အခန်း ၁၁၂၇
Vol. 107 Ch. 1127
အခန်း ၁၁၂၇ သူတော်စင်ဘုရင် အသက်ရှင်နေဆဲ
"သူတော်စင်ဘုရင် ရှန်ဝူ... ခင်ဗျားက တကယ်ပဲ အသက်ရှင်နေသေးတာလား" လုံချန်းက တစ်ဘဝစာအတွက် အကြီးမားဆုံး ထိတ်လန့်မှုကို ရရှိလိုက်သည့်အလား သူတော်စင်ဘုရင်အား မေးမြန်းလိုက်မိသည်။
"ကံမကောင်းစွာနဲ့ပဲ မင်းထင်သလို မဟုတ်ပါဘူး။ မင်း ဒီနေရာကို ရောက်လာတဲ့ အချိန်မှာ ငါ သေဆုံးသွားခဲ့တာ ကြာပါပြီ" သူတော်စင်ဘုရင် ရှန်ဝူက ပြုံးလျက် ပြန်လည်ဖြေကြားခဲ့၏။
"ဒါဆိုရင် အခု ဒါက..." လုံချန်းက မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။
"ဒါက သူတော်စင်ဘုရင် ရှန်ဝူရဲ့ ရုပ်သေးကိုယ်ပွားပဲ။ ပြီးတော့ သူ့ကို သူဆီက ကျန်ရှိနေတဲ့ ဝိညာဉ်အစိတ်အပိုင်း နည်းနည်းက ထိန်းချုပ်ထားတာလို့ ငါ ထင်တယ်" ရွှင်းက သူတော်စင်ဘုရင်ကို အကဲခတ်ရင်း လုံချန်းကို ပြောပြလိုက်၏။
"ဒီမိန်းကလေး ပြောတာ မှန်ပါတယ်။ ငါက ငါ့ရဲ့ မူလဝိညာဉ်ထဲက အမွေခံ တစ်ယောက်ကို စောင့်ဆိုင်းဖို့ ချန်ထားခဲ့တဲ့ ဝိညာဉ် အစိတ်အပိုင်းလေး တစ်ခုပါ" သူတော်စင်ဘုရင်က ပြန်လည်ဖြေကြားခဲ့သည်။
သူက သူမကို ထည့်သွင်းပြောဆိုလိုက်သည်ကို မြင်ရသောအခါ ရွှင်း မှင်တက်သွားခဲ့ရသည်။ သူမက လှမ်းမေးလိုက်သည်။ "ရှင် ကျွန်မပြောတာကို ကြားရတယ်လား"
"ကြားရရုံတင်မကဘူး။ ငါ မင်းကို မြင်လည်း မြင်နိုင်တယ် မိန်းကလေး" သူတော်စင်ဘုရင်က ပြန်ဖြေသည်။
ထိုစကားများကို ကြားလိုက်ရသောအခါ လုံချန်း၏ မျက်နှာပေါ်တွင် တောက်ပသော အမူအရာတစ်ခု ပေါ်လာခဲ့ပြီး သူ့မျက်ဝန်းများမှာ အကြံတစ်ခု ရရှိသွားသည့်အလား တောက်ပသွားခဲ့တော့၏။
"နေဦး... ဝိညာဉ် အစိတ်အပိုင်း တစ်ခုက ဝင်ရောက်စီးနင်းထားတဲ့ ရုပ်သေးကိုယ်ပွား ဟုတ်လား။ အဲဒါက နင့်အတွက်လည်း အလုပ်ဖြစ်မှာ မဟုတ်ဘူးလား။ ဒါက အခြေခံအားဖြင့်တော့ နင့်ရဲ့ ဝိညာဉ် ဝင်ရောက် ပူးကပ်နိုင်မယ့် အခြားခန္ဓာကိုယ် တစ်ကိုယ် ဖန်တီးလိုက်တာနဲ့ အတူတူပဲလေ။ ငါ နင်ကို တကယ့် အစစ်အမှန် ခန္ဓာကိုယ် တစ်ကိုယ်ဆီ ခေါ်သွားပေးနိုင်မလားလို့"
"ဒါက..." ရွှင်းသည် ဤအစီအစဉ်ကို ကြားလိုက်ရသောအခါ မည်သို့ ပြန်ပြောရမှန်း မသိဖြစ်သွားခဲ့ရသည်။
