အခန်း ၁၁၂၃
Vol. 107 Ch. 1123
အခန်း ၁၁၂၃ လွှဲပြောင်းပေးခြင်း
"ဒဏ္ဍာရီလာ လူသားတွေ အားလုံး မဟုတ်ပါဘူး။ ဒါက လုံချန်းရဲ့ စွမ်းအားပါ။ သူကသာ ဒီစကားလုံးရဲ့ အစစ်အမှန် အဓိပ္ပာယ်အတိုင်း တစ်ဦးတည်းသော ဒဏ္ဍာရီလာ လူသားဖြစ်တာ" တာရာက ခေါင်းခါရင်း ပြန်လည်ဖြေကြားလိုက်၏။ "ငါ အိမ်မှာ ရှိတုန်းကတော့ လူသားတွေ အားလုံးဟာ ဒီလောက်အထိ သန်မာကြတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ သိသွားပြီ။ အချို့လူတွေက တကယ့်ကို ကွဲပြားခြားနားကြတယ်ဆိုတာ။ အချို့လူတွေက တကယ့်ကို ထူးခြားလွန်းတယ်"
"ဒါ အမှန်ပဲ။ သူက တကယ့်ကို ထူးခြားပုံရတယ်" ရိုလီကလည်း သဘောတူညီခဲ့သည်။
ဂိုဏ်း၏ မဟာ အကြီးအကဲများသည်လည်း ၎င်းတို့အရှေ့မှ မြင်ကွင်းကို ကြည့်ရင်း မှင်တက်နေကြရ၏။
"ဒီကောင်က လွန်ခဲ့တဲ့ အချိန်ကတင် ငါတို့ဂိုဏ်းရဲ့ ထိပ်သီးတပည့် ခေါင်းဆောင် ဖြစ်ခဲ့တာကို တွေးကြည့်စမ်း။ အခုကျတော့ သူက ဂိုဏ်းချုပ် အားလုံးကို တစ်ပြိုင်တည်း ရင်ဆိုင်နိုင်နေပြီလား။ သူက တကယ့်ကို ပါရမီရှင်ပဲ။ ငါတို့ သူ့ကို ငါတို့နဲ့အတူရှိနေအောင် အပြင်းအထန် ကြိုးစားပြီး ဆွဲထားခဲ့သင့်တာ။ အဲဒါကို အခုတော့ ဒီမိန်းမကြောင့်ပဲ ငါတို့ဂိုဏ်းက ဒီနေ့ သူ့ကို သစ္စာဖောက်မိလိုက်ပြီ" ပထမအကြီးအကဲက သက်ပြင်းချရင်း မိမိတို့ မည်သို့ ဆက်ဖြစ်မည်နည်းဟု တွေးတောပူပန်နေခဲ့တော့သည်။
လုံချန်း ဤနေရာသို့ ရောက်ရှိလာသောအခါ သူသည် ဤဂိုဏ်းကို ဖျက်ဆီးရန် ရည်ရွယ်ချက်မရှိကြောင်း ထင်ရှားသည်။ သို့သော် ဂိုဏ်းချုပ်၏ လုပ်ရပ်ဖြစ်သော ရန်သူများကို လှမ်း၍ခေါ်ယူခဲ့ခြင်းကြောင့် လုံချန်းသည် ထိုသူများအား ရှင်းလင်းပြီးနောက် ဤဂိုဏ်းကိုပါ တစ်ခါတည်း အမြစ်ပြတ်ချေမှုန်းပစ်နိုင်ချေ ရှိနေပေသည်။
သူက မိမိ၏ အတွေးအမြင်များ မှားယွင်းပါစေကြောင်းနှင့် မိမိတို့ဂိုဏ်းချုပ်၏ အပြစ်ကြောင့် မိမိတို့ပါ လိုက်လံအပြစ်ပေးခြင်း မခံရပါစေကြောင်းသာ ဆုတောင်းနေမိတော့၏။
...
