← Chapters

အခန်း (၂၃၁၉-၂၃၂၀)

Vol. 232 Ch. 2319-2320

အခန်း (၂၃၁၉-၂၃၂၀)

Vol. 232 Ch. 2319-2320

အခန်း ၂၃၁၉ - မင်း သေချာပြီလား

ထိုက်ဟောင်ကျုံး ဟုတ်လား

ရှီး မျိုးနွယ်စု

အနီးနားရှိ သူတော်စင်များ၏ မျက်နှာအမူအရာမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားသည်။

လူသားမျိုးနွယ်နှင့် နှိုင်းယှဉ်လိုက်ပါက ရှီးမျိုးနွယ်စု၏ အခြေခံအင်အားမှာ ပိုမို၍ နက်ရှိုင်းခိုင်မာကြောင်း ထင်ရှားလှသည်။

ချင်းမင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့တွင် လူသားမျိုးနွယ်ကို အလယ်အလတ်အဆင့်၊ သို့မဟုတ် မျိုးနွယ်စုငယ်လေး တစ်ခုအဖြစ်သာ သတ်မှတ်နိုင်မည် ဖြစ်သည်။

ရှီးမျိုးနွယ်စုမှာမူ ထိုသို့မဟုတ်ပေ၊ သူတို့သည် ကြီးမားသော မျိုးနွယ်စုကြီးတစ်ခု ဖြစ်သည်။

ရွှေဟွေး ကျောင်းတော်တွင် ဖြစ်စေ၊ တန်လင် ကျောင်းတော်တွင် ဖြစ်စေ၊ သို့မဟုတ် ချင်းမင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့တွင် ဖြစ်စေ၊ ရှီးမျိုးနွယ်စု၏ အခြေခံအင်အားမှာ လူသားမျိုးနွယ်ထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေသည်။

“ဒီလောက် အသေးအဖွဲ ကိစ္စလေးတစ်ခုကနေ ဘာလို့ ဒီလောက် နောက်ခံကြီးမားတဲ့ သူတော်စင်တွေ ဆက်တိုက် ထွက်ပေါ်လာရတာလဲ ”

သူတော်စင် အများအပြားသည် ထိုက်ဟောင်ကျုံး ကို အကဲခတ်နေရင်း စိတ်ထဲတွင် တိုးတိုးလေး ညည်းတွားနေကြသည်။

အစက ရွှေဟွေး ကျောင်းတော်မှ လက်ရှိ ကျောင်းသား၊ နောက်တော့ ချင် မိသားစုမှ ဘေးထွက်မျိုးနွယ်။

အခုတော့ ရှီးမျိုးနွယ်စုမှ သူတော်စင် တစ်ပါး ထပ်ပေါ်လာပြန်ပြီလား။

ယခုအချိန်တွင် ဒင်းရိဝူ ကိုယ်တိုင်ပင် အနည်းငယ် ဝေဝါးသွားသည်။

လန်ချူးဟွာ မှာလည်း အံ့ဩတကြီး ဖြစ်နေသည်။ သူ သိထားသည့် ချင်ဖေး ၏ အကြောင်းအရ၊ သူ့ကို ‘အစ်ကိုကြီး’ ဟု ခေါ်ဆိုနိုင်သည့် သူသည် ရှီးမျိုးနွယ်စုတွင် သေချာပေါက် နောက်ခံကောင်း တစ်ခုခု ရှိနေရမည်။

ထိုအချက်ကို တွေးမိလိုက်သည့်အခါ လန်ချူးဟွာ ၏ တုန်လှုပ်နေသော နှလုံးသားမှာ ပြန်လည် တည်ငြိမ်လာတော့သည်။

ထိုစဉ် ထိုက်ဟောင်ကျုံး သည် တည်ငြိမ်လှသည့် ခြေလှမ်းများဖြင့် အနီးအနားမှ သူတော်စင်များ၏ ရိုသေလေးစားမှုနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေသော အကြည့်အောက်တွင် ချင်ဖေး ရှေ့သို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။

ချင်ဖေး သည် သူ့ကို မြင်လိုက်ရသောအခါ ဖန့်ချန် ကို ဆက်ဆံစဉ်ကဲ့သို့သော မောက်မာသည့် အမူအရာမျိုး လုံးဝ မရှိတော့ဘဲ နက်ရှိုင်းသော ရိုသေလေးစားမှုနှင့် ချော့မော့လိုသော အမူအရာများဖြင့် အစားထိုးသွားသည်။

“ထိုက်ဟောင်ကျုံး အစ်ကိုကြီး၊ တန်လင် ကျောင်းတော်မှာ မနေဘဲ ဘာလို့ ဒီလို နေရာလေးကို ရောက်လာရတာလဲ အစ်ကိုကြီးတို့ အစ်ကိုကြီး ပြောတာ ကြားလိုက်ရတယ်၊ ဒီတစ်ခေါက် နေမင်းခုနှစ်ပါး ခန်းမမှာ အဆင့်တစ်ဆင့် တက်သွားတယ်ဆို။ ကျွန်တော်မျိုး ဒီနေရာကနေပဲ ဂုဏ်ပြုပါတယ်ဗျာ။”

ပြောရင်းဆိုရင်း ချင်ဖေး မှာ အကြိမ်ကြိမ် လက်ယှက်၍ အရိုအသေပေးနေသည်။

ဘာ

တန်လင် ကျောင်းတော်

နေမင်းခုနှစ်ပါး ခန်းမ

“ဟူး”

ပတ်ဝန်းကျင်ရှိ သူတော်စင်များမှာ တစ်ပြိုင်နက်တည်း အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

