အခန်း ၁၁၂၀
Vol. 107 Ch. 1120
အခန်း ၁၁၂၀ မြွေဘုရင်ကို ဝိုင်းရံခြင်း
"တာရာ... ရိုလီ... ငါ မင်းတို့ကို လူသားတွေထဲမှာ လူဆိုးတွေလည်း ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား" လုံချန်းက အနားရှိ ညီအစ်ကို နှစ်ယောက်ကို လှမ်းမေးလိုက်၏။
ထိုနှစ်ယောက်က ပြန်လည်၍ ခေါင်းညိတ်ပြကြသည်။
"အခုတော့ အဲဒီလူဆိုးအချို့ ဒီကို လာနေကြပြီပဲ။ လာကြ... မင်းတို့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့ ပွဲကောင်းတစ်ပွဲကို ငါ ပြပေးမယ်" လုံချန်းက ဖြည်းဖြည်းချင်း ပြုံးလိုက်ရင်း မြင့်မားသော အဆောက်အအုံ အချို့ကြောင့် ဤနေရာမှ လှမ်းမမြင်ရသေးသည့် မြွေဘုရင် ရှိရာဆီသို့ ဦးတည်လျှောက်လှမ်းသွားခဲ့တော့သည်။
တာရာနှင့် ရိုလီတို့သည်လည်း ခွန်အားများ ပြန်လည် ပြည့်ဝလာပြီဖြစ်သဖြင့် ထရပ်လျက် နောက်မှ လိုက်ပါလာခဲ့ကြ၏။ မင်ယု၊ ကျိချင်းနှင့် ချူမြောင်တို့သည်လည်း ထိုထူးဆန်းသော သတ္တဝါနှစ်ကောင်ကို စိတ်ဝင်တစား ကြည့်ရှုရင်း လုံချန်းနှင့်အတူ လျှောက်လှမ်းလာခဲ့ကြသည်။
သူမတို့သည် ထိုသတ္တဝါများမှာ မည်သည့် မျိုးနွယ်စု ဖြစ်သည်ကို သဘောမပေါက်နိုင်ကြသေးချေ။ လုံချန်းနှင့် ထိုလူများအကြား ပြောဆိုချက်အရဆိုလျှင် သူတို့သည် လုံချန်း သွားရောက်ခဲ့ဖူးသော အခြားကမ္ဘာတစ်ခုမှ ဖြစ်ရပေမည်။ ၎င်းမှာ သူတို့နှင့် မဆုံတွေ့ရခင်က ဖြစ်ရမည်ဖြစ်ပြီး ထိုကဲ့သို့သော အကြောင်းအရာမျိုးကို သူတို့ လုံးဝ မမှတ်မိသောကြောင့် ဖြစ်၏။
သူတို့သည် ထိုလူများအကြောင်းကို ပိုမိုမေးမြန်းချင်သော်လည်း တာရာနှင့် ရိုလီတို့၏ အရှေ့တွင် မေးမြန်းပါက သူတို့အား စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို သိရှိထားကြသည်။
ထို့ကြောင့် သူတို့သည် ပါးစပ် ပိတ်ထားခဲ့ကြပြီး မေးခွန်း အားလုံးကို နောက်မှမေးရန်သာ သိမ်းဆည်းထားလိုက်ကြတော့၏။
...
