အခန်း ၁၁၂၉
Vol. 107 Ch. 1129
အခန်း ၁၁၂၉ အတက်ပြီးလျှင် အကျ
"ဟေး... ဘာကို ဆိုလိုတာလဲ။ ငါတို့ တစ်မျိုးနွယ်လုံးက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေကြတယ်လို့ ပြောချင်တာလား။ ဒါ အလိမ်အညာတွေ၊ ငါတို့က အင်္ဂါရပ်အားလုံးထဲမှာ အနှိမ့်ချဆုံးနဲ့ အမှန်ကန်ဆုံး မျိုးနွယ်စုကွ။ မင်း ငါတို့ကို မတရားစွပ်စွဲနေတာ။ ထွက်ခဲ့စမ်း... ငါနဲ့ သေတဲ့ထိ ချမလား" မြွေဘုရင်သည် ထိုစွပ်စွဲချက်ကြောင့် စိတ်နာကျင်သွားသည့်အလား သူတော်စင်ဘုရင်ကို စိန်ခေါ်လိုက်တော့သည်။
"ကောင်လေး... ငါက မင်းထက် အသက်အများကြီး ပိုကြီးပါတယ်။ မင်းတို့အကြောင်း ငါမသိဘဲ နေမလား" သူတော်စင်ဘုရင်က ပြုံးလျက် ပြန်လည်တုံ့ပြန်ခဲ့၏။
"ဘာပဲဖြစ်ဖြစ်... ဒါတွေကို ခဏဖယ်ထားလိုက်ပါဦး။ ငါတို့ ဘယ်နားရောက်သွားလဲ" သူက အဓိကအကြောင်းအရာဆီ ပြန်သွားရန် လုံချန်းကို မေးလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို အမွေအနှစ်တွေ ပေးနေတာလေ" လုံချန်းက ပြန်ဖြေလိုက်၏။
"ဒါမဟုတ်ဘူး။ အခုမှပဲ ငါမှတ်မိတော့တယ်။ ငါ မင်းကို ငါ့ရဲ့ ဘဝဇာတ်ကြောင်း ပြောပြနေတာလေ" သူတော်စင်ဘုရင်က သတိရသွားရင်း ဆိုလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... မင်း ကြယ်တာရာဆီ ရောက်ခဲ့ပြီးပြီဆိုတော့ ငါ အဲဒီမှာ ဘာတွေ လုပ်ခဲ့လဲဆိုတာ မင်း သိပြီးသားဖြစ်မှာပါ။ ဟုတ်တယ်မလား" သူတော်စင်ဘုရင်က မေးလိုက်၏။
"ဟုတ်တယ်။ ခင်ဗျား အဲဒီတိုက်ကြီးကို ဘယ်လို ပြောင်းပြန် လှန်ပစ်ခဲ့လဲဆိုတာ ကျွန်တော် သိပါတယ်။ သိလား... သူတို့က ခင်ဗျားကို သူတော်စင်သတ်ဖြတ်သူလို့ ခေါ်ကြတာ" လုံချန်းက ပြန်လည်ဖြေကြားခဲ့သည်။ "ဒါတင်မကဘူး... ကျွန်တော် အဲဒီဧကရာဇ်နဲ့ တိုက်ခိုက်ခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကလည်း ခင်ဗျားကြောင့်ပဲ။ ကျွန်တော်ဆို အဲဒီကောင်ကို အရင်က မသိတောင် မသိဘူး"
"ဘာလို့ ငါ့ကြောင့် ဖြစ်ရတာလဲ။ ငါ ဘာလုပ်လို့လဲ" သူတော်စင်ဘုရင်က မိမိကိုယ်ကို အပြစ်တင်ခံရသည့်အလား အော်ဟစ်လိုက်မိ၏။
"ကျွန်တော် အဲဒီတိုက်ကြီးက တိုက်ပွဲတစ်ပွဲမှာ ခင်ဗျားရဲ့ ဓားကို ထုတ်သုံးမိလို့လေ။ အဲဒါနဲ့ လူတိုင်းက ကျွန်တော့် နောက်ကို ဝိုင်းအာရုံစိုက် လိုက်လံဖမ်းဆီးကြပြီး သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံဆိုပြီး ခေါ်ကြတော့တာ။ အဲဒါက ကျွန်တော် အဲဒီတိုက်ကြီးပေါ် ခြေချခါစတင် ရှိသေးတာ။ ကျွန်တော် တစ်တိုက်လုံးရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ရတာ" လုံချန်းက မကျေမနပ် ညည်းညူလိုက်သည်။
