အခန်း ၇၆၈
Vol. 52 Ch. 768
အခန်း (၇၆၈) - မူလဝိညာဉ် သတ္တမအဆင့် ..ဗုဒ္ဓဂိုဏ်း၏ ပဋိပက္ခ (၂)
'သူ့ကျင့်ကြံခြင်းအဆင့်က မူလဝိညာဉ် အဋ္ဌမအဆင့်လောက် ရှိမယ်...'
ရိုးရှင်းစွာ ရှင်းလင်းရေး လုပ်ပြီးနောက် စုယွီက သူ၏ ဂူစံအိမ်အတွင်း၌ ပစ္စည်းများကို စတင် သွန်းလုပ်နေတော့၏။
အချိန်များက တရွေ့ရွေ့ ကုန်လွန်သွားသည်။
တစ်နှစ်ကြာပြီးနောက်...
ရုပ်သေးအမြုတေကို သွန်းလုပ်နေဆဲ ဖြစ်သော စုယွီ ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွား၏။ သူ၏ မျက်ဝန်းများထဲတွင် ဝမ်းသာပျော်ရွှင်ရိပ်များ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။
ထိုအခိုက် မြေအောက်နန်းတော် လျှို့ဝှက်နယ်မြေအတွင်း၌...
ပဉ္စမအဆင့် အခင်းအကျင်းတာအိုကို နားလည်သဘောပေါက်ရန် ကျင့်ကြံနေသော တာအိုဆရာ ထျန်းယွီ လန့်နိုးလာသည်။ ထိုစဉ် သူ၏ ပုံရိပ်က လျှပ်တစ်ပြက်အတွင်း နန်းတော်အပြင်ဘက်သို့ ရောက်ရှိလာ၏။ သူ၏ မျက်လုံးများက ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ အင်မော်တယ် တစ်သောင်း နန်းတော်အတွင်းမှ အသွင်ပြောင်းလဲနေသော အရပ်အမောင်း ကောင်းကောင်း ကိုယ်ထည် ကြီးမားသည့် ပုံရိပ်တစ်ခုကို လှမ်းကြည့်နေသကဲ့သို့ စူးရှစွာ တောက်ပနေ၏။
အကြောင်းမူကား တောက်ပသော နတ်ဘုရားအလင်းတန်းများက ဝင်းလက်နေပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေသောကြောင့်ပင်။
မူလဝိညာဉ်အဆင့်ထက် ကျော်လွန်သော အရှိန်အဝါတစ်ခုက ထိုနန်းတော်အတွင်းမှ မြေအောက်နန်းတော် လျှို့ဝှက်နယ်မြေ တစ်ခုလုံးဆီသို့ တရကြမ်း ရိုက်ခတ်လာတော့သည်။
ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ တာအိုဆရာ ထျန်းယွီ၏ မျက်နှာသွင်ပြင် အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။
"စုယွီလေးရဲ့ အနက်ရောင် ဒေါသ စစ်သည်တော် တာအိုရုပ်သေးက... သူ့ဘာသာသူ အဆင့်နိမ့် ပဉ္စမအဆင့်ကို ချိုးဖြတ်သွားတာလား..."
အဆင့်နိမ့် ပဉ္စမအဆင့် ရုပ်သေးဆိုသည်မှာ ကျင့်ကြံခြင်းအဆင့်အရ ဝိညာဉ်ခွဲထွက် အဆင့် ပထမအလွှာနှင့် ညီမျှသည်။
အသွင်ပြောင်းလဲကာ အဆင့်ချိုးဖြတ်နေသော အနက်ရောင် ဒေါသ စစ်သည်တော်ကို တာအိုဆရာ ထျန်းယွီ မှင်သက်စွာ စိုက်ကြည့်နေမိ၏။ ထိုအရှိန်အဝါ... ထိုစွမ်းအားများက...
