← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အခန်း (၃၁) - ငွေချေးရခြင်း(၂)

ဤပေါင်းစပ်ခြင်း လုပ်ငန်းစဉ်အတွင်း ငြင်းပယ်သည့် တုံ့ပြန်မှုတစ်ခုခုသာ ဖြစ်ပေါ်ခဲ့ပါက ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်ပင်လျှင် သူ့ကို ကယ်တင်နိုင်ရန် ခက်ခဲသွားပေလိမ့်မည်။

သို့သော် အင်အားကြီးမားသည့် စွမ်းအားကို လျင်လျင်မြန်မြန် ရယူလိုပါက အန္တရာယ်ကိုတော့ အမြဲတမ်း ရင်ဆိုင်ရမည်သာဖြစ်သည်။

အဆင့်အတန်းနှင့် အဆင့်သတ်မှတ်ချက်အရ ကြည့်လျှင် ကောင်းကင်နဂါးမျက်လုံးမှာ နတ်ဘုရားသတ်ဖြတ်ခြင်းဓားထက် မနိမ့်ကျပေ။

ဤမျှအစွမ်းထက်သော လျှို့ဝှက်ဆန်းကြယ်ပစ္စည်းတစ်ခုကို ရရှိရန် အခွင့်အရေးရှိလာသည့်အခါ ကောင်းရွှမ်အနေဖြင့် ကြီးမားသော အန္တရာယ်များကို စွန့်စားရယူရန် ဆန္ဒရှိနေခဲ့သည်။

ကောင်းကင်နဂါးမျက်လုံးသည် ရေ၊ မီး၊ လေနှင့် မိုးကြိုးကို ထိန်းချုပ်နိုင်ပြီး ပုံရိပ်ယောင်များ၏ လှည့်စားခြင်းကို ဘယ်သောအခါမှ မခံရမည့် ထာဝရသစ္စာမျက်လုံးလည်း ပါဝင်သည်။

ထို့အပြင် ကောင်းကင်နဂါးမျက်လုံးမှာ တိုးတက်ပြောင်းလဲနိုင်သော လျှို့ဝှက်ဆန်းကြယ် ပစ္စည်းအမျိုးအစားလည်း ဖြစ်သည်။

ကောင်းရွှမ်၏လက်ထဲသို့ ရောက်ရှိလာချိန်တွင် လက်ရှိ ကောင်းကင်နဂါးမျက်လုံးမှာ သံမည်းအဆင့်တွင်သာ ရှိနေသေးသည်။ သို့တိုင်အောင် ကောင်းရွှမ်အား များစွာသော လျှို့ဝှက်ဆန်းကြယ် စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။

ဥပမာအားဖြင့် မူလစွမ်းအင် အသက်ရှူကျင့်စဉ် ရေအောက်လှုပ်ရှားမှု၊ ကိုယ်ပျောက်ခြင်းနှင့် လေစီးကြောင်းနှင့်အတူ ပျံသန်းခြင်းစသည့် အဆင့်နိမ့်စွမ်းရည်များ ဖြစ်သည်။

၎င်းတို့အနက် အသုံးအဝင်ဆုံးမှာ မူလစွမ်းအင် အသက်ရှူကျင့်စဉ်ဖြစ်သည်။ မူလစွမ်းအင်များကို စုပ်ယူခြင်းဖြင့် လူ့ခန္ဓာကိုယ်၏ အောက်ဆီဂျင်လိုအပ်ချက်ကို အစားထိုးနိုင်သလို အစာစားရန် လိုအပ်မှုကိုလည်း အစားထိုးပေးနိုင်သည်။

ဤအချက်က ကောင်းရွှမ်၏ ရှင်သန်နိုင်စွမ်းကို များစွာ မြှင့်တင်ပေးသည်။

ဥပမာအားဖြင့် ရေထဲတွင်ဖြစ်စေ၊ လေဟာနယ် စကြဝဠာထဲတွင်ဖြစ်စေ ကောင်းရွှမ်သည် မူလစွမ်းအင် အသက်ရှူကျင့်စဉ်ကို အသုံးပြုကာ အသက်ရှူခြင်းနှင့် အစာစားခြင်းတို့ကို အစားထိုးနိုင်ပြီး ခန္ဓာကိုယ်ကို ထောက်ပံ့ပေးမည့် စွမ်းအင်များကို ရရှိနိုင်သည်။