"ဪ... အဲဒါကြောင့်ကိုး။ ထူးဆန်းတာပဲ။ ငါ သူတို့ကို ပညာပေးနေတုန်းက အဲဒီကလေးတွေက နောက်နောင်ကျရင် ငါ့တိုက်ကြီးက ဘယ်သူ့ကိုမှ မထိခိုက်စေရပါဘူးလို့ ကတိပေးခဲ့ကြတာ။ ကြည့်ရတာ သူတို့ ကတိမတည်ကြဘူးပဲ"
"ငါ အဲဒီကို ပြန်သွားပြီး သူတို့ရဲ့ ကတိကို ပြန်အမှတ်ရအောင် လုပ်ပေးချင်ပေမဲ့ အခုတော့ မလိုတော့ဘူး ထင်ပါတယ်" သူတော်စင်ဘုရင်က ချီးကျူးသည့်အနေဖြင့် ခေါင်းညိတ်ရင်း ဝန်ခံလိုက်၏။ "မင်းက သူတို့ကို သင်ခန်းစာပေးခဲ့ပြီးပြီ ထားပါတော့"
"ဘာပဲဖြစ်ဖြစ်... ဒါတွေကို ထားလိုက်ပါဦး။ ငါ ဒီကမ္ဘာက ကိစ္စအရပ်ရပ်ကို ကိုင်တွယ်ပြီးတဲ့နောက် အင်မော်တယ် ကမ္ဘာကို သွားခဲ့တယ်။ ငါ့ရဲ့ တိုက်ကြီးကို ဘယ်သူမှ မထိခိုက်စေရဘူးဆိုတာ သေချာအောင် လုပ်ခဲ့တာပေါ့။ အင်မော်တယ် ကမ္ဘာမှာ ငါ အဆက်မပြတ် သန်မာလာခဲ့တယ်။ ပြီးတော့ ထာဝရကာလ တစ်ခုလို့ ထင်ရတဲ့ အချိန်အပိုင်းအခြားတစ်ခု အပြီးမှာတော့ ငါက အင်မော်တယ် ကမ္ဘာရဲ့ အစွမ်းထက်ဆုံး ကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်လာခဲ့တယ်"
"အဲဒီနေ့ရက်တွေတုန်းက အင်မော်တယ် ကမ္ဘာမှာ ဧကရာဇ်တစ်ပါးတည်း ရှိပုံရတယ်။ ငါက သူ့ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြီး သူက ငါ့ကို သဘောကျသွားတယ် ထင်ပါရဲ့။ သူက ငါ့ကို အင်မော်တယ် ကမ္ဘာရဲ့ စစ်သူကြီးအဖြစ် တော်ဝင်နန်းတော်မှာ အမှုထမ်းဖို့ ဖိတ်ခေါ်ခဲ့တယ်"
"ငါ့ရဲ့ ကျော်စောမှုက ဝေးလံတဲ့ နေရာတွေအထိ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့တယ်။ ဒါ့အပြင် အခြား ကိစ္စ တစ်ခုလည်း ဖြစ်ခဲ့သေးတယ်။ ငါက အင်မော်တယ် ဧကရာဇ်ရဲ့ သမီးတော်နဲ့ ချစ်ကြိုက်မိသွားတာပဲ" သူတော်စင်ဘုရင်က ဆိုလိုက်၏။
"ကျွန်တော် ခန့်မှန်းကြည့်ရမလား။ အင်မော်တယ် ဧကရာဇ်က ဒီသတင်းကို သဘောမကျဘူး မဟုတ်လား" လုံချန်းက မေးမြန်းလိုက်သည်။
