← Chapters

အခန်း (၂၃၃၃-၂၃၃၄)

Vol. 234 Ch. 2333-1334

အခန်း (၂၃၃၃-၂၃၃၄)

Vol. 234 Ch. 2333-1334

အခန်း ၂၃၃၃ - စီရင်စု တားမြစ်နယ်မြေ

မှန်လေး သည် ဖန့်ချန်အား ဆုံးဖြတ်ချက်ချရန် အချိန်လုံလောက်စွာ ပေးခဲ့သည်။ မလာခင်က ရရှိထားသော သတင်းအချက်အလက်များနှင့် အနည်းငယ် ကွဲလွဲမှုရှိသော်လည်း ဖန့်ချန်သည် ဤ အလုပ်ကို လုပ်မည်ဟုပင် ဆုံးဖြတ်လိုက်သည်။

သို့သော် သူသည် နောက်ဆက်တွဲ လုပ်ဆောင်မည့် အရာများကို မဆုံးဖြတ်ခင် ထိုနေရာ၏ အခြေအနေကို အတတ်နိုင်ဆုံး နားလည်အောင် စူးစမ်းရဦးမည် ဖြစ်သည်။

“မှန်လေး၊ မင်း ပြောသလိုဆိုရင် ဝိညာဉ်မျိုးနွယ်စုတွေလည်း ရောက်လာမယ်၊ ဟင်းလင်းပြင် ကွပ်မျက်သူတွေလည်း ရောက်လာမယ်။ ဒီရောက်လာမယ့်သူတွေရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်လောက်အထိ ရှိနိုင်မလဲ။

တကယ်လို့ ရောက်လာတဲ့သူတွေက ကမ္ဘာကြီး ၊ ကောင်းကင်နိမိတ်ဖြစ်စဥ် ဒါမှမဟုတ် အထွတ်ထိပ်တာအို အဆင့်တွေသာ ဖြစ်နေရင် ဒီနေရာက နည်းစနစ်အတွက် သူတို့နဲ့ ယှဉ်ပြိုင်တာက သေတွင်းတူးတာနဲ့ အတူတူပဲ။”

“ညီကို၊ ဒီအချက်အတွက်တော့ စိတ်ကို အေးအေးထားလိုက်ပါ။ တကယ်သာ အဲ့လောက်အထိ အန္တရာယ်များရင် ငါ မင်းကို လာဖို့ အကြံပေးမှာ မဟုတ်ဘူး။

ဒီအတွင်းကမ္ဘာနယ်မြေ တားမြစ်ထားတဲ့နေရာမှာ သူတို့ရဲ့ စည်းကမ်းချက် ရှိတယ်။ စွမ်းအင်စုစည်းခြင်း သူတော်စင်တွေပဲ ဝင်လို့ရတယ်။

စွမ်းအင်စုစည်းခြင်း အဆင့်ထက် ကျော်လွန်သွားရင်၊ အသက်စွမ်းအင် အဆင့်လောက်ပဲ ဖြစ်ရင်တောင်မှ ဝင်လာတာနဲ့ တန်ပြန်သက်ရောက်မှု ကို ခံရလိမ့်မယ်။”

ဖန့်ချန်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။

“စွမ်းအင်စုစည်းခြင်း အဆင့်ပဲ ဝင်လို့ရတာလား ဟင်းလင်းပြင် ကွပ်မျက်သူတွေလည်း ပါတာပေါ့ ”

“ဟုတ်တယ်၊ ဟင်းလင်းပြင် ကွပ်မျက်သူတွေလည်း ပါတာပဲ။”

မှန်လေးက ယုံကြည်ချက်ရှိရှိ ဖြေသည်။

“ဒါဆိုရင်တော့ အန္တရာယ်က ငါထင်ထားတာလောက် မများပါလား။”

ဖန့်ချန်၏ စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသည်။

သူ၏ လက်ရှိ စွမ်းအားအရဆိုလျှင် နေမင်းခုနှစ်းပါး အဆင့် ရှိသည့် စွမ်းအင်စုစည်းခြင်း အလယ်အဆင့် သူတော်စင်တစ်ဦး ပထမဆုံးအကြိမ် သူ့ရှေ့ကို ရောက်လာပါကပင် သူ၏ လက်သီးချက် အနည်းငယ်ကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

အကယ်၍ တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအားက သူကဲ့သို့ပင် ထူးခြားနေပြီး နတ်ဘုရားစွမ်းရည် (၂၀) ခုကို ထွင်းထုထားပါက မပြောတတ်သော်လည်း၊ သူ နားလည်ထားသော သတင်းအချက်အလက်များအရနေမင်းခုနှစ်ပါးအဆင့် ရှိသည့် ကျောင်းသား များတွင် နတ်ဘုရားစွမ်းရည် ထွင်းထု နိုင်မှု အများဆုံးမှာ (၉) ခုမှ (၁၃) ခုအထိသာ ရှိသည်။

တစ်ယောက်နှစ်ယောက်လောက် လျှို့ဝှက်ချက် ရှိနေရင်တောင်မှ (၁၅) ခုထက်တော့ ကျော်လွန်နိုင်မည် မဟုတ်ပေ။