လူတိုင်း အိပ်မက်မက်နေသကဲ့သို့ ခံစားနေရစဉ်မှာပင် လုံချန်းသည် ဂိုဏ်းချုပ်များကို သန်မာသော ရန်သူများကဲ့သို့ မဟုတ်ဘဲ ဟင်းသီးဟင်းရွက်များအား လှီးဖြတ်နေသကဲ့သို့ တရစပ် ပိုင်းဖြတ်နေခဲ့သည်။
တိုက်ပွဲက မစတင်မီမှာတင် ပြီးဆုံးသွားခဲ့ရပြီ ဖြစ်ရ ဂိုဏ်းချုပ် တစ်ဆယ့်ခုနစ်ယောက်စလုံးမှာ တစ်မိနစ်ပင်မပြည့်သော အချိန်အတွင်း လုံချန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရချေပြီ။
၎င်းမှာ ဤနေရာရှိ လူများအတွက်မူ မဖြစ်နိုင်သောအရာတစ်ခုကဲ့သို့ ကြားသိရသော်လည်း လုံချန်းနှင့်အတူ လိုက်ပါလာခဲ့ကြသော သူများကမူ ၎င်းမှာ သူ့အတွက် မဖြစ်နိုင်သော အရာ မဟုတ်ကြောင်း သိရှိထားကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူတော်စင် နယ်ပယ် ကျွမ်းကျင်သူ အချို့ကိုပင် ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ယူခဲ့ဖူးသဖြင့် ယခုအလုပ်မှာ သူ့အတွက် အလွန် လွယ်ကူလွန်းသောအရာ ဖြစ်သောကြောင့် ဖြစ်၏။
သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း သူ့ထက် သန်မာသော သူများကိုပါ ကျော်လွန်တိုက်ခိုက်နိုင်သည့် အချက်အား ထည့်မတွက်လျှင်ပင် ဤလူများထက် များစွာ မြင့်မားနေခဲ့ပြီ ဖြစ်သည်။
"ခင်ဗျား တစ်ယောက်ပဲ ကျန်တော့တာပဲ။ ကဲ... ကျုပ်ကို သတ်ပစ်မယ်ဆိုတဲ့ အကြောင်း ခင်ဗျား ဘာတွေ ပြောနေခဲ့တာလဲ။ အဲဒါကို အခုတစ်ခေါက် ပြန်ပြီး ပြောကြည့်ပါဦးလား"
အခြားဂိုဏ်းချုပ် အားလုံးကို သတ်ဖြတ်ပြီးနောက် လုံချန်းက နောက်ဆုံး ကျန်ရှိနေသူဖြစ်သည့် ဝိညာဉ်နက်ဂိုဏ်းချုပ်အား လှမ်း၍ စိုက်ကြည့်လိုက်၏။
"င... င... ငါ..."
ဝိညာဉ်နက်ဂိုဏ်းချုပ်မှာ လုံချန်းကို ပြန်လည်ဖြေကြားရန်ပင် အပြင်းအထန် ရုန်းကန်နေရပုံပေါ်သည်။ သူမသည် စကားလုံး တစ်လုံးကိုပင် ဆုံးအောင် မပြောနိုင်တော့ဘဲ ထစ်ထစ်အအ ဖြစ်နေခဲ့၏။ သူမ ရှေ့တွင် ဖြစ်ပျက်သွားခဲ့သော အရာကြောင့် သူမ ဦးနှောက် တစ်ခုလုံး ဗလာဖြစ်သွားခဲ့ရ သည်။ လုံချန်းသည် ဂိုဏ်းချုပ်အားလုံးကို တစ်မိနစ်ပင် မပြည့်သော အချိန်အတွင်း သတ်ပစ်ခဲ့သည် မဟုတ်လော။
အကယ်၍ သူသာ ဤမျှထိ သန်မာနေမည် ဆိုပါက သူမကော သူ့ရှေ့တွင် မည်မျှ အရေးပါမည်နည်း။