သူ၏ လက်ရှိအခြေအနေထက်ပင် အားနည်းမနေပါချေ။
ယေဘုယျအားဖြင့် ဆိုရလျှင် အဆင့်နိမ့် ပဉ္စမအဆင့် ရုပ်သေးတစ်ရုပ်သည် တိုက်ခိုက်ရေးစွမ်းရည်အရ တူညီသော ဝိညာဉ်ခွဲထွက် အဆင့်ရှိ ကျင့်ကြံသူများထက် အနည်းငယ် အားနည်းလေ့ရှိသည်။ အလွန်ဆုံးမှ ခုခံတားဆီးနိုင်ရုံ သို့မဟုတ် အားနည်းသော ကျင့်ကြံသူများကိုသာ ဖြေရှင်းနိုင်စွမ်း ရှိသည်။
မည်သို့ပင်ဆိုစေ ရုပ်သေးဆိုသည်မှာ ဉာဏ်ရည်ဉာဏ်သွေးမရှိသော အရုပ်တစ်ခုသာ ဖြစ်ရာ တိုက်ခိုက်ရာတွင် အတော်လေး လေးကန်နှေးကွေးလှ၏။
ထို့အပြင် ဝိညာဉ်ခွဲထွက် အဆင့် သခင်များသည် ကိုယ်ပွားဝိညာဉ် ခန္ဓာကိုယ်တစ်ခုစီ ပိုင်ဆိုင်ထားကြရာ ဝိညာဉ်ခွဲထွက် အဆင့် တိုက်ခိုက်ရေးသမား နှစ်ဦးနှင့် ညီမျှနေပြန်သည်။
နှစ်ယောက်တစ်ယောက် အခြေအနေမျိုးတွင် ပဉ္စမအဆင့် ရုပ်သေးသည် သဘာဝအလျောက် ပြိုင်ဘက် မဖြစ်နိုင်ပါချေ။
သို့သော်ငြား ပဉ္စမအဆင့် ရုပ်သေး၌လည်း ၎င်း၏ ကိုယ်ပိုင် အားသာချက်များ ရှိနေသေးသည်။
၎င်းမှာ တူညီသော ဝိညာဉ်ခွဲထွက် အဆင့်ရှိ ကျင့်ကြံသူများထက် များစွာ သာလွန်သော ကာကွယ်နိုင်စွမ်းပင် ဖြစ်၏။
ပဉ္စမအဆင့် ရုပ်သေးတစ်ရုပ်ကို ထိခိုက်ပျက်စီးစေရန်မှာ အဆင့်နိမ့် ကာကွယ်ရေး မှော်လက်နက်တစ်ခုကို ဖျက်ဆီးရသည်ထက် ဆယ်ဆမျှ (သို့မဟုတ်) ဆယ်ဆမက ပိုမို ခက်ခဲလှသည်။
သာမန် ရုပ်သေးများနှင့် နှိုင်းယှဉ်လျှင် လက်ရှိ အနက်ရောင် ဒေါသ စစ်သည်တော်သည် အသက်ရှင်နေသော သက်ရှိတစ်ဦးနှင့် အခြေခံအားဖြင့် ကွာခြားမှု မရှိတော့ချေ။ ၎င်း၏ အသိစိတ်က ရုပ်သေးဝိညာဉ်ထဲသို့ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်ကာ ပစ္စည်းများကို ဝါးမျိုပြီး ရုပ်သေး၏ အသွင်ပြောင်းလဲမှုကို မြှင့်တင်ပေးနိုင်သော ရုပ်သေးဝိညာဉ်၏ ထူးခြားသည့် စွမ်းရည်ကို ဆက်ခံရရှိထားလေသည်။
အနက်ရောင် ဒေါသ စစ်သည်တော် တာအိုရုပ်သေး၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားရာ ၎င်း၏ ဝိညာဉ် မပျက်စီးသရွေ့...
