အခန်း ၁၁၃၀
Vol. 107 Ch. 1130
အခန်း ၁၁၃၀ လက်စွပ်ရွေးချယ်ခြင်း
"ငါ အဲဒီကျိန်စာသင့်ဓားနဲ့ အထိုးခံရကတည်းက သေခြင်းတရားက ငါ့ရဲ့ ကံကြမ္မာထဲမှာ ရေးမှတ်ပြီးသား ဖြစ်သွားခဲ့တာ။ ဒါဆိုရင် ငါ ဘာလို့ ထွက်ပြေးခဲ့တာလဲဆိုတာ ပြောစမ်းပါဦး။ မင်း အမွေအနှစ်ကို လိုချင်တယ်ဆိုရင် ငါ့ကို အဖြေပေးစမ်း ကောင်လေး" သူတော်စင်ဘုရင်က လုံချန်း၏ မျက်ဝန်းထဲသို့ နက်ရှိုင်းစွာ စိုက်ကြည့်ရင်း မေးလိုက်၏။
"ခင်ဗျား အဲဒီမှာ ဆက်နေခဲ့ရင်တောင် ခင်ဗျားရဲ့ အစွမ်းတွေ အကုန်နီးပါး ကုန်ဆုံးနေပြီဆိုတော့ သေရမှာပဲလေ။ ဒါကြောင့် ကလဲ့စားမချေနိုင်ဘဲ အသေခံမယ့်အစား ကလဲ့စားချေပေးမယ့် အမွေခံတစ်ယောက်ကို ရှာဖို့အတွက် ထွက်ပြေးခဲ့တာ မဟုတ်လား။ ဒါ မဟုတ်ဘူးလား" လုံချန်းက မျက်လုံးပင့်ရင်း သူတော်စင်ဘုရင်ကို ပြန်လည်မေးမြန်းလိုက်သည်။
သူသည် ဤကဲ့သို့သော ပုံပြင်ဇာတ်လမ်းပေါင်း များစွာကို ဖတ်ရှုဖူးသဖြင့် အနှစ်သာရအား ကောင်းကောင်း ရိပ်မိနေပြီ ဖြစ်ပေသည်။
"မ... မင်း ဘယ်လိုလုပ် အဲဒီလောက် အလွယ်တကူ ခန့်မှန်းမိသွားတာလဲ" သူတော်စင်ဘုရင်က မှင်တက်လျက် မေးလိုက်၏။
"ဒါကို ကျွန်တော့်ရဲ့ ထူးခြားတဲ့ စွမ်းရည်လို့ပဲ သဘောထားလိုက်ပါ။ ကျွန်တော်က အဲလိုအရာတွေကို ခန့်မှန်းရတာ တော်တော်လေး ကျွမ်းကျင်လို့လေ။ ဘာပဲဖြစ်ဖြစ်... ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားအတွက် ကလဲ့စားချေပေးစေချင်တာ မဟုတ်လား" လုံချန်းက မေးလိုက်သည်။
"ငါ... အာ..." သူတော်စင်ဘုရင် မည်သို့ ပြန်ပြောရမှန်း မသိဖြစ်သွားခဲ့ရ၏။ ၎င်းမှာ သူ အမှန်တကယ် လိုလားသောအရာ ဖြစ်သော်လည်း ဤကဲ့သို့ တည့်တည့်တိုးပြီး အမေးခံလိုက်ရသည့်အခါ အနေရခက်သွားခဲ့ရသည်။
"နေရခက် မနေပါနဲ့ဗျာ... ကျွန်တော် အခုဆိုရင် ဒီလှည့်ကွက်တွေကို ကောင်းကောင်းသဘောပေါက်နေပါပြီ။ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ။ ခင်ဗျားအတွက် ကျွန်တော့်ကို ကလဲ့စား ချေပေးစေချင်တာလား" လုံချန်းက သူတော်စင်ဘုရင်ကို ထပ်မံမေးမြန်းလိုက်၏။
"ဟုတ်တယ်" သူတော်စင်ဘုရင်က ပြန်ဖြေခဲ့သည်။
"ကျွန်တော် မလုပ်နိုင်ဘူး" လုံချန်းက တည့်တည့်ပင် ငြင်းဆန်လိုက်တော့သည်။
