အခန်း ၇၆၉
Vol. 52 Ch. 769
အခန်း (၇၆၉) - ဗာဂျရာ ဒေါသဗုဒ္ဓ၊ ဗုဒ္ဓ မင်းအမေပဲ (၁)
"ဖူး..."
အငိုက်မိသွားသောကြောင့် လင်းပင်းမှာ ထိုဘုန်းကြီး၏ မသမာသော လှည့်ကွက်ဖြင့် တိုက်ခိုက်ခံလိုက်ရသည်။ မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့် တစ်ပြိုင်နက် သွေးများ ဝေါ့ခနဲ အန်ချလိုက်၏။ နှင်းပွင့်ပမာ ဖြူဆွတ်နေသော သူမ၏ လည်ပင်းထက်တွင် ထင်ရှားသော လက်ရာတစ်ခု ကျန်ရစ်ခဲ့သည်။ ထိုနေရာမှ မိစ္ဆာချီ အရှိန်အဝါများ ယိုဖိတ်ထွက်ပေါ်နေလေသည်။
ရေခဲရိုက်ထားသကဲ့သို့ အေးစက်နေသော မျက်နှာထားဖြင့် သူမက မြေပြင်မှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သူမရှေ့ရှိ ဘုန်းကြီး ခြောက်ပါးအား စိမ်းစိမ်းကားကား စိုက်ကြည့်လိုက်သည်။
ထိုခြောက်ပါးစလုံးမှာ မူလဝိညာဉ် အဆင့်ရှိ ကျင့်ကြံသူများ ဖြစ်ကြ၏။
လင်းပင်းက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ဖယ်လိုက်ပြီး သူမ၏ မျက်ဝန်းများက အေးစက်စက် တောက်ပနေသည်။
"ပုတူ ဗုဒ္ဓဂိုဏ်းက လူတွေလား... ရှင်တို့ ဘယ်နေရာကို ရောက်နေလဲဆိုတာ သိရဲ့လား..."
အရပ်မောင်းကောင်းကောင်းနှင့် ငယ်ရွယ်ပုံရသော ဘုန်းကြီး၏ ခန္ဓာကိုယ်မှ မိစ္ဆာချီများ အဆက်မပြတ် ယိုဖိတ်ထွက်ပေါ်နေ၏။ ၎င်းက သူ၏ နောက်ကျောမှနေ၍ ကောင်းကင်နှင့် မြေကြီးကို ဟိန်းဟောက်နေသော သွေးရောင် ကျားရိုင်းတစ်ကောင် အသွင် ပေါ်ထွက်လာသကဲ့သို့ပင်။
...
"ငါတို့ ဘယ်ရောက်နေလဲ ဟုတ်လား... စိတ်ဝင်စားစရာပဲ..."
"တော်တော် စိတ်ဆတ်တာပဲ..."
လင်းပင်း၏ ရင်သပ်ရှုမောဖွယ် အလှအပကို စိုက်ကြည့်နေစဉ် သူ၏ မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ငါတို့က ပုတူ ဗုဒ္ဓဂိုဏ်းကမှန်း သိနေရက်နဲ့တောင် မင်းက ပြန်အာခံရဲသေးတယ်ပေါ့လေ..."
"မင်းကို ငါ မသတ်ရဲဘူးလို့များ ထင်နေတာလား..."
"မင်းရဲ့ စံအိမ်သခင်ကို ခေါ်ဖို့ သုံးမိနစ် အချိန်ပေးမယ်... အဲဒီလိုမှ မဟုတ်ရင် ဒီဗုဒ္ဓက မင်းကို သံသရာစက်ဝန်းထဲ ပို့ပေးရလိမ့်မယ်..."
