← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း (၃၂)

ကောင်းရွှမ်သည် မိုးမျှော်တိုက်ကြီးတစ်ခု၏ အထပ် (၁၂၀) တွင် မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။

မျက်စိကျိန်းမတတ် တောက်ပနေသော နီယွန်မီးရောင်များနှင့် ပုံရိပ်ယောင်ပြကွက်များက နေရာအနှံ့တွင် ပြည့်နှက်နေပြီး မြို့တော်ကြီးမှာ ဖိတ်ဖိတ်တောက် တောက်ပနေသလို ဆူညံပွက်လောရိုက်ကာ ရှုပ်ထွေးလွန်းလှသည်။

မလှမ်းမကမ်းရှိ အမိုးပိတ် ကွင်းပတ်အမြန်လမ်းမကြီးပေါ်တွင် သံလိုက်စက်ကွင်းသုံး အမြန်ယာဉ်များက လေခွင်းသံများပေးကာ တန်းစီဖြတ်သန်းသွားလာနေကြသည်။

စက်ရုပ်ရဲအရာရှိများက လမ်းမပေါ်တွင် တာဝန်ကျေပွန်စွာဖြင့် ယာဉ်အသွားအလာများကို ရှင်းလင်းပေးရင်း ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနေကြ၏။

အောက်ဘက်ရှိ လမ်းမများပေါ်တွင်မူ ထူးထူးဆန်းဆန်း အဝတ်အစားများ ဝတ်ဆင်ထားသူများက ရည်ရွယ်ချက်မဲ့စွာ သွားလာနေကြရင်း နားမလည်နိုင်သော စကားလုံးများကို အော်ဟစ်နေကြသည်။

ဉာဏ်ရည်တုစက်ရုပ်များ ရှိလာခြင်းကြောင့် အောက်ခြေအဆင့် ကာယလုပ်ငန်းခွင်အားလုံး ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ပြီဖြစ်၏။

အလုပ်အကိုင်တစ်ခု လိုချင်သည့် သာမန်လူတစ်ယောက်အနေဖြင့် ကြိုးစားအားထုတ်မှုကို နှစ်ဆတိုး၍ လုပ်ဆောင်ရပေမည်။ အထူးသဖြင့် မြို့တော်ကဲ့သို့သော အထူးမြို့ကြီးပြကြီးတွင် ပြိုင်ဆိုင်မှုများက အလွန်တရာ ပြင်းထန်လှသည်။ လူတိုင်း၏ ပခုံးပေါ်တွင် ကြီးမားလှသော ဖိအားများကို ထမ်းပိုးထားကြရသည်။

အခြားတစ်ဖက်တွင်လည်း ထိုဖိအားများကြောင့်ပင် လူတိုင်းက အလွန်အမင်း စည်းလွတ်ဘောင်လွတ် နေထိုင်တတ်ကြပြန်သည်။

ညဘက်ရောက်သည်နှင့် မြို့တော်ကြီးသည် ဇိမ်ခံမှုများ၊ အတ္တမာနများနှင့် ကာမဂုဏ်လိုက်စားမှုများ၏ အနံ့အသက်တို့ဖြင့် ပြည့်နှက်သွားတော့သည်။

နေရာအနှံ့မှ ထွန်းလင်းတောက်ပနေသော မီးရောင်များက မြို့တော်တစ်ခုလုံးကို လင်းထိန်သွားစေပြီး ညကောင်းကင်ယံကိုပင် အမှောင်ခွင်းကာ သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

လုံခြုံရေးတာဝန်ယူထားသည့် အထူးကင်းလှည့်ပျံသန်းရေးသင်္ဘောတစ်စင်းက သူတို့၏ခေါင်းပေါ်မှ တိတ်ဆိတ်စွာ ဖြတ်သန်းသွားပြီး ၎င်း၏အနောက်တွင် မီးခိုးဖြူရောင် အငွေ့တန်းရှည်ကြီးကို ချန်ရစ်ထားခဲ့သည်ကို ကောင်းရွှမ် မြင်လိုက်ရသည်။

ပို၍ မြင့်မားသော နေရာသို့ မော့ကြည့်လိုက်လျှင် ပီဂါဆပ်စ်ဂြိုဟ်၏ အပြင်ဘက်အာကာသတွင် တပ်ဖြန့်ထားသော အာကာသခံတပ်ကြီးများကိုပင် မြင်တွေ့နိုင်သည်။

ဤနေရာမှ လှမ်းကြည့်လျှင် အာကာသခံတပ်ကြီးသည် အလွန်တောက်ပသော ကြယ်တစ်ပွင့်ကဲ့သို့ လင်းလက်နေပြီး လျှို့ဝှက်ဆန်းကြယ်ကာ တောက်ပသည့် ရေပြာရောင်အလင်းတန်းများ ဖြာထွက်နေသည်။

