အခန်း ၇၇၃
Vol. 52 Ch. 773
အခန်း (၇၇၃) - အနက်ရောင် ဒေါသ စစ်သည်တော်အား နှိုးထစေခြင်း (၁)
အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ရှိ ယွင်ရှောင် ဆေးလုံးစံအိမ်၏ နောက်ကွယ်မှ အင်အားစုမှာ စုယွီ ဖြစ်ကြောင်းကို တာအိုမိတ်ဆွေ ထျန်းယွီနှင့် ကိုးမြီး မြေခွေး အရှင်သခင်မကြီးတို့က ကောင်းစွာ သိရှိထားကြသည်။
ထို့ကြောင့် အင်မော်တယ်ဂိုဏ်း၏ ထောက်လှမ်းရေး သတင်းအချက်အလက်များကို ထည့်သွင်းစဉ်းစားကာ ဤဖြစ်ရပ်ကို ကြည့်လိုက်သောအခါ သူတို့အတွက် အတော်လေး စိတ်ဝင်စားစရာ ကောင်းနေတော့၏။
အနက်ရောင် ဒေါသ စစ်သည်တော်နှင့် အခြားသူများမှာ စုယွီ၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီ ဖြစ်ကြောင်းကို သူတို့ ယုံကြည်ထားကြသည်။
ဘာပဲဖြစ်ဖြစ် ရန်စမှုက ပုတူ ဗုဒ္ဓဂိုဏ်း၏ တပည့်များဆီမှ အရင် စတင်ခဲ့ခြင်း ဖြစ်၏။ စုယွီ၏ စိတ်နေသဘောထားအရ ပြန်လည် လက်တုံ့ပြန်ခြင်းမှာ အလွန် ပုံမှန်ကိစ္စတစ်ရပ်သာ ဖြစ်သည်။
ဤဖြစ်ရပ်က အနက်ရောင် ဒေါသ စစ်သည်တော်ကို အရေးနိမ့်သွားစေရုံသာမက ပုတူ ဗုဒ္ဓဂိုဏ်းမှ အစွမ်းထက်သော အရှင်သခင်ကြီး လေးပါးကိုပါ ကျဆုံးသွားစေခဲ့ပြီး ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့လေသည်။
ယင်းက ပုတူ ဗုဒ္ဓဂိုဏ်းအား ဤကိစ္စ၏ နောက်ကွယ်မှ တရားခံများမှာ တောင်ပိုင်း အင်မော်တယ်နယ်မြေရှိ မီးဖီးနစ် ကောင်းကင်နန်းတော်မှ ဖြစ်သည်ဟု အထင်အမြင် မှားသွားစေခဲ့တော့၏။
...
ထို့နောက်ပိုင်းတွင် ပုတူ ဗုဒ္ဓဂိုဏ်းမှာ တိုက်ခိုက်မှု အကြိမ်ကြိမ် ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများ ပိုမို များပြားလာခဲ့လေသည်။
ဤမျှ ဗြောင်ကျကျ ရန်စစော်ကားမှုများကို ကြုံတွေ့နေရသောအခါ
ပုတူ ဗုဒ္ဓဂိုဏ်းက သူတို့၏ ဒေါသများကို မည်သို့များ ဖိနှိပ်ထားနိုင်ပါမည်နည်း။
ထို့ကြောင့် ပုတူ ဗုဒ္ဓဂိုဏ်းက မီးဖီးနစ် ကောင်းကင်နန်းတော်အား တိုက်ခိုက်ရန်အတွက် တောင်ပိုင်း အင်မော်တယ်နယ်မြေသို့ လူများ စေလွှတ်ခဲ့ခြင်းမှာ အံ့သြစရာတော့ မဟုတ်ပါချေ။
သို့သော်ငြား တောင်ပိုင်း အင်မော်တယ်နယ်မြေရှိ မီးဖီးနစ် ကောင်းကင်နန်းတော်ကို တိုက်ခိုက်ခဲ့သော ကတုံးဘုန်းကြီးမှာ ယခုအခါ သူမ၏ မျက်စိရှေ့တွင် ထိုင်ကာ ဝိညာဉ်လက်ဖက်ရည်ကို အေးအေးလူလူ သောက်သုံးနေလိမ့်မည်ဟု ကိုးမြီး မြေခွေး အရှင်သခင်မကြီးက လုံးဝ ယုံကြည်နိုင်စွမ်း မရှိခဲ့ပေ။