"ဟားဟားဟား... မင်းက အတွေးလွန်နေပြီ။ အချစ်ဇာတ်လမ်းတိုင်းက အဲလိုမျိုး မဟုတ်ပါဘူးကွာ။ အင်မော်တယ် ဧကရာဇ်က ဒါကို သိရတော့ တော်တော်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့တာ။ မကြာခင်မှာပဲ ငါက သူ့ရဲ့ သမီးတော်နဲ့ လက်ထပ်ခဲ့တယ်။ ပြီးတော့ ငါက အင်မော်တယ် ကမ္ဘာရဲ့ သမက်တော် မင်းသား ဖြစ်လာခဲ့တာပေါ့" သူတော်စင်ဘုရင်က အတိတ်ကို ပြန်လည်အောက်မေ့ရင်း ပြောပြလိုက်၏။
"အဲဒီနောက်ပိုင်း ဘာဆက်ဖြစ်လဲ" လုံချန်းက စူးစမ်းလိုက်သည်။
"နှစ်တွေ ကုန်လွန်သွားခဲ့ပြီး အရာအားလုံးက အဆင်ပြေနေခဲ့တာ။ ဒါပေမဲ့ တစ်နေ့မှာတော့ အင်မော်တယ် ဧကရာဇ် ကွယ်လွန်သွားခဲ့တယ်။ ငါက ဧကရာဇ် အသစ်နဲ့ ကမ္ဘာကြီးရဲ့ အုပ်စိုးရှင်အသစ် ဖြစ်လာခဲ့တယ်။ အဲဒီနောက်မှာ ငါ့စိတ်ထဲ ဆိုးဝါးတဲ့ အတွေးတစ်ခု ဝင်လာခဲ့တာပဲ။ ငါ တကယ်ပဲ ငါ့ဇနီးရဲ့ စကားကို နားထောင်ခဲ့သင့်တာ။ ငါ အဲဒီအရာကို မလုပ်ခဲ့သင့်ဘူး" သူတော်စင်ဘုရင်က သက်ပြင်းချရင်း ပြန်လည်ဖြေကြားခဲ့၏။
"ဘယ်လိုဆိုးဝါးတဲ့ အတွေးမျိုးလဲ။ ခင်ဗျား ဘာလုပ်ခဲ့လို့လဲ" လုံချန်းက မေးလိုက်သည်။
"ငါက ဧကရာဇ်လေးပါး ထပ်ခန့်ပြီး အင်မော်တယ် ကမ္ဘာကို လေးပိုင်း ခွဲခြားပစ်ဖို့ ဆုံးဖြတ်လိုက်တာပဲ" သူတော်စင်ဘုရင်က ပြန်ဖြေခဲ့၏။
"အင်မော်တယ် ကမ္ဘာက တအား ကြီးမားလွန်းတယ်။ ပြီးတော့ ငါက တစ်ကမ္ဘာလုံးမှာ သူတို့ကို ဂရုစိုက်ပေးမယ့်သူ တစ်ယောက်စီ ရှိနေစေချင်တာ။ ဧကရာဇ် တစ်ပါးတည်းနဲ့ဆိုရင် လူအားလုံးရဲ့ အသံကို နားထောင်ပေးဖို့ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ငါ အဲလို လုပ်လိုက်တာ။ တကယ့်ကို ဆိုးဝါးတဲ့ အတွေးတစ်ခုပါပဲ"
"ငါ အားကိုးရဆုံး လူယုံလေးယောက်ကို ဧကရာဇ်လေးပါးအဖြစ် ခန့်အပ်လိုက်တယ်။ အဲဒါကတော့ အပိုင်း လေးပိုင်းကို အုပ်ချုပ်မယ့် မြောက်ပိုင်းဧကရာဇ်၊ တောင်ပိုင်းဧကရာဇ်၊ အရှေ့ပိုင်းဧကရာဇ်နဲ့ အနောက်ပိုင်းဧကရာဇ် တို့ပေါ့။ ဒီလေးယောက်က ဧကရာဇ်တွေ ဖြစ်နေကြပေမဲ့ ငါကတော့ အထွတ်အထိပ် ဧကရာဇ်အဖြစ် ရှိနေဆဲပဲ"
"ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ငါက ဆုံးဖြတ်ချက်ချတဲ့ ကိစ္စအဝဝကို သူတို့ဆီပဲ လွှဲအပ်ထားခဲ့ပြီး အရေးမပါတဲ့ ကိစ္စ သေးသေးမွှားမွှားတွေ မဟုတ်တဲ့ ဆုံးဖြတ်ချက်တွေကျမှသာ ငါ့ဆီ ရောက်လာတာ" သူတော်စင်ဘုရင်က ဆိုသည်။
"သြော်... ဒါဆိုရင် ခင်ဗျားက အမြင့်ဆုံးတရားရုံးချုပ်လိုမျိုး ဖြစ်နေပြီး အောက်မှာ အထက်တရားလွှတ်တော် အချို့ကို ထပ်ဖွဲ့စည်းပေးလိုက်တဲ့ သဘောပေါ့" လုံချန်းက ခေါင်းညိတ်ရင်း တိုးတက်ရေရွတ်လိုက်မိ၏။