ရုပ်သေးခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် အနက်ရောင် ဒေါသ စစ်သည်တော်သည် လျှပ်တစ်ပြက်အတွင်း ပြန်လည် နာလန်ထူလာနိုင်ပြီး ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်စွမ်း ရှိသည်။
ဤသည်မှာ တူညီသော အဆင့်ရှိ လူသားမျိုးနွယ် ကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်စွမ်း မရှိသည့် စွမ်းရည်တစ်ခု ဖြစ်၏။
တာအိုဆရာ ထျန်းယွီ ၏ အကြည့်အောက်တွင် အနက်ရောင် ဒေါသ စစ်သည်တော်သည် လဝက်နီးပါးခန့် အသွင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ဖြတ်သန်းခဲ့ရပြီး နောက်ဆုံးတွင် အဆင့်မြင့် စတုတ္ထအဆင့် ရုပ်သေးမှ အဆင့်နိမ့် ပဉ္စမအဆင့် ရုပ်သေးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ တိုးတက်လာသည့်အပြင် ရုပ်သေးဝိညာဉ်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ဝိညာဉ်ခွဲထွက် အဆင့်၏ မူလဝိညာဉ်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်နိမ့် ပဉ္စမအဆင့်သို့ ကူးပြောင်းသွားခဲ့တော့သည်။
နောက်ထပ် ငါးရက်အကြာတွင်...
အနက်ရောင် ဒေါသ စစ်သည်တော်က စုယွီ၏ ရှေ့တွင် မတ်တတ်ရပ်ကာ လူသားမျိုးနွယ်၏ ဝိညာဉ်ခွဲထွက် အဆင့်ကဲ့သို့ ရုပ်သေးဝိညာဉ် ကိုယ်ပွား တစ်ခုကို ထုတ်လွှတ်လိုက်သောအခါ စုယွီ ခေတ္တမျှ မှင်သက်သွားရ၏။
"ဟင်..."
'မင်းလို ပဉ္စမအဆင့် ရုပ်သေးတစ်ရုပ်က ကိုယ်ပိုင် ဝိညာဉ်ခွဲထွက် ကိုယ်ပွားကို လိုချင်နေတာလား...'
စုယွီသည် အနက်ရောင် ဒေါသ စစ်သည်တော်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူသည် သိုင်းကျမ်း တစ်သောင်း မျှော်စင်တွင် ရုပ်သေးပညာနှင့် ပတ်သက်သော ရှေးဟောင်း စာအုပ်များစွာကို ဖတ်ရှုခဲ့ဖူးသော်လည်း ရုပ်သေးတစ်ရုပ်က ဝိညာဉ်ခွဲထွက် ကိုယ်ပွားတစ်ခုကို ကျင့်ကြံရန်အတွက် ကိုယ်ပွား ဖန်တီးသည့် ဖြစ်ရပ်မျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာ၏။
'ရွှေချပ်ဝတ် ခေါင်းဆောင်ကြီး နှစ်ယောက်ဆီ သွားပြီး နောက်ထပ် အနက်ရောင် ဒေါသ စစ်သည်တော် ရုပ်သေးတစ်ရုပ် ရဖို့ ဆွေးနွေးရမလား... ဒါမှမဟုတ် ငွေချပ်ဝတ် သက်တော်စောင့် ခေါင်းဆောင် တစ်ယောက်ကိုများ တောင်းကြည့်ရမလား...'
သို့သော် တစ်ခဏအကြာတွင် စုယွီက ထိုအတွေးကို ပယ်ဖျက်လိုက်လေသည်။
အကယ်၍ သူသာ ရွှေချပ်ဝတ် ခေါင်းဆောင်ကြီး နှစ်ဦးထံ ဤတောင်းဆိုချက်ကို တင်ပြလိုက်ပါက ယွဲ့ အင်မော်တယ်မြို့တော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် အနက်ရောင် ဒေါသ စစ်သည်တော်ကို သူတို့က ပြန်ခေါ်သွားနိုင်ချေ ရှိသည်။
ထိုနေရာမှ ပစ္စည်းများကို အပြင်သို့ ယူထုတ်လာရန်မှာ မလွယ်ကူလှပါချေ။
အတန်ကြာ စဉ်းစားပြီးနောက် စုယွီက ဆုံးဖြတ်ချက်ချလိုက်၏။
"မြေကမ္ဘာ အင်မော်တယ် နန်းတော် မှာ ပဉ္စမအဆင့် ရုပ်သေးသိုလှောင်ရုံ ရှိမရှိ သွားကြည့်ဖို့ ရှောင်ရှောင့်ဆီ သွားရမယ်..."