သူတို့ တကယ်ပဲ မှားကြားလိုက်တာလား

မျက်စိရှေ့က သူတော်စင်မှာ တန်လင် ကျောင်းတော်က ကျောင်းသားတင် မဟုတ်ဘဲ၊ ... ‘နေမင်းခုနှစ်ပါး’ ကျောင်းသား ဖြစ်နေတာလား။

ဤအချိန်၌ ဆူတင်ရှို့ မှာ တကယ်ပင် ကြောက်ရွံ့လာတော့သည်။

ရွှေဟွေး ကျောင်းတော်မှ ကျောင်းသား တစ်ယောက်အနေဖြင့် သူသည် ကောင်းကင်ငါးပါး စစ်မြေပြင် သို့ ဆယ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ဖူးသူ ဖြစ်ရာ နေမင်းခုနှစ်ပါး ကျောင်းသား တစ်ဦး၏ အဓိပ္ပာယ်ကို မသိဘဲ မနေနိုင်ပေ။

“အခု လူသားမျိုးနွယ် ကျောင်းတော် မှာ နေမင်းခုနှစ်ပါး ကျောင်းသားတွေကို ရင်ဆိုင်တဲ့အခါ အရှုံးမပေးဘဲ ရှိနေနိုင်တာက ကျောင်းသား နှစ်ယောက်ပဲ ရှိတယ်။ လု ကျောင်းသားသာ နေမင်းခုနှစ်ပါး ကျောင်းသားကို ရန်စမိရင်တော့...”

ထိုအချက်ကို တွေးမိလိုက်သောအခါ ဆူတင်ရှို့ ၏ ရင်ထဲတွင် အလွန်ပင် နောင်တရသွားသည်။

သူဘာလို့ ဒီလောက် အသုံးမကျရတာလဲ၊ သူဘာလို့ ဒင်းရူရွှဲ့ ကို ယုံမိရတာလဲ။

သူသာ အစကတည်းက ပင်အန်းရပ်ကွက်ကို မလာခဲ့မိဘူးဆိုရင် ဒီကိစ္စတွေ ဖြစ်လာမှာ မဟုတ်သလို လု ကျောင်းသား လည်း ပါဝင်ပတ်သက်ရမှာ မဟုတ်ဘူး။

ထိုအချိန်တွင် လန်ချူးဟွာ လည်း သတိဝင်လာပြီး ချင်ဖေး က ဘာကြောင့် ဤသူတော်စင်ကို ဤမျှအထိ ရိုသေနေရသလဲဆိုတာကို အပြည့်အဝ နားလည်သွားသည်။

ဒါက နေမင်းခုနှစ်ပါး ကျောင်းသားပဲလေ

ချင်းဖေး ၏ အမူအရာမှာ ယခုထက် ဆယ်ဆ ပိုမို ရိုသေနေလျှင်တောင် သူ မအံ့ဩမိတော့ပေ။

“ငါသာ ဒီလို လူမျိုးနဲ့ သိကျွမ်းခွင့် ရမယ်ဆိုရင်၊ ရွှေဟွေး ကျောင်းတော်က ကျောင်းသားလေး တစ်ယောက်လောက်ကို ဘာကြောင့် ကြောက်နေရဦးမှာလဲ”

လန်ချူးဟွာ ၏ နှလုံးသားမှာ မထိုက်တန်ဘဲ မြန်ဆန်စွာ ခုန်ပေါက်နေသည်။ သူသည် မည်သို့ပင်ဖြစ်စေ၊ ဤအခွင့်အရေးကို အသုံးချကာ နေမင်းခုနှစ်ပါး ကျောင်းသားနှင့် ခင်မင်မှု တည်ဆောက်ရန် ဆုံးဖြတ်လိုက်ပြီး ချင်ဖေး ကဲ့သို့ပင် အစ်ကိုကြီး ဟု ခေါ်ဆိုရန် ဆုံးဖြတ်လိုက်သည်။

ချင်းဖေး ၏ အမူအရာကို မြင်လိုက်ရသောအခါ ဒင်းရူရွှဲ့ လည်း အံ့ဩမှုမှ သတိပြန်ဝင်လာပြီး ထိုက်ဟောင်ကျုံး ကို ကြည့်သည့် သူမ၏ မျက်လုံးများမှာ ရေပြင်ကဲ့သို့ စီးဆင်းနေသည်။

ကံမကောင်းစွာဖြင့်ပင် ထိုက်ဟောင်ကျုံး က သူမကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။

သူက ပျင်းရိဖွယ် အမူအရာဖြင့် ခေါင်းညိတ်ကာ ပြောသည်။

“ငါ စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ကို အခုမှ တက်လှမ်းတာကြောင့်ပါ။ နေမင်းခုနှစ်ပါး ခန်းမက စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်တွေက အကုန်လုံး နတ်ဆိုးတွေချည်းပဲ။ နောက်တစ်ခေါက် ကောင်းကင် ငါးပါး စစ်မြေပြင်မှာ အဆင့်မကျသွားအောင်လို့ အတွင်းကမ္ဘာနယ်မြေ အတားအဆီး တစ်ခုကို သွားပြီး နတ်ဘုရားစွမ်းရည် ကို လေ့လာဖို့ စိတ်ကူးထားတယ်။

ဒါပေမဲ့ အဲဒီအတွင်းကမ္ဘာနယ်မြေက နည်းနည်း အန္တရာယ်များလို့ ပင်အန်းရပ်ကွက်ကို လာပြီး ကာကွယ်ရေး ရတနာပစ္စည်း အနည်းငယ် ဝယ်မလို့ပါ။”

ချင်ဖေး မှာ အံ့ဩ၍ အသက်ရှူရပင် ခက်သွားပြီး -

“အစ်ကိုကြီးက စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်ကို ရောက်သွားတာလား”

