အခန်း ၃၆
Vol. 4 Ch. 36
အခန်း (၃၆) - သွေးမျိုးဆက် အမွေအနှစ်ဖြန့်ဖြူးရေး
ကောင်းရွှမ်က ဖြောင့်မတ်မှန်ကန်သော ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုလိုက်ခြင်းကြောင့် ခွေးအိုကြီးမှာ အနည်းငယ် တွေဝေသွားခဲ့ရသည်။ အဆင့်ငါးကတော့ ကောင်းရွှမ်ကို မကြောက်ပေ။
သူက လက်ကိုမြှောက်ကာ သေနတ်ဖြင့် ပစ်ခတ်လိုက်သည်။
“ဒိုင်း ဒိုင်း ဒိုင်း...”
အဆင့်ငါး၏ သေနတ်ပြောင်းဝမှ မီးပွင့်သွားပြီး ပြင်းထန်သော သေနတ်သံများက အလုံပိတ်သီးသန့်အခန်းအတွင်း ဆူညံစွာ ထွက်ပေါ်လာသည်။
အနီးတွင်ရပ်နေသော ခွေးအိုကြီးမှာ နားစည်များပင် ကွဲထွက်သွားမတတ် ခံစားလိုက်ရသော်လည်း သူက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အဆင့်ငါးနှင့်အတူ ဝင်ရောက်ပစ်ခတ်လိုက်သည်။
သူတို့နှစ်ယောက် သေနတ်မောင်းခလုတ်ကို မဆွဲမီကတည်းက ကောင်းရွှမ်၏ အသိစိတ်ပင်လယ်အတွင်းရှိ ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်က ၎င်း၏ ဓားသွားကဲ့သို့ ထက်မြက်ပြီး ဖောက်ထွင်းမြင်နိုင်သော အတောင်ပံသုံးစုံကို စတင်လှုပ်ခတ်နေပြီဖြစ်သည်။
ကောင်းရွှမ်၏မြင်ကွင်းအတွင်း အချိန်စီးဆင်းမှုမှာ အဆတစ်ရာခန့် နှေးကွေးသွားခဲ့သည်။
ခွေးအိုကြီးနှင့် အဆင့်ငါးတို့မှာ ရေခဲရုပ်တုများကဲ့သို့ ဖြစ်နေသည်။ သူတို့၏ ကြွက်သားလှုပ်ရှားမှုတိုင်း၊ မျက်နှာအမူအရာနှင့် မျက်လုံး၏ ရွေ့လျားမှုတိုင်းက ကောင်းရွှမ်၏ အသိစိတ်ပင်လယ်အတွင်းတွင် ရေခဲပြင်ကဲ့သို့ ကြည်လင်ပြတ်သားစွာ ပေါ်လွင်နေသည်။
အလုံးစုံသိမြင်နိုင်သော မြင်ကွင်းဖြင့် ကောင်းရွှမ်သည် သူတို့နှစ်ဦး၏ လှုပ်ရှားမှုတိုင်းအပြင် နောက်ထပ်လှမ်းမည့် ခြေလှမ်းများကိုပါ အပြည့်အဝ နားလည်သဘောပေါက်သွားသည်။
ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်မှာ ဝိညာဉ်အာရုံခံနိုင်စွမ်းတွင် ပြိုင်ဘက်ကင်းလှသည်။ ရွှေအဆင့်စွမ်းအင်ပိုင်ရှင် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် ၎င်းက ကြိုတင်သတိပေးချက်များကို ထုတ်ပေးနိုင်ပြီး ပြိုင်ဘက်၏လှုပ်ရှားမှုများကို ခန့်မှန်းကာ အန္တရာယ်အားလုံးကို ရှောင်လွှဲနိုင်လေသည်။