ဤစကားကို ကြားလိုက်ရချိန်တွင် လင်းပင်းက ဤလူများမှာ ရည်ရွယ်ချက် မကောင်းကြောင်းနှင့် ညှိနှိုင်းရန် လမ်းစမရှိတော့ကြောင်း သိလိုက်လေသည်။
“ဝီ...ဝီ…”
မည်သို့မျှ တုံ့ဆိုင်းမနေဘဲ ယွင်ရှောင် ဆေးလုံးစံအိမ် အတွင်းရှိ အခင်းအကျင်းများစွာက သူမ၏ အမိန့်ပေးမှုအောက်တွင် အသက်ဝင်လာခဲ့သည်။ ထိုအထဲတွင် အဆင့်နိမ့် ပဉ္စမအဆင့် တိုက်ခိုက်ရေး အခင်းအကျင်းတစ်ခု၊ နောက်ထပ် ပဉ္စမအဆင့် တိုက်ခိုက်ရေး အခင်းအကျင်းတစ်ခုနှင့် အဆင့်မြင့် စတုတ္ထအဆင့် အခင်းအကျင်းနှစ်ခုတို့ ပါဝင်ပြီး အားလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာတော့သည်။
အဆင့်နိမ့် ပဉ္စမအဆင့် အခင်းအကျင်း၏ အရှိန်အဝါကို ခံစားလိုက်ရသောအခါ ပုတူ ဗုဒ္ဓဂိုဏ်းမှ လူခြောက်ယောက်လုံး၏ မျက်နှာများ ဖြူရော်သွားကြသည်။ သူတို့ ခန္ဓာကိုယ်ပေါ်ရှိ ကြက်သီးမွှေးညင်းများပင် ထောင်ထသွား၏။
"ပဉ္စမအဆင့် အခင်းအကျင်းပါလား..."
ထိတ်လန့်တုန်လှုပ်စွာဖြင့် လူခြောက်ယောက်လုံး အော်ဟစ်လိုက်ကြသည်။
ကပ်ဘေးဆိုက်လေပြီ။
“ဝုန်း…”
ဆယ်မိနစ်ခန့် ကြာပြီးနောက် ပုံရိပ်ခြောက်ခု ယွင်ရှောင် ဆေးလုံးစံအိမ် အတွင်းမှ လွင့်ထွက်သွားသည်။ သူတို့က လေထဲတွင် လွင့်စင်သွားပြီးနောက် မိုင်အနည်းငယ် အကွာရှိ မှောင်ခိုဈေးကွက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ မရေမတွက်နိုင်သော ကျောက်ပြားများကို ရိုက်ခွဲမိသွားကြ၏။
သူတို့က လတ်ဆတ်သော သွေးများကို အန်ထုတ်လိုက်ကြသည်။ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ရွှဲနစ်နေပြီး အားလုံး ပြင်းထန်စွာ ဒဏ်ရာရသွားကြလေသည်။
ဗာဂျရာ ဗုဒ္ဓ အပါအဝင် ထိုလူခြောက်ယောက်က ယွင်ရှောင် ဆေးလုံးစံအိမ်ရှိရာသို့ ထိတ်လန့်မှုနှင့် ဒေါသတို့ ရောယှက်နေသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်ကြ၏။
"သွားကြစို့..."
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က အရှင်သခင်ဆယ်ပါး မြို့တော်၏ မှောင်ခိုဈေးကွက်မှ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။
ဗာဂျရာ ဗုဒ္ဓနှင့် အခြားသူများ၏ ယိုယွင်းနေသော အခြေအနေကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ မှင်သက်သွားကြသည်။ ထိုခြောက်ယောက် ပျောက်ကွယ်သွားသည်အထိ မှောင်ခိုဈေးကွက်အတွင်း တိတ်ဆိတ်ငြိမ်သက်နေ၏။ ထို့နောက်တွင်မူ ရုတ်ရုတ်သဲသဲနှင့် ထိတ်လန့်တုန်လှုပ်မှု လှိုင်းတံပိုးကြီး တစ်ခု ရိုက်ခတ်သွားတော့သည်။
သူတို့က ယွင်ရှောင် ဆေးလုံးစံအိမ်ရှိရာသို့ လှမ်းကြည့်လိုက်ကြပြီး တီးတိုး စကားသံများ ပျံ့နှံ့သွားလေသည်။
"ပုတူ ဗုဒ္ဓဂိုဏ်းက ဗုဒ္ဓသားတော်လား... သူတို့က ယွင်ရှောင် ဆေးလုံးစံအိမ်ဆီ သွားခဲ့ကြတာလား..."
"မယုံနိုင်စရာပဲ... ပုတူ ဗုဒ္ဓဂိုဏ်းက ဗာဂျရာ ဗုဒ္ဓတောင် မောင်းထုတ်ခံလိုက်ရတယ်... တယ်ကြမ်းပါလား... ပုတူ ဗုဒ္ဓဂိုဏ်းက လက်စားချေမှာကို သူတို့ မကြောက်ကြဘူးလား..."