တစ်ခဏအကြာတွင်... ပင်မတောင်ထွတ်၊မြေကမ္ဘာ အင်မော်တယ် နန်းတော်၏ ပင်မခန်းမဆောင်ကြီးဝယ်၊
မြေကမ္ဘာ အင်မော်တယ် နန်းတော်မှ ဖြေရှင်းရမည့် ကိစ္စရပ်များ ပါဝင်သော ကျောက်စိမ်းပြားများ ပုံနေသည့် စားပွဲခုံတွင် ဖန်ရှောင်ကို စုယွီ မြင်လိုက်ရသည်။ သူမသည် စားပွဲခုံနောက်တွင် အတွေးထဲ နစ်မြုပ်နေဆဲ ဖြစ်၏။
သူမက ခေါင်းမမော့ဘဲ ကျောက်စိမ်းပြားပုံကြီး နောက်ကွယ်မှ အသံထွက်လာသည်။
"ဦးလေးငယ်... အလုပ်များလွန်းတဲ့ ဦးလေးငယ်က တူမလေးဆီ လာလည်ခဲသားပဲ..."
"ဒီနေ့ နေက အနောက်ဘက်ကများ ထွက်နေလို့လား..."
စုယွီက ဟီးဟီးဟားဟား ရယ်မောရင်း သူမအနားသို့ ချဉ်းကပ်ကာ တုံ့ပြန်လိုက်သည်။
"ဟား ဟား ဟား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... နေက အရှေ့ဘက်ကပဲ ထွက်နေတုန်းပါ... ငါက အရှေ့ဘက်ကနေ ဒီကို သယ်လာခဲ့ရုံတင်..."
စားပွဲခုံနောက်မှ ဖန်ရှောင်မှာ ရယ်ချင်စိတ်ကို မအောင့်ထားနိုင်ဘဲ ခစ်ခနဲ ရယ်ချလိုက်မိသည်။ သူမက ကျောက်စိမ်းပြားပုံကြီးထဲမှ ခေါင်းကို မော့ကာ စုယွီကို ပြုံးစိစိဖြင့် လှမ်းကြည့်လိုက်သည်။
"ဖူး..."
ဖန်ရှောင်က နောက်ပြောင်မေးမြန်းလိုက်၏။
"ဦးလေးငယ် သယ်လာတဲ့ နေက ဘယ်မှာလဲ..."
စုယွီက ပခုံးတွန့်ကာ အကြံပြုလိုက်သည်။
"အင်မော်တယ်ဂိုဏ်းရဲ့ ကိစ္စတွေကိုတော့ ငါ သေချာ မသိဘူး... ဒါပေမဲ့ အစ်ကိုကြီးက အရင်က ဒီလောက် ပင်ပန်းနေပုံ မပေါ်ပါဘူး... အဲဒီတော့ မင်းလည်း တာဝန်တချို့ကို ခွဲဝေပေးတတ်အောင် သင်ယူသင့်တယ်..."
"တာဝန်တွေကို ခွဲဝေယူဖို့ လူတွေ ထပ်ရှာ... ဒါမှ မင်းအတွက် အချိန်ထွက်လာပြီး ကျင့်ကြံတာတွေ နောက်ကျမနေမှာ..."
ဖန်ရှောင်က ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။
"ဆရာက အင်မော်တယ်ဂိုဏ်းကို ကျွန်မဆီ ရုတ်တရက် အပ်လိုက်တာလေ... အစကနေ ပြန်ပြီး အရာအားလုံးကို ရှင်းလင်းစီစဉ်ရမှာပေါ့... နို့မို့ဆိုရင် တစ်ခုခု မှားယွင်းသွားပြီး ဆရာနဲ့ ဦးလေးငယ်တို့ ကျွန်မအပေါ် ထားတဲ့ ယုံကြည်မှုကို ဖျက်ဆီးမိမှာ စိုးရိမ်လို့ပါ..."
"ကိစ္စတွေကို ရှင်းလင်းစီစဉ်ပြီးသွားရင်တော့ ဆရာ့လို နေလို့ ရကောင်းပါရဲ့..."
