အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) - နေရောင်ခြည်ကောင်လေး(၁)
“နင် အရည်အချင်းတစ်ခုရထားရင် အဲ့ဒါကို အသုံးချရမှာပေါ့”
ယွမ်ချင်းရှန်က မည်သို့မှ မတုံ့ပြန်သည်ကို မြင်သောအခါ ကောင်းရွှမ်က သူမအား ဦးနှောက် အတင်းအကျပ်ဆေးကြောရန် သူ၏လျှာစွမ်းကို ထုတ်သုံးလိုက်တော့သည်။
“ဒီပညာရပ်တွေကို သင်ယူနိုင်ဖို့ နင်က ရှင်ခြင်းနဲ့ သေခြင်းကြားမှာ ရုန်းကန်ရင်း ဆင်းရဲဒုက္ခတွေအများကြီး သည်းခံခဲ့ရတာလေ၊ အဲ့ဒီလိုမျိုး သင်ယူထားခဲ့ရတဲ့ အရာတွေအားလုံးကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ၊ အဲ့ဒီလိုလုပ်လိုက်ရင် နင့်ကိုယ်နင် သစ္စာဖောက်တာနဲ့ အတူတူပဲ...”
ယွမ်ချင်းရှန်က အလေးအနက်ထား၍ ပြန်ပြောသည်။
“ငါ လူသတ်ရတာကို မကြိုက်ဘူး”
“ငါလည်း လူသတ်ရတာကို မကြိုက်ပါဘူး၊ ငါလည်း သက်တောင့်သက်သာ နေချင်တယ်၊ ဂိမ်းတွေဆော့မယ်၊ မိန်းကလေးတွေနဲ့ ပရောပရည်လုပ်မယ်၊ အရသာရှိတဲ့ အစားအစာတွေကို စားသုံးပြီး လှပတဲ့အရာတိုင်းကို ခံစားချင်တာပဲ”
ကောင်းရွှမ်က လေးနက်သော မျက်နှာထားဖြင့် ဆက်ပြောသည်။
“စကြဝဠာကြီးဆိုတာ ဧရာမအမှောင်တောအုပ်ကြီးပဲ၊ စားဖို့၊ သောက်ဖို့၊ ကစားဖို့လောက်ပဲသိတဲ့ သက်ရှိတွေက သားကောင်တွေဖြစ်လာလိမ့်မယ်၊ ငါက သားကောင်မဖြစ်ချင်ဘူး၊ မုဆိုးပဲဖြစ်ချင်တာ”
သူက သက်ပြင်းတစ်ချက်ချကာ ထပ်ပြောလိုက်သည်။
“စကြဝဠာကြီးက ကျယ်ပြောပေမဲ့ သန့်စင်တဲ့နယ်မြေဆိုတာ မရှိသလို သန့်စင်တဲ့နယ်မြေရှိလာရင်တောင် လက်ခံပေးမှာ မဟုတ်ဘူး၊
ခွန်အားကြီးတဲ့သူတွေက အရာအားလုံးကို လုယူပြီး အရာအားလုံးကို ထိန်းချုပ်ကြတယ်၊ အားနည်းတဲ့သူတွေကတော့ နာခံပြီး လက်ခံရုံပဲတတ်နိုင်တယ်၊ ဘာရုန်းကန်မှုမှ မရှိတဲ့ အံ့သြဖွယ်ကောင်းတဲ့ ကမ္ဘာကြီးဆိုတာ အလှပဆုံး စိတ်ကူးယဉ်မှုတစ်ခုသက်သက်ပဲ”
ယွမ်ချင်းရှန်က ဆက်လက်တိတ်ဆိတ်နေသည်။ ကောင်းရွှမ် အနည်းငယ် ချဲ့ကားပြောဆိုနေသည်ဟု သူမ ခံစားမိသည်။
ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းခွဲခြားမှု တင်းကျပ်သော်လည်း အခြေခံ နေထိုင်စားသောက်မှုဖူလုံရေးကိုတော့ အာမခံထားဆဲဖြစ်သည်။
သူတို့၏ စွမ်းရည်များနှင့်ဆိုလျှင် လူလတ်တန်းစားအဆင့်သို့ ရောက်ရန် ခက်ခဲမည်မဟုတ်ပေ။ အဆင့်မြင့် လုပ်ကြံသတ်ဖြတ်သူများဖြစ်လာပြီး လူသတ်ခြင်းက သိသာထင်ရှားသည့် အန္တရာယ်များကို သယ်ဆောင်လာနိုင်သည်။
ထို့အပြင် ကောင်းရွှမ်က ဤအရာကို သူ၏စိတ်အလိုအရ လုပ်ဆောင်နေပုံရသည်။
‘ဒီစကားများတဲ့ကောင်က ဘယ်သူ့ထက်မဆို ပိုပြီးရက်စက်တယ်'
ယွမ်ချင်းရှန် သံသယဖြစ်နေသည်ကို ကောင်းရွှမ် သတိထားမိသွားပြီး မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။
“ဟေး ဟေး၊ နင်က ငါလိမ်ပြောနေတယ်လို့ သံသယဝင်နေတာလား၊ အတန်းတူရဲဘော်ရဲဘက်၊ နင်နဲ့အတူ သေရေးရှင်ရေး ရင်ဆိုင်ခဲ့တဲ့ တိုက်ပွဲဝင်အဖော်ကို ဘယ်လိုလုပ် သံသယဝင်ရက်တာလဲ၊ နင် ငါ့ခံစားချက်တွေကို ထိခိုက်အောင်လုပ်နေတာပဲ...”