ပြန်လည်မွေးဖွားခြင်းကို ကြုံတွေ့ခဲ့ရသော ကောင်းရွှမ်မှာ သူ၏ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုအဆင့်များကို သယ်ဆောင်လာနိုင်ခြင်း မရှိခဲ့သော်လည်း ခေါက်ပံခြောက်ဖြာ ကောင်းကင်ပုရစ်နှင့် သူ၏စိတ်စွမ်းအင်များကတော့ မူလစွမ်းအားအများစုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
သူ၏ လက်ရှိအဆင့်တွင် ရွှေအဆင့်ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် ကြိုတင်သတိပေးချက်များကို ရရှိနိုင်ဆဲဖြစ်ပြီး သူတို့၏လှုပ်ရှားမှုများကိုလည်း ခန့်မှန်းနိုင်စွမ်းရှိသည်။
သို့သော် မူလစွမ်းအင်ကန့်သတ်ချက်များကြောင့် အန္တရာယ်ကို အာရုံခံမိလျှင်ပင် သူက တစ်ပြိုင်နက်တည်း တုံ့ပြန်နိုင်မည်မဟုတ်ပေ။ ငွေအဆင့် စွမ်းအင်ပိုင်ရှင် ကျွမ်းကျင်သူတစ်ဦးကိုပင် သူ ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
သို့သော် ခွေးအိုကြီးကဲ့သို့သော လူမိုက်လေးများကို ကိုင်တွယ်ရန်မှာတော့ သေနတ်များ ပါလာလျှင်ပင် အလွန်လွယ်ကူသောကိစ္စတစ်ခုသာ ဖြစ်သည်။
ပြိုင်ဘက်၏ လုပ်ဆောင်ချက်တိုင်းနှင့် သေနတ်ပစ်ခတ်မှု လမ်းကြောင်းများက ကောင်းရွှမ်၏ အသိစိတ်ပင်လယ်အတွင်းတွင် ရှင်းလင်းပြတ်သားစွာ ပေါ်လွင်နေသည်။
ကောင်းရွှမ်က ဇက်ပုံစံဖြင့် ရှေ့သို့တိုးသွားကာ ဘယ်ညာရှောင်တိမ်းလိုက်ပြီး ပစ္စတိုကျည်ဆန်များမှာ သူ၏ နားရွက်နှင့် ခန္ဓာကိုယ်ဘေးမှ ဖြတ်သန်းသွားလေသည်။
ကောင်းရွှမ်၏ လှုပ်ရှားမှုများက မြန်ဆန်မနေချေ။
သို့တိုင်အောင် အဆင့်ငါးနှင့် ခွေးအိုကြီးတို့မှာ သူ့ကို မည်သို့မှ မထိမှန်နိုင်ဘဲ သူတို့နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
‘ဒီလိုရန်သူမျိုးက ရိုးရိုးလေးပြောရရင် အိပ်မက်ဆိုးတစ်ခုပဲ'
ခွေးအိုကြီးနှင့် သူ့အဖော်တို့၏ ပစ္စတိုကျည်ဆန်များ ကုန်သွားချိန်တွင် ကောင်းရွှမ်က သူတို့ရှေ့ တည့်တည့်တွင် ရောက်နေပြီဖြစ်သည်။
“ခြေကွက်... ခြေကွက်... ခြေကွက်... ရှေ့လက်ခုတ်ချက်...”
ကောင်းရွှမ်က ရေရွတ်လိုက်ရင်း သူ၏ ညာလက်ဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို ဆွဲထုတ်လိုက်ကာ ခွေးအိုကြီးနှင့် အဆင့်ငါးတို့၏ လည်ပင်းများကို တစ်ချက်တည်းဖြင့် ပိုင်းဖြတ်လိုက်သည်။
“မွေဟောက်ခြေကွက်ကို ဘယ်လိုသုံးရမလဲဆိုတာတောင် နားမလည်ဘဲနဲ့ မင်းတို့က ဘာကိုများ ပစ်နေတာလဲ...”