“ဟုတ်တယ်လေ၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာပဲ နေနေရတာ ပျင်းစရာကောင်းလို့ တက်လှမ်းလိုက်တာပါ။ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်က တကယ့် နတ်ဆိုးတွေလည်း အလယ်အလတ်အဆင့်ကို ရောက်ကုန်ကြပြီပဲ၊ ငါ ဒီမှာပဲ ဆက်နေနေလို့ ဘာအဓိပ္ပာယ် ရှိမှာလဲ ”

ထိုက်ဟောင်ကျုံး က ပျင်းရိစွာ ရယ်မောလိုက်သည်။ သူ၏ ပေါ့ပေါ့ပါးပါး စကားလုံးများမှာ ပတ်ဝန်းကျင်ရှိ သူတော်စင်များ၏ ရင်ထဲတွင် မုန်တိုင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

နေရတာ ပျင်းစရာကောင်းလို့ တက်လှမ်းလိုက်တာလား။

ဒီလောကမှာ နေမင်းခုနှစ်ပါး ခန်းမက နတ်ဆိုးတွေလောက်မှပဲ ဒီလို တက်လှမ်းချင်တဲ့အချိန်မှာ တက်လှမ်းနိုင်ကြမှာပေါ့။

သာမန် သူတော်စင်များအတွက်ဆိုလျှင် အဆင့်တစ်ဆင့် တက်လှမ်းဖို့အတွက်ပင် အလွန်ခက်ခဲလှပြီး အစွမ်းကုန် ကြိုးစားရသလို ကံကြမ္မာလည်း လိုအပ်ပါသေးသည်။

ထိုစဉ် ထိုက်ဟောင်ကျုံး သည် အဓိက ကိစ္စကို သတိရသွားပြီး ဖန့်ချန် ကို ပြုံးလျက် ကြည့်လိုက်သည်။

“မင်းက ရွှေဟွေး ကျောင်းတော်၊ လူသားမျိုးနွယ် ကျော်းတော် က ကျောင်းသားလား နာမည် ဘယ်လိုခေါ်လဲ”

“လုကျိုးဝမ် ”

ဖန့်ချန် က လက်ယှက် အရိုအသေပေးလိုက်သည်။

“လုကျိုးဝမ် မကြားဖူးပါဘူး ”

ထိုက်ဟောင်ကျုံး က ခေါင်းအသာ ခါလိုက်သည်။

ထိုစကား ထွက်ပေါ်လာသည်နှင့် ချင်ဖေး ၏ မျက်လုံးများထဲတွင် ကဲ့ရဲ့သရော်မှုများ ပေါ်လာသည်။

လန်ချူးဟွာ နှင့် ဒင်းရိဝူ တို့၏ မျက်နှာပေါ်တွင်လည်း အောင်နိုင်သူ၏ အပြုံးများ ပေါ်လာသည်။

ယခုတွင် ချီယန် ကျောင်းသားက ကျောထောက်နောက်ခံ ပေးထားပြီ ဖြစ်ရာ ရွှေဟွေး ကျောင်းတော်မှ ကျောင်းသား ဆိုသူမှာ ဘာများ ဖြစ်သွားဦးမလဲ။

ထိုစဉ် ဒင်းရူရွှဲ့ က ရုတ်တရက် ဝင်ပြောလိုက်သည်။

“ထိုက်ဟောင်ကျုံး အစ်ကိုကြီး၊ ကျွန်မအတွက် ဝင်ပြောပေးပါဦး။ ကျွန်မက ချစ်သူနဲ့ တစ်သက်လုံး အတူနေချင်တာပါ၊ ဒါပေမဲ့ မိတ်ဆွေဟောင်း တစ်ယောက်က လိုက်ပြီး နှောင့်ယှက်နေလို့ပါ၊ ရွှေဟွေး ကျောင်းတော်က ကျောင်းသားက ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို ဝင်စွက်ဖက်နေတာပါ...”

ထိုက်ဟောင်ကျုံး သည် သူမကို တစ်ချက် စောင်းကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ဤမိန်းကလေးက ဘာလို့ ဒီလောက်အထိ ရင်းနှီးသလို ပြုမူနေရတာလဲ။

ဘာလို့များ ‘အစ်ကိုကြီး’ ဟု ခေါ်ဆိုနေရတာလဲ

လန်ချူးဟွာ လည်း သတိဝင်လာပြီး အမြန်ပင် လက်ယှက်ကာ -

“ထိုက်ဟောင်ကျုံး အစ်ကိုကြီး၊ ကျွန်တော်တို့အတွက် ဝင်ပြောပေးပါဗျာ။ ကျွန်တော်တို့က သာမန်လူတွေပါ၊ ရွှေဟွေး ကျောင်းတော်က ကျောင်းသားတွေနဲ့ မယှဉ်နိုင်ပါဘူး...”

ချင်းဖေး ၏ မျက်လုံးထဲတွင် မသိမသာ မကျေနပ်မှုများ ပေါ်လာသည်။ သူသည် ဒင်းရူရွှဲ့ နှင့် လန်ချူးဟွာ တို့၏ စိတ်သဘောကို သဘောပေါက်သွားသည်။

အခြေအနေမှာ ဤသို့ ဖြစ်နေပြီ၊ ရွှေဟွေး ကျောင်းတော်က ကျောင်းသားဆိုတာ ဘာမှ မဟုတ်တော့ပေ။ ဤသူတို့ နှစ်ဦးမှာ ထိုက်ဟောင်ကျုံး ကို အသုံးချကာ နေရာတစ်ခု ရချင်နေကြတာ ဖြစ်သည်။

