အခန်း ၇၇၅
Vol. 52 Ch. 775
အခန်း (၇၇၅) - အနက်ရောင် ဒေါသ စစ်သည်တော်အား နှိုးထစေခြင်း (၃)
စုယွီ စကားမဆက်နိုင်မီ ပထမ ရွှေချပ်ဝတ် ခေါင်းဆောင်က ဖြတ်ပြောလိုက်သည်
'မင်း တစ်ယောက်တည်း ကိုင်တွယ်နိုင်တဲ့ ကိစ္စပါ... ပကတိ ဟင်းလင်းပြင် ဗုဒ္ဓအရှင်သခင် တစ်ပါးရဲ့ စွမ်းအားလောက်က သိပ်မများပါဘူး...'
ပြဿနာက ပုတူ ဗုဒ္ဓဂိုဏ်း တစ်ခုတည်း မဟုတ်ချေ။
အင်မော်တယ် တစ်သောင်း နန်းတော် ၊ မီးဖီးနစ် ကောင်းကင်နန်းတော် ၊ တာ့ယန် မင်းဆက်နှင့် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်တို့လည်း ရှိနေသေးသည် မဟုတ်ပါလော။
စဉ်းစားကြည့်သောအခါ စုယွီသည် အကြောင်းတိုက်ဆိုင်စွာဖြင့် ကွဲပြားခြားနားသော အင်အားစုငါးခုကို စော်ကားမိခဲ့ပြီး ရန်ငြိုးများ ဖန်တီးမိခဲ့ကြောင်း သိလိုက်ရ၏။ သူက ဤအင်အားစုများကို မကြောက်ရွံ့သေးသော်လည်း ဖိအားအနည်းငယ်ကိုတော့ ခံစားနေရဆဲပင်။
'ငါ့ကျင့်ကြံခြင်းက မူလဝိညာဉ်အဆင့် သတ္တမအလွှာကို ရောက်နေပြီဆိုတော့ အဆင့်ငါး အခင်းအကျင်းတွေ အဆောင်လက်ဖွဲ့ ပညာရပ်တွေနဲ့ ဆေးပညာရပ်တွေကို နားလည်သဘောပေါက်အောင် ကြိုးစားကြည့်လို့ ရနိုင်လောက်တယ်...'
'ရုပ်သေးတွေ ကိစ္စကတော့ လိုအပ်တဲ့ ပစ္စည်းတွေ ပြည့်စုံအောင် စုဆောင်းမိတဲ့ အထိ စောင့်ရဦးမယ်...'
...
ရွှေချပ်ဝတ် ခေါင်းဆောင်များမှာ အင်မော်တယ် မြို့တော်မှ ထွက်ခွာ၍ မရနိုင်ပေ။ သူတို့ ယခုတိုင် ရှင်သန်နေနိုင်ခြင်းမှာ မြို့တော်၏ ထူးခြားသော တည်ရှိမှုကြောင့်သာ ဖြစ်၏။ ၎င်းသာ မရှိခဲ့လျှင် သူတို့၏ ဝိညာဉ်များမှာ အချိန်ကာလ မြစ်ပြင်ကျယ်ထဲတွင် ပြန့်ကျဲပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီ ဖြစ်လိမ့်မည်။
ရွှေချပ်ဝတ် ခေါင်းဆောင်များကို အားကိုး၍ မရနိုင်သလို မြို့တော်ထဲရှိ အခြား ရုပ်သေးရုပ်များထဲမှလည်း ယခုအချိန်အထိ ဆယ့်ရှစ်ယောက်မြောက် အနက်ရောင် ဒေါသ စစ်သည်တော် တစ်ယောက်တည်းကိုသာ နှိုးထစေနိုင်ခဲ့သေးသည်။
စုယွီက ငွေရောင်ချပ်ဝတ် အစောင့်အရှောက် ခေါင်းဆောင်ကို မြင်ဖူးခဲ့၏။ သူက အဆင့်ငါး ရုပ်သေးပညာ၏ အထွတ်အထိပ်တွင် အမှန်တကယ်ပင် ရှိနေခဲ့သည်။