ကောင်းရွှမ်က ခေါင်းယမ်းလိုက်သည်။
“ပြီးတော့ အပျက်အစီးများအောင်ဆိုပြီး အဲ့ဒီနေရာမှာပဲ ရပ်နေတာလား၊ အဲ့ဒါက သေဖို့ထိုင်စောင့်နေတာပဲ”
ခွေးအိုကြီးနှင့် အဆင့်ငါးတို့က ပြတ်တောက်သွားသော သူတို့၏လည်ပင်းများကို ဆုပ်ကိုင်ထားကြပြီး မျက်နှာပေါ်တွင်တော့ ထိတ်လန့်မှုနှင့် စိတ်ပျက်အားငယ်မှုများ အပြည့်ရှိနေသည်။
ကောင်းရွှမ်က စကားဆက်ပြောရန် စိတ်ဝင်စားမှုမရှိတော့ပေ။ နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို တစ်ချက်လှည့်လိုက်ရာ သူတို့နှစ်ဦးမှာ သွေးမြူခိုးများအဖြစ် ပေါက်ကွဲသွားတော့သည်။
သူက မြေပြင်ပေါ်ရှိ အလောင်းအနည်းငယ်ကိုပင် သိမ်းဆည်းလိုက်သေးသည်။
ခြင်တစ်ကောင်ရဲ့ ခြေထောက်ဆိုလျှင်ပင် အသားဖြစ်နေဆဲပင်။
ထို့အပြင် တရားဥပဒေစိုးမိုးရေးသမားများအတွက် ပြဿနာမဖြစ်စေရန် အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းခြင်းက လူသတ်သမားတစ်ဦးတွင် ရှိသင့်သည့် အခြေခံအရည်အသွေးတစ်ခု ဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းပြီးနောက် ကောင်းရွှမ်က သေတ္တာကိုကောက်ယူကာ သီးသန့်ခန်းထဲမှ ထွက်လာခဲ့သည်။ ဘား၏ တေးဂီတသံများက ဆူညံစွာ ထွက်ပေါ်နေဆဲဖြစ်သော်လည်း ကချေသည်များနှင့် ဧည့်သည်များမှာ ထွက်ပြေးသွားကြသည်မှာ ကြာပြီဖြစ်သည်။
ဘားတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးခံထားရပြီး စားပွဲများနှင့် ကုလားထိုင်များမှာ မြေပြင်အနှံ့ ကျိုးပဲ့ပျက်စီးနေကာ အရက်များကလည်း နေရာအနှံ့ စီးဆင်းနေသည်။
ဖျော်ဖြေရေးဧရိယာရှိ စင်မြင့်မှာလည်း ရိုက်ချိုးခံထားရပြီး လိမ်ကောက်နေသော အလောင်းသုံးလောင်းက စင်မြင့်ပေါ်တွင် တွယ်ကပ်နေသည်။
ကောင်းရွှမ်က တစ်ချက်မျှသာကြည့်လိုက်ပြီး ထပ်မကြည့်တော့ပေ။ ဘားထဲတွင် ကင်မရာများစွာရှိရာ ဤနေရာတွင် နတ်ဘုရားသတ်ဖြတ်ခြင်းဓားကို သူ ထုတ်ပြမည်မဟုတ်ပေ။
သူက တံခါးကို တွန်းဖွင့်ကာ အပြင်သို့ထွက်လာခဲ့သည်။ ယွမ်ချင်းရှန်က တံခါးဝတွင် သူ့ကို စောင့်နေ၏။
“အရသာရှိရဲ့လား”
ကောင်းရွှမ်က စိုးရိမ်တကြီး မေးလိုက်သည်။
ယွမ်ချင်းရှန်က မျက်လွှာချကာ ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သည်။
“သံမဏိသွား ညီအစ်ကိုတွေက လူတွေကို အရိုးမကျန်အောင် စားတဲ့နေရာမှာ နာမည်ကြီးတယ်လေ”
ကောင်းရွှမ်က ဆက်ပြောသည်။
“အဲ့ဒါက ပုံကြီးချဲ့ထားတာ မဟုတ်လူးနော်၊ သူတို့သုံးယောက်က ရန်သူတွေကို တစ်စစီ တကယ်စားပစ်ကြတာ၊ အဲ့ဒီလို တိရစ္ဆာန်တွေကို သတ်ရတာ ကျေနပ်စရာမကောင်းဘူးလား”
ယွမ်ချင်းရှန်က ခေါင်းခါနေဆဲဖြစ်သည်။
ကောင်းရွှမ် ရယ်မောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်လေ၊ ငါကတော့ တကယ်ကို အရသာရှိတာပဲ၊ ငါက အရသာရှိနေမှတော့ နင်ရော အရသာရှိမနေဘူးလား ဟားဟားဟား...”
