အခန်း ၃၈၆
Vol. 39 Ch. 386
အခန်း (၃၈၆) ချက်ချင်းကြီးပွားသွားသကဲ့သို့ ခံစားရခြင်း
"သတ္တမအဆင့် ရေခဲစစ်သည်..."
ကျောက်လင်က လေထဲရှိ ပုံရိပ်ကို အာရုံခံလိုက်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို အတည်ပြုလိုက်၏။
"နေ့ခင်းက သတ္တမအဆင့် ရေခဲစစ်သည်တစ်ယောက်ကို ငါ သတ်ခဲ့ပြီးပြီ... အခု ဒီစစ်တပ်စခန်းထဲမှာ နောက်ထပ် သတ္တမအဆင့် ရေခဲစစ်သည်တစ်ယောက်ရှိနေပြန်ပြီ... လန်ရှင်းဟိုင်မြို့မှာ သတ္တမအဆင့် ရေခဲစစ်သည် နှစ်ယောက်တောင် ရှိနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."
သို့သော်လည်း ကျောက်လင်က ဤအခြေအနေကို နားလည်နိုင်ပေသည်။
မည်သို့ပင်ဆိုစေ ဤမြို့သည် ကောင်းဖန်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ ဖြစ်နေသောကြောင့် ၎င်း၌ သတ္တမအဆင့် အရာရှိနှစ်ဦး တပ်စွဲထားခြင်းမှာ လုံးဝ ယုတ္တိတန်လှ၏။
"ကောင်လေး... မင်းက မဟာချင်မင်းဆက်က ကျင့်ကြံသူလား..."
ထိုသတ္တမအဆင့် ရေခဲစစ်သည်က ကျောက်လင်ကို ချက်ချင်း ဝင်မတိုက်ဘဲ စပ်စုလိုစိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။
"ဟုတ်တယ်..."
ကျောက်လင်က ချက်ချင်းပင် ဝန်ခံလိုက်၏။
"ရှေ့တန်းစစ်မြေပြင်မှာ ကောင်းဖန်စစ်တပ်က ရှုံးနိမ့်သွားပုံရတယ်..."
"ကောင်းပြီ... ဒါဆိုလည်း မင်းကို ငါ သတ်ရမှာပေါ့..."
သတ္တမအဆင့် ရေခဲစစ်သည်က သူ၏ လက်ထဲတွင် ရေခဲဓားတစ်လက်ကို ကိုင်ဆောင်ထားလျက် တည်ငြိမ်စွာ ပြောလိုက်သည်။
ဤလူက အဆက်အစပ်မရှိ စကားပြောနေသဖြင့် ကျောက်လင်မှာ အနည်းငယ် အံ့အားသင့်သွား၏။
သို့သော်လည်း ဤသတ္တမအဆင့် ရေခဲစစ်သည်ထံတွင် လျှို့ဝှက်ချက်တစ်ခုခု ဖုံးကွယ်ထားရမည်ဟု ကျောက်လင်၏ အလိုအလျောက်သိစိတ်က သတိပေးနေသည်။
ထို့ကြောင့် ကျောက်လင်က သူ့ကို လျှော့မတွက်ရဲပေ။ သူက ညာဘက်လက်တွင် သွေးဓားကို ကိုင်ထားပြီး ဘယ်ဘက်လက်တွင် ဝိညာဉ်အဆောင်တစ်ခုကို ကိုင်ဆောင်ထားလိုက်၏။
၎င်းမှာ နဂါးသတ်အဆောင်ဖြစ်သည်။