"အဲဒီနောက်မှာတော့... ငါက ကောင်းကင်ဧကရာဇ်ကို အမိအရ ဆွဲပြီး ပညာပေးလိုက်တာပေါ့ကွာ။ သူက ငါ့ရဲ့ သူငယ်ချင်းအကြောင်းကို မကောင်းပြောရဲသေးတာကိုး။ မင်းတို့သာ အဲဒီတုန်းက သူ့မျက်နှာကို မြင်လိုက်ရရင် အကောင်းသား။ ငါ့လက်ချက်နဲ့ သူ့မျက်နှာတစ်ခုလုံး ဖူးယောင်နေတာလေ"
"အဲဒီမှာတင် ကောင်းကင်ဧကရာဇ်က မျက်ရည်စက်လက်နဲ့ သူ့ကို ခွင့်လွှတ်ပေးဖို့ ငါ့ကို ဒူးထောက်အသနားခံတော့တာပဲ။ နောက်ဆုံးတော့ ငါလည်း သနားသွားတာနဲ့ သူ့အသက်ကို ချမ်းသာပေးလိုက်ပါတယ်။ အဲဒီနေ့ကစပြီး သူ ငါ့ကို မြင်ရင်ကို ကြောက်လို့ တုန်နေတော့တာပဲ"
မြွေဘုရင်သည် ဝိညာဉ်နက်ဂိုဏ်းဝင် ထောင်ပေါင်းများစွာ ရှေ့တွင် မိမိကိုယ်မိမိ မည်မျှ ကြီးမြတ်သော ဘုရင်တစ်ပါး ဖြစ်ကြောင်း ကြွားလုံးထုတ်ကာ အာပေါင်အာရင်း သန်သန် ပြောဆိုနေခဲ့သည်။
အချို့လူများက သူ လိမ်ညာနေခြင်းဖြစ်သည်ဟု ထင်မှတ်နေကြသော်လည်း အများစုကမူ သူ့စကားများကို ယုံကြည်ကာ အံ့အားသင့်နေကြရ၏။
မြွေဘုရင်သည် သူ့ပုံပြင်ကို စတင်ပြောပြကတည်းက စိတ်ပါလက်ပါ အာရုံစိုက်နေခဲ့သဖြင့် ထိုနေရာမှ ဂိုဏ်းချုပ်ဖြစ်သူ တိတ်တဆိတ် ထွက်ခွာသွားသည်ကိုပင် သတိမထားမိခဲ့ချေ။
သူမသည် ဂိုဏ်း၏ လူသူမရှိသော လူသူကင်းဝေးရာ ထောင့်တစ်နေရာသို့ သွားရောက်ကာ အခြားထိပ်သီးဂိုဏ်းများမှ ဂိုဏ်းချုပ်များကို အကြောင်းကြားရန်အတွက် ဆက်သွယ်ရေးအဆောင်အား အသုံးပြုလိုက်သည်။ သူမသည် ဂိုဏ်းပေါင်း တစ်ဆယ့်ရှစ်ဂိုဏ်းစလုံးကို လှမ်း၍ ဆက်သွယ်ခဲ့ပြီး လုံချန်း ရောက်ရှိနေသည့်အကြောင်းအား ပြောပြခဲ့၏။
သူမသည် လုံချန်း၏ ကျင့်ကြံခြင်း အဆင့်ကို အကဲမဖြတ်နိုင်ခဲ့ဘဲ လုံချန်း ယခုကဲ့သို့ မောက်မာနေနိုင်ခြင်းမှာ ကောင်းကင်ဘုံအဆင့် သားရဲကြီးကြောင့်သာ ဖြစ်မည်ဟု ယူဆထားခဲ့သည်။ သူမ တစ်ယောက်တည်းသာဆိုပါက လုံချန်း၏ သနားညှာတာမှုကို ခံရမည့် အခြေအနေ ဖြစ်ပေသည်။
မည်သူသိနိုင်မည်နည်း... နောက်ပိုင်းတွင် သူသည် သူမကို သတ်ပစ်ရန်ပင် တောင်းဆိုလာနိုင်ပြီး အထွတ်အထိပ် ကောင်းကင်ဘုံအဆင့် သားရဲကြီး ရှေ့တွင် သူမ တစ်ယောက်တည်းဖြင့် လုံးဝ တုံ့ပြန်နိုင်မည် မဟုတ်ချေ။