သူနှင့် ယှဉ်လျှင် ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။

ထို့ကြောင့် ဤအတွင်းကမ္ဘာနယ်မြေ တားမြစ်ထားတဲ့နေရာတွင် ကောင်းကင်ငါးပါး ၏ အဆင့်မြင့်ဆုံး စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင်များနှင့် တွေ့ဆုံလျှင်ပင် သူ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

ပုံရိပ်များ တစ်ခုပြီးတစ်ခု ဤနေရာသို့ ရောက်ရှိလာကြသည်။

ဖန့်ချန် ပထမဆုံး ရောက်လာစဉ်က ဟောင်းလောင်း ဖြစ်နေသော နေရာမှာ ယခုအခါ အလွန်ပင် စည်ကားနေပြီ ဖြစ်သည်။

အနီးအနားတွင် ရှိနေသော ပုံရိပ်များကို ခန့်မှန်းရသော် အနည်းဆုံး (၅၀၀) ကျော် ရှိသည်။

သူသည် ယခုအချိန်တွင် ထိုနေရာရှိ သူများထဲမှ မည်သူက ယင်လောကမှ လာသည့် ဝိညာဉ်မျိုးနွယ်စု ဖြစ်သည်ကို ခွဲခြားနိုင်စွမ်း မရှိသေးပေ။

အလားတူပင်၊ အခြားသော ဟင်းလင်းပြင် ကွပ်မျက်သူများလည်း ဖန့်ချန်၏ နောက်ခံကို ခွဲခြားနိုင်မည် မဟုတ်ပါ။

လူတိုင်း၏ ပုံရိပ်မှာ ဝေဝါးနေပြီး စွမ်းအင်ဓာတ်များမှာလည်း အတွင်းကမ္ဘာနယ်မြေ တားမြစ်ထားတဲ့နေရာ၏ လွှမ်းမိုးမှုအောက်တွင် တစ်သားတည်း ဖြစ်နေသဖြင့် ခွဲခြား၍ မရနိုင်ပေ။

ကျင့်စဉ်အဆင့်၏ အားသာချက်၊ အားနည်းချက်ကိုသာ ကြည့်၍ ရနိုင်သည်။

သို့သော် ဟင်းလင်းပြင် ကွပ်မျက်သူများထဲတွင် မိမိ၏ နောက်ခံကို ဖုံးကွယ်ရန် မလိုသည့်သူများလည်း ရှိသည်။

အချို့မှာ အလွန်ပင် မာနကြီးကြပြီး ရောက်လာသည်နှင့် မိမိ၏ နောက်ခံကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုကြသည်။ ၎င်းမှာ အများ၏ ကြောက်ရွံ့မှုကို ဖြစ်စေသလို၊ အချို့၏ လျှာဖျားချိုသာမှုကိုလည်း ရရှိစေသည်။

ဖန့်ချန်မှာမူ ထိုသူတို့ဆီမှ အဖိုးတန်သည့် သတင်းအချက်အလက်များကို ရရှိလိုက်သည်။

ထိုသို့သော သူ (၃) ဦး ရှိသည်။

တစ်ဦးမှာ ထျန်းချင်းဇီ ဖြစ်ပြီး ရောက်လာသည်နှင့် သူ၏ နောက်ခံကို ထုတ်ဖော်လိုက်ရာ ဟင်းလင်းပြင် ကွပ်မျက်သူဟု ထင်ရသော သူများက အနားသို့ တန်းလာပြီး နှုတ်ဆက်ကြသည်။ ထိုသူတို့မှာ အရင်ကတည်းက သိကျွမ်းနေသူများ ဖြစ်သည်။

သူတို့ ပြောစကားများအရ ထိုထျန်းချင်းဇီ၏ နောက်ကွယ်တွင် ကောင်းကင်ရှင် သူတော်စင် အဆင့်နှင့် ညီမျှသော စွမ်းအားရှိသည့် ဟင်းလင်းပြင် ကွပ်မျက်သူတစ်ဦး ရှိနေနိုင်ကြောင်း သိရသည်။

ကျန် (၂) ဦးမှာ ‘မင်ယန်’ နှင့် ‘ဝူမာကျီး’ တို့ ဖြစ်ကြပြီး နောက်ခံအကြောင်းရင်းမှာလည်း ထျန်းချင်းဇီနှင့် အလားတူပင် ဖြစ်ကာ တစ်ဦးစီ၏ ဘေးတွင် ဟင်းလင်းပြင် ကွပ်မျက်သူ အုပ်စုလိုက် ဝိုင်းရံထားကြသည်။

ထို (၃) ဦး ရောက်လာသည်နှင့် ပြိုင်ဆိုင်လိုသည့် အငွေ့အသက်များက ထွက်ပေါ်လာသည်။ ဖန့်ချန်မှာလည်း သူတို့ကြားက ကဲ့ရဲ့လှောင်ပြောင်စကားများမှတစ်ဆင့် သူတို့အကြောင်းကို သိခွင့်ရလိုက်သည်။

‘ဒီလိုဆိုရင် ဟင်းလင်းပြင် ကွပ်မျက်သူတွေလည်း ယင်လောကလိုပဲ သူတို့ရဲ့ ကိုယ်ပိုင် အင်အားစုတွေနဲ့ စနစ်တစ်ခု တည်ဆောက်ထားတာပဲ။ သူတို့ရဲ့ အလုံးစုံသော အင်အားက ကောင်းကင်ငါးပါးနဲ့ ယှဉ်နိုင်မလားဆိုတာပဲ မသိတော့ဘူး။’