ကျောက်လင်က ပျက်စီးခြင်းဓားအဆောင်ဖြင့် သတ္တမအဆင့် ရေခဲစစ်သည်ကို တစ်ချက်တည်း သတ်ပစ်နိုင်သော်လည်း သူ၏ စွမ်းအားကို အများကြီး ထုတ်မပြချင်သလို နဝမအဆင့် ရေခဲစစ်သည်ကိုပင် သတ်ဖြတ်နိုင်သော အဆောင်တစ်ခုနှင့် သူ့ကို အခြားသူများက ဆက်စပ်တွေးတောမည်ကိုလည်း မလိုလားပေ။
အမှန်တော့ လန်ရှင်းဟိုင်မြို့တွင် လူသန်းပေါင်းများစွာ နေထိုင်ကြသည်။ ကျောက်လင်က ပိုင်ဆိုင်မှုများကို လုယူရန်သာ လာခဲ့ခြင်းဖြစ်ပြီး မြို့ကို သတ်ဖြတ်ရန် မဟုတ်ပေ။
မြို့ကို သတ်ဖြတ်ပစ်၍ မရနိုင်ပါက ဤသတ္တမအဆင့် ရေခဲစစ်သည်ကို သတ်ရန် ပျက်စီးခြင်းဓားအဆောင်ကို အသုံးပြုခြင်းသည် သူ၏ လျှို့ဝှက်လက်နက်ကို ထုတ်ဖော်ပြသရာ ရောက်ပေမည်။
"ရေခဲနယ်ပယ် ပိတ်လှောင်ခြင်း..."
ရုတ်တရက် သတ္တမအဆင့် ရေခဲစစ်သည်က အော်ဟစ်လိုက်ပြီး လင်းယုန်ငှက်တစ်ကောင် ကြက်ကလေးကို ဖမ်းသကဲ့သို့ အောက်သို့ ထိုးဆင်းလာကာ သူ၏ ရေခဲဓားဖြင့် ကျောက်လင်၏ ခန္ဓာကိုယ်ဆီသို့ တည့်တည့်ချိန်ရွယ်၍ ပြေးဝင်လာ၏။
ကျောက်လင်က ပြုံးလိုက်ပြီး သူ၏ ညာဘက်လက်မှ သွေးဓားကို ဝှေ့ယမ်းလိုက်သည်။
အားကောင်းသော ကြက်သွေးရောင် ဓားချီများက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ အနားသို့ ကပ်လာသော အဆုံးမဲ့ ရေခဲချီများကို မျက်စိတစ်မှိတ်အတွင်း တိုက်ထုတ်ပစ်လိုက်၏။
သတ္တမအဆင့် ရေခဲစစ်သည်၏ မျက်နှာပေါ်တွင် အနည်းငယ် အံ့အားသင့်သွားသော အရိပ်အယောင်များ ပေါ်လာသည်။
ဤပေါင်းစည်းခြင်းနယ်ပယ်မှ ကျင့်ကြံသူ ကျောက်လင်က သတ္တမအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို အမှန်တကယ် ထုတ်ဖော်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ကြောင်း ရှင်းလင်းနေ၏။
ခေတ္တမျှ စဉ်းစားပြီးနောက် သတ္တမအဆင့် ရေခဲစစ်သည်၏ မျက်လုံးများက ရုတ်တရက် အရောင်လက်သွားသည်။
"မင်းလက်ထဲက ဓားက အဋ္ဌမအဆင့် ဝိညာဉ်ဓားလား..."
"အရမ်းကောင်းတယ်... နောက်ဆုံးတော့ အဋ္ဌမအဆင့် ဝိညာဉ်ဓားကို ရဖို့ ငါ့အတွက် အခွင့်အရေးရလာပြီပဲ..."
သတ္တမအဆင့် ရေခဲစစ်သည်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများက သွေးခဲဓားကို လောဘတကြီး စိုက်ကြည့်နေ၏။
"ငါ့ရဲ့ ဝိညာဉ်ဓားကို မင်းက လိုချင်နေတာလား..."
"ကံမကောင်းစွာနဲ့ပဲ မင်းက သေရတော့မှာပါ..."
