အခန်း ၇၇၇
Vol. 52 Ch. 777
အခန်း (၇၇၇) - အဆောင်လက်ဖွဲ့လူသားများ၊ ကိုးဝိညာဉ် အင်မော်တယ်တောင်အား ခွဲဝေခြင်း
“ဝှစ်…”
ကျောက်စိမ်းစင်မြင့်ပေါ်ရှိ လက်ဝါးအရွယ်အစား ရှိသော စက္ကူလူသားလေးထံသို့ သဘာဝ ဝိညာဉ်စွမ်းအားများ စီးဝင်သွားသောအခါ ၎င်း၏ မျက်နှာသွင်ပြင်နှင့် အမူအရာများက အသက်ဝင်လာသည့်အလား ထင်မှတ်ရသည်။
လူသား တစ်ဦးနှင့် တူသော ထိုစက္ကူလူသားသည် ၎င်း၏ လက်ထဲတွင် ဓားပျံ တစ်လက်ကို ကိုင်ဆောင်ထား၏။
စက္ကူပေါ်တွင် ရေးဆွဲထားသော သင်္ကေတတစ်ခုမျှသာ ဖြစ်သော်ငြား ထိုဓားပျံဆီမှ ကြောက်မက်ဖွယ်ကောင်းသော ထက်ရှမှုတစ်ခု ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဝိညာဉ်စွမ်းအားများ စီးဝင်မှု ရပ်တန့်သွားပြီး အရိပ်ဓား စက္ကူလူသားလေး အသက်ဝင်လာသောအခါ စုယွီက ဤအဆင့်တစ် အဆင့်နိမ့် အရိပ်ဓား စက္ကူလူသား အဆောင်လက်ဖွဲ့၏ အလားအလာကို စစ်ဆေးကြည့်ရန် စပ်စုလိုစိတ်ဖြင့် အနီးသို့ ချဉ်းကပ်သွားခဲ့တော့သည်။
"ဒီကောင်လေးက တကယ်ပဲ ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ကြည့်ကြသေးတာပေါ့..."
စုယွီက လက်ဟန် အဆက်မပြတ် ဖော်ပြလိုက်ပြီး မှော်စွမ်းအားတစ်ရပ်ကို စက္ကူလူသားထံသို့ ဦးတည်စေလိုက်၏။
“ဝှစ်…”
မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်ဓား စက္ကူလူသားမှာ အသက်ဝင်လာခဲ့လေသည်။
၎င်းက ကျောက်စိမ်းစင်မြင့်ပေါ်မှ ခုန်ဆင်းလာခဲ့ပြီး အရွယ်အစားကို စိတ်ကြိုက် ပြောင်းလဲလိုက်ရာ အရွယ်ရောက်ပြီးသူ လူတစ်ဦး၏ အရွယ်အစားအထိ ကြီးမားလာခဲ့၏။
၎င်း၏ လက်ထဲရှိ ဓားပျံကို ပစ်လွှတ်နိုင်ပြီး ရန်သူများကို တိုက်ခိုက်မည့် လက်နက်တစ်ခု ဖြစ်သည်။
“ရွှီး…”
ဓားပျံသည် လေထုကို ခွင်းကာ အရှိန်အဟုန်ဖြင့် ပျံသန်းလာပြီး စုယွီ၏ မျက်နှာဆီသို့ ထိုးစိုက်လာတော့၏။
စုယွီက ပိတ်ဆို့ရန် လက်ကို မြှောက်လိုက်သော်လည်း ဓားက သူ၏ လက်ဝါးကို ဖောက်ထွင်းသွားသောအခါ ၎င်း၏ ပြင်းထန်လှသော ထက်ရှမှုကြောင့် သူ အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
"သူ့ရဲ့ စွမ်းအားက ချီစုဆောင်းခြင်း အဆင့်သုံး ထိပ်ဆုံးအဆင့်နဲ့ ညီမျှတယ်..."