"တရားရုံးချုပ် ဟုတ်လား။ တရားလွှတ်တော် ဟုတ်လား။ အဲဒါက ဘာတွေလဲ" သူတော်စင်ဘုရင်က ထိုစကားလုံးများကို နားမလည်သဖြင့် မေးမြန်းလိုက်သည်။
"အာ... အဲဒီစကားလုံးတွေကို မေ့လိုက်စမ်းပါ။ အဲဒီနောက် ဘာဆက်ဖြစ်လဲဆိုတာသာ ပြောပြပါဦး" လုံချန်းက အကြောင်းအရာကို ပြောင်းလဲရင်း မေးလိုက်၏။
"အဲဒီနောက်ပိုင်း နှစ်ပေါင်းရာချီ ကုန်လွန်သွားခဲ့တယ်။ စနစ်ကြီးက အလုပ်ဖြစ်နေပုံရတာပဲ။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒါ ဖြစ်ပျက်ခဲ့တာပဲ။ ငါကိုယ်တိုင် ခန့်အပ်ခဲ့တဲ့ ဧကရာဇ်လေးပါးက ငါ့ကို ပြန်တော်လှန်ကြတာပေါ့။ ပုန်ကန်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သူတို့အားလုံးက ငါ့ကို သတ်ဖို့ ရောက်လာခဲ့ကြတယ်"
"ငါ့ရဲ့ ဇနီး သေဆုံးခဲ့ရတယ်။ ငါ့ရဲ့ သားလေးလည်း အသတ်ခံခဲ့ရတယ်။ ပြီးတော့ ငါ့မှာတော့ ဒီရင်ဘတ်က ကျိန်စာ ဒဏ်ရာကြီးပဲ ကျန်ရစ်ခဲ့တော့တာ။ အဲဒီဒဏ်ရာက ငါ့ရဲ့ အစွမ်းအစအများစုကို စုတ်ယူသွားခဲ့ရုံတင်မကဘဲ နောက်ဆုံးမှာ ငါ့ကို ဘာလမ်းမှ မရှိတော့ဘဲ သေဆုံးခြင်းဆီကိုပါ အတင်းအကျပ် တွန်းပို့ခဲ့တာ" သူတော်စင်ဘုရင်က ဆိုသည်။ သူ၏ ဇနီးနှင့် သားဖြစ်သူ သေဆုံးခြင်း အကြောင်းကို ပြောဆိုနေစဉ်အတွင်း သူ့မျက်နှာပေါ်တွင် ပြင်းထန်သော နာကျင်မှုများကို အထင်အရှား မြင်တွေ့နိုင်သည်။
"ဒီသစ္စာဖောက်မှုက ချက်ချင်းလက်ငင်း ရုတ်တရက်ကြီး ဖြစ်ပျက်ခဲ့တာမို့ ငါ့ရဲ့ မိသားစုကို ငါ မကယ်တင်နိုင်ခဲ့ဘူး။ ပုန်ကန်မှုကြီး ကြေညာတဲ့ အချိန်တုန်းက ငါ့ရဲ့ ဇနီးနဲ့ သားက နန်းတော်ထဲမှာတောင် ရှိမနေခဲ့ကြဘူး။ သူတို့ ဘယ်မှာ ရှိနေခဲ့လဲဆိုတာ မင်း သိချင်လား" သူက လုံချန်းကို မေးလိုက်၏။
"ဘယ်မှာလဲ" လုံချန်းက စူးစမ်းလိုက်သည်။
"သူတို့က အဲဒီ သူပုန် မြောက်ပိုင်း ဧကရာဇ်ရဲ့ နန်းတော်မှာ ရှိနေခဲ့ကြတာ။ အခြားဧကရာဇ်တွေက ငါ့ကို မရည်မရတဲ့ စကားတွေနဲ့ အချိန်ဆွဲထားတဲ့ အချိန်မှာ သူက ငါ့မိသားစုကို သူ့ဆီမှာ ညစာစားဖို့ ဖိတ်ခေါ်ထားခဲ့တာ။ ငါက အလုပ်များနေတာကြောင့် ငါ့ဇနီးကို အရင်သွားပြီး စားပွဲတော်မှာ ပါဝင်ဆင်နွှဲနှင့်ဖို့ ပြောခဲ့မိတယ်" သူက နံရံတစ်ချပ်ကို လက်သီးဖြင့် ထိုးရင်း အံကြိတ်လျက် ဆိုလိုက်၏။