ဖန့်ချန် စိတ်ထဲတွင် အလေးအနက် စဉ်းစားမိသည်။

ကောင်းကင်ငါးပါး၊ ယင်လောကနှင့် ဟင်းလင်းပြင် ကွပ်မျက်သူများ။ ထိုအင်အားစု (၃) ခုထဲတွင် ကောင်းကင်ငါးပါးနှင့် ယင်လောကမှာ ခွဲခြား၍ မရနိုင်အောင် ဆက်စပ်နေသည်။

ဟင်းလင်းပြင် ကွပ်မျက်သူများကမူ ထို (၂) ခုလုံးနှင့် သီးခြားခွဲထွက်နေပြီး နှစ်ဖက်စလုံး၏ ရန်သူများ ဖြစ်ကြသည်။

ကောင်းကင်ငါးပါးအကြောင်း သူ နားလည်ထားသလောက်ဆိုလျှင် ‘ကောင်းကင်အရှင် သူတော်စင်’ များ၏ အရေအတွက်မှာ သူတော်စင် အများအပြားနှင့် ယှဉ်လျှင် အလွန်နည်းပါးသော်လည်း၊ တကယ်တမ်း တစ်ဦးချင်းစီ ရွေးထုတ်လိုက်လျှင် အများကြီးပင်။

လူသားမျိုးနွယ်စုကဲ့သို့သော အလယ်အလတ်အင်အားစုတွင်ပင် ကောင်းကင်အရှင် သူတော်စင် (၁) ဦး ရှိနေသေးသည်။

အထက်က အင်အားကြီး မျိုးနွယ်စုများမှာ ပို၍ပင် များပြားလိမ့်မည်။

ယုတ္တိအရဆိုလျှင် ဟင်းလင်းပြင် ကွပ်မျက်သူများမှာလည်း ကောင်းကင်ငါးပါးနှင့် အဆင့်တူ အင်အားရှိမှသာ ကောင်းကင်ငါးပါးက သူတို့ကို အလွန်အမင်း သတိထားကြမည် ဖြစ်သည်။

သို့သော် ဟင်းလင်းပြင်ကို ပို၍ နီးကပ်စွာ ထိတွေ့နိုင်ခြင်း၊ သူတစ်ပါး၏ အတွင်းကမ္ဘာနယ်မြေထဲသို့ စိတ်တိုင်းကျ ဝင်ထွက်နိုင်ခြင်းစသည့် ထူးခြားသော စွမ်းရည်များကြောင့် ကောင်းကင်ငါးပါးက သူတို့ကို ပို၍ ကြောက်ရွံ့နေခြင်းလည်း ဖြစ်နိုင်သည်။

အလုံးစုံသော အင်အားမှာ ကောင်းကင်ငါးပါးကို မမီနိုင်သော်လည်း တစ်ဦးချင်းစီ၏ စွမ်းအားမှာ သူတော်စင်များထက် ပို၍သာလွန်နေနိုင်ပေသည်။

စိတ်ထဲက အတွေးများကို ဖျောက်လိုက်ပြီးနောက် ဖန့်ချန်သည် အနားသို့ မကပ်ဘဲ အဝေးမှာပဲ နေနေသော သူတချို့ဆီသို့ အကြည့် ရောက်သွားသည်။

ဤသူများထဲတွင် ဝိညာဉ်မျိုးနွယ်စုဝင်များ ပါဝင်နေနိုင်ချေ ရှိသည်။

“ထျန်းချင်းဇီ၊ မင်း အသက်စွမ်းအင် အဆင့်ကို ရောက်နေပြီလို့ ကြားမိတာပဲ၊ ဘာလို့ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်နဲ့ပဲ ရှိနေသေးတာလဲ ‘စီရင်စု တားမြစ်နယ်မြေ’ က နည်းစနစ်အတွက် ငါတို့နဲ့ အလကား လာပြိုင်နေတာလား ”

ဘေးကလူနှင့် စကားပြောနေသော ထျန်းချင်းဇီသည် ထိုစကားကို ကြားသောအခါ အဝေးရှိ မင်ယန်ဆီသို့ မော့ကြည့်လိုက်သည်။

အနီးနားက လူများလည်း အားလုံး မော့ကြည့်လိုက်ကြသည်။ သူတို့၏ အမူအရာကိုတော့ မမြင်ရပေ။

“မင်ယန်၊ မင်းရဲ့ သတင်းအရင်းအမြစ်တွေ မှားနေပြီထင်တယ်၊ မင်းကို စိတ်ပျက်ရမှာပဲ။

ဒီတစ်ခါ ‘စီရင်စု တားမြစ်နယ်မြေ’ က နည်းစနစ်ကိုတော့ ငါ မရရအောင် ယူသွားမှာ။”

ထျန်းချင်းဇီက အေးစက်စက် လေသံဖြင့် ပြန်ပြောသည်။

“မရရအောင် ယူမယ် ဟားဟား၊ အရင်တစ်ခါတုန်းက မင်း အရှက်တကွဲ ဖြစ်ခဲ့တာ မေ့သွားပြီလား တစ်လတောင် မခံဘဲနဲ့ အထုတ်ခံလိုက်ရတာလေ။