ဆယ့်ငါးမိနစ်နီးပါးခန့် ခုခံပြီးနောက်တွင်မှ အရိပ်ဓား စက္ကူလူသားက သူ့အလိုလို မီးလောင်ကျွမ်းသွားခဲ့ပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားလေ၏။
တစ်လကျော် ကြာပြီးနောက် စုယွီသည် အရိပ်တစ်ထောင် အဆောင်လက်ဖွဲ့ ပညာရပ်၏ ပထမအဆင့်ကို ကျွမ်းကျင် ပိုင်နိုင်သွားခဲ့ပြီ ဖြစ်ရာ စက္ကူလူသားများ ဖန်တီးရာတွင် သူ၏ အရှိန်အဟုန်မှာ ဆယ်ဆခန့် တိုးတက်လာခဲ့ပြီး အဆောင်လက်ဖွဲ့ ထောင်ပေါင်းများစွာကို ဖန်တီးနိုင်ခဲ့သည်။
ထို့နောက် သူက အပြင်ဘက် အင်မော်တယ်မြို့တော်၏ မှိန်ပျပျ လမ်းမများဆီသို့ ရောက်ရှိလာခဲ့ပြီး သူ၏ အဆင့်တစ် စက္ကူလူသားများ အားလုံးကို ထုတ်ယူကာ စစ်တပ်နှစ်ခုအဖြစ် ခွဲခြားလိုက်၏။
အခြားသော လက်ဟန် အစီအစဉ်တစ်ခုနှင့်အတူ ကြီးမားလှသော မှော်စွမ်းအားလှိုင်း တစ်ခုက စက္ကူလူသားများထံသို့ စီးဝင်သွားခဲ့သည်။
“ဝုန်း…”
'လူ' ထောင်ပေါင်းများစွာ ပါဝင်သော ကြီးကျယ်ခမ်းနားလှသည့် စစ်ပွဲမြင်ကွင်းကြီး တစ်ခုက သူ၏ မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့လေ၏။
စုယွီ၏ အာရုံစူးစိုက်မှု အားလုံးက စက္ကူလူသားများအပေါ်တွင်သာ ကျရောက်နေခဲ့ပြီး ထိုအတွေ့အကြုံက သူ၏ ကိုယ်ပိုင် မှော်ပညာရပ်များကို အဆင့်ဆင့် ပြောင်းလဲတိုးတက်စေရန် အထောက်အကူ ပြုခဲ့သော်ငြား အကြိမ်အနည်းငယ် ကြိုးစားပြီးနောက်တွင်တော့ ဤအကြံအစည်ကို သူ အမြန်အဆန်ပင် စွန့်လွှတ်လိုက်ရ၏။
သူ၏ လက်ရှိ ဝိညာဉ်အခြေအနေအရ အဆင့်တစ် စက္ကူလူသား ရာဂဏန်း အနည်းငယ်ကိုသာ သူ ထိန်းချုပ်နိုင်ပြီး သူ၏ ပညာရပ်များကို လိုက်လျောညီထွေဖြစ်အောင် အဆင့်ဆင့် ပြောင်းလဲနိုင်သည်။
၎င်းတို့ကို ထိန်းချုပ်ရခြင်းက သူ၏ ဝိညာဉ်စွမ်းအားကို များစွာ ကုန်ခမ်းစေခဲ့ပြီး အချိန်ကြာမြင့်စွာ ဆက်လက် မထိန်းသိမ်းနိုင်ခဲ့ချေ။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ စက္ကူလူသား သောင်းပေါင်းများစွာကို ထိန်းချုပ်ကာ ပညာရပ်များကို အဆင့်ဆင့် ပြောင်းလဲရန် ဆန္ဒရှိခြင်းမှာ မဖြစ်နိုင်သော စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်သည်။
"ဒါပေမဲ့ စက္ကူလူသားတွေကို အသုံးပြုပြီး ကိုယ်ပိုင် မှော်ပညာရပ်တွေကို အဆင့်ဆင့် ပြောင်းလဲဖို့နဲ့ ကိုယ်ပွားတွေ အများကြီး ပိုင်ဆိုင်နိုင်တဲ့ အမြင်ကို အကောင်အထည် ဖော်နိုင်တယ် ဆိုတဲ့ ယွဲ့ အင်မော်တယ်ရဲ့ အကြံအစည်က တကယ်ပဲ ဖြစ်လာနိုင်တယ်..."