မည်သို့ပင်ဆိုစေ ဤကိစ္စရပ်တစ်ခုတည်း အတွက်ဖြင့် စုယွီက ဗုဒ္ဓလမ်းစဉ်ကို အချိန်အတော်ကြာ တကူးတက လေ့ကျင့်ခဲ့လိမ့်မည်ဟု သူမက ဘယ်လိုလုပ် စိတ်ကူးယဉ်နိုင်ပါမည်နည်း။
ကိုးမြီး မြေခွေး အရှင်သခင်မကြီးက သူမ၏ အတွင်းစိတ်မှ တွေးတောမှုများကို ဖိနှိပ်ထားလိုက်ပြီး စုယွီအား ကြည့်ကာ စကားဆိုလိုက်သည်။
"အပြင်ကို လျှောက်မသွားဘဲ ဂိုဏ်းကို ပြန်လာပြီး အခင်းအကျင်း လမ်းစဉ်ကို သေသေချာချာ ကျင့်ကြံဖို့ မင်းရဲ့ ဆရာက မှာလိုက်တယ်နော်..."
စုယွီက လက်ဖက်ရည်ပန်းကန်ကို ချလိုက်ပြီး သဘောတူလိုက်၏။
"ဟုတ်ကဲ့... ကျွန်တော်လည်း ပြန်ဖို့ စဉ်းစားထားတာပါပဲ..."
ရက်အနည်းငယ် ကြာပြီးနောက်။
စုယွီ၏ တာအိုရုပ်သေး ကိုယ်ပွားက မြေကမ္ဘာ အင်မော်တယ် နန်းတော်ရှိ အင်မော်တယ် ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မြေအောက်နန်းတော် အတွင်း၌ ဆေးပညာ၊ အဆောင်လက်ဖွဲ့၊ အခင်းအကျင်းနှင့် အခြားသော တာအိုပညာရပ်များကိုသာ အာရုံစိုက် ကျင့်ကြံနေတော့သည်။
ထိုအချိန်တွင် အပြင်ဘက်၌မူ
ပုတူ ဗုဒ္ဓဂိုဏ်းနှင့် မီးဖီးနစ် ကောင်းကင်နန်းတော်တို့ အကြားရှိ ပြဿနာ သတင်းများ ပျံ့နှံ့လာသည်နှင့်အမျှ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ အင်အားစုများနှင့် အင်မော်တယ် ဂိုဏ်းများ အားလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး အခြေအနေကို စောင့်ကြည့်နေကြတော့၏။
အထူးသဖြင့် အနက်ရောင် ဒေါသ စစ်သည်တော်ကြီး ရှုံးနိမ့်သွားပြီး မီးဖီးနစ် ကောင်းကင်နန်းတော်မှ သီသီလေး လွတ်မြောက်လာခဲ့ရသည်ဆိုသော သတင်းက လူအများ၏ ရင်ထဲသို့ တုန်လှုပ်ချောက်ချားမှု လှိုင်းတံပိုးများ ရိုက်ခတ်သွားစေခဲ့လေသည်။
ဤကာလအတွင်း အနက်ရောင် ဒေါသ စစ်သည်တော်က လူအမြောက်အများကို စိန်ခေါ်ခဲ့ပြီး အင်မော်တယ် ဂိုဏ်းများမှ တာအိုသားတော် အချို့ကိုပင် ကျဆုံးသွားစေခဲ့သည်။
ဤအချက်က အနက်ရောင် ဒေါသ စစ်သည်တော်၏ ရက်စက်ကြမ်းကြုတ်သော ဂုဏ်သတင်းကို တည်ဆောက်ပေးခဲ့ပြီး သူက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