"ယွင်ရှောင် ဆေးလုံးစံအိမ်က အင်မော်တယ် တစ်သောင်း နန်းတော်ကိုတောင် နည်းနည်းမှ မကြောက်တာ... ပုတူ ဗုဒ္ဓဂိုဏ်းကို ဒီလိုမျိုး ကိုင်တွယ်ဖြေရှင်းတာက ပုံမှန်ပဲ မဟုတ်ဘူးလား..."
ယွင်ရှောင် ဆေးလုံးစံအိမ်အပေါ် ထားရှိသော လူအများအပြား၏ အကြည့်များတွင် အံ့သြလေးစားမှု အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။
*
မှောင်ခိုဈေးကွက်၏ တစ်နေရာတွင်...
အရှင်သခင်ဆယ်ပါး မြို့တော်၏ အခြေစိုက်စခန်းတွင် နေထိုင်သော အရှင်သခင်ကြီးက မှောင်ခိုဈေးကွက်မှ ထွက်ပြေးသွားသော ဗာဂျရာ ဗုဒ္ဓနှင့် အခြားသူများကို လှမ်းကြည့်လိုက်ပြီး ထို့နောက် ယွင်ရှောင် ဆေးလုံးစံအိမ်ဆီသို့ အကြည့်ရွှေ့လိုက်သည်။
အရှင်သခင်ကြီးက တီးတိုးရေရွတ်လိုက်၏။
"ပုတူ ဗုဒ္ဓဂိုဏ်းက လူတွေတောင် တိုက်ခိုက်ခံလိုက်ရတယ်... တယ်သတ္တိကောင်းပါလား..."
'သူတို့က တာ့ယန် အင်မော်တယ် မင်းဆက်က တကယ်ပဲ လာခဲ့တာများလား...'
ယွင်ရှောင် ဆေးလုံးစံအိမ် အတွင်း၌...
စုယွီ၏ ကိုယ်ပွားက ဆေးဖော်စပ်ရာ အခန်းထဲမှ ထွက်လာပြီး ခြံဝင်းအတွင်းရှိ ကျောက်စားပွဲ တစ်လုံးဘေးတွင် ဝင်ထိုင်လိုက်သည်။
လင်းချင်းရှားက ဝိညာဉ်လက်ဖက်ရည် ဖျော်စပ်နေ၏။ သူမက လင်းပင်းကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။
"ရှောင်ပင်း... နင် ဒဏ်ရာရသွားသေးလား..."
လင်းပင်းက စုယွီကို ကြည့်ကာ ပြုံးလိုက်သည်။
"မရပါဘူး... ငါက မူလဝိညာဉ် အဆင့်က အရှင်သခင်ကြီးပဲဟာ..."
"အဲဒီ ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့ ကိစ္စကနေ ငါ သက်သာလာပါပြီ..."
သို့သော်ငြား စုယွီက သူမကို လက်ယပ်ခေါ်လိုက်၏။
လင်းပင်း၏ နှုတ်ခမ်းများ လှုပ်ရွသွားသော်လည်း စုယွီ၏ အလိုကို မဆန့်ကျင်ရဲပါချေ။
သူမက သူ့အနားသို့ လိမ္မာစွာ လျှောက်သွားပြီး တိုးညင်းစွာ ခေါ်လိုက်သည်။
"ဆရာ..."
