အခန်း ၁၁၂၆
Vol. 107 Ch. 1126
အခန်း ၁၁၂၆ ဖြူစင်သော နှလုံးသား
မြွေဘုရင်သည် ခန္ဓာကိုယ်ကို သေးငယ်အောင် ပြုလုပ်လိုက်ပြီးနောက် လုံချန်းနောက်သို့ စတင်လိုက်ပါလာခဲ့သည်။ သို့သော်လည်း သူက လုံချန်းပြောခဲ့သည့် စကားများနှင့် ပတ်သက်၍ နှုတ်မှ တတွတ်တွတ် ညည်းညူ အပြစ်တင်နေခြင်းကိုမူ မရပ်တန့်ခဲ့ချေ။ ထို့ပြင် မည်သူက ပိုပြီး သန်မာကြောင်း သိရစေရန် သေရဲလျှင် ယှဉ်ပြိုင် တိုက်ခိုက်ကြဖို့လည်း လုံချန်းကို ဆက်တိုက် စိန်ခေါ်နေခဲ့သေးသည်။
လုံချန်းကမူ မြွေဘုရင်သည် ပါးစပ်ကသာ အကြွားသန်နေခြင်းဖြစ်ကြောင်း သိရှိထားသဖြင့် သူ့ကို အရေးတယူ ထည့်မတွက်ခဲ့ချေ။
ဂူသင်္ချိုင်းသို့ သွားရာလမ်းမှာ ရှာဖွေရ မခက်ခဲပေ။ အဘယ်ကြောင့်ဆိုသော် သူ ဤနေရာသို့ တစ်ကြိမ် ရောက်ဖူးသဖြင့် မှတ်မိနေဆဲ ဖြစ်သောကြောင့် ဖြစ်၏။ ထို့ပြင် ဤနေရာမှာ ဂိုဏ်း၏ ဆိတ်ငြိမ်သော အပယ်ခံ အပိုင်းတွင် တည်ရှိနေခြင်းဖြစ်ရာ မည်သည့် လူသား တစ်ဦး တစ်ယောက်မျှလည်း ရှိမနေခဲ့ပေ။
သူတော်စင်ဘုရင်၏ ဂူသင်္ချိုင်းဆီသို့ ခရီးတိုလေး နှင်ခဲ့ပြီးနောက် သူသည် ပြီးခဲ့သည့် အကြိမ်က သူတော်စင်ဘုရင်၏ အမှတ်အသားတံဆိပ် မရှိခဲ့ခြင်းကြောင့် ရပ်တန့်ခဲ့ရသော နေရာသို့ ရောက်ရှိလာခဲ့တော့သည်။
ယခုတစ်ကြိမ်တွင်မူ လုံချန်းသည် အမှတ်အသားတံဆိပ်နှင့်အတူ သူတော်စင်ဘုရင်ဓားကိုပါ အပြင်သို့ ထုတ်ဖော်လိုက်၏။
သူသည် ပြီးခဲ့သည့် အကြိမ်ကအတိုင်း လုပ်ငန်းစဉ်ကို ထပ်မံလုပ်ဆောင်လိုက်ရာ ကျောက်ရုပ် တစ်ရုပ် ထွက်ပေါ်လာပြီး သူ့အား သူတော်စင်ဘုရင်၏ အမှတ်အသား တံဆိပ်ကို နံရံပေါ်တွင် တင်ရန် ပြောကြားခဲ့ပြန်သည်။
လုံချန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ညွှန်ကြားထားသည့်အတိုင်း အမှတ်အသားတံဆိပ်ကို တင်လိုက်၏။
သူသည် ဖော်ပြထားသည့်အတိုင်း ထိုအရာနှစ်ခုလုံးကို တင်လိုက်သည်နှင့် ရှေ့မှ လမ်းပိတ်ထားသော နံရံကြီးမှာ တုန်ခါလာခဲ့ပြီးနောက် ရုတ်တရက် ပြန်လည်ငြိမ်သက်သွားခဲ့သည်။
အခြား မည်သည့်အရာမျှ ထူးထူးခြားခြား ဖြစ်ပျက်မလာခဲ့ပေ။
"ဒါက ဘာလို့ မလှုပ်ရှားတော့တာလဲ" လုံချန်းက ထိုနေရာတွင် ရပ်နေဆဲဖြစ်သော ကျောက်ရုပ်ကို မေးလိုက်၏။