စုယွီ၏ လက်ရှိ ကျင့်စဉ်ပညာရပ်ဖြင့် ငွေရောင်ချပ်ဝတ် အစောင့်အရှောက် ခေါင်းဆောင်၏ ဝိညာဉ်ကို အပြည့်အဝ နှိုးထလာစေရန် ပြန်လည် အသက်မသွင်းပေးနိုင်သေးချေ။
အကယ်၍ သူသာ လုပ်နိုင်ခဲ့မည်ဆိုပါက သူတို့ကို အားကိုး၍ ရနိုင်ပေလိမ့်မည်။
ရွှေချပ်ဝတ် ခေါင်းဆောင်များကို အားမကိုးနိုင်သော်ငြား အနက်ရောင် ဒေါသ စစ်သည်တော် တစ်ယောက်ကို ပြန်လည် အသက်သွင်းခြင်းဖြင့် စုယွီသည် ယွဲ့ အင်မော်တယ်မှ ပံ့ပိုးမှု အမှတ် တစ်သောင်းကို ရရှိခဲ့လေသည်။ ၎င်းကို ရတနာများ သို့မဟုတ် မဟာတာအို အမွေအနှစ်များ လဲလှယ်ရာတွင် အသုံးပြုနိုင်ပေ၏။
ထိုအခိုက်တွင် စုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။
“ဒါနဲ့ စီနီယာတို့... ယွဲ့ အင်မော်တယ်ရဲ့ တပည့်တစ်ယောက် အဖြစ် ရာထူးတိုးဖို့အတွက် ဝိညာဉ်ခွဲထွက် အဆင့် ခွန်အား ရှိဖို့ လိုအပ်တာလား ဒါမှမဟုတ် ဝိညာဉ်ခွဲထွက် အဆင့် ကျင့်ကြံခြင်း ရှိဖို့ပဲ လိုအပ်တာလား…”
ရွှေချပ်ဝတ် ခေါင်းဆောင် နှစ်ဦးက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်လည် ဖြေကြားလာ၏။
“ခွန်အားပဲ…”
စုယွီက ဆယ့်ရှစ်ယောက်မြောက် အနက်ရောင် ဒေါသ စစ်သည်တော်ကို ခေါ်လိုက်ပြီး သူ၏ စွမ်းအား အကုန်ထုတ်ကာ ခုခံကာကွယ်ရန် ညွှန်ကြားလိုက်သည်။
ထို့နောက် စုယွီက ဓာတ်ကြီး ငါးပါး လက်ဝါးတံဆိပ် တစ်ခုကို စုစည်းလိုက်ပြီး ဆယ့်ရှစ်ယောက်မြောက် အနက်ရောင် ဒေါသ စစ်သည်တော်အား မြေကမ္ဘာ အင်မော်တယ် နန်းတော် အပြင်ဘက်သို့ လွင့်စင်သွားစေကာ မြို့တော် နယ်နိမိတ်ကို ကျော်လွန်သွားပြီးမှ ရပ်တန့်သွားစေခဲ့၏။
စုယွီက သူ၏ ရှေ့ပြေးစီနီယာများကို စိတ်အားထက်သန်စွာ ကြည့်ကာ မေးမြန်းလိုက်သည်။
“ဒီလောက် ခွန်အား အဆင့်မျိုးနဲ့ ယွဲ့ အင်မော်တယ်ရဲ့ တပည့်တစ်ယောက် အဖြစ် ရာထူးတိုးလို့ ရနိုင်မလား သိချင်ပါတယ်”
ရွှေချပ်ဝတ် ခေါင်းဆောင် နှစ်ဦးက သူ့အား ခေတ္တမျှ ကြည့်ပြီးနောက် တိုးညင်းစွာ စကားဆိုလိုက်၏။
“ဆယ့်ရှစ်ကို လွင့်စင်သွားအောင် လုပ်နိုင်တာက ဘာအဓိပ္ပာယ်မှ မရှိဘူး... ယွဲ့ အင်မော်တယ်ရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ သခင်မ တည်ဆောက်ထားတဲ့ ယွဲ့ အင်မော်တယ် အခင်းအကျင်းကို ကျော်ဖြတ်ဖို့ လိုအပ်တယ်…”