နှစ်သုံးသောင်းတောင် စောင့်ပြီးမှ ထပ်လာပြန်ပြီပေါ့ အဲ့ဒီအချိန်နဲ့သာဆို မင်း ကမ္ဘာကြီး အဆင့်ကို ရောက်နေလောက်ပြီ။”

မင်ယန်က ရယ်မောသည်။

ထျန်းချင်းဇီက သူ့ကို စောင်းကြည့်လိုက်သည်

“မင်းလည်း အတူတူပဲ မဟုတ်လား”

ထိုအချိန်တွင် ဝူမာကျီးကမူ ဘာမှ မပြောဘဲ တိတ်ဆိတ်နေသည်။

သူမက အနီးအနားကို အေးဆေးစွာ တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“စီရင်စု တားမြစ်နယ်မြေက နှစ်သုံးသောင်းတစ်ခါ ပွင့်တယ်။ (၁၈) လွှာက လူတွေလည်း ဒီနေရာကို ခိုးဝင်လာကြဦးမယ်။ ဒီတစ်ခါရော အဲ့ဒီ လူမိုက်တွေ ဘယ်နှစ်ယောက် လာဦးမလဲ ”

ထိုစကားကြောင့် ထျန်းချင်းဇီနှင့် မင်ယန်တို့လည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြပြီး လှောင်ပြောင်ရယ်မောလိုက်ကြသည်။

“လူမိုက်တို့၊ သေချာ ပုန်းနေကြဦး၊ ငါတို့နဲ့ မတွေ့မိစေနဲ့၊ တွေ့ရင်တော့ မင်းတို့ကိုရော၊ မင်းတို့ရဲ့ အတွင်းကမ္ဘာနယ်မြေကိုပါ အကုန် ဝါးမျိုပစ်မယ် ”

အနီးအနားရှိ သူများမှာ အားလုံး တိတ်ဆိတ်နေကြသည်။

ယင်လောကမှ လာသည့် ဝိညာဉ်မျိုးနွယ်စုများမှာလည်း သူတို့၏ လှောင်ပြောင်စကားကြောင့် မိမိကိုယ်ကိုယ် ထုတ်ဖော်ပြသမည် မဟုတ်ပေ။

“ထားလိုက်ပါ၊ ဒီလူမိုက်တွေက နောက်ဆုံးအချိန် မရောက်မချင်း ပေါ်လာမှာ မဟုတ်ဘူး။”

မင်ယန်က ရယ်မောသည်။

“မကြာသေးခင်ကမှ (၁၈) လွှာက လာတဲ့ လူမိုက်တစ်ယောက်ကို ငါ ဝါးမျိုလိုက်တယ်၊ သူ့ရဲ့ ဝိညာဉ်နဲ့ အတွင်းကမ္ဘာနယ်မြေက အရသာ အလွန်ရှိတယ်။ မသေခင်မှာ သူက ငါ့ကို ‘နတ်ဆိုး’ လို့ အော်ခေါ်သွားသေးတယ်၊တကယ် ရယ်ရတယ်။”

ဟင်းလင်းပြင် ကွပ်မျက်သူများမှာလည်း ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ကြသည်။

အနီးအနားတွင် အေးစက်သော လေတိုက်ခတ်ခြင်း မရှိသော်လည်း ဖန့်ချန်မှာမူ သူသည် နတ်ဆိုးများကြားတွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

‘ဝိညာဉ်မျိုးနွယ်စု သူတော်စင်တွေကို ဝါးမျိုတယ် အတွင်းကမ္ဘာနယ်မြေပါ အကုန် ဝါးမျိုပစ်တယ် ဒါက တကယ် ဖြစ်နိုင်တာလား ဒါမှမဟုတ် နှိုင်းယှဉ်ချက်လား’

ဖန့်ချန်၏ မျက်လုံးများတွင် လေးနက်သော အသွင်အပြင်များ ပေါ်လာသည်။

သူ အရင်က နားလည်ထားသော ဟင်းလင်းပြင် ကွပ်မျက်သူတို့၏ စွမ်းရည်မှာ သူတော်စင်တစ်ဦး၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်ပြီး လုပ်ကြံခြင်းမျိုးသာ ဖြစ်သည်။

ဟင်းလင်းပြင် ကွပ်မျက်သူများက အတွင်းကမ္ဘာနယ်မြေကို ဝါးမျိုနိုင်သည်ဟု ဘယ်ကျမ်းစာထဲမှာမှ မပါဝင်ခဲ့ပေ။

တကယ်သာ ထိုနည်းလမ်းမျိုး ရှိနေပါက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုအချိန်တွင် ဒေါသတကြီး အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“မင်ယန် နတ်ဆိုး၊ တစ်နေ့ကျရင် ငါ မင်းကို ဖမ်းပြီး ယင်လောကကို ခေါ်သွားမယ်၊ ဟွမ်ရွှီး အမွှေးတိုင် လုပ်ပြီးတော့ ထာဝရ မလွတ်မြောက်နိုင်အောင် လုပ်ပစ်မယ်”

ပတ်ဝန်းကျင်ရှိ သူများမှာ အံ့အားသင့်သွားကြပြီး၊ ဖန့်ချန်ပင်လျှင် မယုံနိုင်စွာဖြင့် မော့ကြည့်လိုက်မိတော့သည်။