"သော့နှစ်ခုလုံးကို ပြန်ထုတ်ပြီး စောင့်ဆိုင်းပါ" ထိုကျောက်ရုပ်က လုံချန်းကို ပြောကြားပြီးနောက် နံရံအတွင်းသို့ အနောက်ပြန် လျှောက်လှမ်းသွားကာ နစ်မြုပ် ပျောက်ကွယ်သွားခဲ့တော့သည်။
လုံချန်း ရှေ့သို့လှမ်းကာ သူ့ဓားကို ပြန်လည် ရုပ်သိမ်းလိုက်၏။ သူသည် သူတော်စင်ဘုရင်၏ အမှတ်အသား တံဆိပ်ကိုပါ ပြန်လည် ဆွဲထုတ်လိုက်ပြီးနောက် ထိုအရာ နှစ်ခုလုံးကို သိုလှောင်လက်စွပ်ထဲသို့ ပြန်လည် ထည့်သွင်း သိမ်းဆည်းလိုက်သည်။
"ဒါ ဘယ်လို ဂျာအေး သူ့အမေရိုက်တဲ့ ဂူသင်္ချိုင်းလဲ။ ဒီလောက် ပစ္စည်းတွေ အများကြီး သုံးလိုက်တာတောင် အခုထိ ပွင့်မလာသေးဘူးလား။ ငါ့ကို တစ်ခွန်းပဲ ပြော... အလုပ်ပိုမြန်အောင် အဲဒီကျောက်ရုပ်ကို ငါ သွားပြီး ဆော်ပလော်တီးပေးမယ်" မြွေဘုရင်က စောင့်ဆိုင်းရသည်ကို ငြီးငွေ့လာသဖြင့် လုံချန်းအား ပြောလိုက်၏။ ၎င်းမှာ ပွင့်ပင် ပွင့်မလာသေးသော တံခါး တစ်ချပ်မျှသာ မဟုတ်လော။
လုံချန်းက မြွေဘုရင်ကို ပြန်လည်ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် နံရံကြီးက နောက်တစ်ကြိမ် တုန်ခါလာခဲ့ပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ နံရံကြီးက တကယ် လှုပ်ရှားသွားခဲ့၏။ နံရံကြီးမှာ အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့ပြီး မြေပြင် အတွင်းသို့ လုံးဝဥဿုံ နစ်မြုပ်သွားခဲ့ကာ ရှေ့ဆက် သွားရမည့် လမ်းကြောင်းကို ဖော်ပြပေးခဲ့တော့သည်။
ထိုနေရာတွင် တစ်စုံတစ်ရာသော နေရာဆီသို့ ဦးတည်ထားသည့် ဥမင်လိုဏ်ခေါင်း တစ်ခေါင်း ရှိနေပုံရသည်။
လုံချန်းနှင့် အခြားသူများသည် ထိုဥမင်လိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး ၎င်းက မည်သည့် နေရာသို့ ဦးတည်နေကြောင်း သိရှိရန်အတွက် ပိုမိုနက်ရှိုင်းစွာ ဆက်လက်လျှောက်လှမ်းခဲ့ကြ၏။
အံ့သြစရာကောင်းသည်မှာ ထိုဥမင်လိုဏ်ခေါင်းက အခြားသော လမ်းပိတ်နေသည့် နံရံတစ်ချပ် အရှေ့တွင် လမ်းဆုံးနေခဲ့ခြင်း ဖြစ်သည်။
ရှေ့မှ နံရံပေါ်တွင် ရေးသားထားသော စာသားအနည်းငယ်ကိုသာ မြင်တွေ့နိုင်ခဲ့တော့၏။
"ဒီစာသားတွေက" လုံချန်းက စာများတို့ကို ဖတ်ရှုရန် ကြိုးစားရင်း ရေရွတ်လိုက်မိသော်လည်း သူ မဖတ်တတ်ချေ။