ယွမ်ချင်းရှန်က တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။
“ငါတို့ ဒီလိုမျိုးလုပ်ဖို့ လိုအပ်လို့လား”
“ဒီ သွေးမရဏလမ်းစဉ်က ငါ့တို့ ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ၊ ငါတို့မှာ ရွေးချယ်စရာ မရှိဘူး”
ကောင်းရွှမ်က အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် အဆုံးထိ ငါ့နောက်ကို လိုက်ခဲ့ပေးပါ၊ မတွေဝေနဲ့၊ မနှောင့်နှေးနဲ့၊ ပြီးတော့ အရေးအကြီးဆုံးက နောက်ကောက်မကျန်ခဲ့စေနဲ့၊ နင် လုပ်နိုင်မလား”
ယွမ်ချင်းရှန် အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ”
ကောင်းရွှမ်က ယွမ်ချင်းရှန်ကို ပြုံးပြလိုက်သည်။
“ငါတို့မှာ ရွေးချယ်စရာမရှိမှတော့ ပျော်ပျော်ပဲနေပါ၊ ဘာလို့ မျက်နှာကြီး ရှုံ့မဲ့ထားရတာလဲ၊ ဘယ်အလုပ်ကိုပဲ ရွေးချယ်ရွေးချယ် အဲ့ဒီအလုပ်ကို ချစ်မြတ်နိုးရမယ်လို့ ပြောကြတယ်လေ၊
တကယ်တော့ နင် အဲ့ဒါကို အချိန်အတော်ကြာ လုပ်ပြီးသွားရင် တခြားလူတွေရဲ့ ရှင်ခြင်းနဲ့ သေခြင်းကို စိုးမိုးရတာက တော်တော်လေး ကျေနပ်စရာကောင်းတယ်ဆိုတာ တွေ့လာရလိမ့်မယ်”
သူက ခေတ္တရပ်တန့်လိုက်ပြီး ထပ်ပြောသည်။
“အနည်းဆုံးတော့ ကိုယ့်အသက်ကို သူများက စိုးမိုးချယ်လှယ်ထားတာထက်စာရင် ပိုပြီးကျေနပ်စရာကောင်းပါတယ်”
ယွမ်ချင်းရှန်က နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ညင်သာစွာညိတ်ပြလိုက်သည်။
ကောင်းရွှမ်က ပြောလာပြန်သည်။
“နင် အရမ်းစိတ်ဓာတ်ကျနေစရာ မလိုပါဘူး၊ ကံကြမ္မာက ငါတို့အတွက် သတ်ဖြတ်ခြင်း မရဏလမ်းစဉ်ကို ချန်ထားပေးတာနဲ့တင် လုံလောက်အောင် ရက်ရောနေပါပြီ၊ အဲ့ဒီအကြောင်းကို တွေးမိတိုင်း ငါ အရမ်းကျေးဇူးတင်မိတယ်”
သူက နောက်ပြောင်နေခြင်းမဟုတ်ပေ။ သူ ပြန်လည်မွေးဖွားလာကတည်းက ရွေးချယ်စရာ သိပ်မရှိခဲ့သော်လည်း အနည်းဆုံးတော့ အချို့အရာများ ရှိနေခဲ့သည်။ သွားရမည့် လမ်းတစ်ကြောင်းလည်း ရှိနေခဲ့သည်။
ကောင်းရွှမ်အတွက် ဤအရာက ကံကြမ္မာ၏မျက်နှာသာပေးမှု တစ်ခုပင်။
ကောင်းရွှမ်က ဦးနှောက်ဆေးသည့်ပုံစံသို့ ပြန်ပြောင်းလိုက်သည်။
“ငါတို့က လူသတ်သမားတွေ မဟုတ်ဘူး၊ ငါတို့က လုပ်ကြံသတ်ဖြတ်သူတွေ၊ လူသတ်သမားတွေက အမြတ်အစွန်းအတွက် ဘယ်နည်းလမ်းကိုမဆို သုံးကြတယ်၊ လုပ်ကြံသတ်ဖြတ်သူတွေကတော့ ယုံကြည်ချက်နဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ကြတယ်၊
