်အလက် ထည့်သွင်းထားခြင်းသာ ဖြစ်သောကြောင့် ဖြစ်သည်။
“မင်္ဂလာပါ လူကြီးမင်း... ဒါက အခန်း ၁၄၀၄ ရဲ့ အခန်းကတ်ပါရှင် ခီဒါဟိုတယ်ကို ပြန်လည်ကြိုဆိုပါတယ်၊ ပျော်ရွှင်စရာ တည်းခိုမှုလေး ဖြစ်ပါစေရှင်” ကောင်တာအလှလေးက ယဉ်ကျေးပျူငှာစွာဖြင့် အခန်းကတ်ကို ရှီလဲ့ထံသို့ ကမ်းပေးလိုက်သည်။
ရှီလဲ့က ခေါင်းညိတ်ကာ အခန်းကတ်ကို လှမ်းယူရင်း ယဉ်ကျေးစွာဖြင့် “ကျေးဇူးအများကြီးတင်ပါတယ်ဗျာ” ဟု ပြောလိုက်၏။
ကောင်တာအလှလေးက ချီးကျူးစကားဆိုသည် “မစ္စတာရှီ... ခင်ဗျားရဲ့ ဂျပန်စကားပြောက တကယ်ကို ကောင်းမွန်တာပဲနော်” ကောင်တာရှိ ကွန်ပျူတာစနစ်အရ သူမသည် ရှီလဲ့မှာ ရှနိုင်ငံသားဖြစ်ပြီး နိုင်ငံကူးလက်မှတ်ဖြင့် မှတ်ပုံတင်ထားကြောင်း သိရှိပြီး ဖြစ်သည်။
ရှီလဲ့က ခပ်တိုးတိုး ရယ်မောရင်း “ကျွန်တော်ကဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားလို့ပါ ဒါကြောင့် ဂျပန်စာကို သေသေချာချာ လေ့လာခဲ့တာ”
ဟု ပြောလိုက်သည်။ စကားပြောပြီးနောက် ရှီလဲ့သည် ကောင်တာမှ အလှလေးနှစ်ဦးကို ဂရုမစိုက်တော့ဘဲ ဓာတ်လှေကားဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ဓာတ်လှေကားဝသို့ ရောက်သောအခါ ရှီလဲ့သည် မိမိကိုယ်ကိုယ် တိုးတိုးလေး ဆက်လက်ရေရွတ်လိုက်သည်။
“ငါက မင်းတို့နိုင်ငံရဲ့ လူကြီးကြည့် ရုပ်ရှင်လုပ်ငန်း ကို အထူးစိတ်ဝင်စားတာ အထူးသဖြင့် လောလောလတ်လတ်မှ ဒီလောကထဲကို စတင်ဝင်ရောက်လာတဲ့ မင်းသမီးအသစ်လေးတွေကို ပိုပြီးတော့ စိတ်ဝင်စားတာပေါ့”
အခန်းထဲတွင် ရေမိုးချိုး သန့်စင်ပြီးနောက် ရှီလဲ့သည် လျင်မြန်စွာပင် အိပ်မောကျသွားခဲ့သည်။ နောက်တစ်နေ့မနက်တွင် ရှီလဲ့သည် အိပ်မက်ကမ္ဘာထဲ၌ ရှိနေဆဲဖြစ်စဉ် အခန်းတံခါးကို လာရောက်ခေါက်သည့် အသံ ထွက်ပေါ်လာခဲ့သည်။ ရှီလဲ့က အိပ်ချင်မူးတူးဖြင့် “ဘယ်သူလဲ” ဟု မေးလိုက်၏။
ပြင်ပမှ အသံတစ်ခုက ပြန်လည်ထူးသည်။
“အဲဒိုဂါဝါရပ်ကွက် ရဲဌာနချုပ်ကပါ လူကြီးမင်း... တံခါးဖွင့်ပြီး ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင်ပေးပါ”
ရှီလဲ့၏ အိပ်ချင်စိတ်များ ချက်ချင်းပင် လွင့်ပြယ်သွားခဲ့သည်။ သူ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားခဲ့သည်။ ‘ငါများ အဖမ်းခံရပြီလား’