“ဒီက ရှုခင်းက တော်တော်လေးလှတာပဲ”

အထပ် (၁၂၀) ရှိ အမိုးပွင့် လသာဆောင်လေးကို ကောင်းရွှမ် အလွန်သဘောကျနေသည်။ ရွှီယင်က အမှန်တကယ်ပင် ချမ်းသာကြွယ်ဝသူဖြစ်သည်။

သူမ၏ ဘယ်တိုက်ခန်းမှာမဆို အပေါ်ဆုံးထပ်တွင် ရှုခင်းကြည့်လသာဆောင်များ ပါဝင်လေ့ရှိသည်။ လသာဆောင်ပေါ်တွင် အလျား မီတာနှစ်ဆယ်၊ အနံ ကိုးမီတာရှိသော ရေကူးကန်ငယ်လေးတစ်ခုလည်း ရှိသေးသည်။

အပြည့်အဝအပြည့်အဝ ဖောက်ထွင်းမြင်နိုင်သော မှန်ရေကူးကန်လေးက လသာဆောင်အား သဘာဝဆန်ဆန် သက်တောင့်သက်သာရှိမှုကို ပေါင်းထည့်ပေးထား၏။

ယွမ်ချင်းရှန်ကတော့ ဤအရာများနှင့် ပတ်သက်၍ ထူးထူးခြားခြား မခံစားရပေ။ သူမရှေ့ရှိ မြို့တော်ကြီးမှာ အလွန်ကြီးမားကျယ်ပြန့်လွန်းသည်ဟုသာ ခံစားနေရသည်။

သံမဏိနှင့် ကွန်ကရစ်များဖြင့် တည်ဆောက်ထားသော ဤတောအုပ်ကြီးထဲတွင် ရပ်နေရသည်မှာ လုံခြုံမှုကင်းမဲ့နေသလို ခံစားရသည်။

ယွမ်ချင်းရှန်က ရိုးရှင်းစစ်မှန်သော သဘာဝတရားများရှိရာ ရေခဲနဂါးတောင်တန်းများကိုသာ ပို၍သဘောကျနေဆဲဖြစ်သည်။

“နင် မြို့တော်ကို သိပ်သဘောကျပုံမရဘူးနော်”

ယွမ်ချင်းရှန်၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မပေါ်လွင်နေသော်လည်း သူမ၏ သိမ်မွေ့လှသော စိတ်ခံစားမှုအပြောင်းအလဲများကို ကောင်းရွှမ် ဖတ်ရှုနိုင်စွမ်းရှိသည်။

“လူတွေက လူမှုရေးသတ္တဝါတွေလေ၊ ကိုယ့်အမျိုးအနွယ်တွေနဲ့ အတူတကွ နေထိုင်ကြရတာပဲ၊ နင့်လို လူတွေနဲ့ နီးနီးကပ်ကပ်နေရတာကို သဘောမကျတဲ့သူက ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းမှာ ပြဿနာရှိနေလို့ပဲ၊ တကယ်တော့ ဒါက ရောဂါတစ်မျိုးပဲ”

ကောင်းရွှမ်က မှတ်ချက်ချလိုက်သည်။

ယွမ်ချင်းရှန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စကားစလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပေယန်ပြည်နယ် ပေခွန်းရေခဲပြင်မှာ ပြင်းအား ၃.၃ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်ဆိုတဲ့ သတင်းကို ငါမြင်လိုက်ရတယ်”

“ဟားဟားဟား...”

ကောင်းရွှမ်က အော်ဟစ်ရယ်မောလိုက်သည်။

“အဲ့ဒါ ငါတပ်ဆင်ခဲ့တဲ့ နျူကလီးယားဗုံးလေ၊ သူတို့ သွားထိမိလို့ ပေါက်ကွဲသွားတာဖြစ်ရမယ်၊ ကံဆိုးတဲ့ ကလေးတွေပဲ”

ပေခွန်းအခြေစိုက်စခန်းမှာ အလွန်ကြီးမားကျယ်ပြန့်သည်။ အထောက်အထားများအားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်ရန် ကောင်းရွှမ်က စွမ်းအားနိမ့် နျူကလီးယားဗုံးနှစ်လုံးကို တပ်ဆင်ထားခဲ့သည်။

ထိုအရာများက ပေခွန်းအခြေစိုက်စခန်းတွင် လျှို့ဝှက်သိမ်းဆည်းထားသော လက်နက်များဖြစ်ပြီး ကျိုးလန်၏ အသက်ကယ်လက်နက်များလည်း ဖြစ်သည်။