ဖန်ရှောင်က လေသံပြောင်းကာ စုယွီကို စူးစမ်းရှာဖွေကြည့်၍ မေးလိုက်၏။
"ဦးလေးငယ်... ကျွန်မနဲ့ ဒီကိစ္စတွေ လာစကားပြောဖို့ ရောက်လာတာတော့ မဟုတ်ဘူးမလား..."
ထိုအခါ စုယွီက လေးနက်စွာ ရှင်းပြလိုက်သည်။
"အင်မော်တယ်ဂိုဏ်းရဲ့ ရတနာသိုက်ထဲမှာ ပဉ္စမအဆင့် ရုပ်သေးပညာရပ်တွေ သိုလှောင်ထားတာ ရှိမရှိရယ်... ရှိရင် ဘယ်လို ရွေးယူရမလဲ ဆိုတာရယ် လာမေးတာပါ..."
ဖန်ရှောင်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။
"ပဉ္စမအဆင့် ရုပ်သေး ဟုတ်လား... ဦးလေးငယ်က ဒါကို ဘာအတွက် လိုအပ်လို့လဲ..."
စုယွီက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် အနက်ရောင် ဒေါသ စစ်သည်တော်ကို မြေကမ္ဘာ အင်မော်တယ် နန်းတော်၏ ပင်မခန်းမဆောင်အတွင်းသို့ ဝင်ရောက်ခွင့်ပေးလိုက်ကာ ဖန်ရှောင်နှင့် တွေ့ဆုံစေပြီး အနက်ရောင် ဒေါသ စစ်သည်တော်၏ ဝိညာဉ်ခွဲကို ဖန်ရှောင်အား မြင်တွေ့ခွင့် ပေးလိုက်လေသည်။
ဖန်ရှောင်မှာ အချိန်အတန်ကြာ မှင်သက်သွားပြီး သူမ၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားရ၏။
ဤအရာက... ရုပ်သေးတစ်ရုပ်မှာ ဝိညာဉ်ခွဲ ရှိနေသတဲ့လား... နောက်ထပ် တာအို ကိုယ်ပွား တစ်ခုကို ဖန်တီးနိုင်သတဲ့လား...
ဤသည်က သူမ၏ မျက်စိကို အမှန်တကယ် ပွင့်သွားစေခဲ့တော့သည်။
မကြာမီပင်...
ဖန်ရှောင်သည် တစ်စုံတစ်ယောက်အား မြေကမ္ဘာ အင်မော်တယ် နန်းတော်၏ ရတနာသိုက်ကို စစ်ဆေးခိုင်းလိုက်ရာ တကယ့် ပဉ္စမအဆင့် ရုပ်သေးတစ်ရုပ်ကို တွေ့ရှိခဲ့လေသည်။ ၎င်းသည် အဆင့်နိမ့် ပဉ္စမအဆင့် ရုပ်သေးတစ်ရုပ်သာ ဖြစ်သော်ငြား အနက်ရောင် ဒေါသ စစ်သည်တော် ပြောင်းလဲထားသော ရုပ်သေးခန္ဓာကိုယ်ထက် အနည်းငယ်မျှ ပိုမို အားကောင်းပြီး ဝိညာဉ်ခွဲထွက် အဆင့် ဒုတိယအလွှာနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထိုကဲ့သို့သော ရုပ်သေးမျိုးကို ဖန်ရှောင် တစ်ယောက်တည်းက အသုံးပြု၍ မရနိုင်ပါချေ။
ထို့ကြောင့် ဝိညာဉ်ခွဲထွက် အဆင့် ဘိုးဘေးများကို အစည်းအဝေး ခေါ်ယူ၍ ဆွေးနွေးပြီးနောက် ဤအဆင့်နိမ့် ပဉ္စမအဆင့် ရုပ်သေးသည် နောက်ဆုံးတွင် စုယွီ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့တော့သည်။
တာ့ယွဲ့ တောင်ထွတ်ထက်တွင်...