ချင်းဖေး က ထိုအချက်ကို သိသော်လည်း မပြောဘဲ လက်ယှက်ကာ -

“ထိုက်ဟောင်ကျုံး အစ်ကိုကြီး၊ ကျွန်တော်လည်း ဒီကိစ္စကို အမှတ်မထင် တွေ့လိုက်ရလို့ပါ။ ရွှေဟွေး ကျောင်းတော်က ကျောင်းသားရဲ့ အပြုအမူတွေက အရမ်း အနိုင်ကျင့်လွန်းလို့ အမှန်တရားဘက်ကနေ ဝင်ပြောပေးလိုက်တာပါ၊ သူကတော့ အရမ်းကို မောက်မာနေတာပဲ။”

ပြောနေရင်း ချင်ဖေး သည် ဖန့်ချန် ကို စောင်းကြည့်လိုက်သည်။

“တော်ပါပြီ၊ အရေးမကြီးတဲ့ ကိစ္စပါကွာ။ မင်းက ချင် မိသားစုရဲ့ ဘေးထွက်မျိုးနွယ်ခွဲ တစ်ယောက် ဖြစ်ပြီး ကိုယ့်လူတွေရှေ့မှာတောင် မျက်နှာပျက်စရာ ဖြစ်နေရတာလဲ။

ငါသာ ဒီနေ့ ဒီနားကနေ ဖြတ်မလာခဲ့ရင် မင်း တကယ်ပဲ အရှက်ကွဲတော့မှာ။”

ထိုက်ဟောင်ကျုံး က လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖန့်ချန် ကို ဆက်လက်ကြည့်ကာ ပြုံးလျက် ပြောသည်။

“လု ကျောင်းသား၊ ပြောရရင် မင်းတို့ ရွှေဟွေး ကျောင်းတော်၊ လူသားမျိုးနွယ် ကျောင်းနော် နဲ့ ငါနဲ့လည်း နည်းနည်းတော့ ပတ်သက်နေတယ်။

မင်းတို့ ကျောင်းတော် ရဲ့ နံပါတ်တစ် သူတော်စင် .. ဖန့်ချန် ဆိုတာကို သိမှာပေါ့။

သူနဲ့ ငါ နေမင်းခုနှစ်ပါး ခန်းမမှာ ယှဉ်ပြိုင်ခဲ့ဖူးတယ်။

မင်း ငါ့ကို မျက်နှာသာ ပေးတဲ့အနေနဲ့ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ရင် ဘယ်လိုလဲ ”

ဖန့်ချန်

ဤနာမည်ကို ပတ်ဝန်းကျင်ရှိ သူတော်စင်များမှာ မစိမ်းကြပေ။ မည်သို့ဆိုစေ တိုက်ပွဲဝင်စာရင်းကို ကမ္ဘာအနှံ့ ထုတ်ပြန်ခဲ့စဉ်က တောက်ပသော အလင်းရောင်များဖြင့် ရေးထိုးထားသည့် ထိုနာမည်ကို သူတို့အားလုံး မြင်ခဲ့ဖူးကြသည်။

ထိုက်ဟောင်ကျုံး သည် ဖန့်ချန် နှင့် ယှဉ်ပြိုင်ခဲ့ဖူးကြောင်း ကြားလိုက်ရသည့်အခါ သူတော်စင်များ၏ ရိုသေလေးစားမှုမှာ ကြည်ညိုမှုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ချင်ဖေး မှာ အေးစက်စက် ပြုံးလိုက်သည်။ သူ၏ အမြင်တွင် ဤသူမှာ ကြောက်လန့်သွားပြီ ဖြစ်သည်။

“ငါ ဒီမျက်နှာသာကို မပေးရင်ကော ဘယ်လိုလုပ်မလဲ”

ဖန့်ချန် က ပြုံးလျက် မေးလိုက်သည်။

“...”

နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဆူတင်ရှို့ မှာ ဖန့်ချန် ကို ငေးကြည့်နေမိသည်။ ဒါဟာ သူသိတဲ့ လုကျိုးဝမ် လု ကျောင်းသား ဟုတ်ရဲ့လား။

လု ကျောင်းသား က ဘယ်အချိန်ကတည်းက... ဒီလောက်ထိ သတ္တိကောင်းသွားတာလဲ။

ချင်ဖေး ၏ မျက်နှာပေါ်ရှိ အပြုံးမှာလည်း ရပ်တန့်သွားသည်။ ဒင်းရိဝူ နှင့် ဒင်းရူရွှဲ့ တို့မှာလည်း အံ့အားသင့်သွားကြသည်။

လန်ချူးဟွာ မှာ စိတ်ထဲတွင် ပြင်းပြင်းထန်ထန် အသက်ရှူလိုက်ရသည်။ ဤသူ... နေမင်းခုနှစ်ပါး ကျောင်းသားကိုတောင် မျက်နှာသာ မပေးဘူးလား။

ဒီလူက တကယ့်ကို အသိတရားမဲ့တဲ့သူ မဟုတ်လား။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ထိုက်ဟောင်ကျုံး က စိတ်ဝင်စားစွာဖြင့် ပြုံးလျက် ပြောသည်။

“အော် မင်း ငါ့ကို ဒီမျက်နှာသာ မပေးချင်ဘူးပေါ့ ဒါဆိုရင် ပင်အန်းရပ်ကွက်ရဲ့ တိုက်ပွဲယှဉ်ပြိုင်ကွင်း ကို သွားပြီး တစ်ပွဲလောက် ယှဉ်ကြည့်ကြမလား။

မင်းရော ငါရော ကျောင်းတော်က ကျောင်းသားတွေပဲ၊ ပြီးတော့ နှစ်ယောက်လုံးက ‘စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်’ တွေပဲ၊ ဒါကို အနိုင်ကျင့်တယ်လို့တော့ မခေါ်နိုင်ဘူးမလား ”