သူမ၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မိသဖြင့် သူမသည် ဤစွန့်စားမှုကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ အထွတ်အထိပ် ကောင်းကင်ဘုံအဆင့် သားရဲကြီးတစ်ကောင်က သန်မာသည်ဆိုသော်လည်း သူမအပါအဝင် ကောင်းကင်ဘုံနယ်ပယ် ဂိုဏ်းချုပ် တစ်ဆယ့်ကိုးယောက်၏ ပူးပေါင်းတိုက်ခိုက်မှု ရှေ့တွင်မူ ထိုမြွေကြီးမှာ အခွင့်အရေး ရှိမည် မဟုတ်ချေ။
သူမသည် အခြားသူများကို ဆက်သွယ်လိုက်သောအခါ လုံချန်းသည် အထွတ်အထိပ် ကောင်းကင်ဘုံအဆင့် သားရဲတစ်ကောင်နှင့်အတူ ရောက်ရှိလာပြီး မိမိ ဂိုဏ်းကို အနိုင်ကျင့်နေသည့်အပြင် နောက်ပိုင်းတွင် သူ့အား လိုက်လံဖမ်းဆီးခဲ့သည့် အခြားဂိုဏ်းများကိုလည်း တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ဖျက်ဆီးပစ်မည်ဟု ပြောဆိုနေကြောင်း ပုံကြီးချဲ့၍ ပြောကြားခဲ့သည်။
အခြားဂိုဏ်းချုပ်များသည် အထွတ်အထိပ် ကောင်းကင်ဘုံအဆင့် သားရဲတစ်ကောင်ကို ရင်ဆိုင်ရမည်ဆိုသဖြင့် အနည်းငယ် ကြောက်ရွံ့မိကြသော်လည်း သူမ၏ စကားများကို ယုံကြည်သွားကြသဖြင့် ယခုကဲ့သို့ ပြုလုပ်ရန် အရေးကြီးကြောင်း သဘောပေါက်လိုက်ကြ၏။
အကယ်၍ သူတို့သာ ယခုအချိန်တွင် နောက်ဆုံးအဆင့်အနေနှင့် ပူးပေါင်း မတိုက်ခိုက်ပါက လုံချန်းက သူတို့အား တစ်ယောက်ပြီးတစ်ယောက် အမှည့်ခြွေ ခြွေပစ်နိုင်ပေမည်။ လုံချန်းသည် သူတို့ ဂိုဏ်းများကို အစဉ်တစိုက် ဆန့်ကျင်ခဲ့ဖူးသဖြင့် သူ့ရည်ရွယ်ချက်ကို သူတို့ သံသယ မဖြစ်ကြချေ။ နှစ်ဖက်စလုံးအကြား ရန်ငြိုးရန်စက အသေအချာ သတ်မှတ်ပြီးသားဖြစ်ရာ လုံချန်းကို လွတ်မြောက်သွားခွင့် မပေးချင်ကြတော့ပေ။
ဤနေ့တွင်မူ သူက ကောင်းကင်ဘုံအဆင့် သားရဲတစ်ကောင်ဖြင့် ဤနေရာသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ အကယ်၍ နောက်တစ်ကြိမ်တွင် သူတို့ဂိုဏ်းသို့ ရောက်လာလျှင်...။ သို့တည်းမဟုတ် ပိုဆိုးသည်မှာ ထိုသားရဲကြီးက အနာဂတ်တွင် သူတော်စင် နယ်ပယ် အထိ တိုးတက်သွားခဲ့လျှင်...။ ထိုအချိန်ရောက်ပါက သူတို့အားလုံး ပူးပေါင်းရင်ဆိုင်လျှင်ပင် မည်သူမျှ သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ယခုအချိန်ကသာ သူတို့ကို နှိမ်နင်းနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ ဂိုဏ်းချုပ်များသည် တစ်စက္ကန့်မျှပင် နှောင့်နှေးမနေတော့ဘဲ ဤနေရာသို့ အမြန်ဆုံး ရောက်ရှိလာနိုင်ရန်အတွက် တာဝေး နေရာပြောင်း အဆောင်များကို အသုံးပြုကာ ချက်ချင်း ထွက်ခွာလာခဲ့ကြတော့၏။
...