စုယွီသည် ရှေ့မှ ခရမ်းရင့်ရောင် ကိုယ်ထည်ရှိသည့် အရပ် ကိုးပေခန့် မြင့်မားသော လူသားပုံစံ ရုပ်သေးကို စိုက်ကြည့်ရင်း တိုးညင်းစွာ ရေရွတ်လိုက်၏။
"တိမ်တိုက်မိုးကြိုး..."
ဤသည်မှာ မိုးကြိုးစွမ်းအားတွင် ကျွမ်းကျင်သော အဆင့်နိမ့် ပဉ္စမအဆင့် ရုပ်သေး၏ အမည်ပင် ဖြစ်လေသည်။
ဤရုပ်သေးကို ပွတ်သပ်ကာ လဝက်နီးပါးခန့် လေ့လာပြီးနောက် စုယွီက ၎င်းကို အနက်ရောင် ဒေါသ စစ်သည်တော်ထံသို့ လွှဲပြောင်းပေးလိုက်ရင်း အမိန့်ပေးလိုက်သည်။
"ဒီရုပ်သေးကို ထိန်းချုပ်နိုင်မလား စမ်းကြည့်စမ်းပါဦး..."
“ဝှစ်…”
အနက်ရောင် ဒေါသ စစ်သည်တော်၏ ရုပ်သေးဝိညာဉ်သည် ခွဲထွက်သွားတော့၏။ ၎င်းက တိမ်တိုက်မိုးကြိုး၏ အမြုတေအတွင်းသို့ တိုက်ရိုက် ဝင်ရောက်
သွားကာ ရုပ်သေးဝိညာဉ်၏ ထူးခြားသော စွမ်းရည်ကို အသုံးပြု၍ တိမ်တိုက်မိုးကြိုး၏ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားတော့၏။
နာရီဝက်ခန့် ကြာပြီးနောက်...
တိမ်တိုက်မိုးကြိုးသည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး မူလဝိညာဉ်အဆင့်ကို ကျော်လွန်သော မိုးကြိုးအရှိန်အဝါများက ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် စုစည်းသွားလေသည်။ ထို့နောက် ၎င်းသည် အနက်ရောင် ဒေါသ စစ်သည်တော်နှင့်အတူ စုယွီ၏ ရှေ့တွင် မတ်တတ်ရပ်လိုက်၏။
အနက်ရောင် ဒေါသ စစ်သည်တော်၏ အပြင်ပန်း အသွင်အပြင်မှာ ချပ်ဝတ် ဝတ်ဆင်ထားသော အစောင့် တစ်ဦးနှင့် တူလှသည်။ သို့သော်ငြား တိမ်တိုက်မိုးကြိုးကမူ ကွာခြားပြီး ခရမ်းရောင် ဆံပင်နှင့် သက်လတ်ပိုင်းအရွယ် တာအိုကျင့်ကြံသူ တစ်ဦးနှင့် ပိုတူနေသည်။
ဤဝိညာဉ်ခွဲ ရုပ်သေးပညာရပ်ဖြင့် အနက်ရောင် ဒေါသ စစ်သည်တော်သည် ယခုအခါ သာမန် ဝိညာဉ်ခွဲထွက် အဆင့် ကျွမ်းကျင်သူ တစ်ဦးနှင့် ခြားနားခြင်း မရှိတော့ဘဲ မရေမတွက်နိုင်သော နှစ်ကာလများစွာ ကျင့်ကြံမှုဖြင့် ပေါင်းစပ်လိုက်လျှင်ပင် သာမန် ဝိညာဉ်ခွဲထွက် အဆင့် ကျွမ်းကျင်သူများက သူ၏ ပြိုင်ဘက်ပင် ဖြစ်လာနိုင်မည် မဟုတ်တော့ပေ။
"သခင်..."
အနက်ရောင် ဒေါသ စစ်သည်တော်နှင့် တိမ်တိုက်မိုးကြိုး နှစ်ဦးစလုံးက အရိုအသေပေးရန် ခေါင်းညိတ်လိုက်ကြသည်။ တူညီသော အသံက သူတို့ နှစ်ဦးစလုံး၏ ပါးစပ်မှ ထွက်ပေါ်လာကာ ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်ကြ၏။
*
နောက်ထပ် နှစ်နှစ် ကုန်လွန်သွားခဲ့သည်။
စုယွီ၏ ဂူစံအိမ် အတွင်း၌...