လုပ်ကြံသတ်ဖြတ်သူတွေမှာ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေရှိသလို မလုပ်သင့်တဲ့ အရာတွေလည်း ရှိတယ်၊ လုပ်ကြံသတ်ဖြတ်သူတွေက ရှင်သန်ခြင်းနဲ့ သေခြင်းရဲ့ အုပ်စိုးသူတွေဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် ကံကြမ္မာရဲ့ စိုးမိုးသူတွေလည်း ဖြစ်တယ်”
သူက ယွမ်ချင်းရှန်ကို ဆက်ပြောသည်။
“ငါတို့က အမှန်ကန်ဆုံး အလုပ်ကို လုပ်နေတာ၊ ပုဂ္ဂိုလ်ရေးအရ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်သလို အများအကျိုးအတွက် လူသားမျိုးနွယ်ကိုလည်း ကယ်တင်နိုင်တယ်၊
ဒီလို ကြီးကျယ်ခမ်းနားတဲ့ ရည်ရွယ်ချက်က နင့်ကို တာဝန်သိစိတ်နဲ့ အဆုံးမဲ့စိတ်အားထက်သန်မှုတွေ ပြည့်နှက်မသွားစေဘူးလား”
ယွမ်ချင်းရှန်က စကားပြောကောင်းသူ တစ်ယောက်မဟုတ်သည်မှာ သိသာလှပြီး တိတ်တဆိတ်သာ နားထောင်နေသည်။ ကောင်းရွှမ်၏ စိတ်အားထက်သန်ပြီး လှုံ့ဆော်မှုအပြည့်ရှိသော စကားများက သူမအပေါ် ဘာသက်ရောက်မှုမှ ရှိပုံမပေါ်ပေ။
“ကောင်းပြီလေ... နင်နိုင်ပါတယ်” ကောင်းရွှမ်က သက်ပြင်းချလိုက်သည်။
“နင်သိလား၊ နင်က စိတ်ကူးယဉ်ဆန်တဲ့ အငွေ့အသက်တွေကို ဖျက်ဆီးပစ်တဲ့နေရာမှာ တကယ်တော်တာပဲ”
“အင်း”
ယွမ်ချင်းရှန်က ဤအချက်ကို သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ကောင်းရွှမ်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါပေမဲ့ ဒီလိုလေးဖြစ်နေတဲ့ နင့်ကို ငါ သဘောကျတယ်၊ မဟုတ်ဘူး၊ ဒီလိုလေးဖြစ်နေတဲ့ နင့်ကို ငါ ချစ်တယ်”
သူက ယွမ်ချင်းရှန်ဘက်သို့ နောက်တစ်ကြိမ်လှည့်ကာ မေးလိုက်သည်။
“နင်ရော ငါ့ကို ချစ်လား”
“ဟေး ဘာလို့ မျက်နှာတွေနီနေတာလဲ”
ယွမ်ချင်းရှန်က ကောင်းရွှမ်ကို ပြန်မဖြေပေ။ သူမက အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်ထားသောကြောင့် မျက်နှာနီချင်လျှင်ပင် လုပ်နိုင်စွမ်း မရှိပေ။
သို့သော် ကောင်းရွှမ်ဤသို့ပြောသည်ကို ကြားလိုက်ရသောအခါ သူမ၏ ခံစားချက်များ အလွန်ရှုပ်ထွေးသွားသည်။
သူမက အနည်းငယ် ပျော်ရွှင်သွားသလို၊ အနည်းငယ် ရှက်ရွံ့သွားသလိုနှင့် အနည်းငယ်လည်း စိုးရိမ်ပူပန်သွားသလို ခံစားလိုက်ရပြီး ထိုခံစားချက်က အတိအကျ ဘာလဲဆိုသည်ကိုပင် သူမ မရှင်းပြနိုင်တော့ပေ...