"ကျွန်တော့် ဘဝက ကိုယ့်ဘာသာ ရုန်းကန်နေရတာ ခက်ခဲနေပါပြီ။ ကျွန်တော့်မှာလည်း ခင်ဗျားရဲ့ မြောက်ပိုင်း ဧကရာဇ်ထက်တောင် ပိုပြီး ကြီးမားနိုင်တဲ့ ကိုယ်ပိုင်ရန်သူတွေ ရှိနေတာ။ ကျွန်တော် အခြားလူရဲ့ ကလဲ့စားချေမှု အမုန်းတရားတွေထဲမှာ အောက်ခြေပိတ် အဖမ်းခံမနေနိုင်ဘူး။ ကျွန်တော် လုပ်စရာတွေ အများကြီး ရှိသေးတယ်" သူက ဆိုသည်။
"တကယ်လို့ ခင်ဗျားမှာ အခြား တောင်းဆိုစရာတစ်ခုခု ရှိမယ်ဆိုရင်တော့ ကျွန်တော် လုပ်ပေးပါ့မယ်" သူက ထပ်လောင်းပြောကြားလိုက်၏။
"ငါ့မှာ အခြားတောင်းဆိုစရာ မရှိဘူး။ ဒါက ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ပဲ။ မင်း မလုပ်နိုင်ဘူးဆိုရင် ထွက်သွားနိုင်ပါတယ်" သူတော်စင်ဘုရင်က ပြန်လည်တုံ့ပြန်ခဲ့သည်။
"ခင်ဗျားက အဲလိုပြောမှတော့လည်း..." လုံချန်းက ပျင်းရိပျင်းတွဲ လေသံဖြင့် ဆိုလိုက်ပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်တော့သည်။ မြောက်ပိုင်းဧကရာဇ်နှင့် ရန်ငြိုးဖွဲ့ရမည်မှာ မိမိကိုယ်ကို သတ်သေခြင်းနှင့် အတူတူပင် မဟုတ်လော။ ထိုသူက တစ်ချိန်တုန်းက အင်မော်တယ် ကမ္ဘာ၏ အစွမ်းထက်ဆုံးသူ ဖြစ်ခဲ့ပြီး ယခုအချိန်တွင် ပို၍ပင် သန်မာနေလောက်ပြီ ဖြစ်ပေသည်။
သူ့အနေဖြင့် ကျင့်ကြံအားထုတ်ပြီး ပိုမိုသန်မာလာရန် လိုအပ်သည်ဖြစ်ရာ အခြားသူများ၏ တိုက်ပွဲများကြားတွင် အသက်မဆုံးရှုံးလိုချေ။
"ကောင်းပြီ... ထွက်သွားလိုက်ပါ။ ဒါပေမဲ့ သတိရပါ။ မင်း ဒီနေ့သာ ထွက်သွားခဲ့ရင် ဘယ်တော့မှ ပြန်လာလို့ ရမှာ မဟုတ်တော့ဘူး။ မင်း အမွေအနှစ်ကို ရမှာ မဟုတ်ဘူး။ ငါ့ရဲ့ သိုင်းပညာရပ်နဲ့ သန့်စင်ပြီးသား မူလပန်းတွေကိုလည်း မင်း ရတော့မှာ မဟုတ်ဘူး" သူတော်စင်ဘုရင်က ရှေ့သို့ တစ်လှမ်းသာ လှမ်းရသေးသော လုံချန်းကို လှမ်း၍ ပြောလိုက်၏။
"သန့်စင်ပြီးသား မူလပန်း ဟုတ်လား။ အဲဒါက ဘာလဲ" လုံချန်းက ချက်ချင်းပင် အနောက်သို့ ပြန်လှည့်ရင်း မေးမြန်းလိုက်တော့သည်။
"ဝိညာဉ်လေး... မင်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ မင်း သိပုံရတယ်ပဲ။ သွားပြီး သူ့ကို ရှင်းပြပေးလိုက်စမ်းပါ" သူတော်စင်ဘုရင်က ထိုနာမည်ကို ကြားလိုက်ရသဖြင့် အံ့အားသင့်နေပုံရသော ရွှင်းအား ညွှန်ပြရင်း ပြောလိုက်၏။