"ဒါက ဘာ ဘာသာစကားလဲ။ ရွှင်း... နင် ဒါကို ဖတ်တတ်လား" လုံချန်းက ရွှင်းကို မေးလိုက်သည်။
"ဒါတွေက စာသားတွေ မဟုတ်ဘူး။ ဂါထာမန္တန် တစ်မျိုးပဲ။ သူ့အလိုလို အသက်ဝင်လှုပ်ရှားတဲ့ အစီအရင် အမျိုးအစား တစ်မျိုးပေါ့" ရွှင်းက အနားတွင် ပေါ်လာရင်း လုံချန်းကို ပြောပြလိုက်၏။
"အစီအရင် တစ်ခု ဟုတ်လား။ ဒါဆိုရင် ဒါက ထောင်ချောက် တစ်ခုခုလား" လုံချန်းက မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။
"မဟုတ်ပါဘူး။ ဒါက အင်မော်တယ် ကမ္ဘာရဲ့ အခြေခံ အကျဆုံး ဂါထာမန္တန်တွေထဲက တစ်ခုပဲ။ အဲဒီမှာရှိတဲ့ သာမန်လူတွေက သော့ခလောက်တွေနေရာမှာ ဒါကို သုံးကြတာ" ရွှင်းက လုံချန်းကို ပြောလိုက်၏။
"သော့ခလောက် ဟုတ်လား။ နင် ဘာကို ဆိုလိုတာလဲ" လုံချန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"နင် ဒီမန္တန် အစီအရင်ကို ချထားလိုက်ရင် ဖြူစင်ဖြောင့်မတ်တဲ့ ရည်ရွယ်ချက်ရှိတဲ့လူက အဲဒီအစီအရင်ပေါ်ကို သူတို့ရဲ့ လက်တင်လိုက်တဲ့ အချိန်ကျမှသာ တံခါးက ပွင့်လာလိမ့်မယ်" ရွှင်းက ပြန်လည်ဖြေကြားခဲ့သည်။ "ဒါက အခြေခံအားဖြင့်တော့ သူတို့ရဲ့ နှလုံးသားထဲမှာ ဘယ်လိုမကောင်းတဲ့ စိတ်အကြံမှ မရှိတဲ့လူတွေကိုပဲ ဖြတ်သန်းခွင့်ပေးတဲ့ စမ်းသပ်မှု တစ်ခုပေါ့"
"အဲလိုအစီအရင်မျိုးလား။ စိတ်ဝင်စားစရာပဲ" လုံချန်းက မေးစေ့ကို ပွတ်သပ်ရင်း တိုးတက်ရေရွတ်လိုက်၏။
"ငါ့ရဲ့ နှလုံးသားထဲမှာတော့ မကောင်းတဲ့စိတ် မရှိပါဘူး။ ငါက ဒီကို ပစ္စည်းခိုးဖို့ လာတာမဟုတ်ဘဲ သူတော်စင်ဘုရင် ဘယ်လိုအမွေအနှစ်မျိုး ချန်ထားခဲ့လဲ ဆိုတာကို သိချင်လို့ လာတာလေ။ ငါ ငြင်းပယ်ခံရမှာ မဟုတ်ဘူးမလား" သူက မေးလိုက်သည်။ "ဒါပေမဲ့ ပိုပြီး သေချာသွားအောင် ရွှယ် ဒါမှမဟုတ် မေကို အဲဒီအစီအရင်ကို အရင်သွားပြီး ထိခိုင်းလိုက်ရင် ပိုကောင်းမလားလို့"
"အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး" ရွှင်းက ပြန်ဖြေခဲ့သည်။
"ဒီနေရာကို ဝင်ရောက်တဲ့လူ အားလုံးက ဒီစာသားတွေကို ထိတွေ့ရမှာ။ သူတို့အားလုံးထဲက တစ်ယောက်ယောက်မှာမှ မကောင်းတဲ့စိတ် မရှိမှသာ တံခါးက ပွင့်လာလိမ့်မယ်။ အဲဒီအထဲမှာ နင်၊ ရွှယ်၊ မေ... ပြီးတော့ နင့်ရဲ့ အဲဒီမြွေပါ အပါအဝင်ပဲ" သူမက ထပ်လောင်းပြောကြားလိုက်၏။
