← Chapters

အခန်း ၇၇၈

Vol. 52 Ch. 778

အခန်း ၇၇၈

Vol. 52 Ch. 778

အခန်း (၇၇၈) - ကုန်သွယ်မှုများ (၁)

လွန်ခဲ့သောနှစ်ပေါင်း (၁၈၀) အတွင်း အင်မော်တယ် တစ်သောင်း နန်းတော်သည် ကြီးမားလှသောအရှုံးများနှင့် ရင်ဆိုင်ခဲ့ရ၏။ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်မှုများက နန်းတော်ကြီးနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသောအုတ်မြစ်ကို တဖြည်းဖြည်းချင်း ပြိုလဲပျက်စီးစေခဲ့သည်။ ဤကျဆင်းမှုကိုသာ ပြန်လည်မကုစားနိုင်ပါက အင်မော်တယ် တစ်သောင်း နန်းတော်သည် ပျက်သုဉ်းခြင်းအန္တရာယ်နှင့် ရင်ဆိုင်ရပေတော့မည်။

"အဲဒီတော့ အင်မော်တယ် တစ်သောင်း နန်းတော်က ကိုးဝိညာဉ် တောင်တန်းရဲ့ အရင်းအမြစ်တွေကို မျက်စိကျနေတာပေါ့"

"ကိုးဝိညာဉ် တောင်တန်းကို ဝါးမျိုလိုက်မယ်ဆိုရင်... မဟုတ်ဘူး... အစိတ်အပိုင်းတစ်ခုလောက်ကို ဝါးမျိုလိုက်နိုင်ရင်တောင် အင်မော်တယ် တစ်သောင်း နန်းတော်ရဲ့အင်အားတွေ အပြည့်အဝပြန်လည်ကောင်းမွန်လာပြီး အတိတ်က သူတို့ရဲ့အထွတ်အထိပ်အခြေအနေကိုတောင် ကျော်လွန်သွားနိုင်တယ်လေ"

စုယွီ၏မျက်လုံးများက အေးစက်ခက်ထန်နေတော့၏။

ဟွမ်ကျူးက သူ့အားစူးစိုက်ကြည့်ကာ စူးစမ်းလိုက်သည်။

"မင်း ဘာလုပ်ချင်လို့လဲ"

စုယွီက အတန်ကြာ စဉ်းစားချင့်ချိန်ပြီးနောက် တည်ကြည်ပြတ်သားစွာ တုံ့ပြန်လိုက်၏။

"ကိုးဝိညာဉ် တောင်တန်းကို အကူအညီပေးပါမယ်... လူအင်အားမဟုတ်ဘူး... ပစ္စည်းအရင်းအမြစ်တွေလေ... ဆေးလုံးတွေပဲဖြစ်ဖြစ် အဆောင်လက်ဖွဲ့တွေပဲဖြစ်ဖြစ် အခင်းအကျင်းတွေပဲဖြစ်ဖြစ် အဆင့်လေးအောက်ကဟာ မှန်သမျှ ကန့်သတ်ချက်မရှိ ထောက်ပံ့ပေးနိုင်ပါတယ်"

...

"ကိုးဝိညာဉ် တောင်တန်းက အလဲအလှယ်အနေနဲ့ ကျွန်တော်တို့ကို အရင်းအမြစ်တွေပေးသရွေ့ ပေးမယ်"

ဟွမ်ကျူးက မျက်မှောင်အနည်းငယ်ကုတ်သွားပြီး စုယွီကို မယုံနိုင်ဟန်ဖြင့်ကြည့်လိုက်၏။

"ပုတူဗုဒ္ဓဂိုဏ်းနဲ့ အင်မော်တယ် တစ်သောင်း နန်းတော်ကို အမျက်ထွက်စေမှာ မင်းမကြောက်ဘူးလား"

စုယွီက ဟက်ဟက်ပက်ပက်ရယ်မောလျက် ခနဲ့တဲ့တဲ့ တုံ့ပြန်လိုက်သည်။

"ဒါတွေမလုပ်ရင်ကော ပုတူဗုဒ္ဓဂိုဏ်းနဲ့ အင်မော်တယ် တစ်သောင်း နန်းတော်က ကျွန်တော်တို့ရဲ့မြေကမ္ဘာ အင်မော်တယ် နန်းတော် နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ကြမှာမို့လို့လား... လုံးဝမဖြစ်နိုင်ဘူးလေ‌ ခင်ဗျာ"

"အဲဒီတော့ သူတို့ ဒေါသထွက်ထွက် မထွက်ထွက် ဘာကွာသွားမှာလဲ"

"ကိုးဝိညာဉ် တောင်တန်းကို ကူညီတာက သူတို့နဲ့ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်နိုင်တယ်... ကိုယ့်ဂိုဏ်းကို အင်အားဖြည့်ဖို့ အရင်းအမြစ်တွေရနိုင်တယ်... တစ်ချိန်တည်းမှာပဲ ပုတူဗုဒ္ဓဂိုဏ်းနဲ့ အင်မော်တယ် တစ်သောင်း နန်းတော်က ကိုးဝိညာဉ် တောင်တန်းကို သိမ်းပိုက်မယ့်ကိစ္စကို နှောင့်နှေးစေပြီး သူတို့ရဲ့အရှုံးတွေကို ပိုများလာစေတယ်လေ"