သာမန် တာအိုသားတော်များမှာ သူ၏ ပြိုင်ဘက် မဟုတ်ကြပါချေ။
သို့သော် ရှုံးပွဲမရှိသော အနက်ရောင် ဒေါသ စစ်သည်တော်က မကြာသေးမီကမှ တောင်ပိုင်း အင်မော်တယ်နယ်မြေရှိ မီးဖီးနစ် ကောင်းကင်နန်းတော်၏ လက်အောက်တွင် အရေးနိမ့်သွားခဲ့သည်တဲ့လား... ပြီးတော့ ထိုအဖြစ်အပျက်ကြောင့် သူက သေလုနီးပါး ဖြစ်သွားခဲ့ရသည်တဲ့လား... သတင်းက အလွန် ဟိုးလေးတကျော် ဖြစ်သွားပြီး ပုတူ ဗုဒ္ဓဂိုဏ်းက နှစ်ကာလများစွာ အပင်ပန်းခံ တည်ဆောက်ထားခဲ့သော ကြီးမြတ်သည့် ပုံရိပ်ကို ထိခိုက်သွားစေခဲ့လေသည်။
အထူးသဖြင့် သူတို့၏ ဆက်တိုက် တိုက်ခိုက်ခံရမှုများနှင့် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများ အပါအဝင် တပည့်များစွာ ကျဆုံးသွားခဲ့ရသည့် သတင်းများ ပျံ့နှံ့သွားချိန်တွင် ပို၍ပင် ဆိုးရွားသွားတော့၏။
ဝမ်လုံ မင်းဆက်။
တားမြစ်နယ်မြေ။
ဝမ်မိသားစု၏ ဝိညာဉ်ခွဲထွက် အဆင့် ဘိုးဘေးကြီး သုံးပါးနှင့် ပုတူ ဗုဒ္ဓဂိုဏ်းမှ ဆရာတော်ကြီး အချို့မှာ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ၏ ရှေ့တွင် ဒူးထောက်လျက် အမြင့်ဆုံးသော ရိုသေလေးစားမှုဖြင့် အရိုအသေ ပေးနေကြလေသည်။
"ဗုဒ္ဓအရှင်မြတ်..."
ဗုဒ္ဓရုပ်ပွားတော်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာပြီး မေးလိုက်၏။
"တောင်ပိုင်း အင်မော်တယ်နယ်မြေက လုပ်ရပ်တွေ နောက်ကွယ်မှာ ဘယ်သူ ရှိနေတာလဲ..."
ပုတူ ဗုဒ္ဓဂိုဏ်းမှ ဆရာတော်ကြီး တစ်ပါးက တုန်ရီနေသော အသံဖြင့် ပြန်လည် လျှောက်တင်လိုက်သည်။
"ဗုဒ္ဓအရှင်မြတ်... ကျွန်တော်မျိုးတို့ အခုထက်ထိ ရှာမတွေ့သေးပါဘူး... ဒါပေမဲ့ မှတ်တမ်းတင်ထားတဲ့ ပုံရိပ်ကျောက်တုံး တစ်ခုတော့ ရှိပါတယ်... တရားခံက ကျွန်တော်မျိုးတို့ ပုတူ ဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓလမ်းစဉ်ဖြစ်တဲ့ အသက်မဲ့ ဗာဂျရာ ဗောဓိသတ် ကျင့်စဉ် ကို အသုံးပြုထားတာ တွေ့ရပါတယ်..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်။
ဗုဒ္ဓရုပ်ပွားတော်က တိုးညင်းစွာ ညွှန်ကြားလိုက်၏။
"စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်ပါ..."
"ပြီးတော့... ငါတို့ကို တိုက်ခိုက်ခဲ့တာ မီးဖီးနစ် ကောင်းကင်နန်းတော် ဆိုတာ သေချာရဲ့လား..."