"ငါ့မိသားစုက အဲဒီကို သွားခဲ့ကြပြီး ငါကတော့ ငါ့နန်းတော်ထဲမှာ အခြားဧကရာဇ်သုံးပါးနဲ့ စကားပြောနေခဲ့တာ။ သူတို့ရဲ့ နှလုံးသားထဲမှာ ဒီလောက်အထိ မှောင်မိုက်တဲ့ စိတ်တွေ ရှိနေလိမ့်မယ်လို့ ငါ မသိခဲ့ဘူး။ ဒါက သေချာစနစ်တကျ ပြင်ဆင်ထားတဲ့ အစီအစဉ်ကြီးပဲ"
"ငါ့မိသားစု အဲဒီကို ရောက်သွားပြီးတဲ့နောက် မြောက်ပိုင်းဧကရာဇ်က သူတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားလိုက်တယ်။ ပြီးတော့ ငါ့ကို ပုန်ကန်ကြောင်း ကြေညာပြီး ငါ့ရဲ့ နန်းတော်ကြီး ပျက်စီးနေတဲ့ အချိန်မှာ ငါ့ကို သူ့ဆီ လာခဲ့ဖို့ အတင်းအကျပ် ဖိအားပေးခဲ့တာ"
"နောက်ထပ် သိချင်သေးလား။ ငါ အဲဒီကို ရောက်သွားတဲ့ အချိန်မှာ ငါ့ရဲ့ ဇနီးနဲ့ သားက သေဆုံးနေခဲ့ကြပြီ။ ဒါပေမဲ့ သူတို့က ငါ့ကို လိမ်ညာ ပြောခဲ့ကြတယ်။ တကယ်လို့ သူတို့ကို အသက်ရှင်လျက် လိုချင်ရင် ငါ့အနေနဲ့ ပြန်မခုခံဖို့ ပြောခဲ့ကြတာ။ အဲဒီလူယုတ်မာက ငါ့ရဲ့ နှလုံးသားတည့်တည့်ကို ဓားနဲ့ ထိုးတာကို ငါ ငေးကြည့်နေခဲ့ရတယ်။ ငါ့မိသားစုရဲ့ အသက်အတွက် ငါ ဘာမှတောင် ပြန်ပြီး မခုခံနိုင်ခဲ့ဘူး"
"သူ ငါ့ကို ဒဏ်ရာရအောင် လုပ်ပြီးတဲ့ နောက်မှသာ ငါ့မိသားစုက အစကတည်းက သေဆုံးနေခဲ့ပြီဆိုတာကို ငါ့ကို ပြောပြခဲ့တာ။ ငါ သူ့ကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဟိုကျိန်စာသင့်ဓားက ရခဲ့တဲ့ ဒဏ်ရာက ငါ့ရဲ့ အစွမ်းတွေကို စုတ်ယူသွားခဲ့ပြီ။ ငါ... ငါ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ထွက်ပြေးခဲ့ရတော့တာပေါ့" သူက ဆိုသည်။
လုံချန်း မည်သို့ ပြန်ပြောရမှန်း မသိဖြစ်သွားခဲ့ရသည်။ ဤဘဝဇာတ်ကြောင်း တစ်ခုလုံးက စိတ်မကောင်းစရာ ကောင်းလွန်းပေသည်။ ဤလူကြီးက ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရရှာသည်။ ကမ္ဘာကြီး၏ အထွတ်အထိပ် နေရာက အရာအားလုံးကို ဆုံးရှုံးပြီး အောက်ဆုံး အဆင့်အထိ ပြုတ်ကျသွားခဲ့ရသည် မဟုတ်လော။
"ကဲ... အခု ငါ့မှာ မင်းအတွက် မေးခွန်းတစ်ခု ရှိတယ်။ ငါ့ရဲ့ မိသားစုက အစကတည်းက သေဆုံးသွားခဲ့ပြီ။ ပြီးတော့ ဒီဒဏ်ရာကြောင့် ငါလည်း ကြာကြာ အသက်မရှင်နိုင်တော့ဘူးဆိုတာ ငါသိနေတာပဲဥစ္စာ။ ဒါဆိုရင် ငါ ဘာဖြစ်လို့ ထွက်ပြေးခဲ့တာလဲ။ ဘာဖြစ်လို့ သေလဲသေရောဆိုပြီး အသေအလဲ မတိုက်ခိုက်ခဲ့တာလဲ။ မင်းက အမွေအနှစ်ကို လိုချင်တယ်ဆိုရင် ဒါကို မှန်ကန်အောင် ဖြေဆိုရလိမ့်မယ်" သူတော်စင်ဘုရင်က လုံချန်းကို လှမ်း၍ ပြောလိုက်တော့သည်။