“ငါ နည်းနည်းတော့ သံသယဝင်မိတယ်”
ယွမ်ချင်းရှန်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။ သူမက ကောင်းရွှမ်ကို ထာဝရကာကွယ်ပေးရန် ဆုံးဖြတ်ထားသော်လည်း ၎င်းက သူပြောသမျှကို နားထောင်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
ဥပမာအားဖြင့် ကောင်းရွှမ်၏ မယုံကြည်၊ စိတ်မချရသော အကြံအစည်များကို ထောက်ခံပေးရန် သူမ စိတ်အားထက်သန်ခြင်းမရှိပေ။
“နင် တကယ်ကြီး ဝန်ခံလိုက်တာလား”
ကောင်းရွှမ်က အသည်းကွဲသွားသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
“ငါတို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကို နည်းနည်းလေးလောက် လေးစားမှုရှိသေးတယ်ဆိုရင် နင်ပြောခဲ့တာကို အခုချက်ချင်း ပြန်ရုပ်သိမ်းလိုက်”
ယွမ်ချင်းရှန်က တိတ်ဆိတ်စွာ ရပ်နေပြီး ကောင်းရွှမ် ဘာပဲပြောပြော စကားတစ်ခွန်းမှဝင်မပြောပေ။
“နင်က အသံတိတ်ဆန္ဒပြတဲ့ နည်းလမ်းကို သုံးနေတာပေါ့လေ”
ကောင်းရွှမ် သက်ပြင်းချလိုက်သည်။
“ကောင်းပြီ၊ အမှန်တိုင်းပြောပြမယ်၊ ပထမအချက်က သွေးနတ်ဘုရားအဖွဲ့အစည်းက ပီဂါဆပ်စ်ဂြိုဟ်ပေါ်မှာ အဖွဲ့ခွဲတွေ အများကြီးရှိတယ်၊ ဒီကောင်တွေ အကုန်လုံးက ကျိုးလန်နဲ့ ပူးပေါင်းကြံစည်နေကြတာဆိုတော့ သေချာပေါက် သူတို့ကိုရှင်းပစ်ဖို့ လိုမယ်မလား၊
ပြီးတော့ ငါတို့ကြားထဲမှာ ပုန်းအောင်းနေတဲ့ ဝိညာဉ်မျိုးနွယ်ဝင်တွေ အများကြီးရှိတယ်၊ ဝိညာဉ်မျိုးနွယ်တွေကိုလည်း သတ်ရမှာပဲ မဟုတ်ဘူးလား”
ကောင်းရွှမ်က ဆက်ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် လူသတ်ရတော့မယ့်အတူတူ အဲ့ဒီအခွင့်အရေးကို အသုံးချပြီး ပိုက်ဆံရှာလိုက်တာ ပိုမကောင်းဘူးလား...”