သို့သော် အကြောင်းပြချက်တစ်ခုခုကြောင့် သူမ၏ မျက်နှာပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားသော ညလေညင်းလေးက အလွန်နူးညံ့နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ရောင်စုံ မီးလင်းဆိုင်းဘုတ်လေးများက အလွန်ချစ်စရာကောင်းနေသလို ကမ္ဘာကြီးတစ်ခုလုံးကလည်း လှပသွားသည်ဟု သူမ ထင်မှတ်မိသွားသည်။
ကောင်းရွှမ်က ယွမ်ချင်းရှန်၏ စိတ်အခြေအနေ တိုးတက်လာသည်ကို သိလိုက်ပြီး ၎င်းက အနည်းငယ် ထူးဆန်းသည်ဟု သူ ခံစားလိုက်ရသည်။
‘မိန်းကလေးတွေက ဒီလိုစကားမျိုးတွေကြားရတာ တကယ်ပဲ သဘောကျကြတာလား'
‘ထားပါလေ'
နှစ်တစ်ရာ အတွေ့အကြုံရှိသော လူအိုကြီးတစ်ယောက်အနေဖြင့် ကောင်းရွှမ်က လုပ်သင့်လုပ်ထိုက်သည်ကိုသာ လုပ်ဆောင်ရန် ယုံကြည်ထားသည်။ သူက အချစ်အကြောင်း ဘယ်သောအခါမှ မပြောခဲ့ပေ။
သူ၏ ရုပ်ရည်သွင်ပြင်နှင့်ဆိုလျှင် အချစ်အကြောင်း ပြောနေရနခလည်းမလိုပေ။ သူ လက်တစ်ချောင်း ကွေးပြလိုက်ရုံဖြင့် အမျိုးသမီးပေါင်းများစွာ သူ့ထံသို့ အပြေးအလွှား လာရောက်ကြမည်ဖြစ်သည်။ ထို့ကြောင့် ကောင်းရွှမ်က အချစ်ကို မယုံကြည်ပေ။
ယွမ်ချင်းရှန်၏ တုံ့ပြန်မှုကို နားလည်ရန် ကောင်းရွှမ် အခက်တွေ့နေသည်။ အတည်ငြိမ်ဆုံး ဆက်ဆံရေးမှာ သူငယ်ချင်းများနှင့် တိုက်ပွဲဝင်ရဲဘော်ရဲဘက်များ၏ ဆက်ဆံရေးဖြစ်သည်ဟု သူခံစားရသည်။
သူနှင့် ယွမ်ချင်းရှန်တို့ကြားတွင် ဤကဲ့သို့သော ဆက်ဆံရေးမျိုးရှိပြီး ၎င်းက အလွန်ကောင်းမွန်လှသည်။ အတူတူအိပ်စက်ခြင်းက ဒုက္ခများနိုင်ပြီး သူတို့၏ ဖြူစင်သောဆက်ဆံရေးကို ဆိုးရွားသည့်ဘက်သို့ ပြောင်းလဲသွားစေနိုင်သည်။
ဤအရာကို တွေးမိသောအခါ ကောင်းရွှမ်က အနည်းငယ် ဂနာမငြိမ်ဖြစ်သွားသည်။ ချင်းရှန်၏ကိုယ်လုံးကိုယ်ပေါက်မှာ မဆိုးလှသလို သူမက အရွယ်ရောက်နေပြီဖြစ်သည်။
“ငါတို့က ညီအစ်ကိုတွေ၊ ရဲဘော်တွေလေ၊ ကိုယ့်ညီအစ်ကိုကို ငါ လျှောက်ပြီးပတ်သက်လို့မရဘူး၊ ငါကလည်း စည်းမျဉ်းစည်းကမ်းတွေနဲ့ နေတဲ့သူပါကွာ၊ ငါ့ကို အတင်းအကျပ်မလုပ်ပါနဲ့...”