ထိုအခါ ယခင်က တိုက်ပွဲဝင်ခဲ့ဖူးသော ကတုံးဘုန်းကြီးက ခေါင်းမော့ကာ ရိုသေစွာဖြင့် ပြန်လည် လျှောက်တင်လိုက်သည်။
"မှန်လှပါ... တိုက်ခိုက်သူရဲ့ ကျင့်စဉ်တွေက ကောင်းကင်ဖီးနစ် နန်းတော်ရဲ့ တာအိုမှော်ပညာရပ် စစ်စစ်တွေပါပဲ... လောလောဆယ် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှာ အဲဒီလိုမျိုး သွေးမျိုးဆက်တွေ မရှိတော့တဲ့အတွက် မီးဖီးနစ် ကောင်းကင်နန်းတော် တစ်ခုတည်းသာ ဖြစ်နိုင်ပါတယ်..."
"ဗုဒ္ဓအရှင်မြတ်... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာက တောင်ပိုင်း အင်မော်တယ်နယ်မြေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး မီးဖီးနစ် ကောင်းကင်နန်းတော်ကလည်း တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာနဲ့ သိပ်မဝေးပါဘူး..."
ထိုအချိန်တွင် ဝမ်လုံ မင်းဆက်၏ ဘိုးဘေးကြီး တစ်ပါးက ရိုသေစွာဖြင့် ဝင်ရောက် လျှောက်တင်လိုက်၏။
"ဗုဒ္ဓအရှင်မြတ်က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကို သိမ်းပိုက်လိုက်ရင် သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာကို မီးဖီးနစ် ကောင်းကင်နန်းတော်က စိုးရိမ်နေတာ ဖြစ်နိုင်ပါတယ်... ဒါကြောင့် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ ကိစ္စတွေမှာ သူတို့ ဝင်စွက်ဖက်ဖို့ လိုအပ်တယ်လို့ ခံစားသွားရတာ ဖြစ်ပါလိမ့်မယ်..."
"ဗုဒ္ဓအရှင်မြတ်... ကျွန်တော်မျိုးတို့ မီးဖီးနစ် ကောင်းကင်နန်းတော်ကို ဒီလောက် လွယ်လွယ်နဲ့ အလွတ်ပေးလို့ မဖြစ်ပါဘူး..."
"မဟုတ်ရင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှာ ကျွန်တော်မျိုးတို့ ဗုဒ္ဓဂိုဏ်းရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းသွားနိုင်ပါတယ်..."
ဗုဒ္ဓရုပ်ပွားတော်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့လေသည်။
နောက်ဆုံးတွင် ၎င်းက တိုးညင်းစွာ ကြေညာလိုက်၏။
"မီးဖီးနစ် ကောင်းကင်နန်းတော်ဆီ သဝဏ်လွှာ တစ်စောင် ပို့လိုက်... ရှင်းလင်းချက် တစ်ခု တောင်းခံပါ... အကယ်၍ သူတို့က တရားခံကို မအပ်ဘူးဆိုရင် ငါတို့ ပုတူ ဗုဒ္ဓဂိုဏ်းက အဖြေကို ကိုယ်တိုင် သွားယူရလိမ့်မယ်..."
မီးဖီးနစ် ကောင်းကင်နန်းတော်က အမှန်တကယ်ပင် အစွမ်းထက်သော်လည်း ပုတူ ဗုဒ္ဓဂိုဏ်းနှင့် နှိုင်းယှဉ်ပါက သူတို့၏ စွမ်းအားမှာ များစွာ လျော့နည်းနေသေးသည်။
အကယ်၍ မီးဖီးနစ် ကောင်းကင်နန်းတော်က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ ကိစ္စများတွင် ဝင်ရောက် စွက်ဖက်ရန် အမှန်တကယ် ရည်ရွယ်ထားပါက သူတို့သည် သွေးနှင့် အရင်းတည်ကာ ပေးဆပ်ရပေလိမ့်မည်။
ပုတူ ဗုဒ္ဓဂိုဏ်း၏ ချီတက်မှုကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ပါချေ။
*
အခြား တစ်ဖက်တွင်မူ၊
တောင်ပိုင်း အင်မော်တယ်နယ်မြေ၊ မီးဖီးနစ် ကောင်းကင်နန်းတော်ဝယ်၊
မီးဖီးနစ် ကောင်းကင်နန်းတော်၏ နန်းတော်သခင်က သူ၏ လက်အောက်ငယ်သားများထံမှ အစီရင်ခံစာကို ကြားသောအခါ မျက်မှောင်ကြုတ်သွားခဲ့၏။
"ဒါဆို မင်း ပြောပုံအရ ပြဿနာက ငါတို့ နန်းတော်က ပုတူ ဗုဒ္ဓဂိုဏ်းရဲ့ တပည့်တွေကို စတိုက်ခိုက်ရာကနေ စတင်ခဲ့တာပေါ့... ပြီးတော့ အဲဒါက ပုတူ ဗုဒ္ဓဂိုဏ်းရဲ့ ဒေါသကို ဆွပေးလိုက်တာပေါ့လေ..."