“ဝိညာဉ်မျိုးနွယ်”
ယွမ်ချင်းရှန်က ဤအကြောင်းကို ဘာမှမသိသဖြင့် ထိုဝေါဟာရကို ကြားလိုက်ရသောအခါ အနည်းငယ် မှင်တက်သွားသည်။
ကောင်းရွှမ်က ဝိညာဉ်မျိုးနွယ်များ၏ အခြေအနေကို ထပ်မံရှင်းပြလိုက်သည်။
“တကယ်တော့ ငါတို့ လူ့အဖွဲ့အစည်းထဲမှာ တခြားမျိုးနွယ်တွေ အများကြီး ပုန်းအောင်းနေကြတယ်၊ အဲ့ဒီထဲမှာ အင်းဆက်မျိုးနွယ်တွေ၊ အရိပ်မျိုးနွယ်တွေနဲ့ တခြား ရှုပ်ထွေးတဲ့ သက်ရှိအမျိုးအစားအစုံ ပါဝင်တယ်...”
စကြဝဠာကြီးထဲတွင် ထူးဆန်းသည့် သက်ရှိအမျိုးအစားပေါင်းစုံ ရှိနေသည်။ လူသားမျိုးနွယ်က ကြယ်မြစ်ကြီးထဲသို့ ဝင်ရောက်လာသောအခါ ထိုသက်ရှိမျိုးနွယ်များနှင့် ဆက်ဆံရခြင်းက ရှောင်လွှဲ၍မရသောအရာ ဖြစ်လာခဲ့သည်။
လူသားများမှာ အရေအတွက်အားဖြင့် ကြီးမားများပြားပြီး သူတို့၏ အလုံးစုံစွမ်းအားမှာလည်း အလွန်တရာ အစွမ်းထက်လှသည်။
အားနည်းသော မျိုးနွယ်အများစုကတော့ လူသားများကို လုံးဝရှောင်ရှားကြခြင်း သို့မဟုတ် လူသားများကြားထဲတွင် ပုန်းအောင်းနေထိုင်ကြခြင်းတို့ကိုသာ ပြုလုပ်ကြသည်။
“လူသားမဟာမိတ်အဖွဲ့က အရမ်းမြန်မြန်ဆန်ဆန် တိုးချဲ့လာခဲ့တာ၊ အဲ့ဒါက မစ်ကီးဝေးမှာရှိတဲ့ အင်အားကြီးမျိုးနွယ်တချို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေခဲ့တယ်၊ မစ်ကီးဝေးဂလက်ဆီမှာ မကြာခင် ဧရာမစစ်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မယ်...”
ကောင်းရွှမ်က သူပြန်လည်မမွေးဖွားလာမီက အခြေအနေကို ဖော်ပြနေခြင်းဖြစ်သော်လည်း သေချာပေါက် သူက ခန့်မှန်းပြောဆိုသည့်လေသံဖြင့်သာ ပြောဆိုနေခဲ့သည်။
“ဒါက ငါတို့နဲ့ သက်ဆိုင်လို့လား”
ယွမ်ချင်းရှန်က ဤအရာများသည် အလွန်ဝေးကွာပြီး အဆင့်အတန်းမြင့်မားလွန်းသည်ဟု ခံစားရသည်။
ကမ္ဘာကြီး တကယ်ပျက်စီးသွားတော့မည်ဆိုလျှင်ပင် သူတို့တတ်နိုင်သည့်အရာ ဘာမှမရှိပေ။
“ကိုယ့်ကိုယ်ကိုယ် အထင်မသေးနဲ့၊ တစ်ခါတလေကျရင် ငါတို့က လူသားမျိုးနွယ်ကို ကယ်တင်နိုင်တဲ့သူတွေ ဖြစ်ကောင်းဖြစ်လာနိုင်တာပဲ”
ကောင်းရွှမ်က ပြောလိုက်သည်။
“အနည်းဆုံးတော့ ငါတို့ ရှင်သန်နိုင်ဖို့နဲ့ လူသားမျိုးနွယ်ရဲ့ သွေးကြောကို ထိန်းသိမ်းထားနိုင်ဖို့ လိုတယ်”
“အဲ့တော့…”
“အဲ့ဒါကြောင့် ငါတို့ပတ်ဝန်းကျင်က သေးငယ်တဲ့အရာတွေကနေ စတင်ရမယ်၊ လူသတ်တာက ရန်သူတွေကို ဖယ်ရှားပစ်တာရော၊ ကိုယ့်ကိုယ်ကိုယ် သွေးဆူအောင်လုပ်တာရော၊ နောက်ဆုံးအနေနဲ့ ပိုက်ဆံလည်းရတယ် လှုပ်ရှားမှုတစ်ခုထဲနဲ့ အကျိုးအမြတ် သုံးခုရမယ်၊
မြားတစ်စင်းတည်းနဲ့ ငှက်သုံးကောင်ပစ်မယ်၊ ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင်မှန်မယ်၊ ခဲတစ်လုံးတည်းနဲ့ ကျင်းသုံးကျင်းဝင်မယ်...”