"င... ငါ... ငါက ဒီကိစ္စမှာ ဘာမှ မပါဝင်ခဲ့ပါဘူး။ ငါ နင့်ရဲ့ မျိုးနွယ်စုကို ဖျက်ဆီးဖို့ ဘယ်အကြီးအကဲကိုမှ မစေလွှတ်ခဲ့ဘူးဆိုတာ နင်လည်း သိပါတယ်။ အဲဒါတွေ အားလုံးက သူတို့ရဲ့ လက်ချက်တွေပါ။ ငါ ဒီတစ်ကြိမ်မှာ သူတို့ကို သတင်းပို့မိတာကတော့ အမှားတစ်ခု ဖြစ်သွားခဲ့တယ် ဆိုတာကို ငါ လက်ခံပါတယ်။ ငါက ငါ့ရဲ့ဂိုဏ်းအတွက် စိုးရိမ်လို့ပါ။ နင့်ရဲ့ ရည်ရွယ်ချက်ကို ငါ နားလည်မှုလွဲသွားခဲ့တာပါ။ နင် အခုထိ ဘေးကင်းနေသေးတာပဲမို့လို့ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ" ဝိညာဉ်နက်ဂိုဏ်းချုပ်က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး လုံချန်းကို တောင်းပန်စကား ဆိုလိုက်တော့သည်။
သူမအနေဖြင့် အသက် ရှင်သန်နိုင်ရန် အတွက် မိမိ၏ သိက္ခာကို ဘေးဖယ်ထားပြီး ခွင့်လွှတ်မှု တောင်းခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ကြောင်း ကောင်းစွာသိရှိထားပေသည်။
"ဪ... တကယ်လား။ ခင်ဗျား နောင်တရတယ်ပေါ့။ ကောင်းပြီလေ... ကျုပ် ခင်ဗျားကို သတ်မှတ်ချက်တစ်ခုနဲ့ ခွင့်လွှတ်ပေးမယ်" လုံချန်းက မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်ရင်း ပြန်ပြောလိုက်၏။
"ဘာသတ်မှတ်ချက်လဲ" ဂိုဏ်းချုပ်က မေးလိုက်သည်။
"မြွေဘုရင်က ခင်ဗျား ကပြတာကို ကြည့်ချင်နေတာ။ ကျုပ်အတွက် အခုချက်ချင်း ကပြစမ်းပါ။ တကယ်လို့ သူက ခင်ဗျား ကတာကို သဘောကျတယ်ဆိုရင် ကျုပ် ခင်ဗျားကို ခွင့်လွှတ်ပြီး ထွက်သွားပေးမယ်။ တကယ်လို့ သူက ခင်ဗျား ကတာကို သဘောမကျဘူးဆိုရင်တော့ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာ ခင်ဗျားလည်း ခန့်မှန်းမိမှာပါ" လုံချန်းက ရှင်းပြပြီးနောက် မင်ယုနှင့် ကျိချင်းတို့ ရှိရာဘက်သို့ ပြန်လည် လျှောက်လှမ်းလာခဲ့၏။
လုံချန်းက ကျိချင်း အနားသို့ ရောက်ရှိသွားသောအခါ သူမက သူ့ခါးကို လှမ်း၍ ဆိတ်လိုက်ပြီးနောက် နောက်ပြောင်သည့် လေသံဖြင့် ဆိုလိုက်သည်။ "နင်က နင့်ရဲ့ ဇနီးတွေအရှေ့မှာ တခြားမိန်းမတစ်ယောက် ကပြတာကို တကယ်ပဲ ကြည့်ချင်နေတာလား။ တကယ့် လူရှုပ်ကြီးပဲ"
"ငါ မကြည့်ချင်ပါဘူး။ ငါက နင် ကပြတာကိုပဲ ကြည့်ချင်တာပါ" လုံချန်းက ပြန်လည်ဖြေကြားလိုက်ရင်း ကျိချင်း၏ တင်ပါးပေါ်သို့ လက်ကို တင်လိုက်ကာ အသာအယာ ဆုပ်နယ်လိုက်၏။ "နောက်ကျမှ ငါ့ကို ကပြဖို့ ဘယ်လိုလဲ"