အခန်း ၂၃၃၄ - ကန့်သတ်ခေါ်ယူခြင်း ပညာရပ်

ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားသည်။ အော်ဟစ်ဆဲဆိုလိုက်သည့် အတည်ပြုချက်အရ ထိုသူသည် မိမိကိုယ်ကိုယ် ဝိညာဉ်မျိုးနွယ်စုဝင် ဖြစ်ကြောင်း ပေါ်လွင်သွားပြီ ဖြစ်သည်။

တစ်ဖက်လူက မင်ယန်နှင့် ရန်ငြိုးရှိနေတာလား။ မင်ယန် လွန်ခဲ့တဲ့ရက်ပိုင်းက ဝါးမျိုလိုက်တဲ့ ဝိညာဉ်မျိုးနွယ်စု သူတော်စင်ဟာ ဒီလူရဲ့ ဆွေမျိုးသားချင်း ဖြစ်နေတာလား။

အခုဆိုလျှင် အနီးနားရှိ ဟင်းလင်းပြင် ကွပ်မျက်သူများမှာ တစ်ဖက်သို့ ရှောင်ဖယ်သွားကြပြီး၊ ဖန့်ချန်၏ မျက်လုံးထဲတွင် ထိုသူသည် အလွန်သိသာထင်ရှားစွာပင် မူလနေရာ၌ ရပ်နေကာ မင်ယန်ကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“မင်းက (၁၈) လွှာက လာတဲ့ အမှိုက်တစလား။ ဟဲဟဲ၊ ငါ လွန်ခဲ့တဲ့ရက်ပိုင်းက စားလိုက်တဲ့ မိန်းမပျိုက မင်းရဲ့ ဇနီးသည် ဖြစ်နေတာလား။”

မင်ယန်က ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

ထျန်းချင်းဇီနှင့် ဝူမာကျီးတို့၏ အကြည့်များမှာလည်း ထိုသူ့ထံသို့ တစ်ပြိုင်နက် ကျရောက်သွားသည်။ သို့သော် သူတို့၏ မျက်လုံးအရိပ်အကဲများမှာမူ ပတ်ဝန်းကျင်ကိုသာ ဆက်လက် စူးစမ်းနေဆဲဖြစ်သည်။

ဤ ‘စီရင်စု တားမြစ်နယ်မြေ’ ထဲတွင် အခြားသော ဝိညာဉ်မျိုးနွယ်စုများ ရှိမရှိကို ခွဲခြားသိမြင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

“မင်း တစ်နေ့ကျရင် နောင်တရလိမ့်မယ်၊ အဲ့ဒီနေ့ရောက်ရင် ဒီနေ့လိုမျိုး မင်းရဲ့ အောင်ပွဲခံတဲ့ အပြုံးတွေကို ဆက်ထိန်းထားနိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။”

ထိုသူသည် မင်ယန်ကို အေးစက်စက် ကြည့်ပြီး ပြောပြီးသည့်နောက်တွင် စကားတစ်ခွန်းမျှ ထပ်မဆိုတော့ပေ။

စီရင်စု တားမြစ်နယ်မြေ၏ စည်းကမ်းချက်ကြောင့် အနီးနားရှိ ဟင်းလင်းပြင် ကွပ်မျက်သူများသည် သူသည် (၁၈) လွှာမှ လာသည့် ဝိညာဉ်မျိုးနွယ်စုမှန်း သိသော်လည်း ယခုအချိန်တွင် ဘာမှ လုပ်၍ မရပေ။ သူတို့၏ အကြည့်များသာလျှင် ရက်စက်ကြမ်းတမ်းစွာဖြင့် စိုက်ကြည့်နေမိသည်။

“တကယ်လို့သာ အဲ့ဒီနေ့မျိုး ရောက်လာခဲ့ရင်၊ ငါတို့ ‘စစ်မှန်သော ဝိညာဉ်မျိုးနွယ်စု’ က မင်းတို့ (၁၈) လွှာရဲ့ အကာအကွယ်ကို လုံးဝ ဖျက်ဆီးပြီး ဝင်သွားမယ် မင်းတို့လို အမှိုက်တွေကို ဒူးထောက် တောင်းပန်ခိုင်းလိမ့်မယ် ”

မင်ယန်က ရယ်မော၍ ပြောသည်။

အနီးအနားရှိ ဟင်းလင်းပြင် ကွပ်မျက်သူများလည်း ထိုရယ်သံကို လိုက်လံ အားပေးကြသည်။ ထူးဆန်းသော၊ ရန်လိုသော၊ လှောင်ပြောင်သော ရယ်သံများ ဖြစ်သည်။

“နတ်ဆိုးက နတ်ဆိုးပါပဲ၊ သူတို့ကို သူတို့ ‘စစ်မှန်သော ဝိညာဉ်မျိုးနွယ်စု’ တဲ့လား။ မင်းတို့က လောကမှာ အညံ့ဖျင်းဆုံး၊ အညစ်ပတ်ဆုံး အရာတွေပါ။”