သူ့အမြင်တွင် သူသည် နေမင်းခုနှစ်ပါး ကျောင်းသား တစ်ဦး ဖြစ်သည်။ တိုက်ပွဲယှဉ်ပြိုင်ကွင်းသို့ သွားရန် ပြောလိုက်လျှင် ဤသူသည် ကြောက်လန့်ပြီး ရှက်ရွံ့စွာ ထွက်ပြေးသွားလိမ့်မည်၊ ဘယ်မှာများ ရန်စရဲဦးမလဲ။

“တိုက်ပွဲယှဉ်ပြိုင်ကွင်း လား ကောင်းပြီလေ၊ သွားကြတာပေါ့။”

ဖန့်ချန် က ခေါင်းညိတ်လိုက်သည်။

ထိုက်ဟောင်ကျုံး ၏ အပြုံးမှာ ရပ်တန့်သွားပြီး ထူးဆန်းသည့် အမူအရာဖြင့် မေးလိုက်သည်။

“မင်း သေချာပြီလား”

အခန်း ၂၃၂၀ - ကောင်းပြီ၊ မင်းကို တစ်ချက်တည်းနဲ့ အဆုံးသတ်လိုက်မယ်

ရွှေဟွေး ကျောင်းတော်မှ ကျောင်းသား တစ်ဦးသည် တန်လင် ကျောင်းတော်မှ နေမင်းခုနှစ်ပါး ကျောင်းသားနှင့် ပင်အန်းရပ်ကွက် တိုက်ပွဲယှဉ်ပြိုင်ကွင်းတွင် ယှဉ်ပြိုင်ကြတော့မည် ဆိုသည့် သတင်းမှာ ကူးစက်ရောဂါတစ်ခုပမာ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

တစ်မတ်တိုင်ပင် မကြာခင်အချိန်အတွင်းမှာပင် ပင်အန်းရပ်ကွက်အတွင်းရှိ ကြီးမားသေးငယ်သော အင်အားစုအားလုံးက ဤကိစ္စကို သိရှိသွားကြသည်။

ကောင်းကင်ယံတွင် အတွင်းကမ္ဘာနယ်မြေ ဆက်သွယ်ရေး တံခါးများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။

အင်အားစု အသီးသီးမှ သူတော်စင်များသည် နေမင်းခုနှစ်ပါး ကျောင်းသား၏ စွမ်းရည်ကို တစ်ချက်လောက် မြင်တွေ့လိုက်ရဖို့အတွက် အချိန်တိုအတွင်းမှာပင် ဤနေရာသို့ အလုအယက် ရောက်ရှိလာကြသည်။

နေမင်းခုနှစ်ပါး ကျောင်းသားများ၏ အရေအတွက်မှာ အလွန်ပင် ရှားပါးလှသည်ကို သိထားကြရမည်။

ပုံမှန်အချိန်ဆိုလျှင် သူတို့ကို မြင်တွေ့ရဖို့ပင် မဖြစ်နိုင်သလောက် ဖြစ်သည်။

နေမင်းခုနှစ်ပါး ကျောင်းသား တစ်ယောက် လက်ရုံးရည်ပြသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရမည့် အခွင့်အရေးမှာ ဆိုဖွယ်ရာ မလိုပေ။

အတွင်းကမ္ဘာနယ်မြေများ ပိုမို များပြားလာသည်နှင့်အမျှ ထိုအထဲတွင် အသက်စွမ်းအင် သူတော်စင်များသာမက ကမ္ဘာတည်ဆောက်ခြင်း သူတော်စင်များပါ ပါဝင်လာသည်။

အတွင်းကမ္ဘာနယ်မြေ အချို့၏ အရှိန်အဝါများမှာ စွမ်းအင်စုစည်းခြင်း အဆင့်ကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။

“ကမ္ဘာကြီး သူတော်စင် တွေတောင် ရောက်လာကြတာပဲ၊ နေမင်းခုနှစ်ပါး ကျောင်းသားဆိုတာ ဒီလောက်တောင် ဂုဏ်ရှိတာကိုး။”

“ဒီလို အခွင့်အရေးမျိုးက တခါမှ မကြုံဖူးတဲ့ အရာမို့၊ ပုံမှန် ကမ္ဘာကြီး သူတော်စင်တွေကတော့ ကိုယ်တိုင် လာကြမှာပဲ၊ အံ့ဩစရာ မရှိပါဘူး။”

“ဒီတစ်ခေါက် ပင်အန်းရပ်ကွက်ကို လာခဲ့တာ တကယ် မှန်သွားတယ်၊ တစ်သက်မှာ တစ်ခါမှ မကြုံရတဲ့ အဖြစ်အပျက်မျိုးကို ငါတို့ ကြုံတွေ့လိုက်ရပြီ၊ ဟဲဟဲ...”

ပတ်ဝန်းကျင်မှ သူတော်စင်များ၏ တိုးတိုးတိတ်တိတ် စကားပြောသံများကို နားထောင်ရင်း၊ အဆုံးမရှိသော အရှိန်အဝါများဖြင့် အတွင်းကမ္ဘာနယ်မြေများ ဆက်တိုက် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ ဆူတင်ရှို့ ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာကာ ဖန့်ချန် ကို ပြောလိုက်သည်။

“လု ကျောင်းသား၊ မင်းရဲ့ ပြိုင်ဘက်က ထိုက်ဟောင်ကျုံး ပါ၊ သူက တကယ့်ကို နေမင်းခုနှစ်ပါး ကျောင်းသား တစ်ယောက်ပါ၊ သူနဲ့ ယှဉ်ပြိုင်ရင် မင်း ရှုံးမှာ သေချာပါတယ်။

ဒီကိစ္စကို ငါပဲ ဖြေရှင်းပါရစေ၊ ငါ သူတို့ကို တောင်းပန်ပြီး ဒီကိစ္စကို ငြိမ်းအေးအောင် လုပ်ပေးပါ့မယ်၊ နေမင်းခုနှစ်ပါး ကျောင်းသားကို ခေါင်းငုံ့ရတာ ကျောင်းတော်အတွက် ဂုဏ်ငယ်စရာ မဟုတ်ပါဘူး...”