ယွမ်ချင်းရှန်က ကောင်းရွှမ်ကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ ကောင်းရွှမ်က မလျော်ကန်သော ဟာသတစ်ခုကို ပြောနေသည်ဟု သူမ ခံစားလိုက်ရသည်။
“ပထမဆုံးအနေနဲ့ သက်သေခံကတ်ပြားအတုတစ်ခုကို အရင်လုပ်မယ်၊ ပြီးရင် အမှောင်ဝက်ဘ်ဆိုက်က လုပ်ကြံသတ်ဖြတ်သူများအသင်းမှာ လျှို့ဝှက်နာမည်တစ်ခုနဲ့ စာရင်းသွင်းမယ်၊ ပြီးရင်တော့ အော်ဒါတွေ စလက်ခံလို့ရပြီ”
ကောင်းရွှမ်က စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
“နင် ဘယ်လိုနာမည်မျိုးနဲ့ အခေါ်ခံချင်လဲ”
“ဟင်”
ယွမ်ချင်းရှန်က သိပ်နားမလည်ပေ။
“လုပ်ကြံသတ်ဖြတ်သူရဲ့ လျှို့ဝှက်နာမည်လေ”
ယွမ်ချင်းရှန်၏ ကြောင်တောင်တောင် အမူအရာကို မြင်လိုက်ရသောအခါ ကောင်းရွှမ်က သူမကို အားကိုးမရမှန်း သိလိုက်သည်။
သူက ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။
“နေရောင်ခြည်ကောင်လေးဆိုရင်ကော ဘယ်လိုလဲ၊ အပြုသဘောဆောင်တယ်၊ တက်ကြွမှုတွေအပြည့်ရှိတယ်၊ ပြီးတော့ နက်ရှိုင်းတဲ့အထင်အမြင်ကိုလည်း ချန်ထားနိုင်တယ်...”
“နင့်ရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ သဘောတူမယ့်ပုံမပေါ်ဘူး၊ အချောလေးဆိုရင်ကော ဘယ်လိုလဲ၊ ဒါမှမဟုတ် သေစေလောက်တဲ့အချစ်လေး ဆိုရင်ကော”
ကောင်းရွှမ်၏ အကောင်အထည်ဖော်နိုင်စွမ်းမှာ အလွန်ကောင်းမွန်လှသည်။ ညစာစားပြီးနောက် ယွမ်ချင်းရှန်ကို နဝမမြို့စွန်ကွင်း၏ အရှေ့ဘက်အပိုင်း (၁၁) ခရိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။
မြို့တော်ကို အိမ်ခြံမြေဈေးနှုန်းများအပေါ် အခြေခံ၍ ကွင်းများအဖြစ် ခွဲခြားထားသည်။ ဗဟိုဧရိယာက အဈေးကြီးဆုံးဖြစ်ပြီး အပြင်ဘက်ကွင်းများက ဈေးသက်သာသည်။
စီးပွားရေးနည်းလမ်းများမှတစ်ဆင့် မြို့တော်က မတူညီသော လူမှုအဆင့်အတန်းများကို သဘာဝကျကျ ခွဲခြားထားသည်။ နဝမနှင့် ဒသမမြို့စွန်ကွင်းများကို လူ့အဖွဲ့အစည်း၏ အောက်ခြေအကျဆုံး လူတန်းစားများက နေထိုင်ကြသည်။
ထိုသူအများစုမှာ အလုပ်လက်မဲ့များဖြစ်ကြပြီး မဟာမိတ်အဖွဲ့၏ ထောက်ပံ့မှုဖြင့် အသက်ရှင်နေထိုင်ကြရသည်။
နဝမနှင့် ဒသမမြို့စွန်ကွင်းများမှာ အရှုပ်ထွေးဆုံးနှင့် အန္တရာယ်အများဆုံး ဧရိယာများလည်းဖြစ်၏။ ညဘက်ရောက်လျှင် မဟာမိတ်အဖွဲ့၏ တရားဥပဒေစိုးမိုးရေးအဖွဲ့များပင် ထိုဒေသများသို့ လွယ်လွယ်ကူကူ မဝင်ရောက်ရဲကြပေ။