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ရှီလဲ့သည် ထိုအတွေးကို ပြန်လည်ရုပ်သိမ်းလိုက်၏။ အကယ်၍ သူသာ အဖမ်းခံရခြင်းဖြစ်ပါက အဲဒိုဂါဝါရပ်ကွက် ရဲဌာနချုပ်ကဲ့သို့ သာမန်ရဲများ လာရောက်ဖမ်းဆီးလိမ့်မည် မဟုတ်ပေ။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုမှ အေးဂျင့်များက တိုက်ရိုက် လာရောက်ဖမ်းဆီးမည်ဖြစ်ပြီး၊ ထို့နောက်တွင်မူ ရှနိုင်ငံထံသို့ သူသည် မတော်တဆမှုတစ်ခုကြောင့် လျှို့ဝှက်စွာ ပျောက်ဆုံးသွားခဲ့ကြောင်း ကြေညာလိမ့်မည် ဖြစ်သည်။
ရှီလဲ့သည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ကာ မျက်မှန်ကို တပ်လျက် တံခါးဆီသို့ လျှောက်လှမ်းသွားပြီး ဖွင့်လိုက်ရာ အဲဒိုဂါဝါရပ်ကွက် ရဲဌာနချုပ်မှ အဆင့်နိမ့် ရဲအရာရှိနှစ်ဦးကို တွေ့လိုက်ရသဖြင့် သူ၏ စိုးရိမ်နေသော နှလုံးသားမှာ ချက်ချင်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။ အဆင့်နိမ့်ရဲများ လာရောက်ခြင်းသည် ပုံမှန်စစ်ဆေးမေးမြန်းမှုသက်သက်သာ ဖြစ်သည်မဟုတ်ပါလား။
“မင်္ဂလာပါ မစ္စတာရှီ... ကျွန်တော်တို့က အဲဒိုဂါဝါရပ်ကွက် ရဲဌာနချုပ်က အရာရှိ ဖူဂျီအိုကာ နဲ့ အီနာဒါတို့ ပါခင်ဗျာ”
ဖူဂျီအိုကာ ဟု အမည်ရသော ရဲအရာရှိက ရှီလဲ့ကို မပီမသ ရှနိုင်ငံဘာသာစကားဖြင့် နှုတ်ဆက်လိုက်သည်။
သို့သော်လည်း ရှီလဲ့ကမူ ကျွမ်းကျင်ပိုင်နိုင်လှသော အိုဆာကာ ဒေသိယစကားဖြင့် “မင်္ဂလာနံနက်ခင်းပါ ဖူဂျီအိုကာကွန်၊ အီနာဒါကွန်” ဟု ပြန်လည်နှုတ်ဆက်လိုက်၏။
ဖူဂျီအိုကာနှင့် အီနာဒါတို့၏ မျက်ဝန်းထဲတွင် အံ့ဩမှုများ ဖြတ်ပြေးသွားခဲ့ပြီးနောက် ၎င်းတို့၏ အမူအရာမှာ ပိုမိုယဉ်ကျေးလာခဲ့ပြီး “မစ္စတာရှီက ဂျပန်စကား နားလည်တာပဲလား” ဟု မေးလိုက်ကြသည်။
“သေချာတာပေါ့ ကျွန်တော်က ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုကို လေးစားလို့ နိုင်ငံသားတစ်ယောက် ဖြစ်လာဖို့တောင် စီစဉ်နေတာ ဒါပေမဲ့ နှမြောစရာကောင်းတာက ခင်ဗျားတို့နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဗျူရိုက သတ်မှတ်ချက်တွေက အရမ်းတင်းကျပ်လွန်းတော့ ကျွန်တော့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးနေရတာပေါ့”