ကျောက်လင်က အနည်းငယ် ပြုံးလိုက်သည်။
ချက်ချင်းပင် ကျောက်လင်က သူ၏ ဘယ်ဘက်လက်ရှိ နဂါးသတ်အဆောင်ကို အသက်သွင်းလိုက်၏။
ကျောက်လင်၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ စွမ်းအင်ပေါက်ကွဲမှု ရာပေါင်းများစွာ ရုတ်တရက် ထွက်ပေါ်လာသည်။ ကောင်းကင်ယံတွင် လှည့်လည်နေသော မြွေတစ်ရာကဲ့သို့သော ဓားချီများက သတ္တမအဆင့် ရေခဲစစ်သည် ရှိနေသော နေရာလွတ်ကို တစ်ချက်တည်းဖြင့် ပိတ်လှောင်လိုက်၏။
ထိုဓားချီများ အားလုံးသည် သတ္တမအဆင့် ရေခဲစစ်သည်ထံသို့ ဦးတည်နေကြသည်။
"ဒုက္ခပဲ..."
"မင်းဆီမှာ သတ္တမအဆင့် ဝိညာဉ်အဆောင်တစ်ခု ဘယ်လိုလုပ် ရှိနေသေးတာလဲ..."
သတ္တမအဆင့် ရေခဲစစ်သည်မှာ ထိတ်လန့်သွားပြီး သူ၏ ရေခဲဓားကို ရူးသွပ်စွာ ဝှေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသော ရေခဲစွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်လာ၏။
ဓားချီများက ဤရေခဲချီအကာအကွယ်လွှာကို အညှာအတာကင်းမဲ့စွာ ဝင်ရောက်တိုက်ခိုက်ကြသည်။
ဓားချီတစ်ခုက ရေခဲချီအကာအကွယ်ကို ထိုးဖောက်သွားပြီးနောက် သတ္တမအဆင့် ရေခဲစစ်သည်က သူ၏ စွမ်းအားကို အလျင်အမြန် ဖြည့်တင်းကာ ဇွဲလုံ့လကြီးစွာဖြင့် ပြန်လည်ခုခံလိုက်၏။
ဤတိုက်ခိုက်မှုပုံစံအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ကျောက်လင်သည် နဂါးသတ်အဆောင်ကို အဆက်မပြတ် အသက်သွင်းနေရပေမည်။
ကျောက်လင်တွင် သတ္တမအဆင့် ရေခဲစစ်သည်နှင့် အချိန်ဖြုန်းနေရန် သည်းခံနိုင်စွမ်း မရှိတော့ပေ။
ထို့ကြောင့် ကျောက်လင်က သူ၏ ဝိညာဉ်စွမ်းအင်ကို ပြန်လည်ပြည့်ဖြိုးစေရန် ဝိညာဉ်ဆေးလုံး းတစ်ဆုပ်ကို မျိုချလိုက်ပြီးနောက် ညာဘက်လက်မှ သွေးခဲဓားကို နောက်တစ်ကြိမ် ထပ်မံဝှေ့ယမ်းလိုက်၏။
ကောင်းကင်ခွဲပုဆိန်နှင့်တူသော ကြက်သွေးရောင် ဓားချီများက တစ်ချက်တည်းဖြင့် ပိုင်းဖြတ်သွားသည်။
သတ္တမအဆင့် ရေခဲစစ်သည်၏ ခေါင်းပေါ်ရှိ ရေခဲအကာအကွယ်မှာ နဂါးသတ်အဆောင်ကြောင့် ပျက်စီးသွားခါစဖြစ်ပြီး ၎င်းကို သူ ပြန်လည်ပြုပြင်ရန် ကြိုးစားနေစဉ်မှာပင် ဤကြက်သွေးရောင် ဓားချီက ကျဆင်းလာကာ သတ္တမအဆင့် ရေခဲစစ်သည်၏ ဦးခေါင်းကို တည့်တည့်ထိမှန်သွား၏။
နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
သတ္တမအဆင့် ရေခဲစစ်သည်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွား၏။
သူ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားချိန်တွင် ကျောက်လင်က စိတ်စွမ်းအားကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ထဲ၌ ပုံစံကြမ်းတစ်ခု ဖုံးကွယ်ထားကြောင်းကို အာရုံခံမိသွားသည်။
ကျောက်လင်က ချက်ချင်းပင် ပျံသန်းသွားပြီး ထိုပုံစံကြမ်းကို ထုတ်ယူလိုက်၏။
ပုံစံကြမ်းကို ဖွင့်ကြည့်ပြီးနောက် ကျောက်လင်က ၎င်းကို သေချာစွာ ကြည့်ရှုလိုက်သည်။
"ချီထျန်းတောင်တန်း... ကျင်းယန်တောင်ထွတ်... ဝိညာဉ်သွေးကြော..."