တစ်စုံတစ်ယောက်က ပေခွန်းအခြေစိုက်စခန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်နှင့် နျူကလီးယားဗုံးများ ပေါက်ကွဲသွားစေရန် ကောင်းရွှမ်က ပါးနပ်စွာ စီစဉ်ထားခဲ့၏။

ဤကိစ္စက လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် ပေခွန်းအခြေစိုက်စခန်းတွင် တစ်ခုခုမှားယွင်းနေပြီဆိုသည်ကို သွေးနတ်ဘုရားအဖွဲ့အစည်းက ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း သက်သေပြနေသည်။

ပီဂါဆပ်စ်ဂြိုဟ်ရှိ သွေးနတ်ဘုရားအဖွဲ့အစည်း အဖွဲ့ခွဲအကြောင်းကို ကောင်းရွှမ် ကောင်းကောင်းကြီး သိထားသည်။ ထိုကောင်များသည် ယုတ်မာကောက်ကျစ်ကြသော်လည်း သူတို့၏ အခြေစိုက်စခန်း ဖျက်ဆီးခံလိုက်ရလျှင်ပင် သူ့ကို ရှာတွေ့နိုင်မည့် အစွမ်းအစမျိုးတော့ ရှိမနေသေးပေ။

သူက အချိန်အတိုင်းအတာတစ်ခုအထိ ပုန်းအောင်းနေမည်ဖြစ်သည်။ ထို့နောက် အချိန်ရသည်နှင့်တစ်ပြိုင်နက် သွေးနတ်ဘုရားအဖွဲ့အစည်းကို ဖြည်းဖြည်းချင်း ရှင်းလင်းပစ်မည်ဖြစ်သည်။

သွေးနတ်ဘုရားအဖွဲ့အစည်းက သူ၏ရန်သူဖြစ်ရုံသာမက လူသားတစ်ရပ်လုံး၏ရန်သူလည်း ဖြစ်သည်။ လူသားမဟာမိတ်အဖွဲ့ဆိုသည်မှာ အလွန်လျော့ရဲသော နိုင်ငံရေးမဟာမိတ်အဖွဲ့တစ်ခုသာဖြစ်သည်။

မဟာမိတ်အဖွဲ့၏ အမှန်တကယ် အဓိကအင်အားစုမှာ ဂလက်ဆီအတွင်းရှိ အထူးကော်ပိုရေးရှင်းကြီး ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ထိုကုမ္ပဏီကြီးများတွင် ခိုင်မာသော အကျိုးစီးပွားများ ရှိနေခြင်းကြောင့်သာ လူသားမဟာမိတ်အဖွဲ့က မပြိုကွဲဘဲ သီသီလေး ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ လူသားအားလုံးကို ငွေကြေးအရင်းအနှီးကသာ အုပ်ချုပ်နေသည်ဟု ဆိုလျှင်လည်း မမှားပေ။

အခြေခံအားဖြင့် ပြောရလျှင် သွေးနတ်ဘုရားအဖွဲ့အစည်းဆိုသည်မှာ အမြတ်အစွန်းရရှိရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုမည့် ဧရာမကော်ပိုရေးရှင်းကြီးတစ်ခုသာ ဖြစ်သည်။

သို့သော် သွေးနတ်ဘုရားအဖွဲ့အစည်းက မည်သည့်စည်းမျဉ်းကိုမျှ မလိုက်နာဘဲ အမြတ်အစွန်းရရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲသောကြောင့် ထိတ်လန့်ဖွယ်ကောင်းသော ပုံပျက်ပန်းပျက် မကောင်းဆိုးဝါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

နောက်ဆုံးတွင် သွေးနတ်ဘုရားအဖွဲ့အစည်းသည် အကျိုးအမြတ်အတွက် လူသားတစ်ရပ်လုံးအပေါ် ပြန်လည်လှည့်စားခဲ့ပြီး လူသားမျိုးနွယ် မျိုးသုဉ်းပျောက်ကွယ်မည့်အခြေအနေသို့ တိုက်ရိုက်တွန်းပို့ခဲ့သည်။

ဝမ်ဟုန်အန်း သစ္စာဖောက်သွားခြင်းကဲ့သို့ပင် အမှန်တကယ်တော့ သွေးနတ်ဘုရားအဖွဲ့အစည်းက အနောက်မှနေ၍ တွန်းအားပေးနေခြင်းဖြစ်သည်။

ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ အများအကျိုးအတွက်ဖြစ်စေ ကောင်းရွှမ်က သွေးနတ်ဘုရားအဖွဲ့အစည်းကို အမြစ်ပြတ်ချေမှုန်းရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ထို့ကြောင့် သွေးနတ်ဘုရားအဖွဲ့အစည်းမှ လူများများသေလေ ကောင်းရွှမ် ပို၍ပျော်လေဖြစ်သည်။ သူ၏ စိတ်အာရုံထဲတွင် လောကကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုသည့် ကြီးမားသော ရည်မှန်းချက်များက တောက်လောင်နေသည်။

ယွမ်ချင်းရှန်က ကောင်းရွှမ်၏အတွေးများကို နားလည်ရန် ခက်ခဲနေသည်မှာ သိသာလှသည်။ သူမ စကားပြောရန် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဖြစ်ခဲ့ပေ။

“နင့်မှာ မေးစရာတွေရှိနေတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ နင် ငါ့ကို ယုံကြည်ရမယ်၊ ငါလုပ်သမျှ အရာတိုင်းအတွက် အကြောင်းပြချက်ဆိုတာ ရှိတယ်”

ကောင်းရွှမ်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

ယွမ်ချင်းရှန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လေးနက်နေသော လေသံဖြင့် ပြန်ဖြေသည်။

“ငါ နင့်ကို ယုံပါတယ်”

ကောင်းရွှမ်က ယွမ်ချင်းရှန်၏ပခုံးကို ပုတ်လိုက်သည်။

“ကောင်မလေး... နင့်မှာ အမြော်အမြင်နဲ့ ဉာဏ်ပညာရှိတယ်၊ နင့်အတွက် ငါ မျှော်လင့်ချက်တွေ အများကြီးထားထားတယ်”

သူက ခမ်းနားကြီးကျယ်ဟန်ဖြင့် ဆက်ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ့နောက်လိုက်လို့ နင် လမ်းမှားရောက်မသွားစေရဘူး”

ယွမ်ချင်းရှန်က သူမ၏အကြည့်များကို အနည်းငယ် အောက်ချလိုက်ပြီး ‘နင်နဲ့ယှဉ်ရင် အမှားအမှန်ဆိုတာက အရေးမကြီးပါဘူး’ ဟု စိတ်ထဲတွင် တိတ်တဆိတ်ရေရွတ်လိုက်သည်။

“အဖွဲ့အစည်းရဲ့ ကိစ္စတွေကို တွေးနေစရာ မလိုပါဘူး”

ကောင်းရွှမ်က ထိုအရာများအကြောင်းကိုလည်း ထပ်မပြောချင်တော့ပေ။

သွေးနတ်ဘုရားအဖွဲ့အစည်း၏ ကိစ္စများမှာ အလွန်ရှုပ်ထွေးပြီး စိတ်ပျက်ဖွယ်ကောင်းလှ၏။

“ငါတို့ အရင်ဆုံး ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာ စဉ်းစားသင့်တယ်၊ အကြံဉာဏ်တစ်ခုခု ရှိလား”

သူက မေးလိုက်သည်။

ယွမ်ချင်းရှန်ကလည်း ဤအရာမှာ အလွန်အလေးအနက်ထားရမည့် ကိစ္စတစ်ခုဟု ခံစားမိသည်။ ဘာပဲဖြစ်ဖြစ် သူများဆီမှ ချေးထားသောငွေကို ပြန်ဆပ်ရမည်ဖြစ်သည်။

ကောင်းရွှမ်က သူမကို တက္ကသိုလ်တက်ခိုင်းချင်သေးရာ ကျောင်းလခနှင့် နေထိုင်စားသောက်စရိတ်များမှာ ကြီးမားသော ကုန်ကျစရိတ်တစ်ခု ဖြစ်လာပေလိမ့်မည်။

သူမ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အကြံပြုလိုက်သည်။

“အောက်ထပ်မှာ သိုင်းပညာသင်တန်းကျောင်းတစ်ခု ငါတွေ့ခဲ့တယ်၊ ငါ အဲ့ဒီမှာ နည်းပြသွားလုပ်လို့ရတယ်”

အဆင့် ၅ မူလစွမ်းအင် ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ယွမ်ချင်းရှန်မှာ သေးငယ်သော သိုင်းသင်တန်းကျောင်းလေးတစ်ခုတွင် နည်းပြလုပ်ရန် အရည်အချင်းက လိုအပ်သည်ထက်ပင် ပိုနေလေသည်။

