အခန်း ၆၅
Vol. 6 Ch. 65
အခန်း။ ၆၅
ဂူချန်၏ တောင်းဆိုချက် ၄ ချက်ကို ကြားလိုက်ရသည့်အခါ တရားခွင်အတွင်းရှိ တရားသူကြီးနှစ်ဦးမှာ လုံးဝ ဆွံ့အသွားကြသည်။
တရားသူကြီးချုပ် ကျောက်ကျီချောင်ပင်လျှင် မျက်လုံးပြူးကာ အံ့အားသင့်သွားရသည်။
"နေပါဦး... ခင်ဗျားက တရားခံဘက်က ရှေ့နေ မဟုတ်ဘူးလား"
တရားခွင်တစ်ခုလုံး ၃ စက္ကန့်မျှ တိတ်ဆိတ်သွားသည်။
လူတိုင်းက ဂူချန်ကို စိတ်မနှံ့တော့သူတစ်ယောက်လို ကြည့်နေကြသည်။
သူတို့အမြင်တွင် ဂူချန်က ရူးသွပ်သွားပြီဟုသာ ထင်မှတ်မိကြသည်။
ဂူချန်သည် ယခင်က အမှုနှစ်ခုကို အောင်မြင်စွာ ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။
သို့သော် ပထမအမှုတွင် ရှေ့နေနှင့် တရားသူကြီးတို့၏ လာဘ်ပေးလာဘ်ယူမှု အခွင့်အရေးကို အသုံးချနိုင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအမှုတွင် ဝမ်ယုံချန်၏ ခုခံကာကွယ်မှုနှင့် လီယာကျွင်းတို့ မိသားစု၏ တရားမဝင် ငွေတိုးချေးစားမှုများကြောင့်သာ အနိုင်ရခဲ့ခြင်းပင်။
သို့သော် ယခုအမှုမှာမူ လုံးဝကွဲပြားနေသည်။
တရားခံ ချိုင်ချန်းသည် ဇောင်လဲ့လဲ့ကို မုဒိမ်းကျင့်ခဲ့သည်မှာ အထောက်အထားများ ခိုင်လုံလွန်းနေပြီဖြစ်သည်။
DNA အစီရင်ခံစာ၊ အသံဖိုင်နှင့် ဟိုတယ် ကင်မရာမှတ်တမ်းတို့မှာ ချိုင်ချန်း၏ အပြစ်ကို ထင်ရှားစေသည့်အပြင် ချိုင်ချန်းကိုယ်တိုင်ကလည်း ဝန်ခံထားပြီးဖြစ်သည်။
ဇောင်လဲ့လဲ့၏ ကိုယ်ကျင့်တရားကို မည်မျှပင် ဝေဖန်နိုင်စေကာမူ ဥပဒေအရ အပြစ်မရှိပေ။ သို့သော် ဂူချန်ကမူ အမှု၏ အခြေအနေကို လုံးဝပြောင်းပြန်လှန်ပစ်ရန် ကြိုးပမ်းနေသည်။
ဂူချန်က စကားကို ဆက်ပြောသည်။
"တရားသူကြီးချုပ်ခင်ဗျာ နောက်ထပ် တောင်းဆိုချက် ၄ ခုမြောက်တစ်ခု ရှိပါသေးတယ်။ ဇောင်လဲ့လဲ့က ချိုင်ချန်းကို မုဒိမ်းမှုဖြင့် မဟုတ်မမှန် စွပ်စွဲပြီး ဂုဏ်သိက္ခာ ညှိုးနွမ်းစေခဲ့သလို သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဘဝကိုလည်း ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါကြောင့် ဇောင်လဲ့လဲ့ကို အပြစ်ပေးဖို့နဲ့ ချိုင်ချန်းအတွက် စိတ်ပိုင်းဆိုင်ရာ လျော်ကြေးငွေ ၃ သိန်း ပေးဆောင်စေဖို့ တောင်းဆိုပါတယ်။
