အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) - နေရောင်ခြည်ကောင်လေး(၂)
ပျော်ရွှင်မှုကို ရှာဖွေနေကြသော ဖောက်သည်အများစုမှာ အရက်နံ့များ တထောင်းထောင်းထနေပြီး ယိုင်တိုင်တိုင်ဖြစ်ကာ အဓိပ္ပာယ်မရှိသော စကားများကို ရေရွတ်နေကြသည်။
သာမန်လူများအတွက် ဤနေရာမှာ ထူးဆန်းသော်လည်း ကာမဂုဏ်လိုက်စားမှုနှင့် ပျက်စီးယိုယွင်းမှု လေထုတို့ဖြင့် ပြည့်နှက်နေသည်။
ကောင်းရွှမ်နှင့် ယွမ်ချင်းရှန်တို့ လမ်းလျှောက်လာစဉ် စကားလာပြောရန် ကြိုးစားနေသော လမ်းဘေးအမျိုးသမီးအချို့နှင့် ဆုံတွေ့ခဲ့ရသည်။
“ကစားချင်လား၊ အကြွေးရမှတ် ငါးဆယ်တည်းနဲ့ ရှင်တို့ကို ကောင်းကင်ဘုံကို ပို့ပေးမယ်လေ...”
“ဟေး သူဌေးကြီး.. လာကစားပါလား! ပုံစံသုံးဆယ့်ခြောက်မျိုးကို ကျွမ်းကျင်ပြီး ဇာတ်ကောင်မျိုးစုံသရုပ်ဆောင်တာကိုလည်း တတ်ကျွမ်းတယ်၊ ရှင်တို့ ကြိုက်သလိုကစားလို့ရတယ်...”
ကောင်းရွှမ်နောက်သို့ လိုက်လာပြီး တီးတိုးကြော်ငြာနေသော လမ်းဘေးဈေးသည်များလည်း ရှိသေးသည်။
“အထွတ်အထိပ် သုခ အီလက်ထရောနစ်ကတ်၊ အဲ့ဒါကို တပ်ဆင်လိုက်တာနဲ့ အမြင့်ဆုံးသာယာမှုကို ခံစားရမယ်၊ ရမှတ် နှစ်ရာတည်းပါဗျာ”
ကောင်းရွှမ်က ခြေလှမ်းတစ်လှမ်းမျှပင် ရပ်တန့်မသွားခဲ့ပေ။ သူနှင့် ယွမ်ချင်းရှန်တို့ထံမှ အေးစက်ပြီး နက်ရှိုင်းသော အရှိန်အဝါများ ထွက်ပေါ်နေသောကြောင့် မည်သူကမျှ သူတို့ကို တိုက်ရိုက် လာရောက်မဟန့်တားရဲကြပေ။
“ဒီနေရာပဲ...”
ကောင်းရွှမ်က ရှေ့ရှိ သံမဏိလက်သီးဘားကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ဒါက မြို့တော်မှာရှိတဲ့ သွေးနတ်ဘုရားအဖွဲ့အစည်းရဲ့ စခန်းခွဲတစ်ခုပဲ၊ နည်းနည်းတော့ ဟောင်းနွမ်းနေပေမဲ့ ဩဇာလွှမ်းမိုးမှု အများကြီးရှိတယ်”
သံမဏိလက်သီးဘားဟူသော သွေးနီရောင်စာလုံးလေးလုံးက တောက်ပသော မီးရောင်များကြားတွင် ထင်ရှား ပေါ်လွင်နေသည်။
ကောင်းရွှမ်က ဘားတံခါးကို တွန်းဖွင့်လိုက်ရာ ဆူညံပြီး ရူးသွပ်ဖွယ်ကောင်းသော တေးဂီတသံများက ဒီရေလှိုင်းကြီးတစ်ခုပမာ လိမ့်ဆင်းလာပြီး သူနှင့် ယွမ်ချင်းရှန်တို့ နှစ်ယောက်လုံးကို လွှမ်းခြုံသွားတော့သည်။
အလင်းရောင်မှိန်မှိန်ရှိသော ဘားအတွင်းတွင် အရောင်ငါးမျိုးရှိသော မီးရောင်များက ရူးသွပ်စွာ တောက်ပနေသည်။
ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းပြီး ကိုယ်တုံးလုံးနီးပါးဖြစ်နေသော အမျိုးသမီးနှစ်ဦးက အလယ်ရှိ စင်မြင့်ငယ်လေးပေါ်တွင် ကခုန်နေကြသည်။
ပတ်ဝန်းကျင်ရှိ ဖောက်သည်များက ဂီတစည်းချက်နှင့်အညီ ခေါင်းများကို လှုပ်ယမ်းနေကြပြီး တစ်ခါတစ်ရံတွင် ပုံရိပ်ယောင် ရွှေဒင်္ဂါးပြားများဖြင့် ပစ်ပေါက်နေကြ၏။
ဤရွှေဒင်္ဂါးပြားများမှာ အမှန်တကယ်တော့ အကြွေးရမှတ်များဖြစ်ပြီး ပစ်လိုက်သောအခါ ရွှေဒင်္ဂါးပြား အထူးပြုလုပ်ချက်အဖြစ် ပြသပေးခြင်းဖြစ်သည်။
စင်မြင့်ပေါ်တွင် ပြန့်ကျဲနေသော ဒင်္ဂါးပြားများမှာ မျက်စိကျိန်းမတတ် တောက်ပနေသည်။
ဖြတ်သွားဖြတ်လာ စားပွဲထိုးမလေးများမှာလည်း အလွန်အမင်း ဟော့ရှော့ဆန်ဆန် ဝတ်ဆင်ထားကြ၏။ မူးယစ်နေသော ဖောက်သည်များက သူတို့ကို လှမ်းဆွဲခြင်း သို့မဟုတ် ပုတ်ခတ်ခြင်းတို့ကို မကြာခဏ ပြုလုပ်လေ့ရှိကြသည်။ ယွမ်ချင်းရှန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
ကစဉ့်ကလျား ကခုန်နေသော မြင်ကွင်းက သူမကို အလွန်အမင်း စိတ်ကသိကအောက် ဖြစ်စေသည်။ ကံကောင်းထောက်မစွာဖြင့် သူမက အေးစက်စက် မျက်နှာထားရှိသည့် အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်ထားသောကြောင့် မည်သူကမျှ သူမကို လာရောက်မနှောင့်ယှက်ကြပေ။
သို့သော် ကောင်းရွှမ်ကတော့ ထိုရိုင်းစိုင်းသော ဖျော်ဖြေမှုကို အလွန်စိတ်ဝင်စားနေပုံရသည်။
သူက ခဏမျှ ရပ်ကြည့်နေပြီးမှ ယွမ်ချင်းရှန်ကို ဘားအတွင်းရှိ သီးသန့်အခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ စင်္ကြံလမ်းအဆုံးရှိ သီးသန့်အခန်းအဝင်ဝတွင် အနက်ရောင်လက်တိုရှပ်အင်္ကျီများကို ဝတ်ဆင်ထားသော လူကောင်ကြီးကြီးနှစ်ယောက် ရပ်နေသည်။
ထိုလူနှစ်ယောက်လုံးက လက်မောင်းနေရာတွင် သတ္တုစက်ရုပ်လက်တုများကို တပ်ဆင်ထားကြပြီး ရင်ဘတ်ထဲ၌ သတ္တုပြားများကိုပင် မြှုပ်နှံထားကာ ၎င်းတို့က လက်တိုအင်္ကျီအောက်မှ သိသိသာသာ ထိုးထွက်နေသည်။
သတ္တုစက်ရုပ်လက်တု နည်းပညာမှာ ယခုအခါတွင် အလွန်ရင့်ကျက်နေပြီဖြစ်သည်။ ၎င်းတို့က လူသားခြေလက်များထက် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိပြီး ပိုမိုသန်မာကာ အမျိုးမျိုးသော ထိခိုက်ဒဏ်ရာများကို ခံနိုင်ရည်ရှိကြသည်။
စနစ်တကျ ဖွဲ့စည်းထားသော ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသည့် ကြမ်းတမ်းသော လူမိုက်များက သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြုပြင်မွမ်းမံလေ့ရှိကြသည်။