“ဆူ ကျောင်းသား၊ ငါ ပြောပြီးပြီလေ၊ ဒီကိစ္စကို ငါပဲ အပြည့်အဝ တာဝန်ယူ ဖြေရှင်းမယ်၊ မင်း ဝင်မပါနဲ့တော့။”

ဖန့်ချန် က အေးဆေးစွာ ပြောသည်။

“မဖြစ်ဘူး၊ မင်း သွားပြီး... အသေခံနေတာကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး ”

ဆူတင်ရှို့ က ပြတ်သားစွာ ပြောလိုက်သည်။

“မင်း ဒီကောင်၊ ပါးစပ် ပိတ်ထားလို့ မရဘူးလား လု အစ်ကိုက လက်စွမ်းပြဖို့ ရဲဝံ့တယ်ဆိုရင် သေချာပေါက် ယုံကြည်မှု ရှိလို့ပဲ ဖြစ်မှာပေါ့။”

ချီယန် သူတော်စင် က ဆူတင်ရှို့ ကို စိတ်မရှည်စွာ တစ်ချက် ကြည့်လိုက်သည်။

ဆူတင်ရှို့ မှာ အနည်းငယ် ကြောင်သွားပြီး ချီယန် သူတော်စင် ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ခင်ဗျားက နေမင်းခုနှစ်ပါး ကျောင်းသားရဲ့ အလေးချိန်ကို တကယ်ပဲ မသိတာလား ”

ချီယန် သူတော်စင် က ရယ်မောလိုက်ပြီး ဆူတင်ရှို့ ကို ဂရုမစိုက်တော့ပေ။

“ဆူ ကျောင်းသား၊ ငါ ပြောပြီးပြီ၊ ဒီကိစ္စကို ငါပဲ ဖြေရှင်းမယ်။ မင်း နေမင်းခုနှစ်ပါး ကျောင်းသားကို ကြောက်နေတယ်ဆိုရင် အခုချက်ချင်း ထွက်သွားလို့ ရတယ်၊ ငါ မတားဘူး။”

ဖန့်ချန် က တည်ငြိမ်စွာ ပြောသည်။

ဆူတင်ရှို့ မှာ အနည်းငယ် ကြောင်သွားပြီး မျက်နှာမှာ ရဲတွတ်သွားသည်။

“ဘယ်သူက နေမင်းခုနှစ်ပါး ကျောင်းသားကို ကြောက်တယ် ပြောလို့လဲ၊ လု ကျောင်းသားတောင် မကြောက်ရင် ငါ ကြောက်စရာ အကြောင်း မရှိဘူး၊ ငါ မထွက်သွားဘူး။”

ချီယန် သူတော်စင် -

“မထွက်သွားရင် ဒီမှာပဲ သေချာ ကြည့်နေ၊ ပါးစပ် ပိတ်ထား။

လူကြီး တစ်ယောက် ဖြစ်နေပြီး ရွှေဟွေး ကျောင်းတော်က ကျောင်းသားဟောင်း တစ်ယောက်က မိန်းမတစ်ယောက်ရဲ့ ကစားကွက်ထဲ ပါသွားရတာမျိုးတော့ မလုပ်နဲ့။

ဒီနေ့ လု အစ်ကိုသာ မတွေ့ခဲ့ရင် မင်း ကျောင်းတော်ကို တကယ်ပဲ မျက်နှာပျက်စေခဲ့ပြီ။”

ထိုစကားကြောင့် ဆူတင်ရှို့ မှာ ရှက်ရွံ့မှုကြောင့် မျက်နှာမှာ အပြာရောင်၊ အဖြူရောင် ဖြစ်သွားပြီး နောက်ဆုံးတွင် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ စကားမပြောတော့ပေ။

အခြားတစ်ဖက်တွင်။

လန်ချူးဟွာ မှာ စိတ်လှုပ်ရှားစွာဖြင့် လက်ကို ပွတ်သပ်လိုက်သည်။

“ချင်ဖေး မင်းသား၊ ခင်ဗျားရဲ့ ဂုဏ်သတင်းက တကယ် ကြီးမားတာပဲ၊ နေမင်းခုနှစ်ပါး ကျောင်းသား တစ်ယောက် တိုက်ပွဲဝင်တာကို ကိုယ်တိုင် မြင်တွေ့ရတာ သုံးသက်တာမှာ တစ်ခါမှ မကြုံဖူးတဲ့ ကံကောင်းမှုပဲ။

ဒီကိစ္စ ပြီးသွားရင် ကျွန်တော့်ကို မိတ်ဆက်ပေးပါဦးဗျာ...”

ချင်ဖေး က သူ့ကို စောင်းကြည့်လိုက်ပြီး အေးဆေးစွာ ပြောသည်။

“နေမင်းခုနှစ်ပါး ကျောင်းသားဆိုတာ မင်းလိုလူမျိုးက လိုက်မှီနိုင်တဲ့သူ မဟုတ်ဘူး၊ သိလား ”

“...”

လန်ချူးဟွာ ၏ မျက်နှာမှာ တောင့်တင်းသွားပြီး ရှက်ရွံ့စွာ ပြောသည်။

“ကျွန်တော် တော်တော်လေး စိတ်လောသွားတာပါ...”