ကောင်းကင်နဂါးမျက်လုံးသည် မီးနှင့် မိုးကြိုးကိုပါ ထိန်းချုပ်နိုင်စွမ်းရှိပြီး မီးနှင့် မိုးကြိုးဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်းပေးကာ အမျိုးမျိုးသော မူလစွမ်းအင် တိုက်ခိုက်မှုများကိုပါ ပြင်းထန်စွာ ခုခံနိုင်စွမ်းရှိသည်။

ကိုယ်ပျောက်ခြင်းစွမ်းရည်လည်း ပါဝင်ပြီး ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာ ပြောင်းလဲနိုင်ကာ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားစေနိုင်သည်။

ဤစွမ်းရည်မှာလည်း ပုန်းကွယ်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းတို့အတွက် အလွန်သင့်တော်လှသည်။

ကောင်းကင်နဂါးမျက်လုံးတွင် နဂါးစွမ်းအား၏ အမွေအနှစ် ပါဝင်နေသည်။ စွမ်းရည်များမှာ အလွန်တရာ အစွမ်းထက်သလို အလွန်လည်း ရှုပ်ထွေးလှသည်။

ဤသည်က ကောင်းကင်နဂါးမျက်လုံးကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန် ကောင်းရွှမ်အတွက် အဆက်မပြတ်ကျင့်ကြံပြီး စမ်းသပ်မှုများပြုလုပ်ရန် လိုအပ်နေပေသည်။

ခွဲထုတ်ထားသည့် ကောင်းကင်နဂါးသွေးမှာလည်း ကောင်းမွန်သောအရာတစ်ခုဖြစ်သည်။ သို့သော် ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်တွင် ခန္ဓာကိုယ်အတွက် အလွန်မြင့်မားသော လိုအပ်ချက်များ ရှိနေပြီး ခန္ဓာနှင့် စိတ်ဝိညာဉ် ပြီးပြည့်စုံစွာ သဟဇာတဖြစ်မှုကို လိုအပ်သည်။

ကောင်းကင်နဂါးသွေးက ကောင်းရွှမ်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို လုံးဝပြောင်းလဲသွားစေပြီး ကောင်းရွှမ်ကို ဖြည်းဖြည်းချင်း နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားစေမည်ဖြစ်သည်။

ဤသည်မှာ ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်က လုံးဝလက်ခံခွင့်ပြုမည့် အရာမဟုတ်ပေ။

ယေဘုယျအားဖြင့် ပြောရလျှင် ကောင်းကင်နဂါးမျက်လုံးမှာ မျက်လုံးပုံစံဖြင့်သာ တည်ရှိနေသော လက်နက်တစ်ခုမျှသာ ဖြစ်နေသေးသည်။

ဤအချက်ကသာ ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်အတွက် လက်ခံနိုင်စရာရှိသည့် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်သည်။

ကောင်းရွှမ်၏ အခြေခံအုတ်မြစ်မှာ ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ် ဖြစ်သည်။ သူပြောင်းလဲချင်လျှင်ပင် ပြောင်းလဲ၍ မရနိုင်ပေ။ သဘာဝကျကျပင် သူက အတင်းအကြပ် ပြုမူမည်မဟုတ်ပေ။

ယွမ်ချင်းရှန်မှာ ကောင်းရွှမ် အယုံကြည်ရဆုံးလူ ဖြစ်သော်လည်း သူက အရာအားလုံးကိုတော့ သူမအား ပြောပြမည်မဟုတ်ပေ။

ဤသည်က သူ၏ မွေးရာပါ သတိကြီးလှသော စရိုက်ကြောင့်သာမက သူ၏ နှစ်တစ်ရာသက်တမ်းတစ်လျှောက်မှ ရရှိခဲ့သော နာကျင်ဖွယ်ရာ သင်ခန်းစာများကြောင့်ဖြစ်သည်။

ကောင်းရွှမ်က ပြုံးရွှင်စွာ ပြောလိုက်သည်။

“လောလောဆယ်တော့ နေစရာနေရာတစ်ခုရှာပြီး တက္ကသိုလ်တက်ဖို့ ကျောင်းဖွင့်မယ့်အချိန်ကို စောင့်ကြတာပေါ့၊ အဲ့ဒီအချိန်ကျရင် ငါတို့ ကျောင်းဝင်းတစ်ခုလုံးကို စိုးမိုးပြီး ယောက်ျား၊ မိန်းမ အကုန်လုံးကို အနိုင်ကျင့်ကြမယ်၊ ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲ”