"နင်ကတော့လေ" ကျိချင်းသည် လုံချန်း၏ လုပ်ရပ်ကြောင့် မျက်နှာတစ်ခုလုံး ရဲရဲနီသွားခဲ့ရသည်။ "တော်တော့... ဒီနေရာမှာ မလုပ်နဲ့"
"စိတ်မပူပါနဲ့... ငါ သူ ကပြတာကို မကြည့်ချင်ပါဘူး။ သူက နင်တို့လောက်မှ မလှတာ" လုံချန်းက ကျိချင်း နောက်ကျောမှ လက်ကို ရုပ်သိမ်းရင်း ပြန်ပြောလိုက်၏။
သူသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် မလှုပ်မယှက် ထိုင်နေဆဲဖြစ်သော ဝိညာဉ်နက်ဂိုဏ်းချုပ်ထံသို့ အာရုံကို ပြန်လည်ပြောင်းလဲလိုက်သည်။
"ဘာဖြစ်တာလဲ။ ခင်ဗျား မကတတ်တာလား... ဒါမှမဟုတ် ရှက်နေတာလား" လုံချန်းက မေးလိုက်၏။
"င... ငါ့အနေနဲ့... ဒီလောက် လူအများကြီး ရှေ့မှာ ကပြဖို့က ခက်ခဲလို့ပါ" ဂိုဏ်းချုပ်က ခေါင်းငုံ့လျက် ပြန်လည်ဖြေကြားခဲ့သည်။
"ခင်ဗျား အတွက် ခက်ခဲတယ် ဟုတ်လား" လုံချန်းက မျက်လုံးပင့်ရင်း မေးမြန်းလိုက်၏။
"ဒါဆိုရင်... ခင်ဗျားရဲ့ သားကျင့်ကြံဖို့အတွက် ခင်ဗျား သတ်ပစ်ခဲ့တဲ့ အပြစ်မဲ့တဲ့ သာမန် လူသားတွေ အတွက်ကျတော့ လွယ်ကူခဲ့လို့လား။ သူတို့အတွက်ကော လွယ်ကူခဲ့လား။ ဒါမှမဟုတ် ခင်ဗျားရဲ့သား ကျုပ်ကို သတ်ဖို့ ကြိုးစားခဲ့တုန်းက ကျုပ်အတွက်ကော လွယ်ကူခဲ့လို့လား" သူက ဦးခေါင်းကို အသာအယာ ပုတ်ရင်း မေးမြန်းလိုက်ပြီးနောက်...
"အာ... စိတ်မကောင်းပါဘူး။ အဲဒီနောက်ဆုံး အပိုင်းကိုတော့ မေ့လိုက်ပါ။ သူ ကျုပ်ကို သတ်ဖို့ ကြိုးစားတုန်းက ကျုပ်အတွက် တကယ့်ကို လွယ်ကူခဲ့တာ အမှန်ပဲဗျ။ သူက တအားကို အားနည်းလွန်းတယ်။ သူ့ရဲ့ လည်ပင်းကို ချိုးပစ်လိုက်ရတာ တကယ့်ကို ပျော်စရာကောင်းတယ်" သူက ရယ်မောရင်း ထပ်လောင်း ပြောဆိုလိုက်၏။
"နင်... ဒီကောင်စုတ်၊ ငါ နင့်ကို သတ်မယ်"
လုံချန်းက သူမ၏ သေဆုံးသွားသော သားဖြစ်သူကို ကဲ့ရဲ့ လှောင်ပြောင်နေသည်ကို ကြားလိုက်ရသောအခါ ဂိုဏ်းချုပ်မှာ အလွန် ဒေါသပေါက်ကွဲသွားပုံရသည်။ သူမသည် သူမ သားအပေါ် မည်မျှပင် တင်းကြပ်ခဲ့ပါစေ သူမသည် သူ့ကို များစွာ ချစ်မြတ်နိုးပေသည်။ လုံချန်းက သူမ သားကို မည်သို့သတ်ခဲ့ကြောင်း ပြောဆိုနေသည်အား ကြားရသောအခါ သူမသည် စိတ်အာရုံများ လွတ်ထွက်သွားခဲ့ပြီး လုံချန်းကို သတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် သူ့ထံသို့ ပျံသန်း တိုက်ခိုက်လာခဲ့တော့၏။