သူ၏ ရှေ့မှောက်တွင် စက္ကူလူသားများ အားလုံး ပြာအဖြစ် မီးလောင်ကျွမ်းသွားစဉ် စုယွီက အတွေးလွန်နေရင်း ရေရွတ်လိုက်သည်။
အကယ်၍ သူသာ အဆင့်လေး ထိပ်ဆုံးအဆင့် စက္ကူလူသားများ သို့မဟုတ် အဆင့်ငါး စက္ကူလူသားများကိုပင် ဖန်တီးနိုင်ခဲ့မည် ဆိုပါက သူသည် အနည်းငယ် သို့မဟုတ် ဆယ်ခုထက်ပို၍ပင် ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ၎င်းတို့က ရန်သူများကို တိုက်ခိုက်ရန် သူ၏ ပညာရပ်များကို အဆင့်ဆင့် ပြောင်းလဲပေးနိုင်ပေလိမ့်မည်။
ထိုကဲ့သို့သော စက္ကူလူသားများက သူ၏ ကိုယ်ပိုင် စွမ်းအားထက် အဆပေါင်းများစွာ ပိုမို ထုတ်လွှတ်နိုင်စွမ်း ရှိပေမည်။
နောက်ထပ် ဆယ်နှစ်ခန့် အကြာတွင်
စုယွီသည် အရိပ်တစ်ထောင် အဆောင်လက်ဖွဲ့ ပညာရပ်ကို လေ့လာရာတွင် သူကိုယ်သူ မြှုပ်နှံထားခဲ့ပြီး အဆောင်လက်ဖွဲ့ပြုလုပ်ရန် ဝိညာဉ်သစ်သားများကို ရှာဖွေရန် တစ်ခါတစ်ရံ အပြင်ထွက်လေ့ ရှိ၏။ နောက်ဆုံးတွင် ဤပညာရပ်ကို အဆင့်လေး အဆင့်နိမ့် အထိ သူ မြှင့်တင်နိုင်ခဲ့ပြီး ကျွမ်းကျင်မှုအဆင့်မှာ ခြောက်ဆယ်ကျော်အထိ ရောက်ရှိလာခဲ့လေသည်။
*
မြေကမ္ဘာ အင်မော်တယ် နန်းတော်..။
အင်မော်တယ် ဂိုဏ်း။
"ကိုးဝိညာဉ် အင်မော်တယ်တောင်မှာ အခြေအနေတွေ ဆိုးကုန်ပြီ..."
စုယွီ၏ တာအိုရုပ်သေးက အဆင့်ငါး အဆင့်နိမ့် ရေခဲဖီးနစ် လေဝိညာဉ်သိမ်းငှက်၏ အစိတ်အပိုင်း အများစုကို ဖန်တီး၍ ပြီးစီးခါနီး အချိန်လေးမှာပင် ဟွမ်ကျူးက အလောတကြီး ရောက်ရှိလာခဲ့ပြီး ပြောလိုက်သည်။
"အင်မော်တယ် တစ်သောင်း နန်းတော်နဲ့ ပုတူ ဗုဒ္ဓဂိုဏ်းက ကိုးဝိညာဉ် အင်မော်တယ်တောင်ကို သူတို့အချင်းချင်းကြားမှာ ခွဲဝေယူဖို့ စီစဉ်နေကြတယ်..."
"ပုတူ ဗုဒ္ဓဂိုဏ်းက ဗုဒ္ဓသခင် တစ်ပါးက ကိုးဝိညာဉ် အင်မော်တယ်တောင်ကို ခွဲဝေဖို့ ဝမ်လုံ မင်းဆက်ဆီ ရောက်လာတယ် ဆိုတဲ့ သတင်းလည်း ထွက်နေတယ်..."
၎င်းကို ကြားလိုက်ရသောအခါ စုယွီ၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားခဲ့တော့၏။
'အင်မော်တယ် တစ်သောင်း နန်းတော်... သူတို့က ကိုးဝိညာဉ် အင်မော်တယ်တောင်ကို ခွဲဝေယူဖို့ ပုတူ ဗုဒ္ဓဂိုဏ်းနဲ့ ပူးပေါင်းချင်နေတာလား...'
စုယွီ၏ အတွေးများကို သတိပြုမိသွားသကဲ့သို့ ဟွမ်ကျူးက ပြောလိုက်သည်။
"အင်မော်တယ် တစ်သောင်း နန်းတော်က ပုတူ ဗုဒ္ဓဂိုဏ်းနဲ့ သူတို့ရဲ့ မဟာမိတ်ဖွဲ့မှုကို ထုတ်ပြန်မကြေညာသေးပေမဲ့ တိုက်ခိုက်မှု စတင်နေပြီ.. ကိုးဝိညာဉ် အင်မော်တယ်တောင်ရဲ့ အင်မော်တယ် မြို့တော် တစ်ခုကိုတောင် သိမ်းပိုက်လိုက်ကြပြီ..."
"ဒါ့အပြင် အင်မော်တယ် တစ်သောင်း နန်းတော်က အင်အား အမြောက်အမြား ချထားပြီး တခြား လမ်းကြောင်း တစ်ခုကနေ ကိုးဝိညာဉ် အင်မော်တယ်တောင်ရဲ့ နယ်မြေထဲကို ဝင်ရောက်လာနေပြီး သူတို့ရဲ့ ထိုးစစ်ကိုလည်း အရှိန်မြှင့်တင်နေတယ်..."
"တခြား တစ်ဖက်မှာလည်း ပုတူ ဗုဒ္ဓဂိုဏ်းက အလားတူ လုပ်ဆောင်ခဲ့ပြီး ကိုးဝိညာဉ် အင်မော်တယ်တောင်ကို မထင်မှတ်ဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်…”