သူမ၏ စကားများကို ကြားရသောအခါ လုံချန်း တွေးတောရခက်သွားခဲ့ရသည်။ "မြွေစုတ်ကြီးပါ အပါအဝင် ဟုတ်လား။ ဒီကောင်ကတော့လေ... ကြည့်ရတာ ငါ မျှော်လင့်ချက်ပဲ ထားရတော့မယ် ထင်တယ်။ သူက စကား တအားများတဲ့ အရူးတစ်ယောက် ဖြစ်နေရင်တောင်မှ မကောင်းတဲ့စိတ်တော့ မရှိပါဘူး"
"အာ... မင်းပြောတာကို ဒီဘုရင်ကြီး ကြားနေရတယ်ဆိုတာ မင်းသိတယ်မလား" မြွေဘုရင်က လုံချန်း၏ စကားများကို တုံ့ပြန်သည့်အနေဖြင့် သူ့ကို စိုက်ကြည့်ရင်း မေးမြန်းလိုက်၏။
"စကားမများနဲ့၊ အဲဒီစာသားတွေကို သွားထိစမ်း။ အခြားတစ်ဖက်မှာ ဘာရှိလဲဆိုတာ ကြည့်ရအောင်"
"ဟွန့်... ငါ ဒီတစ်ကြိမ်တော့ မင်းအတွက် အကူအညီပေးတဲ့အနေနဲ့ ငါ ဘယ်လောက်အထိ ဖြောင့်မတ်မှန်ကန်ကြောင်း သက်သေပြပေးတာပေါ့" မြွေဘုရင်က ဆိုလိုက်ပြီးနောက် နံရံဆီသို့ ပျံသန်းသွားကာ ထိုထူးဆန်းသော စာသားများကို ထိတွေ့လိုက်တော့သည်။
သူ စာသားများကို ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့မှာ ခဏမျှ ဖြူစင်သော အလင်းရောင်ဖြင့် လင်းထိန်သွားခဲ့၏။
"ဒီအလင်းရောင်က... ဒါက ဘာကို ဆိုလိုတာလဲ။ သူ အောင်မြင်သွားတာလား ဒါမှမဟုတ် ကျရှုံးသွားတာလား" လုံချန်းက ရွှင်းကို မေးလိုက်သည်။
"သူ အောင်မြင်သွားတာ။ တကယ်လို့ အဲဒါက အမည်းရောင်အလင်း ဖြစ်နေမယ်ဆိုရင်တော့ သူ ကျရှုံးသွားတာကို ဆိုလိုပြီး တံခါးက ဘယ်တော့မှ ပွင့်လာမှာ မဟုတ်တော့ဘူး" ရွှင်းက ရှင်းပြခဲ့သည်။
"သူ အောင်မြင်သွားတယ်ဆိုတော့ ကောင်းတာပေါ့" လုံချန်းက သဘောတူလိုက်သည်။ "ရွှယ်... နင် သွားထိလိုက်ဦး"
လုံချန်း၏ ညွှန်ကြားချက်အရ ရွှယ်က ရှေ့သို့ လှမ်းလိုက်ပြီး ထိုစာသားများကို ထိတွေ့လိုက်၏။ နောက်တစ်ကြိမ်တွင်လည်း စာသားများမှာ တောက်ပသော အလင်းရောင်ဖြင့် လင်းထိန်သွားခဲ့ပြန်သည်။
နောက်တစ်ယောက်မှာ မေဖြစ်ပြီး သူမသည်လည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ရာ ယခုအခါ လုံချန်းတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
"နင်တစ်ယောက်ပဲ ကျန်တော့တယ်။ ပြီးတော့ နင်က ဒီကို ဆုလာဘ်တွေ ရဖို့ လာတာဆိုတော့ နင့်မှာပဲ ကျရှုံးနိုင်ချေ ရှိနေတာ။ ဒါပေမဲ့ ငါတို့ စောင့်ကြည့်ရမှာပေါ့။ သွားပြီး ထိလိုက်ပါ" ရွှင်းက လုံချန်းကို ရှေ့သို့လှမ်းရန် လက်ဟန်ပြရင်း ပြောလိုက်၏။