လုံချန်းသည် ရွှယ်နှင့် မေတို့ကို ရွှင်းအကြောင်း ပြောမပြထားရသေးသဖြင့် သူတို့ နှစ်ယောက်လုံး အတွက်မူ လုံချန်းက ဟင်းလင်းပြင်ကြီးအား လှမ်း၍ စကားပြောနေသကဲ့သို့ ဖြစ်နေခြင်းကိူ ထူးဆန်းစွာ ကြည့်နေမိကြသည်။
"ဒါက ဖြစ်နိုင်ပါတယ်" သူတော်စင်ဘုရင်က စကားဝိုင်းထဲ ဝင်ရောက်ပြောဆိုလိုက်၏။
"ကျေးဇူးပြုပြီး အဲလိုလုပ်နိုင်မယ့် နည်းလမ်း ကျွန်တော့်ကို ပြောပြပေးပါဦး" လုံချန်းက သူတော်စင်ဘုရင်ထံမှ နည်းလမ်းကို လှမ်း၍ တောင်းခံလိုက်သည်။
"ငါ ပြောပြမှာပါ။ ဒါက ငါ စောင့်ဆိုင်းနေခဲ့တဲ့ အရာပဲလေ။ ဒါမှလည်း ငါ့ရဲ့ အမွေအနှစ်တွေနဲ့ ပညာတွေက မှောင်မိုက်တဲ့ ညဉ့်နက်ကြီးထဲမှာ ပျောက်ကွယ်မသွားမှာ။ မင်း အရာအားလုံးကို ယူသွားနိုင်ပါတယ်" သူတော်စင်ဘုရင်က မျက်နှာပေါ်တွင် အေးချမ်းတည်ငြိမ်သော အပြုံးတစ်ခုကို ဆင်မြန်းထားဆဲဖြင့် လုံချန်းကို ပြောလိုက်၏။
"ဘာပဲဖြစ်ဖြစ်... ငါ့ရဲ့ ဒီဝိညာဉ် အစိတ်အပိုင်းက မင်း ဝင်ရောက်လာပြီးတဲ့ နောက်မှသာ နိုးထလာတာ။ အဲဒါက ကြာကြာခံမှာ မဟုတ်ဘူး" သူက ထပ်လောင်းပြောကြားခဲ့သည်။
"ဟိုက ရွှေခေါင်းတလားကို သွားပြီး ဖွင့်လိုက်ပါ" သူက ထောင့်တစ်နေရာတွင် ရှိနေသော ရွှေရောင်ခေါင်းတလား တစ်လုံးအား ညွှန်ပြရင်း လုံချန်းကို ပြောလိုက်၏။
"ခေါင်းတလားကို ဖွင့်ရမယ် ဟုတ်လား။ အဲဒါက မရိုသေရာ မကျရဘူးလား" လုံချန်းက ဝေခွဲမရဖြစ်လျက် မေးလိုက်သည်။
လူတစ်ယောက် သေဆုံးသွားချိန်တွင် သူ၏ ဂူသင်္ချိုင်းကို ဖွင့်ရသည်မှာ တစ်ကိစ္စဖြစ်သော်လည်း သူ့ဝိညာဉ်က ရှေ့က စိုက်ကြည့်နေသည့် အချိန်တွင် ခေါင်းတလားကို ဖွင့်ရမည်မှာ အခြားကိစ္စတစ်ခု မဟုတ်လော။
"စိတ်မပူပါနဲ့။ ငါကိုယ်တိုင် မင်းကို ခွင့်ပြုချက် ပေးနေတာပဲ" သူတော်စင်ဘုရင်က အတင်းအကျပ် ဆိုလိုက်၏။
လုံချန်းလည်း ထပ်မံ၍ ငြင်းဆန်မနေတော့ဘဲ ခေါင်းတလားရှိရာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ မည်သို့ဆိုစေ သူပြောခဲ့သလိုပင် ဤဝိညာဉ်တွင် အချိန်အများကြီး မရှိတော့ချေ။ သူသည် အချိန်ဆွဲနေခြင်းဖြင့် ထိုဝိညာဉ်က သူ့ကို အမွေအနှစ်ပင် မပေးရသေးဘဲ ပျောက်ကွယ်သွားမည့် အခြေအနေမျိုးအား မကြုံတွေ့လိုချေ။
သူသည် ခေါင်းတလား အနားသို့ လျှောက်သွားပြီး ၎င်းကို ဘေးသို့ တွန်း၍ ဖွင့်လိုက်တော့သည်။