ဤသည်က တိုက်ခိုက်ရေးစွမ်းအားကို တိုးမြင့်စေရုံသာမက ပိုမိုကြီးမားသော လုပ်ဆောင်နိုင်စွမ်းကိုလည်း ပေးစွမ်းနိုင်သည်။ ထိုသို့ ပြုပြင်မွမ်းမံခြင်းက ရိုးရှင်းသော်လည်း ဈေးနှုန်းမှာတော့ မသက်သာပေ။
ထို့အပြင် ပြုပြင်မွမ်းမံပြီးနောက်တွင် သဘာဝခြေလက်များ၏ ခံစားမှုကို ဆုံးရှုံးသွားရသည်။
အရေးအကြီးဆုံးမှာ လူသားခန္ဓာကိုယ်သည် မူလစွမ်းအင်များနှင့် အလွန်တရာ သဟဇာတဖြစ်ခြင်းဖြစ်သည်။
သို့သော် ပြုပြင်မွမ်းမံထားသော သတ္တုလက်တုများကတော့ မူလစွမ်းအင်များနှင့် သဟဇာတမဖြစ်နိုင်ပေ။ အမှန်တကယ် ကျွမ်းကျင်သူများက သူတို့၏ ခန္ဓာကိုယ်များကို ဘယ်သောအခါမှ အရမ်းကာရော ပြုပြင်မွမ်းမံလေ့မရှိကြပေ။
သူတို့၏ သတ္တုလက်တုများကို ကြွားဝါပြသနေသူ မည်သူမဆို စနစ်တကျဖွဲ့စည်းထားသော ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသူများဖြစ်ရန် သေချာသလောက်ရှိသည်။
လူမိုက်နှစ်ယောက်က ကောင်းရွှမ်ကို အကဲခတ်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်တွင် အနီရောင်မီးလင်းနေသော အီလက်ထရောနစ် မျက်လုံးတုတစ်ခု ပါရှိပြီး ကောင်းရွှမ်နှင့် ယွမ်ချင်းရှန်တို့ကို စကင်န်ဖတ်နေသည်။ ကောင်းရွှမ်ကတော့ ဂရုမစိုက်ပေ။
ဤကဲ့သို့သော အဆင့်နိမ့် အီလက်ထရောနစ် မျက်လုံးတုမျိုးမှာ အခြေခံအားဖြင့် သတ္တုရှာဖွေရေးစက်တစ်ခုမျှသာ ဖြစ်သည်။ အခြားဘာကိုမှ မမြင်နိုင်ပေ။
“မင်းတို့ ဘာလိုချင်လို့လဲ”
ကောင်းရွှမ်နှင့် သူ့အဖော်တို့တွင် အန္တရာယ်ရှိသော လက်နက်များ မပါရှိကြောင်း စကင်န်ဖတ်၍ အတည်ပြုပြီးနောက် လူကောင်ကြီးကြီးတစ်ယောက်က မေးလိုက်သည်။
“ငါ ခွေးအိုကြီးကို အလုပ်ကိစ္စနဲ့ လာရှာတာ”
ကောင်းရွှမ်က အလွန်ကျွမ်းကျင်နေသည်။ သူ၏ယခင်ဘဝကတည်းက ဤကဲ့သို့သောလူများနှင့် မကြာခဏ ဆက်ဆံခဲ့ဖူးသည်။ ကောင်းရွှမ်၏ စကားကို ကြားလိုက်ရသောအခါ လူကောင်ကြီးကြီးနှစ်ယောက်၏ မျက်နှာအမူအရာက အနည်းငယ် ပျော့ပျောင်းသွားသည်။
လူတစ်ယောက်က ဆက်သွယ်ရေးစက်ကို အသုံးပြုကာ အတွင်းပိုင်းကို စစ်ဆေးလိုက်ပြီးနောက် တံခါးအား တွန်းဖွင့်ကာ ကောင်းရွှမ်နှင့် ယွမ်ချင်းရှန်တို့ကို ဝင်ရောက်ရန် အချက်ပြလိုက်သည်။
သီးသန့်အခန်းမှာ သိပ်မကြီးပေ။ ကြမ်းတမ်းသောရုပ်ရည်ရှိသည့် အမျိုးသားအနည်းငယ်က ဆိုဖာပေါ်တွင် မှီထိုင်နေကြပြီး စားပွဲပေါ်တွင် အမျိုးမျိုးသော သောက်စရာများနှင့် သရေစာများ အပြည့်ရှိနေသည်။
