အခန်း ၄၀
Vol. 4 Ch. 40
အခန်း (၄၀) - ညအိပ်ခ
“မင်းက ငါ့ကို လက်သပ်မွေးထားတဲ့ ကောင်လေးအဖြစ် သဘောထားချင်နေတာလား”
ဝေ့ကျန်းကျန်းက မကျေမနပ်ဖြစ်ဟန်ဖြင့် ကောင်းရွှမ်၏ လက်မောင်းကို ဖက်တွယ်လိုက်သည်။
“အစ်ကို.. ညီမတို့က အတူတူရှိနေကြပြီပဲ၊ ဘာလို့ နင့်ဟာ ငါ့ဟာ ခွဲခြားနေရဦးမှာလဲ”
ကောင်းရွှမ်က သူ၏ လက်မောင်းကို ညင်သာစွာ ပြန်ရုပ်လိုက်သည်။
“ငါတို့ ရင်းနှီးခဲ့ကြတယ်ဆိုပေမဲ့ နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသား လူငယ်တွေလေ၊ ပြီးတော့ အရက်လည်း နည်းနည်း သောက်ထားကြသေးတယ်၊ စိတ်အလိုလိုက်မိသွားတာက ပုံမှန်ပါပဲ”
ကောင်းရွှမ်က နောက်ဆုတ်ရန် ကြိုးစားနေသည်ကို ကြားလိုက်ရသောအခါ ဝေ့ကျန်းကျန်း အနည်းငယ် စိတ်မပျော်မရွှင် ဖြစ်သွားသည်။
“ဒါပေမဲ့ ဒါက ညီမအတွက် ပထမဆုံးအကြိမ်လေ”
“တိုက်ဆိုင်လိုက်တာ၊ ဒါက ငါ့အတွက်လည်း ပထမဆုံးအကြိမ်ပဲလေ၊ ငါတို့ ကျေသွားပြီပေါ့”
ကောင်းရွှမ်က ဆက်ပြောသည်။ “တကယ်တော့ မင်းနဲ့ ငါ မထိုက်တန်ဘူးလို့ ခံစားရတယ်၊ မင်းမိသားစုရဲ့ ယွမ်လုံကုမ္ပဏီက အင်အားကြီးပြီး ချမ်းသာတယ်၊ ငါက မင်းနဲ့ အတူရှိချင်ရင်တောင် မင်းအမေက သဘောတူမှာမဟုတ်ဘူး၊ ငါတို့ သာမန်သူငယ်ချင်းတွေအနေနဲ့ပဲ နေကြတာပေါ့”
“မေမေက ညီမစကား နားထောင်တယ်”
ဝေ့ကျန်းကျန်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။ “သမီး ဂရုမစိုက်ဘူး၊ အစ်ကို သမီးနဲ့ အတူရှိနေရမယ်”
ကောင်းရွှမ်က လက်နှစ်ဖက်ကို ဖြန့်ကာ သက်ပြင်းမသိမသာ ချလိုက်သည်။
“ကျန်းကျန်း.. ငါ မင်းကို အရမ်းသဘောကျပါတယ်၊ ဒါပေမဲ့ ရည်းစားတွေဖြစ်ဖို့ဆိုတာ အဲ့ဒီလောက်မလွယ်ကူဘူး၊ အိမ်ပြန်ပြီး မင်းအမေကို အရင်မေးကြည့်ပါဦး၊ သူမမှာ ကန့်ကွက်စရာတစ်ခုမှမရှိဘူးဆိုရင်တော့ ငါတို့ ပြန်ပြောကြတာပေါ့”
“အစ်ကိုက ညီမနဲ့ ကစားပြီးတော့ အခု လွှင့်ပစ်ချင်နေတာလား”
ဝေ့ကျန်းကျန်း အလွန်ဒေါသထွက်သွားသည်။
‘ဒီလူက အရာအားလုံး လုပ်ဆုံးသွားမှ ရှောင်ပြေးဖို့ ကြိုးစားနေတာပဲ'
“အဲ့ဒီလိုပြောတာ အရမ်းနာကျင်ရပါတယ်ကွာ” ကောင်းရွှမ်က ရိုးသားစွာ ပြောလိုက်သည်။
“ငါတို့ရဲ့ ရုပ်ရည်တွေကို တစ်ချက်ကြည့်ပါဦး၊ မင်းက တကယ်ကြီး နစ်နာသွားတယ်လို့ ခံစားရလို့လား”
“ ညီမ.. ညီမ.. ဝူးဝူးဝူး...”