စုယွီက အသစ်ပြန်လည် သွန်းလုပ်ထားသော ရုပ်သေးအမြုတေကို အစားထိုးလိုက်သည်နှင့် အဆင့်မြင့် စတုတ္ထအဆင့် ရုပ်သေးသစ်တစ်ခု ဖြစ်သည့် အရိပ်နီက စုယွီ၏ ဂူစံအိမ်အတွင်း ပေါ်လာလေသည်။ သူက သူ၏ နတ်ဘုရားဝိညာဉ် တစ်မျှင်ကို ကူးပြောင်းပေးလိုက်ပြီးနောက် ထိုနတ်ဘုရားဝိညာဉ်ကို ရုပ်သေးပညာရပ်ကို အသုံးပြု၍ ပေါင်းစပ် အရည်ဖျော်လိုက်ရာ တာအိုရုပ်သေး ခန္ဓာသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
တာအိုရုပ်သေးသစ်၏ စွမ်းအားကို ခံစားလိုက်ရသောအခါ စုယွီ၏ မျက်နှာပေါ်တွင် အပြုံးသေးသေးလေး တစ်ခု ပေါ်လာပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။
"အဆင့်နိမ့် ပဉ္စမအဆင့် ရုပ်သေးတစ်ရုပ် အတွက် ပစ္စည်းတွေ စုဆောင်းရမယ်... အဆင့်နိမ့် ပဉ္စမအဆင့် ရုပ်သေးတစ်ရုပ်ကို စမ်းပြီး သွန်းလုပ်ရမယ့် အချိန်တန်ပြီ..."
သူက ယွဲ့ အင်မော်တယ်မြို့တော်မှ တိတ်တဆိတ် ထွက်ခွာသွားပြီး အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ မှောင်ခိုဈေးကွက်ရှိ ယွင်ရှောင် ဆေးလုံးစံအိမ်ဆီသို့ ပြန်လည် ထွက်ခွာလာခဲ့သည်။
ယွင်ရှောင် ဆေးလုံးစံအိမ်သို့ သူ ပြန်ရောက်ပြီး ဆယ်ရက်အကြာတွင် လူတစ်စုက ယွင်ရှောင် ဆေးလုံးစံအိမ် အပြင်ဘက်၌ ရုတ်တရက် ပေါ်လာခဲ့သည်။ သူတို့အားလုံးမှာ သတ်ဖြတ်လိုသော အရှိန်အဝါများ ယိုဖိတ်နေသည့် ကတုံးတုံးထားသော ဘုန်းကြီးများ ဖြစ်ကြလေသည်။
သူတို့က ယွင်ရှောင် ဆေးလုံးစံအိမ် အတွင်းသို့ ဝင်ရောက်လာကြရာ ယနေ့ စံအိမ်ကို စောင့်ကြပ်နေသူ လင်းပင်းက မှိန်ဖျော့ဖျော့ အပြုံးဖြင့် ချော့မော့နှုတ်ဆက်ကာ မေးလိုက်သည်။
"မိတ်ဆွေတို့... ဘယ်လို ဆေးလုံးမျိုးကို ရှာဖွေနေကြတာလဲရှင်..."
"ဝှီး..."
လင်းပင်း၏ မျက်စိရှေ့တွင် လျှပ်တစ်ပြက် လင်းလက်သွား၏။ ကြီးမားသော လက်တစ်ဖက်က သူမ၏ လည်ပင်းကို ဆွဲကိုင်လိုက်သည်။ သူမကို တိုင်တွင် ကပ်၍ မြှောက်ထားလိုက်လေသည်။
"ဗုန်း..."
သူမကို တိုက်ခိုက်ခဲ့သော ဘုန်းကြီး၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုက တွဲခိုနေပြီး လေးနက်စွာ ဟိန်းဟောက်လိုက်၏။
"မင်းတို့ရဲ့ စံအိမ်သခင်ကို ခေါ်လိုက်စမ်း…”