ယွမ်ချင်းရှန်က ကောင်းရွှမ်ကို သတိပေးလိုက်သည်။

“ငါတို့ အကောင့်ထဲမှာ အကြွေးရမှတ် ရာဂဏန်းလောက်ပဲ ကျန်တော့တယ်”

သူမက လူ့ဘ၀အတွေ့အကြုံများ မရှိသော်လည်း ငွေကြေး၏ အရေးပါမှုကိုတော့ ကောင်းကောင်းသိသည်။ ကောင်းရွှမ် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

“ပိုက်ဆံမရှိတာက တကယ်ကို စိတ်ညစ်စရာပဲ”

အခြေစိုက်စခန်းမှ ထွက်လာစဉ်က သူ ရွှေတုံးနှစ်ဆယ်အပြင် လက်နက်အချို့နှင့် အခြားအရာများကို ယူဆောင်လာခဲ့သည်။

သို့သော် ၎င်းတို့အားလုံးကို တောင်တန်းများထဲတွင် သူ မြှုပ်နှံခဲ့ပြီးဖြစ်သည်။ ကောင်းရွှမ် ခဏမျှ စဉ်းစားလိုက်သည်။

“ရွေးချယ်စရာ မရှိဘူး၊ အရင်ဆုံး ပိုက်ဆံချေးမှပဲ ရတော့မယ်”

ယွမ်ချင်းရှန်ဘက်သို့ လှည့်ကာ သူ စကားဆက်လိုက်သည်။

“ရွှီယင်ကို ဆက်သွယ်လိုက်၊ အရေးပေါ် သုံးဖို့ နည်းနည်းလောက် ချေးလိုက်မယ်”

ယွမ်ချင်းရှန် အနည်းငယ် အံ့အားသင့်သွားသည်။

“ဝေ့ကျန်းကျန်းက ပိုချမ်းသာတယ်လို့ ငါထင်တယ်၊ သူမဆီက ပိုက်ဆံချေးရတာ ပိုလွယ်လိမ့်မယ်”

ဝေ့ကျန်းကျန်းက ကောင်းရွှမ်ကို အလွန်သဘောကျနေသည်မှာ ရှင်းနေသည်။ ကောင်းရွှမ်သာ သူမထံမှ ငွေချေးပါက သန်းနှင့်ချီ၍ ချေးလျှင်တောင် ပြဿနာရှိမည် မဟုတ်ပေ။

“ဝေ့ကျန်းကျန်းက ရိုးအလွန်းတယ်၊ သူမနဲ့ ခပ်ကင်းကင်းနေတာက ပိုကောင်းတယ်”

အမှန်တကယ်တော့ ရွှီယင် ဝင်လာကတည်းက ကောင်းရွှမ် နိုးနေခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဆေးရုံခန်းအပြင်ဘက်မှ ရွှီယင်နှင့် ဝေ့ကျန်းကျန်းတို့၏ စကားပြောသံများကိုလည်း သူ ကြားခဲ့ရသည်။

ဝေ့ကျန်းကျန်းကဲ့သို့ ကလေးတစ်ယောက်မှာ ကိစ္စ၏ အတိမ်အနက်ကို မသိဘဲ မိမိကိုယ်ကိုယ် အမှန်ဟုသာ ထင်တတ်သည်။ သူမက လူဆိုးတစ်ယောက် မဟုတ်သော်လည်း အနည်းငယ်တော့ ပြဿနာပေးတတ်သူဖြစ်သည်။

ကောင်းရွှမ်က လှပသော မိန်းမများကို သဘောကျသော်လည်း ကလေးဆန်သူများအား သဘောမကျသလို ထိုသို့သော ကလေးများကို ချော့မြှူနေရန်လည်း စိတ်ဝင်စားမှု မရှိပေ။

ရွှီယင်က ပို၍ရင့်ကျက်ပြီး ကျိုးကြောင်းဆင်ခြင်တတ်သည်။ ထိုသို့သော လူမျိုးနှင့် ဆက်သွယ်ပြောဆိုရသည်မှာ ပို၍လွယ်ကူသည်။ ဗီဒီယိုကောလ်တွင် ကောင်းရွှမ်ကို မြင်လိုက်ရသောအခါ ရွှီယင် အံ့သြဝမ်းသာသွားသည်။

ကောင်းရွှမ်အပေါ် သူမ သတိထားသည့် ခံစားချက်မျိုး ရှိနေသော်လည်း သူ၏ ပြိုင်ဘက်ကင်း ရုပ်ရည်သွင်ပြင်က လူတို့ကို အမြဲတမ်း ပျော်ရွှင်မှုပေးစွမ်းနိုင်သည်။