မြွေဘုရင်သည် ပုံပြင်များကို ဆက်လက် ပြောပြနေစဉ် ရုတ်တရက် ရပ်တန့်လိုက်ပြီး ဝေးလံသော နေရာဆီသို့ လှမ်းကြည့်လိုက်သည်။
"ဟင်... ဒီပိုးမွှားတွေက ဘယ်ကနေ ရောက်လာကြတာလဲ" မိမိတို့ထံသို့ ဦးတည်ပျံသန်းလာနေသော ကောင်းကင်ဘုံနယ်ပယ် ကျွမ်းကျင်သူ တစ်ဆယ့်ခုနစ်ယောက်ကို မြင်လိုက်ရသဖြင့် မြွေဘုရင်က အံ့သြစွာ ရေရွတ်လိုက်မိ၏။
တစ်ဆယ့်ရှစ်ယောက်မြောက် ဂိုဏ်းချုပ်ကမူ အကြောင်းပြချက် အမျိုးမျိုးပေးကာ မပါဝင်ဘဲ ငြင်းဆင်ခဲ့သည်။ သို့သော် အစစ်အမှန် အကြောင်းပြချက်ကမူ သီးခြားဖြစ်ပေသည်။
ထိုတစ်ဆယ့်ရှစ်ယောက်မြောက် ဂိုဏ်းချုပ်မှာ ဤတိုက်ကြီး၏ အဓိက မိစ္ဆာဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်းဖြစ်သော မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းမှ ဖြစ်သည်။ ဤသည်က အလွန် သန်မာသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သော်လည်း ဂိုဏ်းချုပ်ဖြစ်သူက မိမိတို့ဘက်နှင့် လုံချန်းအကြား မည်သည့်ရန်ငြိုးမျှ မရှိခဲ့ကြောင်း ကောင်းစွာသိရှိထားသဖြင့် လုံချန်း မိမိတို့အား တိုက်ခိုက်လိမ့်မည်ကို စိုးရိမ်မနေချေ။
အမှန်တကယ်တွင်မူ လုံချန်းသည် တစ်ချိန်က သူတို့ဂိုဏ်း၏ ထိပ်သီးတပည့် ခေါင်းဆောင်လည်းဖြစ် သူ့သားအရင်းလည်းဖြစ်သော မန်ရှန်းလီ၏ အသက်ကို ကယ်တင်ပေးခဲ့ဖူးသည်။
လုံချန်းက သူတို့အတွက် ယခုကဲ့သို့ ကူညီပေးခဲ့ဖူးခြင်းကြောင့် သူသည် လုံချန်းကို ပြန်လည် မတိုက်ခိုက်နိုင်ချေ။ ထို့အတူ လုံချန်းသည် ဤလူများရှေ့တွင် ရှုံးနိမ့်မည့်ဘက်၌ ရှိနေသည်မှာ သေချာသလောက်ဖြစ်သဖြင့် သူသည် လုံချန်းဘက်ကနေပြီး ဤလူများကိုလည်း ဝင်ရောက် မရင်ဆိုင်ရဲချေ။
သူသည် ကြားနေအဖြစ်သာ နေထိုင်ကာ မည်သည့်ဘက်ကမျှ ဝင်မပါဘဲ အဝေးကနေသာ စောင့်ကြည့်လိုခဲ့သည်။ ထို့ကြောင့်ပင် သူသည် မန်ရှန်းလီကိုပင် ဤအကြောင်းအား ပေးမသိခဲ့ချေ။ အကယ်၍ မန်ရှန်းလီသာ သိသွားပါက မိမိအနေဖြင့် လုံချန်းကို မကူညီသည့်အတွက် စိတ်ပျက် ဝမ်းနည်းသွားမည် မဟုတ်လော။
သို့သော် သူ မကူညီရန် ဆုံးဖြတ်ထားသော ထိုလူမှာ မိမိ၏ အကူအညီကို လုံးဝ လိုအပ်နေသူ မဟုတ်ကြောင်းကိုမူ သူ မသိရှိခဲ့ချေ။ အကယ်၍သာ သူ လုံချန်း၏ အစစ်အမှန်စွမ်းအားကို သိရှိခဲ့မည်ဆိုပါက သူသည် လုံချန်းဘက်က ကူညီရန်အတွက် အပြေးအလွှား ရောက်ရှိလာခဲ့မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
...