စုယွီက သူမအပေါ် လက်တစ်ဖက် တင်လိုက်ပြီး ကောင်းကင်ဖီးနစ် နိဗ္ဗာန်ကျင့်စဉ်ကို လှည့်ပတ်လိုက်၏။ သူ၏ မန္တန်စွမ်းအားများက လင်းပင်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေသည်။
လင်းပင်းသည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ပူပြင်းသော အပူလှိုင်းတစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ကောင်းကင်ဖီးနစ် နိဗ္ဗာန်ကျင့်စဉ်၏ ပြင်းထန်သော သက်စောင့်အရှိန်အဝါ စွမ်းအားအောက်တွင် သူမ၏ သေးငယ်သော ဒဏ်ရာများက လျှပ်တစ်ပြက်အတွင်း ပျောက်ကင်းသွားလေသည်။
အလွန်အမင်း သက်တောင့်သက်သာ ရှိလွန်းသဖြင့် သူမ ပါးစပ်မှ ညည်းသံလေးတစ်ခုပင် ထွက်ပေါ်သွားလုမတတ် ဖြစ်သွားရ၏။
ကံကောင်းထောက်မစွာဖြင့် သူမ၏ ဒဏ်ရာများက မပြင်းထန်လှပေ။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆရာဖြစ်သူက လုံးဝ ကုသပေးလိုက်ခြင်း ဖြစ်သည်။
စုယွီက သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်ချိန်တွင် လင်းပင်းက ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်နေနိုင်တော့သည်။
စုယွီက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က အင်မော်တယ် နန်းတော်ဟာ မိစ္ဆာသခင်ရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းထန်တဲ့ ဆုံးရှုံးမှုကြီး ကြုံတွေ့ခဲ့ရတယ်... အဲဒီနှစ်တွေကစပြီး သူတို့က တိတ်ဆိတ်နေခဲ့ကြပြီး အရင်တုန်းကလို လွှမ်းမိုးခြယ်လှယ်တဲ့ အနေအထားမျိုး မရှိတော့ဘူး..."
"ဒါပေမဲ့ အင်မော်တယ် တစ်သောင်း နန်းတော်က ငြိမ်သက်သွားတာနဲ့အမျှ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှာ ပုတူ ဗုဒ္ဓဂိုဏ်းက ပိုပိုပြီး သောင်းကျန်းလာသလို ပိုပြီးတော့လည်း ရက်စက်လာခဲ့တယ်..."
"အနည်းဆုံး အင်အားစု ငါးဆယ်လောက်က ပုတူ ဗုဒ္ဓဂိုဏ်းရဲ့ နှိပ်စက်ညှဉ်းပန်းတာ၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာ ဒါမှမဟုတ် နှိမ်နင်းတာတွေကို ခံခဲ့ရတယ်..."
"အဲဒီအထဲမှာ အများစုက ဆေးဖော်စပ်တာ၊ အဆောင်လက်ဖွဲ့ရေးဆွဲတာ၊ အခင်းအကျင်းတည်ဆောက်တာ၊ မှော်လက်နက် သွန်းလုပ်တာ စတာတွေမှာ ကျွမ်းကျင်တဲ့ အင်အားစုတွေပဲ..."
"ဟား... သူတို့က ငါ့ရဲ့ သာမန် ဆေးလုံးစံအိမ်လေးကို မျက်စိကျလာလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး..."
စုယွီက ခပ်တိုးတိုး ရယ်မောလိုက်လေသည်။
လက်ဖက်ရည် တည်ခင်းပေးနေစဉ် လင်းချင်းရှားက တိုးညင်းသော အသံဖြင့် မေးလိုက်သည်။
"ဆရာ... ပုတူ ဗုဒ္ဓဂိုဏ်းက အင်အားကြီးတယ် မဟုတ်လားဟင်..."
စုယွီက ခေါင်းကို ဖွဖွလေး ညိတ်ပြလိုက်၏။
"အင်မတန် အားကောင်းတယ်... အနည်းဆုံးတော့ အင်မော်တယ် တစ်သောင်း နန်းတော်က သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး..."
"တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာက အဓိက ဂိုဏ်းကြီးတချို့ ပူးပေါင်းလိုက်မှသာ ပုတူ ဗုဒ္ဓဂိုဏ်းကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်မယ်..."
လင်းချင်းရှား၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒါဆိုရင်... ကျွန်မတို့ရဲ့ ဆေးလုံးစံအိမ်က..."
စုယွီက သူမ၏ တင်းရင်းနေသော တင်ပါးကို ပုတ်လိုက်၏။
"အဲဒါ မင်း စိုးရိမ်ပူပန်နေရမယ့် ကိစ္စ မဟုတ်ပါဘူး..."
အေးမြသော ဝိညာဉ်လက်ဖက်ရည်ကို နောက်တစ်ငုံ သောက်ပြီးနောက် စုယွီ၏ ကိုယ်ပွားက မတ်တတ်ရပ်လိုက်သည်။
"ကောင်းပြီ... ငါ အပြင် ခဏလောက် ထွက်သွားလိုက်ဦးမယ်..."
မျက်နှာထက်တွင် သွေးရောင် အနည်းငယ် လွှမ်းနေလျက် လင်းချင်းရှားက သတိပေးလိုက်၏။
"ဆရာ... သတိထားသွားပါနော်…”