ကောင်းရွှမ်နှင့် ယွမ်ချင်းရှန်တို့ ဝင်လာသည်ကို မြင်သောအခါ အလယ်တွင်ထိုင်နေသော လူကောင်ကြီးကြီးတစ်ယောက်က ပျင်းရိလေးတွဲစွာ မေးလိုက်သည်။
“မင်းတို့က ဘယ်ကလဲ”
ထိုလူကောင်ကြီးကြီးတွင် အလွန်တိုတောင်းသော မျက်ခုံးမွေးများရှိပြီး သူ၏ မျက်လုံးအထက်တွင် အနက်ရောင်မှဲ့နှစ်လုံး ပေါက်နေသကဲ့သို့ ဖြစ်နေသည်။
သူ၏ ဆံပင်များမှာ ကျဲနေပြီး မေးစေ့မှာ ရှေ့သို့ ထွက်နေကာ မျက်မှန်တပ်ထားသော ခွေးတစ်ကောင်နှင့် တကယ်ကို တူလှသည်။
သူက ဤဘား၏ ပိုင်ရှင်ဖြစ်သော ခွေးအိုကြီးပင်။
“စီးပွားရေးလုပ်ငန်းရှင်တွေပါ”
ကောင်းရွှမ်က ပြောလိုက်သည်။
“ငါ မှတ်ပုံတင်နံပါတ်တွေ ပါပြီးသား စမတ်နာရီတစ်လုံး ဝယ်ချင်လို့”
ကောင်းကင်ကွန်ရက်က နေရာတိုင်းမှာ ရှိနေသည်။ အကယ်၍ သင်က လုပ်ကြံသတ်ဖြတ်သူ လုပ်ငန်းကို လုပ်ချင်သည်ဆိုလျှင် မိမိ၏ သက်သေခံကတ်ပြားကို ရုပ်ဖျက်ထားဖို့ လိုအပ်လေ၏။
ခွေးအိုကြီးက ဤနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။
ခွေးအိုကြီးက အလုံပိတ်ဝတ်ဆင်ထားသော ကောင်းရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။
“ငါ့ရှေ့မှာ လာပြီး လျှို့ဝှက်နေတာလား၊ စည်းမျဉ်းတွေကို မသိဘူးလား”
“ဘော့စ်ပြောတာကို မကြားဘူးလား ခွေးမသား၊ မင်းမျက်နှာကိုအုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်ကြီးကို ချွတ်လိုက်စမ်း”
“မင်း ဘာတွေကို လာပြီးဖုံးကွယ်နေတာလဲ”
ကောင်းရွှမ်က ဆက်လက်တိတ်ဆိတ်နေသည်ကို မြင်သောအခါ သက်တော်စောင့်များနှင့် လူမိုက်တစ်စုက မတ်တတ်ရပ်ကာ ဆဲဆိုကြတော့သည်။
သူတို့ထဲမှ နှစ်ယောက်က ပစ္စတိုသေနတ်များကိုပင် ဆွဲထုတ်ကာ ကောင်းရွှမ်နှင့် ယွမ်ချင်းရှန်တို့ကို ချိန်ရွယ်လိုက်ကြသည်။ ကောင်းရွှမ်က ချင်းရှန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဘာရပ်လုပ်နေတာလဲ၊ ငါ့ကို ကာကွယ်လေ”
“အိုး”
ယွမ်ချင်းရှန်က ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။
ယွမ်ချင်းရှန်၏ တုံ့ပြန်မှုက နှေးကွေးနေခြင်းမဟုတ်ပေ။ ဤအခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို သူမ မသိခြင်းသာဖြစ်သည်။