"ဒီမြေပုံက ဝိညာဉ်သွေးကြောတစ်ခုနဲ့ ပတ်သက်နေတာလား..."
ကျောက်လင်က ပုံပေါ်တွင် ရေးဆွဲထားသော မြေပုံကိုကြည့်ကာ သူ့ဘာသာ ရေရွတ်လိုက်၏။
ဤချီထျန်းတောင်တန်းသည် ကောင်းဖန်နိုင်ငံ၏ အစွန်ဆုံး မြောက်ဘက်အစွန်းတွင် တည်ရှိသည်။
မောင်းသူမဲ့ယာဉ်ဖြင့် သွားလျှင်ပင် လန်ရှင်းဟိုင်မြို့မှ ထိုနေရာသို့ ရောက်ရန် တစ်ရက်တိတိ ကြာမြင့်ပေမည်။
"အခြားမြို့နှစ်မြို့က ဘဏ္ဍာငွေတွေကို အရင်ဆုံး လုယူရမယ်..."
"ဘယ်လိုပဲဖြစ်ဖြစ် ဒီဝိညာဉ်သွေးကြောက ထွက်ပြေးသွားမှာမှ မဟုတ်တာ... မြို့နှစ်မြို့ကို သိမ်းပြီးမှ ချီထျန်းတောင်တန်းကို သွားလို့ ရပါတယ်လေ..."
ခေတ္တမျှ စဉ်းစားပြီးနောက် ကျောက်လင်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
စစ်တပ်ဂိုဒေါင် မီးလောင်သွားသဖြင့် စစ်သားအများစုက မီးငြှိမ်းသတ်ရန် သွားခဲ့ကြသည်။ သတ္တမအဆင့် ရေခဲစစ်သည် သေဆုံးသွားခြင်းက မီးငြှိမ်းသတ်မှု အစီအစဉ်ကို ပိုမို ပျက်ပြားစေခဲ့ပြီး စစ်တပ်စခန်းအတွင်း ဖရိုဖရဲ ဖြစ်သွားစေသည်။
အမှန်တော့ ဤစစ်သားများက အရူးများ မဟုတ်ကြပေ။ တစ်စုံတစ်ယောက်က မြို့ရှိ ရေခဲစစ်သည်များကို သတ်ဖြတ်နိုင်ခဲ့သည်ဆိုလျှင် တိုက်ခိုက်သူသည် စွမ်းအားကြီးမားကြောင်း အဓိပ္ပာယ်သက်ရောက်နေ၏။
ရလဒ်အနေဖြင့် စစ်သားအများစုမှာ စစ်တပ်စခန်းအတွင်းမှ ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။
ထွက်ပြေးသွားသော စစ်သားများကို ကျောက်လင်က ဂရုမစိုက်ပေ။ သူက လက်နက်တိုက်ဆီသို့ ချက်ချင်း ပျံသန်းသွားပြီး နောက်ထပ် ရူးသွပ်ဖွယ်ရာ စုဆောင်းမှုတစ်ခုကို စတင်လိုက်၏။
နောက်ဆုံးတွင်တော့ စစ်တပ်စခန်းတစ်ခုလုံး အလွတ်ဖြစ်သွားသည်။
"လန်ရှင်းဟိုင်မြို့ရဲ့ အရေးအကြီးဆုံး ပိုင်ဆိုင်မှုတွေ အားလုံးကို ငါ သိမ်းဆည်းပြီးပြီ..."