ဤနေရာရှိ နေရာတော်တော်များများတွင် ကောင်းကင်ကွန်ရက် အချက်ပြလိုင်းများကို တမင်တကာ ပိတ်ဆို့ထားကြသည်။
အထူးသဖြင့် နဝမမြို့စွန်ကွင်း၏ အရှေ့ဘက်အပိုင်းကို ကျဆုံးခြင်းနယ်မြေဟု လူသိများကြသည်။
မြို့တော်နှင့် ချိတ်ဆက်ထားသော မြေအောက်ရထားကွန်ရက်ကို ဉာဏ်ရည်တုက ထိန်းချုပ်ထားပြီး တစ်ရက်လျှင် (၂၄) နာရီပတ်လုံး ပြေးဆွဲနေသောကြောင့် သာမန်လူများ ခရီးသွားလာရာတွင် ပထမဆုံးရွေးချယ်စရာ ဖြစ်လာသည်။
မြေအောက်ရထားတွဲအတွင်း ကောင်းရွှမ်နှင့် ယွမ်ချင်းရှန်တို့သည် မျက်နှာချင်းဆိုင်ထိုင်နေကြ၏။ နှစ်ယောက်လုံးက ခေါင်းစွပ်ပါသော အနက်ရောင်ကုတ်အင်္ကျီများကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးကြီးများကိုလည်း တပ်ဆင်ထားသည်။
ကောင်းရွှမ်က အလုံပိတ်နေကာမျက်မှန်ကိုပါ တပ်ဆင်ထားသေးသည်။ ဤဝတ်စားဆင်ယင်မှုက အနည်းငယ် သံသယဖြစ်ဖွယ်ကောင်းသော်လည်း ဤစူပါမြို့ကြီးပြကြီးတွင်တော့ မည်သူကမျှ သူတစ်ပါးကိစ္စကို ဝင်မစွက်ဖက်ကြပေ။
ရထားတွဲအတွင်းရှိ အခြားလူများမှာ တောက်ပသော အရောင်အသွေးများနှင့် ထူးဆန်းသောအဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ထို့ကြောင့် ကောင်းရွှမ်နှင့် ယွမ်ချင်းရှန်တို့၏ ဝတ်စားဆင်ယင်မှုမှာ သူတို့ကြားတွင် ဘာထူးခြားမှုမှမရှိပေ။
ဘူတာရုံမှ ထွက်လာသောအခါ တရားဥပဒေစိုးမိုးရေး စက်ရုပ်များကလည်း သူတို့နှစ်ယောက်ကို လျစ်လျူရှုထားကြသည်။
တရားဥပဒေစိုးမိုးရေး စက်ရုပ်များမှာ တစ်စုံတစ်ယောက်က ရာဇဝတ်မှုကျူးလွန်နေသည်ဟု ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်သည့်အချိန်မှသာ ရပ်တန့်တားဆီးနိုင်စွမ်း ရှိကြသည်။
အပိုင်း (၁၁) လမ်းမကြီးမှာ အလွန်စည်ကားလှသည်။ ရောင်စုံနီယွန်မီးရောင်များက ဧရာမကြော်ငြာဆိုင်းဘုတ်ကြီးများကို ဖန်တီးထားပြီး အမျိုးမျိုးသော 3Dပုံရိပ်ယောင်များက အဆောက်အအုံများကြားတွင် ရူးသွပ်စွာ ကခုန်နေကြသည်။
လမ်းမများပေါ်တွင် အဝတ်အစားပါးပါးများ ဝတ်ဆင်ထားသော မြှူဆွယ်တတ်သည့် အမျိုးသမီးများ၊ ကြမ်းတမ်းပြီး အသားစိုင်များထူထဲနေသော မျက်နှာပိုင်ရှင် လူမိုက်များ၊ သို့မဟုတ် ပိန်လှီပြီး ညစ်တစ်တစ်နိုင်သော လမ်းဘေးဈေးသည်များဖြင့် ပြည့်နှက်နေသည်။