သူ ခေါင်းတလားကို ဖွင့်လိုက်သောအခါ သူတော်စင်ဘုရင်၏ ရုပ်အလောင်းကို မြင်တွေ့လိုက်ရသဖြင့် မှင်တက်သွားခဲ့ရ၏။ ရုပ်အလောင်းမှာ မနေ့ကတင် ကွယ်လွန်သွားခဲ့သည့်အလား တကယ့်ကို ပြီးပြည့်စုံသော အနေအထားဖြင့် ဘေးကင်းစွာ ရှိနေခဲ့သည်။
"ငါ့ရဲ့ ခန္ဓာကိုယ်က ဘာလို့ အခုထိ ဘေးကင်းနေသေးတာလဲဆိုတာ စူးစမ်းချင်နေတာလား" သူတော်စင်ဘုရင်က စိတ်ဝင်စားဖွယ် ပုံစံဖြင့် ကြည့်ရင်း မေးလိုက်၏။
"ဒီခေါင်းတလားက ရတနာတစ်ခုပဲ။ အဲဒါက ငါ့ရဲ့ ခန္ဓာကိုယ်ကို ပုပ်သိုးမသွားအောင် ထိန်းသိမ်းပေးထားတာ" သူတော်စင်ဘုရင်က ပြန်လည်ဖြေကြားခဲ့သည်။
"အဲဒီ ဓားဒဏ်ရာက၊ အဲဒါက ခင်ဗျားကို သေစေခဲ့တာလား" လုံချန်းက စူးစမ်းလိုစိတ်ဖြင့် သူတော်စင်ဘုရင်ကို မေးမြန်းလိုက်၏။
ခန္ဓာကိုယ်မှာ ပျက်စီးခြင်းမရှိဘဲ နဂိုအတိုင်း ရှိနေဆဲဖြစ်သဖြင့် ဒဏ်ရာများမှာလည်း ထင်ရှားစွာ ရှိနေသေးသည်။ သူတော်စင်ဘုရင်၏ ရင်ဘတ် နှလုံးရှိရမည့် နေရာတွင် နက်ရှိုင်းသော ဒဏ်ရာ တစ်ချက်ကို မြင်တွေ့နေရခြင်း ဖြစ်ပေသည်။
"မှန်တယ်။ ဒီဒဏ်ရာကပဲ ငါ့ကို ငါ့ဘဝရဲ့ လမ်းဆုံးဆီ ခေါ်ဆောင်သွားခဲ့တာ" သူတော်စင်ဘုရင်က သက်ပြင်းချရင်း ပြန်လည်ဖြေကြားခဲ့၏။
"ဘယ်သူက ခင်ဗျားကို ဒဏ်ရာရအောင် လုပ်ခဲ့တာလဲ။ ပြီးတော့ ခင်ဗျားက ဒဏ်ရာရပြီးတဲ့နောက် ဒီနေရာကို ရောက်လာနိုင်ခဲ့တာပဲဥစ္စာ။ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ကုသဖို့အတွက် အသက်ကယ် ဆေးလုံးကို မသောက်ခဲ့တာလဲ" လုံချန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
သူတော်စင်ဘုရင်သည် ဒဏ်ရာရရှိပြီးနောက်မှ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းမှာ ထင်ရှားပေသည်။ အကယ်၍ သူသာ ချက်ချင်း သေဆုံးသွားခဲ့မည်ဆိုပါက ဤကဲ့သို့ ဂူသင်္ချိုင်းတစ်လုံး တည်ဆောက်ရန်နှင့် ဤနေရာတွင် ထာဝရအိပ်စက်ခြင်းကို ခံယူရန် အချိန်ရှိမည် မဟုတ်ပေ။ သူ၌ ဤမျှထိ အချိန်ရှိခဲ့မည်ဆိုပါက အနည်းဆုံးတော့ သူကိုယ်သူ ပြန်လည်ကုသနိုင်ခဲ့ရမည် မဟုတ်လော။
"လူငယ်လေး... မင်း ငါ့ကို တကယ့်ကို အထင်သေးလွန်းတာပဲ။ မင်းလိုလူတောင် တွေးမိတဲ့ အရာကို ငါကော မတွေးမိဘဲ နေမလား" သူတော်စင်ဘုရင်က ရယ်မောရင်း ပြန်လည်မေးမြန်းလိုက်၏။
"ဘယ်အရာမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒီကမ္ဘာက ဆေးလုံးတွေ အသာထား... အင်မော်တယ် ကမ္ဘာရဲ့ ဆေးလုံးတွေတောင် ငါ့အတွက် အသုံးမဝင်နိုင်တော့ဘူး" သူက ထပ်လောင်းရှင်းပြခဲ့သည်။