ထို့အပြင် ဘာပဲဖြစ်ဖြစ် ကောင်းရွှမ်ကို သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါသည်။ သူငယ်ချင်းတစ်ယောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခြင်းမှာ သေချာပေါက် ဝမ်းမြောက်ဖွယ်ရာကိစ္စ ဖြစ်သည်။

“ပါမောက္ခရွှီ... ကျွန်တော်နဲ့ ချင်းရှန် တောင်ပေါ်ကနေ ပြန်ဆင်းလာတာ ကိုယ်ပေါ်မှာ ပိုက်ဆံတစ်ပြားမှ မပါလာဘူးဖြစ်နေတယ်၊ ပါမောက္ခအတွက် အဆင်ပြေမယ်ဆိုရင် ကျွန်တော့်ကို နည်းနည်းလောက် ချေးပေးလို့ရမလား”

“ပြဿနာမရှိပါဘူး၊ ဘယ်လောက်လိုချင်တာလဲ”

ရွှီယင်က အလွန်ပွင့်လင်းသည်။ ကောင်းရွှမ်က သူမ၏အသက်ကို ကယ်တင်ခဲ့သည်ဟု ဆိုနိုင်သောကြောင့် ငွေချေးခြင်းမှာ ကိစ္စသေးတစ်ခုမျှသာ ဖြစ်သည်။

“တစ်သိန်းလောက်ပါ”

ကောင်းရွှမ်က မြို့တော်၏ကုန်ကျစရိတ်ကို တွက်ချက်ထားပြီးဖြစ်သည်။ တစ်သိန်းဆိုလျှင် သူနှင့် ယွမ်ချင်းရှန်တို့ လအနည်းငယ် သုံးစွဲရန် လုံလောက်သင့်သည်။

သူ၏ ပြန်လည်မွေးဖွားလာမှု အတွေ့အကြုံနှင့် ဉာဏ်ပညာတို့ကို ထည့်မတွက်လျှင်တောင်မှ သူ၏ ကိုယ်ပိုင်ကျွမ်းကျင်မှုများနှင့်ဆိုလျှင် လအနည်းငယ် အချိန်ရရုံဖြင့် ငွေရှာရန်မှာ မခက်ခဲလှပေ။

“ကောင်းပြီ၊ အခုချက်ချင်း လွှဲပေးလိုက်မယ်”

ရွှီယင် ခဏမျှ စဉ်းစားပြီးမှ စကားဆက်လိုက်သည်။

“ဆဌမမြို့စွန် ကွင်းအမှတ် ၃၊ မြောက်ပိုင်းခရိုင်မှာ ငါ့ရဲ့ အိမ်လွတ်တစ်လုံးရှိတယ်၊ လောလောဆယ် အဲ့ဒီမှာနေလို့ရတယ်”

“အိုး ကျေးဇူးအများကြီးတင်ပါတယ်၊ အရေးပေါ်လိုအပ်ချက်ကို ဖြေရှင်းပေးလိုက်တာပဲ”

ကောင်းရွှမ်က အားနာမနေပေ။ မြို့တော်သည် အရှေ့ပိုင်းတိုက်ကြီးရှိ အဓိကမြို့တော်တစ်ခုဖြစ်ပြီး အိမ်လခများမှာ အဆမတန် ဈေးကြီးလှသည်။

အခမဲ့နေစရာ အိမ်တစ်လုံးရခြင်းက သေချာပေါက် ကောင်းမွန်သည့်အရာဖြစ်သည်။ ထို့အပြင် ဆဌမမြို့စွန်ဆိုသည်မှာ ဗဟိုနယ်မြေတစ်ခုအဖြစ် သတ်မှတ်နိုင်နေပြီဖြစ်သည်။

ရွှီယင် ဖုန်းချသွားပြီးနောက် ဝေ့ကျန်းကျန်း အလွန်စိတ်မပျော်မရွှင် ဖြစ်သွားသည်။

“ဘာလို့ ကောင်းရွှမ်က ကျွန်မကို မတောင်းဆိုရတာလဲ၊ စတုတ္ထမြို့စွန်ခရိုင်မှာ ကျွန်မရဲ့ လုံးချင်းဗီလာတစ်ခု ရှိသေးတယ်၊ သူ့ကို တိုက်ရိုက်ပေးလိုက်လို့တောင် ရတယ်”