ရှီလဲ့သည် မျက်နှာတွင် မျှော်လင့်တကြီး အမူအရာမျိုး လုပ်ပြလိုက်သည်။
ရှီလဲ့၏ စကားကို ကြားရသောအခါ ဖူဂျီအိုကာ၏ ရှီလဲ့အပေါ် ထားရှိသော အထင်အမြင်မှာ ချက်ချင်းပင် များစွာ ကောင်းမွန်သွားခဲ့တော့သည်။
“မစ္စတာရှီ... ခင်ဗျားမှာ ဒီလို ယုံကြည်ချက်မျိုး ရှိနေသရွေ့တော့ ကျွန်တော်တို့နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဗျူရိုက နောက်ဆုံးမှာ ခင်ဗျားကို ကျွန်တော်တို့နိုင်ငံရဲ့ ရင်ခွင်ထဲ ဝင်ရောက်ခွင့်ပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဖူဂျီအိုကာက ရှီလဲ့ကို နှစ်သိမ့်လိုက်ပြီးနောက်
“မစ္စတာရှီ... ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ခင်ဗျား ဘယ်နေရာတွေကို သွားခဲ့ပြီး ဘာတွေလုပ်ခဲ့လဲ ခင်ဗျားရဲ့ ပြည်ဝင်ခွင့် မှတ်တမ်းအရဆိုရင် ခင်ဗျားက ချီယွဲ့ ရေထွက်ပစ္စည်းကုမ္ပဏီ နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးဖို့ ဆပ်ပိုရိုကို သွားရမှာလေ ဒါပေမဲ့ ဘာဖြစ်လို့ တိုကျိုရဲ့ အဲဒိုဂါဝါရပ်ကွက်မှာ တည်းခိုနေရတာလဲ” ဟု မေးမြန်းလိုက်သည်။
‘ဒီအတွက်ကြောင့်မို့လို့ ငါ့ကို လာရောက်စုံစမ်းတာကိုး’ ရှီလဲ့သည် စိတ်ထဲမှ ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် မျက်နှာတွင် ကာမဂုဏ်လိုက်စားသည့် အမူအရာမျိုး ဖန်တီးလိုက်ကာ
“ဖူဂျီအိုကာကွန်... ခင်ဗျားကို အမှန်အတိုင်းပဲ ပြောရရင်တော့၊ ကျွန်တော်က ချီယွဲ့ရေထွက်ပစ္စည်းကုမ္ပဏီက သူငယ်ချင်းအချို့ကို သိတာ၊ သူတို့ရဲ့ အဆက်အသွယ်နဲ့ ဒီနိုင်ငံကို လည်ပတ်ဖို့ ရောက်လာတာပါ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့... ကျွန်တော် ရှီဘူယာနဲ့ ဂင်ဇာကို သွားခဲ့တာပေါ့၊ ဟဲဟဲဟဲ... ဖူဂျီအိုကာကွန်၊ အီနာဒါကွန်... ခင်ဗျားတို့လည်း နားလည်ကြမှာပါနော်”
ဖူဂျီအိုကာသည် သဘောပေါက်သည့် အပြုံးမျိုး ပြုံးလိုက်ပြီးနောက်
“ဒီလိုကိုး မစ္စတာရှီ... ရှီဘူယာမှာ ပျော်ရွှင်စရာ အချိန်တွေ ပိုင်ဆိုင်နိုင်ပါစေဗျာ”
ဟု ပြောလိုက်၏။
ရှီလဲ့က စိတ်ပျက်ဟန်ဖြင့် “ဖူဂျီအိုကာကွန်... ကျွန်တော် မပျော်နိုင်တော့ပါဘူးဗျာ”