တစ်ဖက်လူက နောက်တစ်ကြိမ် ပြန်ပြောလိုက်သည်။

ထိုစကား ထွက်လာသည်နှင့် အနီးအနားရှိ ဟင်းလင်းပြင် ကွပ်မျက်သူများ၏ ရယ်သံများမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူတို့၏ မျက်နှာကို မမြင်ရသော်လည်း ထိုဝေဝါးသော ပုံရိပ်များအောက်တွင် ဒေါသအမျက်များဖြင့် ပြည့်နှက်နေမည်မှာ အသေအချာပင်။

မင်ယန်၏ အသံမှာလည်း အေးစက်သွားသည်။

“အမှိုက်၊ ဒီနေရာက ကိစ္စ ပြီးသွားရင် မထွက်သွားဘဲ နေရဲလား။ ငါနဲ့ မင်း တစ်ဦးချင်း ယှဉ်ပြိုင်ကြမယ်။

ဘယ်သူက လောကရဲ့ အညစ်ပတ်ဆုံး အရာလဲဆိုတာ ကြည့်လိုက်ရအောင်”

“စစ်မှန်သော ဝိညာဉ်မျိုးနွယ်စု”

ဖန့်ချန် အနည်းငယ် ကြောင်သွားသည်။ ဟင်းလင်းပြင် ကွပ်မျက်သူတွေက သူတို့ကို သူတို့ ဒီလို ခေါ်ကြတာလား။

“စစ်... မှန်သော... ဝိညာဉ်... သူတို့က သူတို့ကို သူတို့ပဲ တကယ့် ဝိညာဉ်မျိုးနွယ်စုလို့ ထင်နေကြတာလား။”

ဖန့်ချန်၏ အမူအရာမှာ ထူးဆန်းသွားသည်။ ဝိညာဉ်မျိုးနွယ်စုများက ဟင်းလင်းပြင် ကွပ်မျက်သူများကို ‘နတ်ဆိုး’ ဟု ခေါ်ဆိုသည်ကို ပြန်တွေးမိသည်။

သူ့စိတ်ထဲတွင် ဟင်းလင်းပြင် ကွပ်မျက်သူများ၏ နောက်ခံအကြောင်းရင်းကို နားလည်လာသလို ဖြစ်သွားသည်။

“မင်ယန် နတ်ဆိုး၊ မင်းသာ တစ်ဦးတည်း ယင်လောကကို လာရဲရင်၊ အဲ့ဒီအခါကျရင် မင်းနဲ့ တစ်ဦးချင်း ယှဉ်ပြိုင်ပြီး မင်းလို အောက်တန်းစား အမှိုက်က ဘယ်လောက်အထိ အသုံးမကျလဲဆိုတာကို သိစေရမယ်။”

“သတ္တိရှိလှချည်လား”

“မင်းက ဘာကောင်မို့လို့ မင်ယန် မင်းသားကို အခုလို ထပ်ခါတလဲလဲ စော်ကားရဲတာလဲ ”

“မင်းရဲ့ နောက်ခံကို ပြောစမ်း၊ အမှိုက် ”

“ငါတို့ (၁၈) လွှာကို ရောက်တဲ့အခါ မင်းကို မုချ ရှာတွေ့စေရမယ်”

“ငါ့ရဲ့ နောက်ခံလား ချင်းမင် ယင်လောက၊ ပိုင်ဇီ ဝူရွှမ် ။ မင်းတို့ (၁၈) လွှာကို လာတဲ့အခါ ငါ့ကို လာရှာဖို့ မမေ့နဲ့၊ မလာရှာရင် မင်းတို့က ငါ့ရဲ့ မြေးတွေပဲ ”

ပိုင်ဇီ ဝူရွှမ်သည် သူ၏ နောက်ခံကို ရဲရဲဝံ့ဝံ့ ထုတ်ပြောလိုက်ပြီး ဟင်းလင်းပြင် ကွပ်မျက်သူများကို နောက်တစ်ကြိမ် လှောင်ပြောင်လိုက်သည်။

ထိုနေရာရှိ ဟင်းလင်းပြင် ကွပ်မျက်သူများမှာ ပိုင်ဇီ ဝူရွှမ်၏ နာမည်ကို ကြားလိုက်သည်နှင့် တိတ်ဆိတ်သွားကြပြီး အားအင်များလည်း ကျဆင်းသွားသည်။ ပိုင်ဇီ ဆိုသော စကားလုံးက သူတို့ကို မသိမသာ ဖိအားပေးနေသကဲ့သို့ပင်။

“ပိုင်ဇီမျိုးနွယ်စုက ဝိညာဉ်မျိုးနွယ်စုလား ”

ဖန့်ချန် မျက်လုံးအရိပ်အကဲ ပြောင်းသွားသည်။ ဒီလိုဆိုရင်တော့ တစ်ဖက်လူရဲ့ နောက်ခံက ရိုးရိုးလေးတော့ မဟုတ်ပေ။

ဤပိုင်ဇီမျိုးနွယ်စုမှာ ယင်လောကတွင် အင်အားကြီးမားသည့် မျိုးနွယ်စုဖြစ်ပြီး၊ လူ့လောကတွင်ဆိုလျှင် ရှီးမျိုးနွယ်စုကဲ့သို့ပင် အဆင့်အတန်းရှိလိမ့်မည်။

“ပိုင်ဇီမျိုးနွယ်စု ဒါကြောင့်မို့လို့ ဒီလောက်တောင် သတ္တိရှိတာကိုး။”

မင်ယန်၏ မျက်လုံးအောက်နက်နက်တွင် စိုးရိမ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ပိုင်ဇီမျိုးနွယ်စုတွင် ကောင်းကင်ရှင် အဆင့် သူတော်စင်များစွာ ရှိသည်။ နောက်ခံအဆင့်အတန်းနှင့်သာ ယှဉ်လျှင် သူသည်လည်း ထိုအမှိုက်ကောင်လောက် မကြီးမားပေ။

ဒါပေမဲ့...