သူမသည် ပျံသန်းလာနေဆဲ ဖြစ်သော်လည်း လေထုထဲ၌ပင် ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။ သို့သော် သူမက မိမိ၏ ဆန္ဒအလျောက် ရပ်တန့်ခဲ့ခြင်း မဟုတ်ချေ။
၎င်းမှာ မြွေဘုရင်၏ စွမ်းရည်ဖြစ်ပြီး သူမကို ထိုနေရာ၌ပင် လှုပ်ရှားမရအောင် ပိတ်ဆို့လိုက်ခြင်း ဖြစ်ပေသည်။
"ငါ သူ့ကို အဲဒီအကအတွက် တောင်းဆိုရတာ တကယ့်ကို ငြီးငွေ့လာပြီ။ ဒီဘုရင်ကြီးက ကောင်းကင်ဘုံက မင်းသမီးတွေကိုတောင် ဒီလောက်အထိ အတင်းအကျပ် မတောင်းဆိုဖူးဘူး။ ငါ စိတ်ပျက်သွားပြီ။ မင်း လုပ်ချင်တာ ဆက်လုပ်တော့" မြွေဘုရင်က သက်ပြင်းချရင်း လုံချန်းကို ပြောလိုက်၏။ အမှန်အတိုင်းပြောရလျှင် သူသည်လည်း သူမ ကပြသည်ကို မကြည့်ချင်ချေ။ သူသည် အစကတည်းက သူမကို စနောက်ကျီစယ်နေခြင်းသာ ဖြစ်ပေသည်။
"စိတ်မပူပါနဲ့... ငါတို့ မကြာခင်မှာ မင်းအတွက် မြွေဘုရင် ကတော် တစ်ကောင် ရှာပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် သူကတော့ ဒီမိန်းမလောက် ဆိုးမှာ မဟုတ်ပါဘူး" လုံချန်းက မြွေဘုရင်ကို ပြောဆိုလိုက်ပြီးနောက် ဝိညာဉ်ဓားကို ထုတ်ဖော်ကာ လေပေါ်သို့ ဝှေ့ယမ်းပစ်လွှတ်လိုက်တော့သည်။
ဝိညာဉ်ဓားမှာ လှုပ်ရှားမရဖြစ်နေသော ဂိုဏ်းချုပ်ထံသို့ ပျံသန်းသွားခဲ့ပြီး သူမကိုပါ တစ်ခါတည်း သတ်ဖြတ်ပစ်လိုက်တော့၏။
လုံချန်းသည် ဝိညာဉ်ဓားကို ပြန်လည် သိမ်းဆည်းပြီးနောက် တာရာအား လှမ်းကြည့်လိုက်သည်။
"ဘယ်လိုလဲ... တိုက်ပွဲက" သူက မေးလိုက်၏။
"တကယ့်ကို အံ့မခန်းပါပဲ။ မင်းက တကယ်ကို သန်မာတာပဲ။ မဟုတ်ဘူး... အဲဒါ မှားတယ်။ မင်းက သန်မာရုံတင်မကဘူး... မင်းက အသန်မာဆုံးပဲ" ရိုလီက လုံချန်းကို ပြောလိုက်သည်။
"ငါလည်း အဲလိုဖြစ်ချင်တာပေါ့... ဒါပေမဲ့ ငါက အခုထိ အသန်မာဆုံး မဟုတ်သေးပါဘူး။ တစ်နေ့နေ့မှာတော့ ငါက အသန်မာဆုံး ဖြစ်လာရမယ်။ ဒါက ငါ့ရဲ့ လက်ရှိ ရည်မှန်းချက်ပဲလေ" လုံချန်းက ကောင်းကင်ကြီးကို မော့ကြည့်ရင်း ဆိုလိုက်၏။
"အဲဒါကို ခဏထားဦး... ငါ မင်းတို့ကို မင်းတို့ရဲ့ ကမ္ဘာဆီ ပြန်ပို့ပေးဖို့ လိုအပ်တယ်။ မင်းတို့က ဘယ်နေရာကနေ ရောက်လာကြတာလဲ။ ပြန်သွားဖို့ နည်းလမ်းကော ရှိရဲ့လား"