"ကျန်နေသေးတာတွေလည်း ရှိနေပေမဲ့ ငါ အချိန်မဖြုန်းချင်တော့ဘူး... အခု ဒုတိယအကြီးဆုံးမြို့ဆီကို အမြန်သွားဖို့ လိုနေပြီ..."
ကျောက်လင်က လေထဲသို့ ပျံတက်သွားပြီး လန်ရှင်းဟိုင်မြို့ရှိ နေရာအနှံ့တွင် ထတောက်နေသော မီးတောက်များကို ကြည့်ကာ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်ပြီးနောက် ချက်ချင်းပင် ပျံသန်းထွက်ခွာသွား၏။
ရှန့်ယွင်ချွမ်းက ယောင်ဟွိုင်တောက်နှင့် အခြားသော နယ်ခြားစောင့်တပ် စစ်သားတစ်ရာကို ဦးဆောင်ကာ ကောင်းဖန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး တောင်ဘက်သို့ ဦးတည်သွားကြသည်။
လူတိုင်းက မြင်းများစီးကာ ရှေ့သို့ ဒုန်းစိုင်းနှင်သွားကြ၏။
ရှန့်ယွင်ချွမ်း၊ ယောင်ဟွိုင်တောက်နှင့် အခြားသော ကျောက်စိမ်းနယ်ပယ် အဖွဲ့ဝင်ခြောက်ဦးတို့၏ စုပေါင်းအင်အားဖြင့် တောင်ဘက်သို့ ချီတက်ပြီးနောက် ကောင်းဖန်နိုင်ငံရှိ မည်သည့်မြို့ကမျှ သူတို့ကို မတားဆီးနိုင်ခဲ့ပေ။
ထို့ကြောင့် တစ်ရက်လုံး ထောက်ပံ့ရေးပစ္စည်းများကို လုယူပြီးနောက် ဤအဖွဲ့သည် အလွန်ကောင်းမွန်သော အကျိုးအမြတ်ကို ရရှိခဲ့ကြသည်။
မှောင်သွားပြီးနောက် လူတစ်ရာသည် တောင်ကြီးတစ်လုံး၏ ခြေရင်းသို့ ရောက်ရှိလာကြပြီး ထိုနေရာတွင် ညအိပ်ရပ်နားခဲ့ကြ၏။
ရှန့်ယွင်ချွမ်းနှင့် အခြားသူများ မူလက စီးနင်းခဲ့သော မြင်းများအပြင် စခန်းချရာနေရာတွင် အခြားမြင်းကောင်ရေ နှစ်ရာကျော်လည်း ရှိနေသည်။
ထိုမြင်းနှစ်ရာကျော်ကို အမျိုးမျိုးသော ထောက်ပံ့ရေးပစ္စည်း အပုံအပင်များက ဝန်းရံထား၏။
ဤအချိန်တွင် ရှန့်ယွင်ချွမ်း၊ ယောင်ဟွိုင်တောက်နှင့် အခြားခြောက်ဦးတို့သည် မီးပုံဘေးတွင် ဝိုင်းထိုင်နေကြသည်။
"အရမ်းကောင်းတာပဲ... ကျောက်လင်ပြောတာ လုံးဝ မှန်တယ်... ကောင်းဖန်နိုင်ငံရဲ့ အတွင်းအားတွေ အားနည်းနေချိန်ကို အခွင့်ကောင်းယူတာက အကြီးအကျယ် လုယူဖို့အတွက် ငါတို့ရဲ့ အခွင့်အရေးပဲ..."