ဤသည်မှာ ဟင်းလင်းပြင် အဆင့် (၂၁) ဖြစ်သည်၊ (၁၈) လွှာ ယင်လောက မဟုတ်ပေ။

မင်ယန် ရုတ်တရက် ရယ်မောလိုက်သည်။

“ငါ ပြောသားပဲ၊ မင်း ဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲဆိုတာ။ အရင်တုန်းက ငါ ဝါးမျိုလိုက်တဲ့ တစ်ယောက်ကလည်း မင်းတို့ ပိုင်ဇီမျိုးနွယ်စုကအမှိုက်တစ်ကောင် ဖြစ်နေတာပဲကိုး ”

“မင်ယန် နတ်ဆိုး၊ မင်းဟာ အမေမရှိတဲ့ အကောင်ပဲ”

ပိုင်ဇီ ဝူရွှမ်က အေးဆေးစွာ ပြောသည်။

မင်ယန်၏ အပြုံးမှာ ရုတ်တရက် တောင့်တင်းသွားသည်။

“မင်း ဘာပြောလိုက်တယ်”

“အမေ မရှိတဲ့ကောင်၊ ပါးစပ်ပိတ်ထား၊ နောက်ကျရင် မင်းကို ငါ ပြသပေးမယ်။”

“မင်း...”

နောက်ပိုင်းအချိန်ကာလ အတော်ကြာအောင် ပိုင်ဇီ ဝူရွှမ်နှင့် မင်ယန်တို့မှာ စကားဖြင့် အပြန်အလှန် တိုက်စစ်ဆင်နေကြတော့သည်။

စီရင်စု တားမြစ်နယ်မြေ၏ စည်းကမ်းချက်ကြောင့် နှစ်ဦးစလုံး လက်မပါနိုင်ကြဘဲ ပါးစပ်ဖြင့်သာ တစ်ဖက်နှင့်တစ်ဖက် စော်ကားနေကြသည်။

ထျန်းချင်းဇီက မကြာခဏဆိုသလို မီးထိုးပေးတတ်သော်လည်း ပိုင်ဇီ ဝူရွှမ်၏ အဆဲဆို ခံလိုက်ရသည်။

ဆဲဆိုခြင်း ပိုင်းတွင် ပိုင်ဇီဝူရွှမ်က တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေသည်။

ထျန်းချင်းဇီနှင့် မင်ယန်တို့နှင့် ရင်ဆိုင်ရသော်လည်း အားမလျော့သွားပေ။

ရက်အနည်းငယ် ကြာပြီးနောက်တွင် သူတို့အားလုံး ပင်ပန်းသွားကြပြီး တိတ်ဆိတ်သွားကြသည်။

မသိမသာပင် နှစ်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြီး၊ စီရင်စု တားမြစ်နယ်မြေ ပွင့်မည့်ရက်သို့ ပို၍ နီးကပ်လာသည်။

ထိုအချိန်အတွင်း ဟင်းလင်းပြင် ကွပ်မျက်သူအချို့ ထပ်မံ ရောက်ရှိလာကြသည်။ သူတို့ ရောက်လာခြင်းက မင်ယန်၊ ထျန်းချင်းဇီ နှင့် ဝူမာကျီးတို့ကို အနည်းငယ်... တုန်လှုပ်ခြောက်ခြားသွားစေသည်။

ထိုသူသုံးဦးက ထင်ရှားအောင် မပြသသော်လည်း နောက်မှ ရောက်လာသူများ၏ ရှေ့တွင် သူတို့၏ အသံနေအသံထားမှာ ပြောင်းလဲသွားပြီး ပို၍ သတိထားနေကြသည်ကို ဖန့်ချန် သတိထားမိလိုက်သည်။

ဆိုလိုသည်မှာ နောက်မှ ရောက်လာသူများ၏ နောက်ခံအဆင့်အတန်းမှာ မင်ယန်တို့ထက် ပို၍ ကြီးမားနေခြင်းပင်။

“မှန်လေး (၁၀) နှစ် ပြည့်တော့မယ်၊ စီရင်စု တားမြစ်နယ်မြေထဲက နတ်ဘုရားစွမ်းရည် က ဘာလဲဆိုတာ ပြောပြလို့ ရပြီလား။”

ခဏအကြာတွင် မှန်လေး ၏ အသံက ဖန့်ချန်၏ နားထဲသို့ ရောက်လာသည်။

“အင်း၊ အခုတော့ ဆက်စပ်မှုတွေက နည်းသွားပြီဆိုတော့ ကြိုပြောပြလိုက်ရင်လည်း အဆင်ပြေပါတယ်။

ဒီစီရင်စု တားမြစ်နယ်မြေထဲက နတ်ဘုရားစွမ်းရည်ရဲ့ နာမည်က ကန့်သတ်ခေါ်ယူခြင်း ပညာရပ် ပဲ။”