"သန့်စင်ပြီးသား မူလပန်းတွေဆိုတာ ဆန်းကြယ်အဖိုးတန်တဲ့ ပန်းတွေပဲ။ အဲဒါတွေထဲမှာ သန့်စင်ပြီးသား မူလစွမ်းအင်တွေ ပါဝင်နေရုံတင်မကဘဲ အဲဒီမူလစွမ်းအင်တွေကို ခန္ဓာကိုယ်ထဲကို အလွယ်တကူ စုတ်ယူနိုင်အောင်၊ ကျင့်ကြံခြင်းအဆင့် တက်လှမ်းနိုင်အောင် ကူညီပေးတဲ့ ဖြူစင်တဲ့ ချီစွမ်းအင်တွေနဲ့ပါ ရောနှောပေါင်းစပ်ထားတာ" ရွှင်းက လုံချန်းကို ပြောပြလိုက်သည်။
"နင် ကျင့်ကြံခြင်းအဆင့် တက်လှမ်းဖို့အတွက် ချီစွမ်းအင်တွေ ရယူရတဲ့ ချီကျောက်တုံးတွေလိုမျိုး သဘောထားလိုက်ပါ။ ဒါပေမဲ့ အဲဒါထက် အဆပေါင်းများစွာ ပိုပြီး ရှားပါးတယ်" သူမက ဆက်လက်ရှင်းပြခဲ့၏။
"လုံချန်း... ငါ့အထင်တော့ နင် ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး။ အင်မော်တယ်ကမ္ဘာက တော်ဝင်မျိုးနွယ်စုဝင်တွေပဲ ဒီလို အရာကို ပိုင်ဆိုင်နိုင်ကြတာ။ ပြီးတော့ အဲဒါက နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အများကြီး တက်လှမ်းနိုင်အောင် ကူညီပေးလိမ့်မယ်။ သူပြောတာကို လက်ခံလိုက်ပါ။ ဒီပန်းတွေ သက်သက်နဲ့တင် တကယ့်ကို တန်ဖိုးဖြတ်မရနိုင်ဘူး" ရွှင်းက ကမ်းလှမ်းချက်ကို လက်ခံရန် လုံချန်းအား တိုက်တွန်းပြောဆိုလိုက်သည်။
"ဒါပေမဲ့ မြောက်ပိုင်းဧကရာဇ်က... တစ်ကမ္ဘာလုံးက ငါ့ရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်လေ" လုံချန်းက တိုးတက်ရေရွတ်လိုက်၏။
"မင်း နားလည်မှုလွဲနေပြီ ကောင်လေး။ မြောက်ပိုင်းဧကရာဇ် တစ်ယောက်တည်း မဟုတ်ဘူး။ အခြား ဧကရာဇ် သုံးပါးလုံး အပါအဝင်ပဲ။ သူတို့အားလုံးက ငါ့ကို ပူးပေါင်းပုန်ကန်ခဲ့ကြတာ။ မင်း သူတို့အားလုံးကို သတ်ပစ်ပါ့မယ်လို့ ကတိပေးမှသာ ငါက မင်းကို အမွေအနှစ် ပေးနိုင်မှာ။ ဒါမှမဟုတ်ရင်လည်း ထွက်သွားနိုင်တယ်" သူတော်စင်ဘုရင်က ကြားဖြတ်ကာ သေချာအောင် ရှင်းပြလိုက်သည်။
လုံချန်းက သူတော်စင်ဘုရင်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိ၏။ "အခြားသုံးယောက်ကို ထပ်ပြီး မပစ်ထည့်ခင် အရင်ဆုံး တစ်ယောက်တည်းအတွက်ကို သဘောတူခွင့် မပေးနိုင်ဘူးလား"
"ထားပါတော့လေ... ကျွန်တော် လုပ်ပါ့မယ်။ ဒါပေမဲ့ ကျွန်တော် တကယ် သန်မာလာတဲ့ အချိန်ကျမှနော်။ တကယ်လို့ ခင်ဗျား ဒါကို သဘောတူရင် ကျွန်တော်လည်း သဘောတူတယ်" သူက ဆိုလိုက်၏။