ဝေ့ကျန်းကျန်းတွင် အသိတရား ရှိနေဆဲဖြစ်သည်။ သူမက အမှန်တကယ်ပင် နစ်နာသွားသည်ဟု မပြောထွက်ခဲ့ပေ။
သို့သော် သူမ မည်သို့ပင်တွေးစေကာအူ မတရားခံရသည်ဟု ခံစားနေရသဖြင့် ငိုချလိုက်တော့သည်။ ကောင်းရွှမ်က သူမ၏ ဆံပင်များကို ပွတ်သပ်ကာ ညင်သာစွာ နှစ်သိမ့်လိုက်သည်။
“ငါတို့က သူငယ်ချင်းကောင်းတွေ ဖြစ်နေဆဲပါပဲ၊ ဘာလို့ ငိုနေရတာလဲ၊ မင်း တစ်ခုခုလိုအပ်ရင် အချိန်မရွေး ငါ့ကို လာရှာလို့ရပါတယ်၊ ငါ အမြဲတမ်း ကြိုဆိုတယ်၊ အမြဲတမ်း ပူးပေါင်းဆောင်ရွက်ပေးမယ်...”
“အစ်ကို...”
ဝေ့ကျန်းကျန်းမှာ ဒေါသထွက်လွန်းသဖြင့် စကားပင်မပြောနိုင်တော့ပေ။ သူမသည် အလိုလိုက်ခံထားရသော မင်းသမီးလေးဖြစ်သဖြင့် စိတ်မထိန်းနိုင်တော့ဘဲ နောက်သို့လှည့်ကာ ဒေါသတကြီးဖြင့် ထွက်သွားတော့သည်။
ခွမ်း.. ဒိုင်း.. ဝုန်း..
ဝေ့ကျန်းကျန်းက သူမ၏ ဒေါသများကို ပေါက်ကွဲရန် အခန်းထဲရှိ ပစ္စည်းများစွာကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီး မျက်ရည်စက်လက်ဖြင့် ပြေးထွက်သွားတော့သည်။
ကောင်းရွှမ် သက်ပြင်းချလိုက်သည်။
‘လူယုတ်မာတစ်ယောက်လုပ်ရတာ တကယ်ကို မလွယ်ကူပါလား’
ယွမ်ချင်းရှန်က ကောင်းရွှမ်အနီးသို့ တိတ်တဆိတ် လျှောက်လာခဲ့သည်။
“နင် သွားပြီး မနှစ်သိမ့်ပေးတော့ဘူးလား”
“ဘာအတွက် နှစ်သိမ့်ရမှာလဲ၊ အတူတူပျော်ရွှင်ရတာက ပိုကောင်းပါတယ်၊ ခံစားချက်တွေအကြောင်း အတင်းအကျပ်ပြောနေတာက တာဝန်မဲ့လွန်းရာကျတယ်”
ကောင်းရွှမ် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလာသည်။
“ပစ္စည်းဘယ်နှခု ကျိုးပဲ့သွားလဲဆိုတာ သွားရေတွက်ပြီး စာရင်းလုပ်လိုက်၊ ငါ အဲ့ဒီသက်တော်စောင့် အစ်မယွဲ့နဲ့ သွားပြောလိုက်မယ်၊ သူတို့ရဲ့ သခင်မလေး ပစ္စည်းတွေ ရိုက်ချိုးတာက ပြဿနာမရှိပေမဲ့ လျော်တော့ လျော်ရမှာပဲ”
ယွမ်ချင်းရှန် မှင်တက်သွားသည်။ ကောင်းရွှမ်၏ လုပ်ရပ်က အနည်းငယ်ရဲတင်းလွန်းနေသည်။ သူမက မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
“နင်လည်း ဝေ့ကျန်းကျန်းနဲ့ တစ်ညလုံး နေခဲ့တာပဲလေ၊ နင် အဲတာလည်း လျော်ကြေးတောင်းသင့်တာပေါ့”
“လျော်ကြေးတောင်းတာက ငါ့ကိုယ်ငါ ရောင်းစားသလို ဖြစ်နေမှာပေါ့” ကောင်းရွှမ်က တွန့်ဆုတ်နေသည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“အဲ့ဒါက နည်းနည်း မသင့်တော်ဘူးမဟုတ်လား”
…………
“အစ်မယွဲ့.. ဒါက ကျန်းကျန်း ဖျက်ဆီးသွားတဲ့ ပစ္စည်းစာရင်းပါ၊ အဲ့ဒါလေး ရှင်းပေးလို့ရမလား”