ကျွန်တော့် ပြောဆိုချက် ပြီးပါပြီ"
တရားသူကြီးချုပ် ကျောက်ကျီချောင်သည် ဂူချန်ကို ကြည့်ကာ စကားမဆိုနိုင်ဘဲ ဖြစ်နေသည်။ တောင်းဆိုချက် ၄ ခုစလုံးမှာ တရားလိုကိုသာ ဦးတည်နေသည်။
တရားလိုဘက်မှ စားပွဲတွင် ထိုင်နေသည့် ဇောင်လဲ့လဲ့မှာမူ အံ့အားသင့်လျက် ဝေခွဲမရ ဖြစ်နေသည်။
"နေပါဦး... ငါက တရားလိုလေ။ ဘာလို့ သူက ငါ့ကို ပြန်စွပ်စွဲနေတာလဲ။ သူက တရားခံဘက်က ရှေ့နေမဟုတ်လား"
သူမသည် ချိုင်ချန်းနှင့် စေ့စပ်ထားပြီးသားဖြစ်၍ တင်တောင်းငွေ၃ သိန်းနှင့် ရွှေထည်ပစ္စည်းများကို ပိုင်ဆိုင်ခွင့်ရှိသည်ဟု ယူဆထားသည်။
"ငါ့ဘာသာ ငါ့အရည်အချင်းနဲ့ ရှာထားတဲ့ ငွေတွေကို... ဘာဖြစ်လို့ ပြန်ပေးရမှာလဲ..."
ထို့အပြင် ငွေအများစုကိုလည်း အဆင့်မြင့် အမှတ်တံဆိပ် ပစ္စည်းများ ဝယ်ယူရာတွင် သုံးစွဲပြီး ဖြစ်သည်။
သူမအနေဖြင့် ချိုင်ချန်းကို ထောင်ကျစေရမည်မှာ သေချာနေပြီဖြစ်၍ ဂူချန်၏ စကားများကို ရူးသွပ်သူ၏ စကားဟုသာ သတ်မှတ်လိုက်သည်။
တစ်ဖက်တွင်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများမှာ ရူးမတတ် ဖြစ်နေကြသည်။
"ဟေ့... အဲဒီ ဥပဒေမဲ့မိုက်ရူးရဲကတော့ တကယ့်ကို ရူးသွားပြီ"
"မဖြစ်နိုင်တာ... ချိုင်ချန်းက မုဒိမ်းမှုကျူးလွန်တာ သေချာနေတာကို။ ဟိုတယ် ဗီဒီယိုဖိုင်က အထင်အရှားပဲလေ။ ဂူချန်ကို အရူးလို့ပဲ ပြောရတော့မယ်"
"ဂူချန် တကယ်ရူးသွားပြီ။ ဒီအမှုမှာ ချိုင်ချန်း လွတ်ဖို့ မဖြစ်နိုင်ဘူး။ သူက ထောင်ကျမှာ သေချာတယ်"
"ဒါပေမဲ့ ဂူချန်ရဲ့ ရဲရင့်မှုကိုတော့ အသိအမှတ်ပြုရမယ်။ တရားခံရှေ့နေကနေ တရားလိုကို ထောင်ထဲပို့ဖို့ ကြိုးစားနေတာလား"
"မဖြစ်နိုင်တာ အထောက်အထားတွေက တရားလိုဘက်မှာ ရှိနေတာကို။ ဂူချန် ဘာပဲပြောပြော ဥပဒေကို ကျော်လွန်လို့ မရဘူး။ ဇောင်လဲ့လဲ့ကို ဘယ်လိုလုပ် အပြစ်ပေးနိုင်မှာလဲ"
ကြည့်ရှုသူများမှာ ဂူချန်၏ တောင်းဆိုချက်များအပေါ် အံ့အားသင့်လျက် ဆွေးနွေးနေကြသည်။ အချို့သော အမျိုးသားကြည့်ရှုသူများကမူ...