မြွေဘုရင်သည် မိမိတို့ထံသို့ မိုးပျံ သားရဲများကို စီးနင်းကာ ရောက်ရှိလာကြသည့် လူများအား ကြည့်ရင်း နှာမှုတ်လိုက်သည်။ "သူတို့က ငါ့အတွက် လာပြီး ကပြကြမလို့လား။ ဒါနဲ့ နေပါဦး... ဟိုမိန်းမကြီး ဘယ်ပျောက်သွားတာလဲ"
ဝိညာဉ်နက်ဂိုဏ်း၏ ဂိုဏ်းချုပ် ပျောက်ဆုံးနေသည်ကို မြွေဘုရင် ယခုမှ သတိပြုမိလိုက်တော့သည်။
"သူ ထွက်ပြေးသွားတာလား။ ငါ့ရဲ့ အကောင်းဆုံး ပုံပြင်ကိုတောင် အဆုံးထိအောင် မနားထောင်သွားဘူး။ တကယ်ကို စိတ်မကောင်းစရာပဲ" မြွေဘုရင်က သက်ပြင်းချရင်း ဆိုလိုက်၏။
"ငါ စိတ်မကောင်းဖြစ်နေတဲ့အတွက် ဒါက ပိုကောင်းတာပေါ့။ လူအချို့ကို ရိုက်နှက်ပြီး ငါ့ရဲ့ စိတ်မကောင်းဖြစ်မှုကို လျှော့ချလို့ရတာတယ်။ ပြီးတော့ ဒီကောင်တွေက အဲဒီအလုပ်အတွက် အသင့်တော်ဆုံးပဲ" သူက ရောက်ရှိလာသော ဂိုဏ်းချုပ်များကို မိမိ၏ လက်သီးစာမိမည့် လူများကဲ့သို့ ကြည့်ရင်း ပြောဆိုလိုက်တော့သည်။
ဂိုဏ်းချုပ် တစ်ဆယ့်ခုနစ်ယောက်သည် ဂိုဏ်းအတွင်းသို့ ရောက်ရှိလာခဲ့ကြပြီး မြွေဘုရင်၏ ပတ်ပတ်လည်ကို ဝိုင်းရံပိတ်ဆို့လိုက်ကြ၏။
"စိတ်ဝင်စားစရာပဲ။ သူ ဖော်ပြခဲ့တဲ့အတိုင်း တကယ်ပဲ ဖြစ်နေတာပဲ။ ကောင်းကင်ဘုံအဆင့် မြွေကြီးတစ်ကောင်ပေါ့။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တော်တော် မြင့်မားတယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူက တစ်ယောက်တည်း ဖြစ်နေတာပဲ" ကောင်းကင်ဘုံ သတ်ဖြတ်သူဂိုဏ်း၏ ဂိုဏ်းချုပ်က မြွေဘုရင်ကို အကဲခတ်ရင်း ပြောလိုက်သည်။
ကောင်းကင်ဘုံ သတ်ဖြတ်သူဂိုဏ်းမှာ ဤတိုက်ကြီးတွင် အသန်မာဆုံး မိစ္ဆာဂိုဏ်းဖြစ်ပြီး လူများအား အခြားတိုက်များဆီသို့ ပို့ဆောင်ပေးသည့် ဆိပ်ကမ်းတစ်ခုကိုပါ ထိန်းချုပ်ထားသည့် ဂိုဏ်းကြီး ဖြစ်သည်။