ဒင်းရိဝူ မှာ ဘေးတွင် ရပ်နေရင်း စကားမပြောရဲပေ။ လန်ချူးဟွာ ဖြစ်စေ၊ ချင်ဖေး ဖြစ်စေ၊ သူ မထိရဲသည့် သူများ ဖြစ်သည်။

သူသည် ကောင်းကင်ယံကို ကြည့်လိုက်ရာ ဆူတင်ရှို့ ကို တွေ့လိုက်ရပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။

တစ်ချိန်တည်းတွင် ကောင်းကင်ယံ ပိုမြင့်သော နေရာတွင် အတွင်းကမ္ဘာနယ်မြေ အချို့ ထပ်မံ ပေါ်ထွက်လာသည်။

“လန်အိုကြီး၊ မင်းရဲ့ သား ဒီတစ်ခေါက်တော့ ပြဿနာ အကြီးကြီး ရှာမိပြီ။”

အတွင်းကမ္ဘာနယ်မြေ တစ်ခုထဲမှ အသက်ကြီးသော အသံတစ်ခု ထွက်လာသည်။

နောက်ထပ် အတွင်းကမ္ဘာနယ်မြေ တစ်ခုမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် အသံတစ်ခု ထွက်ပေါ်လာသည်။

“လန် အစ်ကိုကြီး၊ ငါ့သားရဲ့ စိတ်သဘောက ဒီလိုပဲလေ။ ဆူတင်ရှို့ ဆိုတာကလည်း ရွှေဟွေး ကျောင်းတော်က ကျောင်းသားဟောင်းလေး တစ်ယောက်ပဲ၊ ကျောင်းတော်က ထွက်လာတာ နှစ်တစ်ထောင်နီးပါး ရှိပြီ၊ စွမ်းအင်စုစည်းခြင်း အဆင့်ကိုတောင် မတက်လှမ်းနိုင်ဘူး၊ အရည်အချင်းက အလွန် ညံ့ဖျင်းတယ်။ သူ ဒီလို ဆက်ဆံတာ မှားစရာ မရှိပါဘူး။

တစ်ခုပဲ မတွက်မိတာက ရွှေဟွေး ကျောင်းတော်က ကျောင်းသား တစ်ယောက်က သူ့အတွက် ဝင်ပြီး ခေါင်းခံလိမ့်မယ်လို့ မထင်ထားမိတာပါ။”

ဤအထိ ပြောပြီးနောက် သူ၏ အသံထဲတွင် ဝမ်းသာမှု အနည်းငယ် ပါလာသည်။

“လန်ကလေးနဲ့ ချင်ဖေး မင်းသားနဲ့ကလည်း ဆက်ဆံရေး ကောင်းတယ်၊ ပိုပြီး ကံကောင်းတာကတော့... ပင်အန်းရပ်ကွက်ကို နေမင်းခုနှစ်ပါး ကျောင်းသား ရောက်လာပြီး ချင်ဖေး မင်းသားအတွက် အားပေးကူညီပေးနေတာပဲ။

ဒီကိစ္စကို ဘေးဒုက္ခလို့ ပြောရမယ့်အစား ကံကောင်းခြင်းလို့ပဲ ပြောရမှာပေါ့။

ခဏနေရင် ငါတို့ အသက်ကြီးတဲ့သူတွေလည်း နေမင်းခုနှစ်ပါး ကျောင်းသားနဲ့ ခင်မင်ခွင့် ရသွားမှာပေါ့။”

“မှန်တယ်၊ မှန်တယ်၊ လန်အိုကြီး ပြောတာ လုံးဝ မှန်တယ်။ ဒီတစ်ခေါက် ကိစ္စက ကောင်းတဲ့ ကိစ္စပဲ။”

“လန်အိုကြီးကို မစွပ်စွဲ ပါဘူး၊ နောက်ဆိုရင်တော့ သူတို့က မိသားစုဝင်တွေ ဖြစ်တော့မှာပေါ့။”

“လန်အိုကြီး၊ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းသားရဲ့ စိတ်သဘောကိုတော့ ပြင်ဖို့ လိုမယ်၊ ပြီးတော့... ငါ့အမြင်အရဆိုရင် ဆူတင်ရှို့ က အသုံးမဝင်တော့ရင်တောင် ဒီလောက်ထိ နှိမ့်ချစရာ မလိုပါဘူး။”

“ထားလိုက်ပါတော့၊ သူတို့ တိုက်ခိုက်တော့မယ်။”

......

“လု ကျောင်းသား၊ မင်း ငါနဲ့ တကယ်ပဲ ယှဉ်ပြိုင်ချင်တာလား ”

ထိုက်ဟောင်ကျုံး သည် အတွင်းကမ္ဘာနယ်မြေ တံခါးဝတွင် ရပ်နေသည်။ သူ၏ နေမင်းခုနှစ်ပါး အမှတ်အသားမှာ နေလုံးလေး တစ်ခုပမာ ပူပြင်းသော အလင်းရောင်များဖြင့် တောက်ပနေသည်။

စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်သာ ဖြစ်သော်လည်း ထိုနေရာတွင် ရှိနေသည့် စွမ်းအင်စုစည်းခြင်း နောက်ပိုင်း အဆင့် သူတော်စင်များကိုပင် အလွန်တုန်လှုပ်စေသည်။

သူတော်စင် အများစုမှာ နေမင်းခုနှစ်ပါး အမှတ်အသားကို ပထမဆုံးအကြိမ် နီးကပ်စွာ မြင်တွေ့ရခြင်းဖြစ်ရာ ထိုအမှတ်အသားတွင် ပါဝင်နေသည့် ကြီးမားသော အစွမ်းသတ္တိများကို အလွန်ပင် စိတ်ဝင်စားနေကြသည်။