"ဒီကိစ္စရဲ့ အသေးစိတ်ကို စုံစမ်းစစ်ဆေးပြီးပြီလား..."
မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးက တိုးညင်းသော အသံဖြင့် ပြန်လည် လျှောက်တင်လိုက်သည်။
"နန်းတော်သခင်... ဒါက လုံးဝကို လုပ်ကြံ ဖန်တီးထားတာပါ... အဲဒီအချိန်တုန်းက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှာ ကျွန်တော်မျိုးတို့ မီးဖီးနစ် ကောင်းကင်နန်းတော်က ဘယ်သူမှ ရှိမနေခဲ့ပါဘူး..."
"ပုတူ ဗုဒ္ဓဂိုဏ်းက နောက်တစ်ဆင့် အနေနဲ့ တောင်ပိုင်း အင်မော်တယ်နယ်မြေကို သူတို့ရဲ့ လွှမ်းမိုးမှု ချဲ့ထွင်ဖို့ စီစဉ်နေတယ်လို့ ကျွန်တော် သံသယရှိပါတယ်..."
"ဒါကြောင့် သူတို့က ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုကို အကဲခတ်ဖို့ ဒီပဋိပက္ခကို အကြောင်းပြချက် လုပ်ခဲ့တာပါ..."
"အကယ်၍ ကျွန်တော်တို့ မီးဖီးနစ် ကောင်းကင်နန်းတော်ကသာ နှိမ့်ချပြီး နေနေမယ်ဆိုရင် နောက်ထပ် ကိုးဝိဉာဉ် တောင်တန်း ဖြစ်သွားနိုင်ပါတယ်..."
ထိုစကားများကို ကြားသောအခါ မီးဖီးနစ် ကောင်းကင်နန်းတော်၏ နန်းတော်သခင်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
"ပုတူ ဗုဒ္ဓဂိုဏ်းလေး တစ်ခုကြောင့်နဲ့လား... အကယ်၍ သူတို့ကများ တောင်ပိုင်း အင်မော်တယ်နယ်မြေထဲကို ခြေချရဲတယ်ဆိုရင် အခြား အင်အားစုတွေရဲ့ ဝင်ရောက် စွက်ဖက်မှု မပါရင်တောင် ငါ တစ်ယောက်တည်းနဲ့ သူတို့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်တယ်..."
"ဟွန့်... ငါတို့ရဲ့ မီးဖီးနစ် ကောင်းကင်နန်းတော်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ကတုံးဘုန်းကြီးကို သုံးလအတွင်း လာအပ်ဖို့ အမိန့် ထုတ်လိုက်... အကယ်၍ သူတို့ မအပ်နိုင်ဘူးဆိုရင် မီးဖီးနစ် ကောင်းကင်နန်းတော်က ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက် အဆတစ်ရာ ပြန်ပြီး ပေးဆပ်ခိုင်းမယ်..."
မီးဖီးနစ် ကောင်းကင်နန်းတော်မှာ အမှန်တကယ်ပင် အစွမ်းထက်လှပေရာ တောင်ပိုင်း အင်မော်တယ်
နယ်မြေအတွင်းရှိ ပုတူ ဗုဒ္ဓဂိုဏ်းအတွက် သူတို့က ပူပန်နေရန် လုံးဝ မလိုအပ်ပါချေ။