ကောင်းရွှမ်တွင်လည်း သူ၏ ကိုယ်ပိုင်မူဝါဒများရှိနေပြီး ထိုတောင်းခံလွှာထဲတွင် ညအိပ်ခကိုတော့ ထည့်သွင်းထားခြင်းမရှိပေ။
ပုံရိပ်ယောင်ဖန်သားပြင်ပေါ်ရှိ အစ်မယွဲ့၏ မျက်နှာတွင် အံ့သြမှင်တက်သွားသော အမူအရာက အထင်းသား ပေါ်လွင်နေသည်။ ပရော်ဖက်ရှင်နယ် သက်တော်စောင့်တစ်ယောက်အနေဖြင့် သူမက ပုံမှန်အားဖြင့် မည်သည့်မျက်နှာအမူအရာမှ ပြသလေ့မရှိသော်လည်း ယခုအခါတွင်တော့ မထိန်းချုပ်နိုင်တော့ပေ။
ဝေ့ကျန်းကျန်းက ကောင်းရွှမ်၏အိမ်တွင် တစ်ညအိပ်ခဲ့ပြီး နောက်နေ့မွန်းတည့်ချိန်တွင် အခန်းထဲမှ ငိုယိုလျက် ပြေးထွက်လာခဲ့သည်။ ထိုသတင်းကို ကြားလိုက်ရသောအခါ အစ်မယွဲ့ အလွန်အံ့အားသင့်ပြီး ဒေါသထွက်သွားခဲ့ရသည်။
ကောင်းရွှမ်မှာ တောင်တန်းဒေသမှ ဆင်းသက်လာသော ဆင်းရဲသားကောင်လေးတစ်ယောက်မျှသာ ဖြစ်ပြီး ပိုက်ဆံတစ်ပြားမှ မရှိပေ။ သူ့တွင် ချောမောသောရုပ်ရည်တစ်ခုသာ ရှိသည်။
ဝေ့ကျန်းကျန်းကဲ့သို့ မြင့်မြတ်သော အဆင့်အတန်းရှိသည့် လှပသော အမျိုးသမီးတစ်ဦးနှင့် ပတ်သက်ခွင့်ရခြင်းက သူ ဘဝဆက်တိုက် ကျင့်ကြံလာခဲ့သော ကံကောင်းမှုများကြောင့်သာ။
သူက ဝေ့ကျန်းကျန်းကို စတင်ပြီး စွန့်ပစ်ရဲသည်အထိ သတ္တိကောင်းနေသည်လော။
ပို၍ ဒေါသထွက်စရာကောင်းသည်မှာ ကောင်းရွှမ်က ဝေ့ကျန်းကျန်း ရိုက်ချိုးခဲ့သော ပစ္စည်းများအတွက် လျော်ကြေးတောင်းသည့် စာရင်းကိုပင် ပေးပို့လာခြင်းဖြစ်သည်။
အစ်မယွဲ့က ကောင်းရွှမ်အား စူးစူးရဲရဲ စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှမဆိုဘဲ မျက်နှာထား တင်းတင်းဖြင့် ရှိနေသည်။
ဖန်သားပြင်ပေါ်ရှိ ကောင်းရွှမ်ကတော့ ဘာကိုမှ သတိမထားမိသည့်ဟန်ဖြင့် ပြုံးရွှင်စွာ ပြောလိုက်သည်။
“အစ်မယွဲ့ဆီမှာ ကျွန်တော့်အကောင့်ရှိပါတယ်၊ အဆင်ပြေတဲ့အချိန် ပိုက်ဆံလွှဲပေးလိုက်ပါ”
“ငါ နင့်ကို အထင်သေးမိသွားတာပဲ”
အစ်မယွဲ့က သူမ၏ ခြိမ်းခြောက်မှုက အလုပ်မဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ကောင်းရွှမ်၏ မျက်လုံးများက တကယ်ပဲ ပြဿနာရှိနေပြီး မမြင်ရသည်မှာ ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။
သူမက တိုးညှင်းသော အသံဖြင့်သာ မေးလိုက်သည်။ “နင် ဘာလုပ်နေတယ်ဆိုတာကို နင် သိရဲ့လား”
“အစ်မယွဲ့ရဲ့ လေသံက သိပ်မကောင်းဘူးနော်” ကောင်းရွှမ်က အနည်းငယ် နားမလည်သည့်ဟန်ဖြင့် ပြန်ပြောသည်။