"ဂူချန်သာ အဲဒီ မိန်းမကို ထောင်ထဲပို့နိုင်ရင် ကျွန်တော် လက်ဆောင်တွေ အများကြီး ပို့ပေးမယ်"
"ဟုတ်တယ် ငါလည်း ပါတယ်"
အချို့သော အမျိုးသမီးများကမူ...
"ရယ်စရာပဲ ဂူချန်က နေ့တိုင်း ဘာတွေ လျှောက်ပြောနေတာလဲ။ သူ ဒီအမှုကို အနိုင်ရမယ်လို့ ထင်နေတာလား"
"ချိုင်ချန်းက မုဒိမ်းမှုကျူးလွန်တာ သေချာတယ်။ ဂူချန်က အမှုနှစ်ခုနိုင်ရုံနဲ့ သူ့ကိုယ်သူ ဘုရင်လို့ ထင်နေတာလား"
"ဘယ်သူကမှ ဂူချန် အနိုင်ရမယ်လို့ မထင်ကြဘူး"
တရားခွင်အတွင်း၌ လေထုမှာ အလွန်ပင် တင်းမာနေသည်။
ဇောင်လဲ့လဲ့မှာ ဂူချန်ကို ဟာသတစ်ခု လုပ်နေသည်ဟုသာ ထင်မှတ်ကာ အမှုကို သူမတို့ဘက်က အနိုင်ရရှိပြီးသားဟု ယုံကြည်နေသည်။
တရားလိုရှေ့နေ ဇောင်ယွီမှာလည်း ဂူချန်ကို လုံးဝ အရေးမစိုက်ပေ။
ထိပ်တန်းရှေ့နေတစ်ဦးအနေဖြင့် ဂူချန် တင်ပြလာနိုင်မည့် ခုခံချေပချက် အားလုံးကို ဇောင်ယွီ ကြိုတင်တွက်ဆထားပြီးဖြစ်သည်။
သို့သော် ဂူချန်က ဇောင်လဲ့လဲ့ကို ထောင်ထဲပို့မည်ဟု ပြောဆိုလိုက်သည့် အချက်ကိုမူ သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ထိုအချိန်တွင် ဇောင်ယွီက လက်ကို မြှောက်လိုက်သည်။
တရားသူကြီးချုပ် ကျောက်ကျီချောင်က "တရားလိုရှေ့နေ ပြောပါ" ဟု ခွင့်ပြုလိုက်သည်။
ဇောင်ယွီက "ကျွန်တော် ပြောချင်တာကတော့ ကာကွယ်ရေးရှေ့နေရဲ့ တောင်းဆိုချက် ၄ ခုစလုံးက လုံးဝ အဓိပ္ပာယ်မဲ့နေတယ်။ တရားရုံးဆိုတာ လေးစားစရာကောင်းတဲ့ နေရာပါ။ တကယ်လို့ ကာကွယ်ရေးရှေ့နေမှာ ခိုင်လုံတဲ့ အထောက်အထား မရှိဘူးဆိုရင် သူ ဒီနေရာကနေ ချက်ချင်း ထွက်သွားပေးဖို့ တောင်းဆိုပါတယ်။ တရားစီရင်ရေးရဲ့ လုပ်ငန်းစဉ်ကို နှောင့်ယှက်နေလို့ မဖြစ်ပါဘူး" ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဇောင်ယွီသည် ဂူချန်ကို တရားခွင်မှ ထွက်သွားစေရန် ကြိုးစားနေခြင်းပင်။
ဂူချန်က "ကျွန်တော်ပြောတဲ့အချက်တွေထဲမှာ ဘယ်အချက်က အဓိပ္ပာယ်မဲ့နေလို့လဲ။ ဘယ်အချက်က တရားစီရင်ရေးကို နှောင့်ယှက်နေလို့လဲ" ဟု ပြန်မေးလိုက်သည်။