ဤအရာက သူမ၏အားသာချက်ကို ထုတ်ပြရာလည်း ရောက်ပေလိမ့်မည်။

“ဒါပေမဲ့ နင်က လူတွေနဲ့ စကားပြောရတာ မကြိုက်ဘူးလေ၊ နည်းပြတစ်ယောက်ဖြစ်ဖို့ဆိုတာ အမြဲတမ်း ဆက်သွယ်ပြောဆိုနေဖို့လိုတယ်၊ အရမ်းဒုက္ခများတယ်၊ အဲ့ဒါက နင်နဲ့ မသင့်တော်ဘူး၊ ငါနဲ့ဆိုရင်တော့ ပိုသင့်တော်လိမ့်မယ်”

ကောင်းရွှမ်က ယွမ်ချင်းရှန်၏ အကြံပြုချက်ကို ချက်ချင်းပင် ပယ်ချလိုက်သည်။

“ငါ့မှာ ပိုက်ဆံမြန်မြန်ရပြီး နင်နဲ့လည်း အရမ်းကိုက်ညီတဲ့ အလုပ်တစ်ခုရှိတယ်”

ယွမ်ချင်းရှန်က ကောင်းရွှမ်အား တိတ်ဆိတ်စွာ စိုက်ကြည့်နေရင်း အဖြေပေးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

“နင်က ငါ့ကို မေးခွန်းလေးဘာလေး ပြန်မေးပြီး ငါ့ကို အောင်မြင်မှုခံစားချက်လေး ရသွားအောင် မပူးပေါင်းပေးနိုင်ဘူးလား”

ကောင်းရွှမ်က လက်မြှောက်အရှုံးပေးလိုက်သည့် ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“လုပ်ကြံသတ်ဖြတ်သူလုပ်ရမယ်၊ ဒါဆိုဘယ်လိုလဲ၊ အဲ့ဒါက နင် အကျွမ်းကျင်ဆုံးအရာပဲ မဟုတ်ဘူးလား”

ယွမ်ချင်းရှန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူမက ကလေးဘဝကတည်းက လုပ်ကြံသတ်ဖြတ်သူ သင်တန်းများကို တက်ရောက်ခဲ့ပြီး လူသတ်ရမည်ကို မကြောက်ရွံ့သော်လည်း ၎င်းကို အမှန်တကယ် သဘောကျနှစ်သက်နေခြင်းတော့ မဟုတ်ပေ။

ကောင်းရွှမ်က သူမကို လုပ်ကြံသတ်ဖြတ်သူ လုပ်ခိုင်းနေခြင်းအပေါ် အနည်းငယ် ငြင်းဆန်လိုစိတ် ဖြစ်ပေါ်လာသည်။

“နင့်ရဲ့ မျက်နှာအမူအရာလေးကို ကြည့်ပါဦး၊ နည်းနည်းလေး သဘောမကျဖြစ်နေတာလား”

ကောင်းရွှမ်က ပြုံးစစဖြင့် ပြောလိုက်သည်။

“လူသားတွေမှာ ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းနှစ်ခုရှိတယ်၊ အပြုံးကိုရောင်းစားတာနဲ့ အသက်ကိုရောင်းစားတာပဲ၊ ကောင်းပြီလေ၊ အားလုံးကတော့ အလုပ်လုပ်နေတဲ့ လူတန်းစားတွေချည်းပါပဲ၊

နင်က အလုပ်လုပ်တဲ့သူတွေကို အထင်သေးနေတာလား၊ အလုပ်လုပ်ခြင်းက ဂုဏ်ယူရဆုံးပဲကွ”

ယွမ်ချင်းရှန်က ကောင်းရွှမ်ကို စကားတစ်ခွန်းမှ မဆိုဘဲ စိုက်ကြည့်နေသည်။ သို့သော် သူမ၏ အဓိပ္ပာယ်မှာ ရှင်းလင်းနေသည်။

‘ဆက်ပြီး လျှောက်ပြောနေဦးလေ’

“ကောင်းပါပြီ၊ သာမန် လုပ်ကြံသတ်ဖြတ်သူအဆင့်က နည်းနည်း အောက်တန်းကျသလို ဖြစ်နေတယ်၊ ဒါဆိုရင် အဆင့်မြင့်လုပ်ကြံသတ်ဖြတ်သူတွေအဖြစ် လုပ်ကြတာပေါ့”

ကောင်းရွှမ်က ပြုံးလိုက်ရင်း ဆက်ပြောသည်။

“အဆင့်မြင့် လုပ်ကြံသတ်ဖြတ်သူတွေမှာ ဂုဏ်သိက္ခာအများကြီး ရှိတယ်လေ၊ အဲ့ဒါဆိုရင်တော့ ပြဿနာမရှိနိုင်တော့ဘူးမဟုတ်လား”

All Chapters