"ဘာဖြစ်လို့လဲ" လုံချန်းက စူးစမ်းလိုက်၏။
"ဘာဖြစ်လို့လဲဆိုတော့ မင်း ငါ့ရင်ဘတ်မှာ မြင်နေရတဲ့ ဒဏ်ရာက သာမန်ဒဏ်ရာ တစ်ခု မဟုတ်လို့ပဲ။ အဲဒါက ဟိုလူယုတ်မာ မြောက်ပိုင်းဧကရာဇ်က ငါ့ရင်ဘတ်ကို ဓားနဲ့ ထိုးလိုက်တုန်းက ရခဲ့တဲ့ ဒဏ်ရာပဲ" သူတော်စင်ဘုရင်က လက်သီးကို တင်းတင်းဆုပ်ရင်း ဆိုလိုက်၏။
သူသည် ထိုဧကရာဇ်အကြောင်းကို ပြောဆိုနေစဉ်အတွင်း သူ့မျက်ဝန်းထဲ၌ မုန်းတီးမှုများအား အထင်အရှား မြင်တွေ့နိုင်သည်။
"သူက ငါ့ကို ဓားနဲ့ ထိုးခဲ့ရုံတင်မကဘူး။ ငါ့ကို ထိုးဖို့အတွက် ကျိန်စာသင့်ဓားကို သုံးခဲ့တာ။ ဒီဒဏ်ရာက ဘယ်တော့မှ ပြန်ကုသလို့ မရနိုင်တော့ဘူး။ ဒါ့အပြင် အဲဒါက ငါ့ရဲ့ အသက်စွမ်းအင်ကို တဖြည်းဖြည်းချင်း စုတ်ယူသွားခဲ့တာ။ ဒါကို အမြဲမှတ်ထားပါ။ အဲဒီဓားနဲ့ အမြဲတမ်း ဝေးဝေးမှာနေပြီး ဒဏ်ရာ အနာတရဖြစ်အောင် ဘယ်တော့မှ အခွင့်မပေးနဲ့" သူတော်စင်ဘုရင်က ဆိုသည်။
"မြောက်ပိုင်းဧကရာဇ် ဟုတ်လား" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်၏။ "ဒါက အင်မော်တယ် ကမ္ဘာရဲ့ ဧကရာဇ်တစ်ပါးပါးလား"
"ဧကရာဇ်တစ်ပါးတင် မကဘူး။ သူက အင်မော်တယ် ကမ္ဘာရဲ့ ခေါင်းဆောင် လေးဦးထဲက တစ်ယောက်ဖြစ်ပြီး အစွမ်းထက်ဆုံး လူတွေထဲက တစ်ယောက်ပဲ" ရွှင်းက ထိုနာမည်ကို ပြန်လည်အမှတ်ရရင်း လုံချန်းကို ပြောပြလိုက်၏။
"ဒီမိန်းကလေးပြောတာ မှန်တယ်။ ငါ ပြောနေတာက သူ့အကြောင်းပဲ။ သူက နောက်ကျောကို ဓားနဲ့ထိုးတဲ့ ခွေးကောင်ပဲ" သူတော်စင်ဘုရင်က ပြတ်ပြတ်သားသား ဆိုလိုက်သည်။
"အင်မောတယ် ကမ္ဘာရဲ့ ခေါင်းဆောင် ဟုတ်လား။ ဘုရားရေ... ခင်ဗျားက ဒီမှာ မွေးခဲ့တာ မဟုတ်ဘူးလား။ ပြီးတော့ ခင်ဗျားက မြောက်ပိုင်းဧကရာဇ်ကို တိုက်ခိုက်နိုင်တဲ့အထိ တောင်မှ သန်မာသွားခဲ့တာလား" လုံချန်းက အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိ၏။
သူသည် သူတော်စင်ဘုရင် သန်မာကြောင်း သိရှိထားသော်လည်း ဤမျှထိ သန်မာသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်မှာ အလွန် အံ့သြစရာကောင်းသည်။
"ဟမ်... ဒါက ဘာဆန်းလို့လဲ။ သူ့ကို မြောက်ပိုင်းဧကရာဇ် ဖြစ်အောင် ငါကိုယ်တိုင် လုပ်ပေးခဲ့တာ။ သူက အစက ဘာမှမဟုတ်ဘူး" သူတော်စင်ဘုရင်က လုံချန်းကို အရိပ်အမြွက် ပြောလိုက်၏။