လုံချန်းသည် တွေးတောရင်း ရှေ့သို့ လှောက်လှမ်းလာခဲ့သည်။ အကယ်၍ သူသာ ယခုအချိန်တွင် ကျရှုံးသွားခဲ့မည်ဆိုပါက အမှန်တကယ် စိတ်ပျက်စရာကောင်းပေမည်။ သို့သော် ဤသည်က သူကိုယ်တိုင်ကြောင့်သာ ဖြစ်ပေမည်။ ထိုသို့ဖြစ်လာပါက သူသည် မိမိကိုယ်ကိုသာ အပြစ်တင်ရုံရှိတော့ပေသည်။
ပြတ်သားသော နှလုံးသားနှင့်အတူ သူသည် အစီအရင်ပေါ်သို့ လက်ကို တင်လိုက်၏။ သူ့လက်ချောင်းများက စာသား အစီအရင်ကို ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် အစီအရင်မှာ စတင် လင်းထိန်လာခဲ့တော့သည်။
စာသားများမှာ အမည်းရောင် အလင်း မဟုတ်ဘဲ ဖြူစင်သော အလင်းရောင်ဖြင့် လင်းထိန်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် လုံချန်း၏ နှုတ်ခမ်းဖျားမှ ကြီးမားသော သက်ပြင်းချသံ တစ်သံ ထွက်ပေါ်လာခဲ့တော့၏။ ဤသည်မှာ သူတို့အားလုံး စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြပြီ ဖြစ်ကြောင်း ဆိုလိုပေသည်။
စာသားများ လင်းထိန်ခြင်း ရပ်တန့်သွားသောအခါ နံရံကြီးမှာ နောက်တစ်ကြိမ် မြေပြင်အတွင်းသို့ နစ်မြုပ်သွားခဲ့ပြီး အမှောင်ထုများ ဖုံးလွှမ်းနေသော အခန်းတစ်ခန်းကို ဖော်ပြပေးခဲ့သည်။
လုံချန်း ရှေ့သို့ တစ်လှမ်းတိုးကာ အခန်းတွင်းသို့ ဝင်ရောက်လိုက်၏။ ရွှယ်၊ မေနှင့် မြွေဘုရင်တို့သည်လည်း အခန်းတွင်းသို့ လိုက်လံဝင်ရောက်ခဲ့ကြသည်။
သူတို့လေးယောက် ဝင်ရောက်လာခဲ့ပြီးသည်နှင့် အမှောင်ထုများ ဖုံးလွှမ်းနေသော ထိုအခန်းမှာ ရုတ်တရက် လင်းထိန်သွားခဲ့ပြီး လူတိုင်းအား အခန်း၏ အတွင်းပိုင်းကို မြင်တွေ့ခွင့် ရစေခဲ့တော့သည်။
"ငါ့ရဲ့ ဂူသင်္ချိုင်းဆီကို ကြိုဆိုပါတယ်... လူငယ်တို့"
အခန်းတစ်ခန်းလုံး လင်းထိန်သွားသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ နားထဲသို့ အသံတစ်သံ ဝင်ရောက်လာခဲ့ပြီး သူတို့အားလုံး၏ အရှေ့တွင် ရပ်နေသော လူတစ်ယောက်ကို မြင်တွေ့လိုက်ကြရတော့၏။
"သူတော်စင်ဘုရင် ရှန်ဝူလား။ ခင်ဗျား အသက်ရှင်နေသေးတာလား" လုံချန်းသည် မိမိအရှေ့တွင် ရပ်နေသော လူကို ကြည့်ရင်း မှင်တက်လျက် မေးလိုက်မိလေတော့သည်။