“ဘာလဲ.. ပစ္စည်းတစ်ခုခု ကျိုးပဲ့သွားရင် လျော်စရာမလိုဘူးလို့ အစ်မယွဲ့ ဆိုလိုချင်တာလား”
သူက ဇဝေဇဝါဖြင့် ဆက်ပြောသည်။
“အဲ့ဒါက ယုတ္တိမတန်ဘူးလေ၊ ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ယွမ်လုံကုမ္ပဏီကြီးက ဒီလောက်လျော်ကြေးလေးကိုတော့ ပေးနိုင်မှာပါ၊ မပေးနိုင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့”
ကောင်းရွှမ်က သဘောထားကြီးသည့်ဟန်ဖြင့် ထပ်မံဖြည့်စွက်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျန်းကျန်းနဲ့ ကျွန်တော်က သူငယ်ချင်းတွေပဲလေ”
အစ်မယွဲ့တစ်ယောက် ကောင်းရွှမ်၏ ပါးစပ်က မည်မျှ အဆိပ်ပြင်းကြောင်း ယခုအခါမှ နားလည်သွားတော့သည်။
သူမက အေးစက်စက် မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။
“ငါ စစ်ဆေးလိုက်ပါ့မယ်”
သူမက ဖုန်းကို ချက်ချင်းချလိုက်ပြီး ဝေ့ယွဲ့ထံသို့ ဆက်သွယ်လိုက်သည်။
“ဘော့စ်... သခင်မလေးက ကောင်းရွှမ်ရဲ့အိမ်မှာ ပစ္စည်းတချို့ကို ရိုက်ချိုးခဲ့တယ်၊ ကောင်းရွှမ်က လျော်ကြေးတောင်းနေတယ်၊ ဘယ်လိုဖြေရှင်းရမလဲ”
လျော်ကြေးအတွက် အကြွေးရမှတ် သောင်းဂဏန်းလောက်က သေးငယ်သော ပမာဏတစ်ခုသာ ဖြစ်သည်။ အစ်မယွဲ့ ကိုယ်တိုင်ပင် ဝေ့ကျန်းကျန်းကိုယ်စား ပေးချေနိုင်သည်။
ပြဿနာမှာ ကောင်းရွှမ်၏အပြုအမူဖြစ်ပြီး ၎င်းက အစ်မယွဲ့ကို ဒေါသထွက်စေခဲ့သည်။ ဤဆင်းရဲသားကောင်လေးက သူ၏ကိုယ်ပိုင်အဆင့်အတန်းကို လုံးဝ နားမလည်ဖြစ်နေလေ၏။
ဝေ့ယွဲ့ကတော့ တောင်းခံလွှာကို ကြည့်ကာ ပြုံးလိုက်သည်။
“ဒီကောင်လေးက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ၊ သူ့ကို ပိုက်ဆံပေးလိုက်ပါ၊ နည်းနည်းပိုပေးလိုက်ဦး”
အစ်မယွဲ့ တွေဝေသွားပြီး မေးလိုက်သည်။ “ဒါဆိုရင် ဒီလောက်နဲ့ပဲ ထားလိုက်တော့မလို့လား”
ယွမ်လုံကုမ္ပဏီမှာ ဧရာမစီးပွားရေးလုပ်ငန်းစုကြီး တစ်ခုဖြစ်သည်။ လုပ်ငန်းစုကြီး၏ အမြင့်ဆုံး ခေါင်းဆောင်တစ်ဦးအနေဖြင့် ဝေ့ယွဲ့မှာ လှပသော်လည်း သူမ၏ ပြတ်သားကြမ်းတမ်းသော နည်းလမ်းများကြောင့် နာမည်ကြီးလှသည်။
အစ်မယွဲ့ နားလည်ထားသလောက်ဆိုလျှင် ဝေ့ယွဲ့က ကောင်းရွှမ်ကဲ့သို့သော ရုပ်ချောသည့် ကောင်လေးမျိုးကို ယဉ်ကျေးစွာ ဆက်ဆံမည်မဟုတ်ပေ။
ဝေ့ယွဲ့က မျက်မှောင်အနည်းငယ် ပင့်လိုက်သည်။ “ကောင်းရွှမ်က ကျန်းကျန်းကို ကယ်ခဲ့တယ်၊ ရွှီယင်ကိုလည်း ကယ်ခဲ့တယ်၊ ကျန်းကျန်းနဲ့ သူ့ကြားက ကိစ္စက ပြဿနာတစ်ခု မဟုတ်ဘူး၊ ကျန်းကျန်းအတွက်ကတော့ လောကကြီးရဲ့ ရက်စက်ကြမ်းတမ်းတဲ့ အမှန်တရားတွေကို ကြုံတွေ့ပြီး အရာရာကို နားလည်ဖို့ အချိန်ကျနေပြီ၊ ဒီအတွက် ကောင်းရွှမ်ကို ငါတို့ ကျေးဇူးတောင်တင်ရဦးမယ်”