ကောင်းရွှမ်က သူ၏ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်မဟုတ်သော အပြောင်းအလဲများကိုလည်း သတိထားမိလိုက်ပြီး တစ်ခုခုမှားယွင်းနေပြီဟု ခံစားလိုက်ရသည်။
ကောင်းကင်နဂါးမျက်လုံး၏ ဆိုးကျိုးသက်ရောက်မှုများက ဤမျှ မြန်ဆန်စွာ ပေါက်ကွဲထွက်လာလိမ့်မည်ဟု သူမထင်ထားပေ။
ကောင်းကင်နဂါးမျက်လုံး၏ တိုက်ရိုက်အကျဆုံး ဆိုးကျိုးသက်ရောက်မှုမှာ သွေးမျိုးဆက် အမွေအနှစ်ဖြစ်သည်။ အရာအားလုံးက သွေးမျိုးဆက်အမွေအနှစ် ပထမဦးစားပေးအဖြစ် ယူဆောင်ကာ ဆန့်ကျင်ဘက် လိင်နှင့် မိတ်လိုက်ရန် အခွင့်အရေးတိုင်းကို အရယူပြီး သွေးမျိုးဆက်ကို ဖြန့်ကျက်ရန် အစွမ်းကုန်ကြိုးစားကြသည်။
နဂါးမျိုးနွယ်စုမှာ ကာမဂုဏ်လိုက်စားမှုတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ဤကိစ္စနှင့်ပတ်သက်၍ သူတို့၏ဂုဏ်သတင်းမှာ အလွန်တရာ ဆိုးရွားလှ၏။
သို့သော် နဂါးမျိုးနွယ်စု၏ သွေးမျိုးဆက်မှာ အလွန်အစွမ်းထက်လွန်းသည်။ သူတို့ မည်မျှပင် ကာမဂုဏ်လိုက်စားပါစေ မျိုးဆက်များများစားစား မပွားနိုင်ကြပေ။
ဤအကြောင်းကြောင့်ပင် နဂါးမျိုးနွယ်စုက ဤကိစ္စတွင် စည်းလွတ်ဘောင်လွတ် ဖြစ်လာကြပြီး တွေ့သမျှ အပေါက်တိုင်း၌ ထိုးထည့်ရန် ကြိုးစားလာကြတော့သည်။
ကောင်းရွှမ်က သေချာပေါက် ကောင်းကင်နဂါးမျက်လုံး၏ ဆိုးကျိုးသက်ရောက်မှုများအကြောင်းကို သိထားသော်လည်း ၎င်းကို ပြဿနာတစ်ခုဟု မထင်ခဲ့ပေ။
မိတ်လိုက်ခြင်းဆိုသည်က ရုပ်ပိုင်းဆိုင်ရာ ဗီဇတစ်ခုသက်သက်သာ ဖြစ်သည်။ သူက သူ၏ ကိုယ်တွင်းအင်္ဂါ လုပ်ဆောင်ချက်များနှင့် အာရုံကြောဟော်မှုန်းများကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
‘ငါက ရုပ်ပိုင်းဆိုင်ရာဗီဇတွေရဲ့ လွှမ်းမိုးမှုကို ခံရမယ်တဲ့လား'
‘ဟာသပဲ’
သို့သော် စောစောက ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုလှိုင်းတံပိုးများက ပြဿနာမှာ ထိုမျှမရိုးရှင်းကြောင်း ကောင်းရွှမ်ကို သတိပြုမိစေခဲ့သည်။
လှပသော အမျိုးသမီးတစ်ဦးနှင့် ပျော်ရွှင်ရသည်ကို သူ စိတ်မခုသော်လည်း ကောင်းကင်နဂါးမျက်လုံး၏ ဆိုးကျိုးသက်ရောက်မှုများအောက်တွင် လွှမ်းမိုးခံရပြီး မျိုးပွားရန်သာ စဉ်းစားနေသည့် မျိုးပွားစက်ကြီးတစ်လုံးအဖြစ်သို့ မပြောင်းလဲသွားချင်ပေ။
“အပြီးတိုင်ဖြေရှင်းဖို့ တကယ်ပဲ ဖြတ်ပစ်ရတော့မှာလား”
ကောင်းရွှမ်က ထိုသို့လုပ်ဆောင်ရန် စိတ်မခုသော်လည်း ၎င်းက အတော်လေး အဆင်မပြေဖြစ်စေလိမ့်မည်။
ဖြတ်ပစ်လိုက်ပြီးနောက်တွင် သူ မတ်တတ်ရပ်ပြီး သေးပေါက်နိုင်တော့မည်ပင် မဟုတ်ပေ။ အခြားသော ရှုပ်ထွေးသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကိုတော့ ထည့်မပြောတော့ပေ။
ပိုဆိုးသည်မှာ ဖြတ်ပစ်လိုက်ခြင်းက ပြဿနာကို မဖြေရှင်းနိုင်ခဲ့လျှင် မည်သို့လုပ်မည်နည်း။
ဤကိစ္စက သေးငယ်သောကိစ္စမဟုတ်ပေ။ သူ သေချာစဉ်းစားရမည်ဖြစ်သည်။