"ကောင်းပြီ။ ငါ လက်ခံတယ်။ ဒါပေမဲ့ မင်းအနေနဲ့ ကောင်းကင် ကျိန်ဆိုခြင်း လုပ်ရမယ်။ မင်း ကတိဖျက်ရင် မင်း သေရလိမ့်မယ်။ နောင် နှစ်တစ်ရာအတွင်းမှာ အင်မော်တယ် ကမ္ဘာရဲ့ ဧကရာဇ်လေးပါးလုံးကို သတ်ပစ်ပါ့မယ်လို့ ကျိန်ဆိုလိုက်" သူတော်စင်ဘုရင်က လုံချန်းကို ပြောလိုက်တော့သည်။
"နှစ်တစ်ရာ ဟုတ်လား။ အင်မော်တယ် ကမ္ဘာရဲ့ အစွမ်းထက်ဆုံးသူ ဖြစ်လာဖို့ နှစ်တစ်ရာဆိုရင်... ဖြစ်နိုင်ခြေ ရှိပါတယ်" လုံချန်းက လက်မောင်ကို ပွတ်သပ်ရင်း တိုးတက်ရေရွတ်လိုက်မိ၏။
"နှစ်နည်းနည်း အတွင်းမှာ ငါ ဒီလောက်အထိ တိုးတက်လာခဲ့တာပဲ။ နှစ်တစ်ရာဆိုရင် လုံလောက်ပါတယ်။ ဒါပေမဲ့ ကောင်းကင် ကျိန်ဆိုခြင်းကို ပြုလုပ်ဖို့ကျတော့..."
လုံချန်းက သဘောတူလိုက်ပြီ ဖြစ်သော်လည်း ကောင်းကင် ကျိန်ဆိုခြင်းနှင့် ပတ်သက်၍မူ အနည်းငယ် ဝေခွဲမရ ဖြစ်နေဆဲပင်။
သူ မည်သို့ လုပ်ရမည်ကို တွေးတောရန် ကြိုးစားနေစဉ်မှာပင် ဦးနှောက်ထဲ၌ ရွှင်း အသံအား ကြားလိုက်ရပြန်သည်။
"စိတ်မပူပါနဲ့။ နှစ်တစ်ရာဆိုရင် နင့်ရဲ့ သွေးမျိုးဆက် လုံးဝ နိုးထလာဖို့ လုံလောက်တဲ့ အချိန်ပဲ။ နင် ဒါကို လုပ်နိုင်ပါတယ်။ သဘောတူလိုက်ပါ" ရွှင်းက လုံချန်းကို နောက်ဆုံး ဆုံးဖြတ်ချက်ချနိုင်ရန် တွန်းအားပေးလိုက်၏။
"ကောင်းပြီ... ကျွန်တော် လက်ခံတယ်" လုံချန်းက သူတော်စင်ဘုရင်ကို ပြောလိုက်သည်။
"ကောင်းတယ်။ ကောင်းကင် ကျိန်ဆိုခြင်းကို လုပ်လိုက်ပါ။ အဲဒီနောက်မှာ ငါတို့ စကြတာပေါ့" သူတော်စင်ဘုရင်က ပြုံးလျက် လုံချန်းကို ပြောလိုက်၏။ "ကျိန်ဆိုခြင်း သလင်းကျောက်က ငါ့ရဲ့ ခေါင်းတလားထဲမှာ ရှိနေတယ်။ မင်း ကျိန်ဆိုတဲ့ အချိန်ကျရင် အဲဒါကို လက်ထဲမှာ ကိုင်ထားလိုက်"
လုံချန်း ခေါင်းတလားဆီသို့ လျှောက်လှမ်းသွားပြီး အနီရောင်ကျောက်တုံးကို ကောက်ယူကာ လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ရင်း ကျိန်ဆိုခြင်းအား စတင်လိုက်တော့သည်။
"ကျွန်ုပ်... လုံချန်းသည် နောင်လာမည့် အနှစ်တစ်ရာအတွင်း အင်မော်တယ် ကမ္ဘာ၏ မြောက်ပိုင်းဧကရာဇ်၊ တောင်ပိုင်းဧကရာဇ်၊ အရှေ့ပိုင်းဧကရာဇ်နှင့် အနောက်ပိုင်းဧကရာဇ် တို့ကို သတ်ဖြတ်ပါမည်ဟု ကောင်းကင် ကျိန်ဆိုခြင်းကို ပြုလုပ်ပါသည်" သူက ကြေညာလိုက်၏။