သူမက တခွိခွိရယ်မောလျက် ဆက်ပြောသည်။
“လူယုတ်မာတစ်ယောက်ဖြစ်ကြောင်းကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ထုတ်ပြတာက တကယ်တော့ ချစ်စရာကောင်းပါတယ်၊ ဒီလိုလုပ်လိုက်၊ သူ့ကို နောက်ထပ်တစ်သိန်း ထပ်ပေးလိုက်၊ သူ့ရဲ့ ညအိပ်ခလို့ သဘောထားလိုက်ပါ”
ထိုသို့ပြောပြီးနောက် ဝေ့ယွဲ့၏ အပြုံးက ပို၍ပင် အသက်၀င်လာပုံရသည်။
အစ်မယွဲ့က ဤကိစ္စတွင် မည်သည့်နေရာ၌ လွဲမှားနေမှန်း နားမလည်သော်လည်း ဘော့စ်က စီစဉ်ခိုင်းနေပြီဖြစ်ရာ သူမက အပြစ်အနာအဆာမရှိ အကောင်အထည်ဖော်ရမည်သာဖြစ်သည်။
နှစ်မိနစ်အကြာတွင် ကောင်းရွှမ်ထံသို့ ငွေလွှဲပြောင်းမှုတစ်ခု ရောက်ရှိလာသည်။
အကြွေးရမှတ် ၁၃၁,၂၄၅ မှတ်ဖြစ်သည်။
ထိုအကြွေးရမှတ် လွှဲပြောင်းမှုတွင် ညအိပ်ခ ဟုလည်း မှတ်ချက်ရေးသားထားသည်။
ကောင်းရွှမ်က ထိုဘေလ်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေမိသည်။ သူ မနေနိုင်တော့ဘဲ ယွမ်ချင်းရှန်ကို လှမ်းပြောလိုက်သည်။
“ငါ ညအိပ်ခ အကြွေးရမှတ်တစ်သိန်း ရလိုက်တယ်၊ ငါ့ကိုယ်ငါ စော်ကားခံလိုက်ရသလို ခံစားနေရတယ်”
ရေကူးကန်ထဲတွင် တည်ငြိမ်စွာ ပေါလောပေါ်နေသော ယွမ်ချင်းရှန်က အချိန်အနည်းငယ်ကြာမှ မေးလိုက်သည်။
“ဘာပြဿနာရှိလို့လဲ”
“ငါက တစ်သိန်းလောက်ပဲ တန်တာလား” ကောင်းရွှမ်က အလွန်မကျေမနပ်ဖြစ်နေသည်။
“ငါ့ရဲ့ ရုပ်ရည်၊ ငါ့ရဲ့ စွမ်းအားပြည့်ဝတဲ့ လျှပ်စစ်တင်ပါးနဲ့ ငါ့ရဲ့ နည်းစနစ်တွေက တစ်သိန်းဆိုတဲ့တန်ကြေးနဲ့ လုံးဝကို မကိုက်ညီဘူး”
ယွမ်ချင်းရှန် မျက်လုံးများကို ပြန်မှိတ်လိုက်၏။ ကောင်းရွှမ်နှင့် ဆက်၍ စကားမပြောချင်တော့ပေ။
ကောင်းရွှမ်က တစ်ဖန် ပြန်လည်ဂုဏ်ယူဝင့်ကြွားလာပြန်သည်။
“တွေ့လား၊ ပိုက်ဆံရှာရတာ လွယ်လွယ်လေး၊ ချမ်းသာတဲ့ အမျိုးသမီးတချို့ကို သွားရှာဖို့ ငါ အပြင်ထွက်ဦးမယ်၊ ပိုက်ဆံရဖို့အတွက် ငါတို့ အပြင်ထွက်ပြီး လူသတ်နေစရာတောင် မလိုတော့ဘူး”
ထိုသို့ပြောလိုက်သော်လည်း ကောင်းရွှမ်ကိုယ်တိုင်ပင် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိသည်။ ယခင်က သူ ငွေကြေးအပေါ် ဤမျှလောဘမကြီးခဲ့ပေ။
ကောင်းကင်နဂါးမျက်လုံး၏ ဆိုးကျိုးသက်ရောက်မှုဖြစ်သော လောဘက သူ့အပေါ် လွှမ်းမိုးနေပြီလော။