စုယွီ၏ မျက်နှာက အနည်းငယ် နီရဲသွားခဲ့သော်လည်း မှိုင်းညို့နေသော ပတ်ဝန်းကျင်က ၎င်းကို ဖုံးကွယ်ပေးထားနိုင်ခဲ့သဖြင့် တော်သေးသည်ဟု ဆိုရမည်။
“အဟမ်း... စီနီယာတို့ကို သရုပ်ပြရုံ သက်သက်ပါ…”
စုယွီက စကားဆိုလိုက်၏။
ဆယ့်ရှစ်ယောက်မြောက် အနက်ရောင် ဒေါသ စစ်သည်တော်က ပြန်ရောက်လာပြီး ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေလေသည်။
“သွားကြမယ်... ငါ မင်းကို အဲဒီ ခေါ်သွားပေးမယ်…”
ဟု ပထမ ရွှေချပ်ဝတ် ခေါင်းဆောင်က စကားဆိုလိုက်၏။
ယွဲ့ အင်မော်တယ် အခင်းအကျင်း ဆိုသည်မှာ အဆင့်နိမ့် အဆင့်ငါး အခင်းအကျင်း တစ်ခုသာ ဖြစ်ပြီး ယွဲ့ အင်မော်တယ်၏ တပည့်များ စွမ်းအားကို စမ်းသပ်ရန် အသုံးပြုခြင်း ဖြစ်သည်။ ချီ စွမ်းအင် ပြင်းထန်မှုကို စစ်ဆေးရန် အသုံးပြုသော အခင်းအကျင်း အကာအကွယ် တစ်ခု အပြင် ဒုတိယ စမ်းသပ်မှုက စိတ်နေသဘောထားနှင့် စိတ်ခံစားမှု အခြေအနေပင်။ တတိယ တစ်ခုကမူ စိတ်ကူးယဉ် အခင်းအကျင်း တစ်ခု အတွင်းရှိ လက်တွေ့ တိုက်ခိုက်ရေးပင် ဖြစ်၏။
အခင်းအကျင်း အကာအကွယ်အား စုယွီက လက်ညှိုးညွှန်ကာ ကောင်းကင် ဖြိုခွဲခြင်း ပညာရပ်ကို ထုတ်ဖော်လိုက်သည်။
မူလဝိညာဉ်အဆင့် သတ္တမအလွှာရှိ ချီစွမ်းအင်နှင့်အတူ ဓာတ်ကြီးငါးပါး မဟာနယ်မြေ၏ စွမ်းအားက ပံ့ပိုးပေးထားလေသည်။
အခင်းအကျင်း အကာအကွယ်မှာ လက်ညှိုးတံဆိပ် တစ်ချက်တည်းဖြင့် ကျိုးပျက်သွားခဲ့၏။
ဒုတိယ စမ်းသပ်မှုက စိတ်ဝိညာဉ်နှင့် စိတ်ခံစားမှု အခြေအနေ ဖြစ်ရာ စုယွီသည် မည်သည့် ဂယက်ရိုက်ခတ်မှုမျှ မရှိဘဲ ကျော်ဖြတ်နိုင်ခဲ့သည်။
တတိယ စမ်းသပ်မှုက စိတ်ကူးယဉ် အခင်းအကျင်း တိုက်ပွဲ...
ပြိုင်ဘက်မှာ နှင်ထုတ်ခံရသော အင်မော်တယ် တစ်ပါးကဲ့သို့ ဝေဝါးနေလေသည်။
ထုတ်လွှတ်နေသော အရှိန်အဝါက ဝိညာဉ်ခွဲထွက် အဆင့် ပထမအလွှာတွင် ရှိနေ၏။
ဤနှင်ထုတ်ခံရသော အင်မော်တယ် စိတ်ကူးယဉ် ပုံရိပ်မှာ မှုန်ဝါးနေပြီး စုယွီအား မျက်နှာမူလိုက်ချိန်တွင် သာယာညှင်းပျောင်းသော အသံ တစ်ခုက ပဲ့တင်ထပ်လာခဲ့သည်။
'စတင် လှုပ်ရှားလိုက်ပါတော့...'
စကားမဆုံးလိုက်ခင် နောက်တစ်ခဏတွင်...