“ကန့်သတ်ခေါ်ယူခြင်း ပညာရပ်”

“ဟုတ်တယ်။ ဒီ ကန့်သတ်ခေါ်ယူခြင်း ပညာရပ်က အခုလက်ရှိ ယင်လောကမှာတောင် ဘယ် ဝိညာဉ်မျိုးနွယ်စုမှ မသုံးတတ်ကြတော့ဘူး။

ဝိညာဉ်မျိုးနွယ်စုပဲ ဖြစ်ဖြစ်၊ ဟင်းလင်းပြင် ကွပ်မျက်သူပဲ ဖြစ်ဖြစ်၊ သူတို့အားလုံးက ဒီ အတွင်းကမ္ဘာနယ်မြေထဲက စွမ်းအားက အံ့ဩဖွယ်ကောင်းတယ်လို့ပဲ သိထားကြလို့ လာလုကြတာပါ။

ဒါပေမဲ့ ဒီစွမ်းအားရဲ့ အရင်းအမြစ်ကို ဘယ်သူမှ မသိကြဘူး။

မင်းသာ ‘ကန့်သတ်ခေါ်ယူခြင်း ပညာရပ်’ ကို နားလည်သွားရင်၊ သူ့ရဲ့ အသုံးဝင်ပုံကို သိလာမှာပါ။ ဒီ အတွင်းကမ္ဘာနယ်မြေရဲ့ နောက်ခံကိုလည်း အဲ့ဒီအချိန်ကျရင် ငါ ပြောပြနိုင်မယ်။”

ဖန့်ချန် ခေါင်းညိတ်ကာ စဉ်းစားနေမိသည်။

ဒီလိုဆိုရင်တော့ ဒီ အတွင်းကမ္ဘာနယ်မြေရဲ့ နောက်ကွယ်က ဆက်စပ်မှုက အတော်လေး ကြီးမားနေတာပဲ။

အခုအချိန်အထိ မှန်လေး မပြောနိုင်တဲ့ အချက်တွေက အများကြီး ရှိနေသေးတယ်။

သူ့ကို အတွင်းကမ္ဘာ ကျောက်တုံး တွေ အလုံအလောက် ကျွေးနိုင်မှသာလျှင် ဖြစ်လိမ့်မည်။

သို့သော် သူ မမျှော်လင့်ထားသည်မှာ အနီးအနားက သူတွေဟာ ဒီနေရာက စွမ်းအားအကြောင်း ဘာမှမသိဘဲ၊ အားကောင်းမယ်လို့ပဲ ထင်ပြီး လုယက်နေကြခြင်း ဖြစ်သည်။

ဒါကလည်း အားသာချက်တစ်ခုပဲ။

နောင်အခါ သူ ဒီပညာရပ်ကို ရသွားပြီး လူ့လောကမှာ သုံးရင်တောင် ဘယ်သူမှ ဒီ စီရင်စု တားမြစ်နယ်မြေနဲ့ ဆက်စပ်ပြီး တွေးမိကြမှာ မဟုတ်ဘူး။

ဒီအချိန်မှာပဲ ဘာကြောင့်မှန်းမသိ ပိုင်ဇီ ဝူရွှမ်နှင့် မင်ယန်တို့က တစ်ဖန်ပြန်ပြီး ဆဲဆိုနေကြပြန်သည်။ နောက်ပိုင်းသူက ရှေ့လူလို စကားလုံး မကြွယ်ဝတော့ဘဲ အကြိမ်ကြိမ် အပြောခံရပြီး စကားမပြောနိုင် ဖြစ်သွားသည်။

မင်ယန်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားပြီး ဘေးနားက လူတွေ ကြည့်နေသည်ကို သတိထားမိသဖြင့် ပို၍ပင် ဒေါသထွက်နေသည်။

သူက စိတ်ထဲကနေ အသည်းအသန် ကျိန်ဆိုလိုက်သည်။

ဒီကိစ္စပြီးရင် ဒီကောင်ကို ဒီနေရာမှာတင် သတ်ပစ်မယ်၊ (၁၈) လွှာ ယင်လောကကို ပြန်မလွတ်စေရဘူး။ မဟုတ်ရင် သူခံစားရတဲ့ ဒီရန်ငြိုးကို ဘယ်အချိန်မှ ပြန်ဆပ်ရမှန်း သိတော့မှာ မဟုတ်ဘူး။

နောက်ဆုံးတွင် (၁၀) နှစ်ပြည့်မြောက်သွားပြီ ဖြစ်သည်။

ဖန့်ချန် ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း မတ်လိုက်ပြီး ပတ်ဝန်းကျင်ကို သေချာ စောင့်ကြည့်လိုက်သည်။

မသိလိုက်တဲ့ကြားထဲမှာပဲ ဒီနေရာတစ်ဝိုက်တွင် အဖြူရောင် မြူခိုးတွေ ဖုံးလွှမ်းသွားသည်။

မြူခိုးတွေကြားထဲတွင် အလွန်ပင် ကြီးမားမြင့်မားလှသည့် အရိပ်အချို့က ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် သူတို့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။

ရှိနေသူ အားလုံးမှာ တည်ငြိမ် လေးနက်သော အမူအရာဖြင့် စောင့်ဆိုင်းနေကြတော့သည်။

All Chapters