ကောင်းရွှမ်က တစ်ဖက်လူနှင့် စီးပွားရေးကိစ္စ ပြောဆိုနေခြင်းဖြစ်ပြီး သေချာဆွေးနွေးရန် လိုအပ်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ စကားများရန်ဖြစ်မှုများမှာတော့ သူမအတွက် အရေးမကြီးလှပေ။
ခွေးအိုကြီးနှင့် အခြားလူများ၏ အမြင်တွင်တော့ ယွမ်ချင်းရှန်၏ တုံ့ပြန်မှုက အလွန်နှေးကွေးပြီး ထိုင်းမှိုင်းနေပုံရသည်။ ကောင်းရွှမ်က ဤကဲ့သို့သော အရူးမတစ်ယောက်အား သက်တော်စောင့်အဖြစ် ခေါ်ဆောင်လာခြင်းက ကောင်းရွှမ်ကိုယ်တိုင်လည်း အထင်ကြီးလောက်စရာလူမျိုး မဟုတ်ကြောင်း ပြသနေသည်။
ခွေးအိုကြီးနှင့် သူ၏လူများက ဤရပ်ကွက်ထဲတွင် ကျင်လည်နေသည်မှာ ကြာမြင့်နေပြီဖြစ်ရာ အားလုံးက ပါးနပ်ကောက်ကျစ်ပြီး မည်သည့်အရာကိုမဆို လုပ်ရဲကိုင်ရဲ ရှိနေကြသည်။
အနိုင်ကျင့်ရန် လွယ်ကူသူနှင့် ကြုံလာလျှင် သူတို့က အားနာနေမည်မဟုတ်ပေ။
“မင်းတို့နှစ်ယောက်က အရိုက်ခံချင်လို့ လာတာလား”
“ဒီခေတ်ကြီးမှာ ဘော့စ်ကိုလာရှာရဲတဲ့သူ ရှိသေးတယ်၊ ရယ်ရတယ်ကွာ”
“ဒီနေ့ ငါလည်း ဘာမှလုပ်စရာမရှိဘူး၊ အားလုံးဝိုင်းပြီး သူတို့ကို အရေခွံခွာကြစို့...”
ခွေးအိုကြီးက တခွိခွိရယ်မောလိုက်သည်။
“ဒီနှစ်ယောက်က တော်တော်ပျော်ဖို့ကောင်းတာပဲ၊ ချက်ချင်းကြီးတော့ မသတ်လိုက်ကြနဲ့ဦး”
ယွမ်ချင်းရှန်က ထိုလူစုထံမှ ပြင်းထန်သော မလိုမုန်းထားမှုများကို ခံစားမိလိုက်ပြီး ကောင်းရွှမ်ကို ထပ်မံကြည့်လိုက်သည်။
“အားနာနေစရာမလိုဘူး၊ ဒီခွေးအိုကြီးကလွဲပြီး ကျန်တဲ့လူအကုန်လုံးကို သတ်လိုက်”
ကောင်းရွှမ်သည် သွေးနတ်ဘုရားအဖွဲ့အစည်းအပေါ် နက်ရှိုင်းသော အမုန်းတရားရှိပြီး အခွင့်အရေးရသည်နှင့် မည်သည့်အဖွဲ့ဝင်ကိုမျှ အသက်ရှင်လျက် လွှတ်ပေးမည်မဟုတ်ပေ။
ထိုအခါမှသာ ကောင်းရွှမ် နောက်ပြောင်နေခြင်းမဟုတ်ကြောင်း ယွမ်ချင်းရှန် နားလည်သွားသည်။ သူမ၏အကြည့်များက စူးရှထက်မြက်သွားပြီး သတ်ဖြတ်လိုစိတ်များ မြင့်တက်လာတော့သည်။
လူမိုက်တစ်စုကတော့ မောက်မာစွာ ပြုမူနေဆဲဖြစ်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို လုံးဝသတိမထားမိကြပေ။
သူတို့၏အဆင့်က နိမ့်ကျလွန်းနေသည်မဟုတ်လော။
ယွမ်ချင်းရှန် သူမ၏ မူလစွမ်းအင်များကို စုစည်းလိုက်ရာ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါးအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဘယ်ဘက်အစွန်ဆုံးတွင် သေနတ်ကိုင်ထားသော လူမိုက်ထံသို့ တည့်မတ်စွာ ပြေးဝင်သွားတော့သည်။