ဟင်းလင်းပြင် နယ်မြေ အချိန် နယ်မြေ၊ ဓာတ်ကြီးငါးပါး နယ်မြေ၊ ပုံရိပ်ယောင် နယ်မြေနှင့် ခန္ဓာကိုယ် သန့်စင်ခြင်း နယ်မြေ နှစ်ခုတို့က တစ်ပြိုင်နက်တည်း ကျဆင်းလာခဲ့ပြီး တစ်ချိန်တည်းမှာပင် စုယွီ၏ လက်တစ်ချက် ဝှေ့ယမ်းမှုက အဆင့်မြင့် စတုတ္ထအဆင့် အဆောင်လက်ဖွဲ့ ထောင်ပေါင်းများစွာကို ဖန်ဆင်းပေါ်ပေါက်လာစေခဲ့တော့သည်။
“ဝုန်း…”
မှော်ပညာရပ် တရစပ် တိုက်ခိုက်မှု တစ်ကြိမ်နှင့် အဆောင်လက်ဖွဲ့ ပေါက်ကွဲမှု အပြီးတွင် ဝေဝါးနေသော အင်မော်တယ် ပုံရိပ်မှာ စကားပင် ဆုံးအောင် မပြောလိုက်ရဘဲ ပျောက်ကွယ်သွားခဲ့လေ၏။
ဤအရာကို မြင်ပြီးနောက် စုယွီက အတော်လေး ကျေနပ်သွားကာ ခေါင်းညိတ်ရင်း စကားဆိုလိုက်သည်။
“မဆိုးဘူးပဲ…”
ဤသည်က စိတ်ကူးယဉ် အခင်းအကျင်း အတွင်းရှိ အတုအယောင် တိုက်ပွဲ သက်သက်သာ ဖြစ်ပြီး အစစ်အမှန် တိုက်ပွဲ မဟုတ်ပါချေ။
ဆုံးရှုံးမှုများ မရှိနိုင်သည့် အတွက် သူက သဘာဝကျကျပင် နောက်တွန့်နေမည် မဟုတ်ပေ။
သို့သော် ဤအရာကို တွေ့မြင်လိုက်ရသော ဒုတိယ ရွှေချပ်ဝတ် ခေါင်းဆောင်၏ မျက်နှာပေါ်တွင် သူ၏ ရယ်မောမှုကို ထိန်းချုပ်ထားရန် ကြိုးစားနေသကဲ့သို့ ထူးဆန်းသော မျက်နှာအမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက တိုးညင်းစွာ ရေရွတ်လိုက်၏။
'အကယ်၍ အကြီးအကဲ ယန်သာ သူ့ရဲ့ ကိုယ်ပိုင် ဝိညာဉ်ခွဲထွက်ခြင်း ကိုယ်ပွားလေး ဒီလိုမျိုး အရိုက်ခံလိုက်ရမှန်း သိရင် ဒီကောင်လေးကို ရိုက်နှက်ဖို့အတွက် ပြန်လည် ရှင်သန်လာလောက်မလား...'
ပထမ ရွှေချပ်ဝတ် ခေါင်းဆောင်က သေချာစွာ တွေးတောလိုက်ပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်၏။
'အကြီးအကဲ ယန်ရဲ့ စိတ်နေသဘောထား အရဆိုရင် သူ လုပ်လောက်တယ်...'
လောကကြီးတွင် မည်သူက အဆောင်လက်ဖွဲ့ ထောင်ပေါင်းများစွာကို ဒီအတိုင်း ပေါ့ပေါ့ပါးပါးကြီး ပစ်ထုတ်ရက်မည်နည်း...။
ဒါက အနိုင်ကျင့်နေတာ မဟုတ်ဘူးလား...