ဖန့်ချန် ဘက်တွင်မူ အလွန် ‘ရိုးရှင်း’ လွန်းနေသည်။

လူများကို ကြောက်ရွံ့စေနိုင်သည့် ရွှေဟွေး ကျောင်းတော်၏ အမှတ်အသားမှာ နေမင်းခုနှစ်ပါး အမှတ်အသား ရှေ့တွင် မွဲခြောက်နေသကဲ့သို့ ဖြစ်နေသည်။

“အစ်ကိုကြီး၊ ရောက်လာပြီဆိုမှတော့ စကားမများကြပါနဲ့တော့။”

ဖန့်ချန် က ပြုံးလျက် ပြောသည်။

“ကောင်းပြီ၊ မင်းကို တစ်ချက်တည်းနဲ့ အဆုံးသတ်လိုက်မယ်။”

ထိုက်ဟောင်ကျုံး ၏ မျက်နှာမှာ တည်သွားသည်။

သူသည် တစ်ဖက်လူကို အခွင့်အရေး ပေးခဲ့ပြီး ဖြစ်သော်လည်း တစ်ဖက်လူက အကြိမ်ကြိမ် အခွင့်အရေးကို မယူခဲ့သဖြင့် သူ့ကို အပြစ်မတင်နိုင်တော့ပေ။

နောက်တစ်စက္ကန့်တွင် ထိတ်လန့်ဖွယ်ရာ မှော်စွမ်းရည် လှိုင်းတံပိုးကြီးမှာ ထိုက်ဟောင်ကျုံး ၏ အတွင်းကမ္ဘာနယ်မြေထဲမှ ရုတ်ချည်း ထွက်ပေါ်လာသည်။

ထိုက်ဟောင်ကျုံး က ဖန့်ချန် ကို အချိန်အကြာကြီး ယှဉ်ပြိုင်ရန် မရည်ရွယ်ဘဲ တစ်ချက်တည်းဖြင့် ထိုပွဲကို အဆုံးသတ်ရန် ကြိုးစားနေခြင်းမှာ ထင်ရှားသည်။

ဤသို့ဆိုမှသာ နေမင်းခုနှစ်ပါး ကျောင်းသား၏ စွမ်းရည်ကို ဖော်ပြနိုင်မည် မဟုတ်လား။

ဤ နတ်ဘုရားစွမ်းရည် လှိုင်းတံပိုးတွင် ပါဝင်နေသည့် ထိတ်လန့်ဖွယ်ရာ စွမ်းအားမှာ ထိုနေရာတွင် ရှိနေသည့် စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့် သူတော်စင်များကို အလွန်အမင်း တုန်လှုပ်စေခဲ့သည်။

သူတို့သည် ကိုယ့်အဆင့်ကို ကိုယ် သိကြသည် ဖြစ်ရာ ထိုက်ဟောင်ကျုံး ၏ တိုက်ခိုက်ပုံမှာ သာမန် မဟုတ်ကြောင်းကို ပိုမို နားလည်ကြသည်။

“ဒီလို စွမ်းအားမျိုးက စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်နဲ့ မယှဉ်နိုင်တော့ဘူး...”

“နေမင်းခုနှစ်ပါး ကျောင်းသားက တကယ်ပဲ ဒီလောက်တောင် ထက်မြက်တာလား ငါသာဆိုရင် သူ့ရှေ့မှာ တစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး။”

“မပြောနဲ့တော့၊ နေမင်းခုနှစ်ပါး ကျောင်းသားက သာမန် သူတော်စင်တွေကို ယှဉ်ရင် အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တာ ချည်းပဲ။

ငါ့အမြင်ဆိုရင် စွမ်းအင်စုစည်းခြင်း နောက်ပိုင်း အဆင့်သူတော်စင်တွေလောက်ပဲ သူ့ကို ရင်ဆိုင်နိုင်မှာ။”

“ငါက စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့် သူတော်စင်ပါ၊ သူ့ကို ယှဉ်ရင်... ငါ့မှာ နိုင်ဖို့ ၅၀ ရာခိုင်နှုန်းပဲ ရှိတယ်...”

ထိုက်ဟောင်ကျုံး ၏ လက်စွမ်းမှာ ပတ်ဝန်းကျင်ရှိ သူတော်စင်များအားလုံးကို အံ့ဩတုန်လှုပ်စေသည်။

အသက်စွမ်းအင် ၊ ကမ္ဘာတည်ဆောက်ခြင်း နှင့် ကမ္ဘာကြီး သူတော်စင် များပင် အံ့အားသင့်လျက် ရှိသည်။

ကိုယ်တိုင်သာ ခံစားကြည့်မှ နေမင်းခုနှစ်ပါး ကျောင်းသား၏ အစွမ်းမှာ မည်မျှ ကြီးမားကြောင်းကို သိရှိနိုင်မည် ဖြစ်သည်။

“ဘယ်တော့များမှ ငါလည်း သူလို အစွမ်းမျိုး ပိုင်ဆိုင်နိုင်မလဲ...”

ချင်ဖေး ၏ မျက်လုံးများတွင် တောင့်တမှုများ ပေါ်လာပြီးနောက် တနေရာတွင် ကြောက်လန့်တုန်လှုပ်ကာ လှုပ်ရှားမှု မရှိဘဲ ရပ်နေသည့် ဖန့်ချန် ကို ကြည့်လိုက်ရာ မထီမဲ့မြင် ပြုံးလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ့ရှေ့တွင် တစ်စုံတစ်ခု လင်းလက်သွားသဖြင့် မျက်လုံးကို ပွတ်လိုက်ရသည်။ သူ၏ အမြင်အာရုံထဲတွင် ဖန့်ချန် နှင့် သူ၏ အတွင်းကမ္ဘာနယ်မြေမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့်တည်း။

All Chapters