“နင့်မှာ အခြေအနေကို ချင့်ချိန်နိုင်စွမ်းမရှိလို့လေ၊ အဲ့ဒါကြောင့် ကောင်းရွှမ်က နင့်ကို မတောင်းဆိုတာပေါ့”

ရွှီယင်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

“ငါ ထပ်ပြောမယ်၊ ကောင်းရွှမ်က နင့်ထက် အများကြီး ပိုထက်မြက်ပြီး ပိုရှုပ်ထွေးတဲ့လူပဲ၊ နင် သူနဲ့ ဆော့ကစားချင်ရင်ရတယ်၊ ဒါပေမဲ့ သူ့သူငယ်ချင်းဖြစ်ဖို့တော့ မစဉ်းစားနဲ့”

“ဘာဖြစ်လို့လဲ”

“ဘာလို့လဲဆိုတော့ နင့်မှာ အဲ့ဒီအတွက် ဦးနှောက်မရှိလို့လေ”

ရွှီယင် ထိုသို့ပြောလိုက်ချိန်တွင် မျက်စိမှိတ်လျက်ပြုံးနေသော ကောင်းရွှမ်၏ မျက်နှာက သူမစိတ်ထဲတွင် အလိုအလျောက် ပေါ်လာသည်။

ထိုအပြုံးက နေမင်းကြီးထက်ပင် ပို၍တောက်ပနေပြီး သူ၏ မှိတ်ထားသော မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေကာ အချိန်တိုင်းတွင် အသက်အန္တရာယ်ပေးနိုင်လောက်သည့် ဆွဲဆောင်မှုများကို ဖြာထွက်နေသည်။

လူတိုင်းက သူ၏ ရုပ်ရည်သွင်ပြင်ကြောင့် ဆွဲဆောင်ခံရမည်ဖြစ်ပြီး အသိစိတ်မဲ့စွာဖြင့်ပင် သတိများ ဆုံးရှုံးသွားကာ ထိုလူငယ်၏ အန္တရာယ်ရှိမှုကို မမြင်နိုင်ကြတော့ပေ။

…………..

မြို့တော်သည် မင်ကျင်းနန်းတော်ကို ဗဟိုပြုကာ တည်ဆောက်ထားပြီး ၎င်း၏ပတ်လည်တွင် ကွင်းဆယ်ခုတိတိ ပါဝင်ဖွဲ့စည်းထားသည်။ ဤကဲ့သို့သော ရှေးရိုးဆန်သည့် ကွင်းပတ်ပုံစံ မြို့ပြစီမံကိန်းက မြို့တော်၏ ကိုယ်ပိုင်ထူးခြားချက်အချို့ကို ပျောက်ဆုံးသွားစေခဲ့သည်။

သို့သော်လည်း လက်ရှိလူဦးရေ သန်းသုံးရာကျော်ရှိသော မြို့တော်သည် အရှေ့ပိုင်းတိုက်ကြီး၏ အကြီးဆုံးမြို့ကြီးဆယ်မြို့စာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။

ဧရာမမြို့ပြအကျယ်အဝန်းနှင့် ဖွံ့ဖြိုးတိုးတက်နေသော စီးပွားရေးတို့က မြို့တော်ကို သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေစေသည်။ မြို့ပြစတိုင်လ် သို့မဟုတ် ကိုယ်ပိုင်ဟန်ပန်ဆိုသည်မှာ အဘယ်နည်း။

မြို့တော်သူ မြို့တော်သားများကတော့ ငွေကြေးအကြောင်းကိုသာ ပို၍ပြောဆိုလိုကြသည်။ ငွေရှိလျှင် အဆင့်အတန်းရှိမည်၊ စတိုင်လ်ကျမည်၊ ဩဇာတိက္ကမရှိမည်သာဖြစ်သည်။

ငွေမရှိလျှင်တော့ သင့်ထံတွင် ဘာတစ်ခုမှရှိလာမည်မဟုတ်ပေ။ ငွေကြေးနောက် ရူးသွပ်မတတ်လိုက်ခြင်းကပင် ဤစူပါမြို့တော်ကြီး၏ ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်နေသော ကိုယ်ပိုင်စရိုက်လက္ခဏာ တစ်ခုဖြစ်နေနိုင်သည်။ အချို့က မြို့တော်ကို ‘ငွေကြေးမြို့တော်’ ဟုပင် ခေါ်ဝေါ်ကြသည်။

All Chapters