ဤကဲ့သို့သော နည်းလမ်းက အနည်းငယ် ကောက်ကျစ်နေပြီး အကြီးအကဲ ယန်က ဤကဲ့သို့သော လူမျိုးများကို အမြဲတမ်း ရွံရှာစက်ဆုပ်ခဲ့သည်။
သို့သော်ငြား ပထမနှင့် ဒုတိယ ရွှေချပ်ဝတ် ခေါင်းဆောင်တို့က စုယွီ၏ စွမ်းဆောင်ရည်များကို သိရှိထားကြလေ၏။ သူ၏ အဆောင်လက်ဖွဲ့ ဖန်တီးခြင်း အောင်မြင်မှုနှုန်းမှာ ကြောက်ခမန်းလိလိ မြင့်မားလှပြီး တစ်ကြိမ်တည်းဖြင့် ထောင်ပေါင်းများစွာကို ထုတ်လုပ်နိုင်သည်။ အခြားသူများ မတတ်နိုင်သော်ငြား စုယွီကတော့ တတ်နိုင်သည်။
စုယွီ အခင်းအကျင်းထဲမှ ထွက်လာချိန်တွင် သူက ယခုအခါ ယွဲ့ အင်မော်တယ် တပည့် တစ်ယောက် ဖြစ်ကြောင်း ညွှန်ပြနေသည့် တံဆိပ်ပြား တစ်ခုကို ကိုင်ဆောင်ထားလေပြီ။
ဤအရာနှင့်အတူ သူသည် သိုင်းကျမ်းတစ်သောငါး မျှော်စင်၏ ဒုတိယထပ်သို့ ဝင်ရောက်နိုင်မည် ဖြစ်ပြီး ဝိညာဉ်ခွဲထွက် အဆင့် နည်းစနစ်များနှင့် ကျင့်စဉ် စာအုပ်များ အကြောင်းကို လေ့လာနိုင်ပေလိမ့်မည်။
မူလက ပိုမို မြင့်မားသော အဆင့်ရှိ တာအိုပညာရပ်များ လဲလှယ်ရန်အတွက် ပံ့ပိုးမှု တန်ဖိုးများကို အသုံးပြုရန် စုယွီ တွေးတောထားခဲ့၏။ သို့သော် ယခုအခါ သူ စိတ်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူ၏ ခွန်အားများ တိုးတက်လာခဲ့မည် ဆိုပါက သူသည် တာအိုပညာရပ်များကို ရယူနိုင်ချေ ရှိလာပေလိမ့်မည်။
သို့သော် ပံ့ပိုးမှု တန်ဖိုး ဆိုသည်မှာ ရရှိရန် ခဲယဉ်းလှပေ၏။
၎င်းကို ယွဲ့ အင်မော်တယ် နန်းတော်၏ ရတနာ အချို့နှင့် လဲလှယ်ရန် အသုံးပြုခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ရွှေချပ်ဝတ် ခေါင်းဆောင် အကြီးအကဲ နှစ်ဦးကို နှုတ်ဆက်ပြီးနောက် စုယွီက မြို့တော် အတွင်းရှိ အခြားသော အင်မော်တယ် နန်းတော် တစ်ခု ဖြစ်သည့် ရတနာတစ်ရာ ခန်းမ သို့ သွားရောက်ခဲ့လေသည်။
ဤသည်မှာ မူလက ယွဲ့ အင်မော်တယ် နန်းတော်ရှိ ရတနာများ လဲလှယ်ရာ နေရာ ဖြစ်သော်လည်း ယခုအခါ အခြား နေရာများ ကဲ့သို့ပင် အနက်ရောင် ဒေါသ စစ်သည်တော်များ ၊ ငွေရောင်ချပ်ဝတ် အစောင့်အရှောက် ခေါင်းဆောင်များ အပါအဝင် မည်သည့် သက်ရှိ သတ္တဝါမျှ ကျန်ရစ်နေခြင်း မရှိတော့ချေ။
ရတနာတစ်ရာ ခန်းမသို့ ဝင်ရောက်လာပြီး ရတနာ လဲလှယ်ရေး ကျောက်စိမ်းလိပ်ကို ရှာတွေ့ချိန်၌ စုယွီ ၎င်းကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် စကားလုံး အချို့တွင် အပြောင်းအလဲများ ဖြစ်ပေါ်သွားခဲ့သည်။
ပစ္စည်း အများစုမှာ ပစ္စည်းပြတ်လပ် ဟူ၍ ဖြစ်သွားကြလေပြီ။
ကျောက်စိမ်းလိပ်၏ အပြောင်းအလဲများကို သတိပြုမိပြီးနောက် စုယွီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဤကျောက်စိမ်းလိပ် ကိုယ်တိုင်ကပင် ရတနာ တစ်ပါး ဖြစ်နေသည်။
၎င်းကို အတန်ကြာအောင် စစ်ဆေးကြည့်ပြီးနောက် ကျောက်စိမ်းလိပ်မှာ သူ၏ လက်ရှိ ယွဲ့ အင်မော်တယ် တပည့် အဆင့်အတန်းနှင့် အညီ ရတနာများကို ပြသနေကြောင်း စုယွီ ရှာဖွေတွေ့ရှိလိုက်၏။
အကောင်းဆုံးမှာ ပဉ္စမအဆင့် ရတနာ တစ်ပါး သို့မဟုတ် အလယ်အလတ်အဆင့် မှော်လက်နက် တစ်ခု ဖြစ်သည်။