"မင်းက ငါ့ရဲ့ အမွေခံဖြစ်လာတော့မှာဆိုတော့ ငါ့ရဲ့ ဘဝဇာတ်ကြောင်းကို မင်းအတွက် အကျဉ်းချုပ် ပြောပြမယ်" သူက ဆက်လက်ပြောဆိုလိုက်သည်။
"နေဦး... ခင်ဗျားရဲ့ ဝိညာဉ်က အချိန်အများကြီး မရှိတော့ဘူးဆိုတာကော" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်မိသည်။ အကယ်၍ သူ၌ မိနစ်အနည်းငယ်သာ အချိန်ရှိမည်ဆိုပါက အတိတ်က အကြောင်းအရာများကို လိုက်လံပြောဆိုနေခြင်းက အချိန်ဖြုန်းတီးခြင်း ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် သူ သိရှိလိုသည့် အရာများစွာ ရှိနေသေးသောကြောင့် ဖြစ်၏။
"သြော်... အဲဒါလား။ ငါက ကိစ္စရပ်တွေကို ပိုပြီး စိတ်လှုပ်ရှားစရာကောင်းအောင် ဇာတ်နာအောင် ပြောလိုက်တာပါ" သူတော်စင်ဘုရင်က အိန္ဒြေပျက်စွာ ပြုံးရင်း ဝန်ခံလိုက်၏။ "တကယ်တော့ ငါ့မှာ နာရီဝက်လောက် အချိန်ရှိသေးတယ်လို့ ထင်တာပဲ"
"ဇာတ်နာအောင် ဟုတ်လား..." လုံချန်းက သူတော်စင်ဘုရင်ကို မျက်မှောင်ကြုတ်လျက် ဗလာကျင်းနေသော အကြည့်ဖြင့် စိုက်ကြည့်ရင်း တိုးတက်ရေရွတ်လိုက်မိသည်။
သူ့ဦးနှောက်ထဲတွင် ရှိနေခဲ့သော သူတော်စင်ဘုရင်၏ လေးနက်တည်ကြည်သော ပုံရိပ်ကြီးမှာ ယခုအခါတွင်မူ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ရချေပြီ။
"ခင်ဗျားက ဒီမြွေရဲ့ အစ်ကိုလို့တော့ ကျွန်တော့်ကို လာမပြောနဲ့နော်။ ခင်ဗျားတို့ နှစ်ယောက်က စရိုက်ချင်း တူတူပဲ" လုံချန်းက မျက်လုံးပင့်ရင်း ဆိုလိုက်၏။
"ဟားဟားဟား... ဒါကို မေ့လိုက်စမ်းပါ။ ငါက တအားပျင်းနေလို့ ငါ့ရဲ့ နောက်ဆုံး အချိန်လေးတွေကို နည်းနည်းလေး စိတ်လှုပ်ရှားစရာ ကောင်းအောင် လုပ်ကြည့်လိုက်တာပါ" သူတော်စင်ဘုရင်က ဆိုသည်။
"ကောင်းပါပြီလေ။ ခင်ဗျားမှာ နာရီဝက်လောက် အချိန်ရှိသေးတယ်ဆိုရင်တော့ ခင်ဗျားရဲ့ ဇာတ်ကြောင်းကို ပြောပြနိုင်ပါတယ်။ ခင်ဗျား ဘာတွေ ဖြစ်ခဲ့တာလဲ"
"အရာအားလုံးက ငါ ဒီမှာ မွေးဖွားခဲ့ရာကနေ စတင်ခဲ့တာပေါ့။ ငါ မွေးဖွားခဲ့တဲ့ နေရာက အတိအကျ ပြောရရင် အခု ဒီမြေပြင်အောက် တည့်တည့်မှာပဲ" သူတော်စင်ဘုရင်က မြေပြင်ကို ညွှန်ပြရင်း စတင်ပြောကြားလိုက်တော့သည်။
"မင်း သိလား... အဲဒီအချိန်တုန်းက ဒီနေရာမှာ ရွာငယ်လေး တစ်ရွာ ရှိခဲ့တာ။ အတိတ်က အချိန်တွေက တကယ့်ကို ကွဲပြားခြားနားခဲ့တာပေါ့... ဟင်း"