ရှီလဲ့အပေါ် ပထမဆုံး အထင်အမြင် အလွန်ကောင်းမွန်သွားခဲ့သဖြင့် ဖူဂျီအိုကာက စူးစမ်းလိုစိတ်ဖြင့် “မစ္စတာရှီ... တစ်ခုခု အခက်အခဲ ရှိလို့လား အကယ်၍ အခက်အခဲ ရှိရင် ကျွန်တော်တို့ကို သေချာပေါက် ပြောပါ ကျွန်တော်တို့ အဲဒိုဂါဝါရပ်ကွက် ရဲဌာနချုပ်က နိုင်ငံတကာ မိတ်ဆွေတွေရဲ့ ရပိုင်ခွင့်နဲ့ အကျိုးစီးပွားကို သေချာပေါက် ကာကွယ်ပေးမှာပါ” ဟု မေးမြန်းလိုက်သည်။
“ဟူး... ဖူဂျီအိုကာကွန်၊ ကျွန်တော့်ရဲ့ ဗီဇာက ငါးရက်ပဲ သက်တမ်းရှိတာ၊ ဒီနေ့ဆိုရင် လေးရက်မြောက်နေ့ ရှိနေပြီလေ၊ ဟူး” ရှီလဲ့သည် စကားပြောရင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါပြလိုက်သည်။ “နောက်တစ်ခေါက် ဒီနိုင်ငံကို ဘယ်အချိန်မှ ထပ်လာခွင့်ရဦးမလဲဆိုတာ မသိတော့ပါဘူးဗျာ”
ဖူဂျီအိုကာက အားနာသလို ရယ်မောလိုက်သည်။ သူသည် ရှီလဲ့၏ ‘မင်းသားအဆင့်’ သရုပ်ဆောင်မှုကြောင့် လုံးဝ လှည့်စားခြင်း ခံလိုက်ရပြီး ရှီလဲ့ကို ဂျပန်နိုင်ငံအပေါ် လိုလားထောက်ခံသူတစ်ဦးအဖြစ် ထင်မှတ်သွားခဲ့ခြင်း ဖြစ်သည်။
“မစ္စတာရှီ... ဒီပြဿနာကိုတော့ ကျွန်တော် ဖြေရှင်းပေးလို့ မရဘူးဗျ ဒါပေမဲ့ ခင်ဗျား သံရုံးကို သွားပြီး ဗီဇာသက်တမ်း တိုးလို့ရမလားဆိုတာ စုံစမ်းကြည့်လို့ ရပါတယ်”
ရှီလဲ့က စိတ်ပျက်ဟန်ဖြင့်
“ထားလိုက်ပါတော့၊ ထားလိုက်ပါတော့ သူတို့ တိုးပေးမှာ မဟုတ်ပါဘူး အော်... ဒါနဲ့ ဖူဂျီအိုကာကွန်၊ ခင်ဗျားရဲ့ အီးမေးလ်လိပ်စာလေး...နောက်တစ်ခေါက် ကျွန်တော် ဝူစန်းနိုင်ငံကို လာဖြစ်ရင် ခင်ဗျားကို သေချာပေါက် အရက်ကောင်းကောင်းတစ်ခွက် အဝတိုက်ပါ့မယ်”
ဖူဂျီအိုကာသည် ရှီလဲ့၏ လှိုက်လှိုက်လှဲလှဲ ရှိလှသော စိတ်ဓာတ်ကို မငြင်းဆန်နိုင်တော့ဘဲ သူ၏ အီးမေးလ်လိပ်စာကို ပေးလိုက်တော့သည်။
အဲဒိုဂါဝါရပ်ကွက် ရဲဌာနချုပ်မှ ရဲအရာရှိနှစ်ဦး ထွက်ခွာသွားပြီးနောက် ရှီလဲ့သည် တံခါးကို ပိတ်ကာ သရော်ပြုံး ပြုံးလိုက်သည်။ သူ၏ အစီအစဉ်၏ နောက်ထပ်အဆင့်ကိုလည်း ဆက်လက်လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
ရှီလဲ့အနေဖြင့် ရာဖေးလ်သည် ဆူမီဒါရပ်ကွက်၏ ရဲကွန်ရက်စနစ်အတွင်းသို့ အကြောင်းပြချက်မရှိဘဲ ရောက်ရှိလာလိမ့်မည်ဟု လုံးဝ မယုံကြည်ပေ။
သူ၏ ယခင်ဘဝတုန်းကဆိုလျှင် ကောင်းကင်တမန်ကောင်စီအတွင်း၌ ရာဖေးလ်နှင့် ပတ်သက်သည့် ဒဏ္ဍာရီဆန်ဆန် ပုံပြင်များစွာ ပျံ့နှံ့နေခဲ့ဖူးသည်။