ကျိန်ဆိုခြင်း ပြီးဆုံးသွားခဲ့သည်နှင့် တစ်ပြိုင်နက် ထိုကျောက်တုံးမှာ ခဏမျှ လင်းထိန်သွားခဲ့ပြီးနောက် လုံချန်း၏ လက်ထဲတွင်ပင် ပြာအဖြစ်သို့ ပြောင်းလဲပျက်စီးသွားခဲ့တော့သည်။
"ကောင်းပြီ။ အခု ငါတို့ စလို့ရပြီ။ ငါ့ရဲ့ လက်ချောင်းတွေထဲက လက်စွပ်ကို ချွတ်ယူလိုက်ပါ" သူတော်စင်ဘုရင်က လုံချန်းကို ပြောလိုက်၏။
"ဘယ်တစ်ကွင်းလဲ။ ဒီမှာ နှစ်ကွင်း ရှိနေတာပဲဥစ္စာ" လုံချန်းက လက်တစ်ဖက်စီတွင် သိုလှောင်လက်စွပ် တစ်ကွင်းစီ ရှိနေသည်ကို သတိထားမိသဖြင့် မေးလိုက်သည်။
"ဘယ်ဘက်လက်က အနီရောင် လက်စွပ်က..." သူတော်စင်ဘုရင်က လုံချန်းကို ပြောပြလိုက်စဉ်...
လုံချန်းက လက်စွပ်ကို ယူရန် လက်လှမ်းလိုက်သည့် အချိန်မှာပင် သူတော်စင်ဘုရင်က ဆက်လက်၍ ဆိုလိုက်သည်။ "...က မင်း လုံးဝမထိတွေ့သင့်တဲ့ အရာပဲ၊ မဟုတ်ရင် မင်း ပြာကျပြီး သေသွားလိမ့်မယ်"
"ဘာကြီး" လုံချန်း အော်ဟစ်လိုက်ရင်း လက်စွပ်ကို မထိမိခင် အချိန်မီ သူ့လက်အား နောက်သို့ ပြန်ဆွဲရုတ်လိုက်နိုင်သည်။
"ဒါကို အစကတည်းက ကြိုပြောလို့ မရဘူးလား။ ခင်ဗျား ကျွန်တော့်ကို သတ်မလို့ လုပ်နေတာပဲ" လုံချန်းက အိန္ဒြေပျက်စွာဖြင့် ခေါင်းကို ပွတ်သပ်နေသော သူတော်စင်ဘုရင်အား လှမ်းပြောလိုက်၏။
"ဒါက ငါ့အပြစ် မဟုတ်ပါဘူး။ မင်းက ငါ့ရဲ့ ရတနာတွေကို ယူဖို့ တအားစိတ်လှုပ်ရှားနေပြီး ငါပြောတာကို ဆုံးအောင်တောင် နားမထောင်လို့လေ" သူတော်စင်ဘုရင်က ပြန်လည်ချေပလိုက်သည်။
မြွေဘုရင်ကလည်း ခေါင်းညိတ်လျက် စကားဝိုင်းထဲ ဝင်လာခဲ့၏။ "ငါ ဒီလူကြီးကို သဘောမကျပေမဲ့ သူပြောတာ မှန်တယ်။ မင်းက သေချာ ဆုံးအောင် နားထောင်သင့်တာ"
"ဒါဆိုရင် ကျွန်တော်က ခင်ဗျားရဲ့ ဘယ်ဘက်လက်က ရွှေရောင်လက်စွပ်ကို ယူရမှာပေါ့ ဟုတ်လား။ အဲဒါကော ကျွန်တော့်ကို ပြာကျစေဦးမှာလား" လုံချန်းက ယခုတစ်ကြိမ်တွင် ဘေးကင်းမည်လော သေချာအောင် ထပ်မံမေးမြန်းလိုက်သည်။
"မင်း အဲဒါကို ယူနိုင်ပါတယ်။ အဲဒါက ဘေးကင်းပါတယ်" သူတော်စင်ဘုရင်က ပြုံးလျက် ဆိုလိုက်၏။
"သေချာလို့လား"
"ဒါတွေက ငါ့ရဲ့ လက်စွပ်တွေပဲဥစ္စာ။ ငါမှ မသေချာရင် ဘယ်သူက သေချာရမှာလဲ"