ဇောင်ယွီက "ပထမအချက်လေ ခင်ဗျားက ချိုင်ချန်းမှာ မုဒိမ်းမှုလည်း မရှိဘူး။ ဘာပြစ်မှုမှလည်း မလုပ်ဘူးလို့ ပြောနေတာလေ။ ကျွန်တော်တို့မှာ DNA စစ်ဆေးချက် အစီရင်ခံစာနဲ့ လဲ့လဲ့ရဲ့ ထွက်ဆိုချက်တွေ အတိအလင်း ရှိနေတာကို ခင်ဗျား ဘယ်လို ရှင်းပြမလဲ" ဟု ပြန်လည် တုံ့ပြန်သည်။
ဂူချန်သည် ရေတစ်ငုံသောက်လိုက်ပြီး "အဲဒီ DNA စစ်ဆေးချက်က ဘာကို သက်သေပြနေလို့လဲ DNA စစ်ဆေးချက်ဆိုတာ လူနှစ်ယောက် ဆက်ဆံခဲ့တယ်ဆိုတာကိုပဲ ပြတာလေ။ အဲဒီအတိုင်းဆိုရင် မုဒိမ်းကျင့်တယ်လို့ မသေချာဘူး မဟုတ်လား။ DNA စစ်ဆေးချက် တစ်ခုတည်းနဲ့ ဘာကို သက်သေပြနိုင်လို့လဲ" ဟု အေးဆေးပင် ပြောလိုက်သည်။
ဇောင်ယွီက "တရားသူကြီးချုပ်ခင်ဗျာ ဒီရှေ့နေကတော့ လုံးဝကို ကျိုးကြောင်းမဆီလျော်ဘူး။ ကျွန်တော် ကန့်ကွက်ပါတယ်။ ဒီရှေ့နေမှာ ဥပဒေအခြေခံ အသိပညာလည်း မရှိသလို ဆုံးဖြတ်နိုင်စွမ်းလည်း မရှိဘူးလို့ ကျွန်တော် ယူဆပါတယ်။ သူ့ကို ချက်ချင်း ဒီနေရာကနေ ထွက်သွားခိုင်းဖို့ တောင်းဆိုပါတယ်" ဟု အော်ပြောလိုက်သည်။
ဂူချန်ကလည်း "တရားသူကြီးချုပ်ခင်ဗျာ ကျွန်တော်လည်း ကန့်ကွက်ပါတယ်။ တရားလိုရှေ့နေက ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေတာပါ။ ကျွန်တော့်မှာ ဥပဒေအသိပညာ မရှိဘူးလို့ ခင်ဗျား ထင်ရုံနဲ့ ဒါက အမှန်တရား ဖြစ်လာမှာလား။ ကျွန်တော်က ခင်ဗျားမှာ အမေမရှိဘူးလို့ ပြောလိုက်ရင် ခင်ဗျားမှာ တကယ်ပဲ အမေမရှိတော့ဘူးလို့ ဆိုလိုတာလား"
"ရှေ့နေလိုင်စင်ရထားတဲ့သူတစ်ယောက်က အခြေခံ ဥပဒေစည်းမျဉ်းတွေကို ဘယ်လိုလုပ် မနားလည်ဘဲ ရှိမှာလဲ ဒါမှမဟုတ် ကျွန်တော့်ရဲ့ ရှေ့နေလိုင်စင်ကို ပိုက်ဆံပေးပြီး ဝယ်ထားတာလို့ တရားလိုရှေ့နေက ထင်နေတာလား"
"တရားလိုရှေ့နေက ဘာအကြောင်းပြချက်မှ မရှိဘဲ ကျွန်တော့်ကို ထွက်သွားခိုင်းနေတာကပဲ တရားစီရင်ရေးကို နှောင့်ယှက်နေတာပါ။ ဒါကြောင့် တရားလိုရှေ့နေကို ချက်ချင်း ထွက်သွားခိုင်းဖို့ ကျွန်တော် တောင်းဆိုပါတယ်"