ရှန့်ယွင်ချွမ်းက အကင်အမဲသား တစ်ကိုက်ကို ကိုက်စားလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
"ကျောက်လင် စကားကို နားထောင်နေသရွေ့ ငါတို့ တစ်ခါမှ အရှုံးမပေါ်ခဲ့ဘူး..."
ယောင်ဟွိုင်တောက်သည်လည်း ကျေနပ်နေသော အမူအရာဖြင့် စကားပြောရင်း အသားကို မြိန်ရည်ယှက်ရည် စားသောက်နေသည်။
"ဒီနေ့ ရွာဆယ်ရွာနဲ့ မြို့နှစ်မြို့ကို ငါတို့ လုယက်ခဲ့တယ်... အနည်းဆုံး ငွေပြား နှစ်သိန်းလောက် ရထားတယ်..."
ရှုံ့တကျွမ်းက သူ၏ နှုတ်ခမ်းထောင့်မှ ဆီများကို သုတ်လိုက်ရာ သူ၏ အမူအရာတစ်ခုလုံးသည် အလွန်တရာ စိတ်လှုပ်ရှားနေပုံပေါ်၏။
အတိတ်က ဤနယ်ခြားစောင့်တပ် စစ်သားများသည် တစ်ပြားတစ်ချပ်ရရန်ပင် နေ့စဉ်နှင့်အမျှ အသေအလဲ စဉ်းစားခဲ့ရသည်။
သို့သော်လည်း ဤလုယက်သည့် နေ့တစ်နေ့တည်းမှာပင် ငွေပြား နှစ်သိန်းရရှိခဲ့ပြီး လူတစ်ဦးလျှင် ပျမ်းမျှအားဖြင့် ငွေပြားနှစ်ထောင်စီ ရရှိမည်ဖြစ်သည်။
ဤအရာက ချက်ချင်း ကြီးပွားသွားသကဲ့သို့ ခံစားရစေ၏။
ထို့အပြင် အခြားသော ဝိညာဉ်ဆေးပင်များနှင့် ရှားပါးသော အဂ္ဂိရတ်ဆေးဖက်ဝင် ပစ္စည်းများလည်း ပါဝင်သေးသည်။ ၎င်းတို့ကိုသာ ရောင်းချလိုက်ပါက ကြီးမားသော စည်းစိမ်တစ်ခု ဖြစ်လာပေမည်။
ထိုအချိန်တွင် ကောင်းကင်ပေါ်မှ စာရွက်တစ်ရွက် လွင့်ကျလာသည်။
ရှုံ့တကျွမ်းက လက်လှမ်း၍ ဖမ်းလိုက်၏။
စာရွက်ပါ အကြောင်းအရာကို မြင်လိုက်ရသောအခါ ရှုံ့တကျွမ်းက ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
"ဒါက ကျောက်လင်ဆီက သတင်းစကားပဲ... လုယူထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အားလုံးကို ဘေးနားက ဂူထဲမှာ သိမ်းထားဖို့ သူ ညွှန်ကြားထားတယ်... ကျောက်လင်က ပစ္စည်းတွေအားလုံး ပြန်ယူဖို့ လူလွှတ်လိုက်မယ်တဲ့..."
"ကျောက်လင်ဆိုလိုတာက ငါတို့ ပေါ့ပေါ့ပါးပါး တိုက်ခိုက်ပြီး အချိန်တိုင်းကို အခွင့်ကောင်းယူကာ ကောင်းဖန်နိုင်ငံရဲ့ စည်းစိမ်တွေကို လုယူသင့်တယ်ဆိုတဲ့ သဘောပဲ..."
ရှုံ့တကျွမ်းက ပြင်းပြသော စိတ်အားထက်သန်မှုဖြင့် အော်ဟစ်လိုက်၏။