"မြားတစ်စင်းတည်းနဲ့ ငှက်အများကြီးကို ပစ်ချနိုင်တာပေါ့"

ထိုကိစ္စကို မြေကမ္ဘာ အင်မော်တယ် နန်းတော် ၏ ခန်းမဆောင်ကြီးအတွင်းရှိ အကြီးအကဲများ အဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပြီး အများစု၏ မဲဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့သည်။

ဆေးလုံးများ ၊ အဆောင်လက်ဖွဲ့များ ၊ အခင်းအကျင်းများနှင့် အခြားသောအရင်းအမြစ်များကို အကူအညီအဖြစ် အသုံးပြုကာ ကိုးဝိညာဉ် တောင်တန်းနှင့် ပေါ်ပေါ်ထင်ထင်ပင် ကုန်သွယ်မှု ပြုလုပ်ခဲ့ကြတော့သည်။

ဤလုပ်ရပ်က အင်မော်တယ် တစ်သောင်း နန်းတော်နှင့် ပုတူဗုဒ္ဓဂိုဏ်း၏ မကျေနပ်မှုကို နှိုးဆွပေးနိုင်သော်ငြား အားလုံးက တူညီသောကစားကွင်းတစ်ခုတည်းပေါ်တွင် ရှိနေကြခြင်းသာ ဖြစ်သည်။ ပုတူဗုဒ္ဓဂိုဏ်းနှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့၏ လုပ်ရပ်များသည် မြေကမ္ဘာ အင်မော်တယ် နန်းတော် ၏ ရှင်သန်ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။

မြေကမ္ဘာ အင်မော်တယ် နန်းတော် က ဘာမှမသိချင်ယောင်ဆောင်ပြီး ဖြစ်ပျက်နေသမျှကို လျစ်လျူရှုထားမည်ဆိုလျှင်တောင် ကိုးဝိညာဉ် တောင်တန်း ကျဆုံးသွားသည်နှင့် နောက်ထပ်ပစ်မှတ်က ဘယ်သူဖြစ်လာမည်နည်း။

ဤကိစ္စက သူတို့ရှောင်လွှဲ၍ ရနိုင်သော အရာ မဟုတ်တော့ပေ။

မကျေနပ်မှုတဲ့လား။

ကိုးဝိညာဉ် တောင်တန်းကို မသိမ်းပိုက်နိုင်မီအချိန်အထိ ပုတူဗုဒ္ဓဂိုဏ်းနှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့သည် မကျေနပ်လျှင်တောင်မှ မျိုသိပ်ခံစားနေရုံမှတစ်ပါး စကားတစ်ခွန်းမျှ ဝင်ဟဝံ့မည်မဟုတ်ချေ။

သို့မဟုတ်ပါက သူတို့က မြေကမ္ဘာ အင်မော်တယ် နန်းတော် ကို လှုပ်ရှားလာစေရန် ရန်စလိုက်မိလျှင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ အခြားသောဂိုဏ်းများကပါ အင်အားများပူးပေါင်းလာနိုင်ချေရှိသည်။ ထိုသို့ဆိုလျှင် အခြေအနေများ ပြောင်းပြန်လှန်သွားနိုင်သည်။

ကိုးဝိညာဉ် တောင်တန်းနှင့် ဆက်သွယ်နေစဉ်အတွင်း စုယွီ ၊ ဖန်ရှောင် ၊ တာအိုဆရာထျန်းယွီ ၊ ဟွမ်ကျူးတို့အပြင် အုပ်ချုပ်ရေးခန်းမ၏ ပထမအကြီးအကဲ အရှင်သခင်ကြီးချန်ပိုင်ယွီ ၊ မြေကမ္ဘာ အင်မော်တယ် နန်းတော် လျှို့ဝှက်ခန်းမ၏ ပထမအကြီးအကဲ အရှင်သခင်ကြီးကျောက်ချန်ဖုန်းနှင့် အခြားသော မဟာ အကြီးအကဲ တစ်ဒါဇင်ခန့်တို့သည် ဤကိစ္စကိုဆွေးနွေးရန် စုရုံးရောက်ရှိလာကြသည်။

ဖန်ရှောင်က စိတ်ဝင်တစား စူးစမ်းလိုက်၏။

"ကိုးဝိညာဉ် တောင်တန်းမှာ ကျွန်မတို့ မြေကမ္ဘာ အင်မော်တယ် နန်းတော် က လိုအပ်တဲ့ ဒါမှမဟုတ် လိုချင်တဲ့ ဘယ်လိုအရင်းအမြစ်တွေ ရတနာတွေရှိနေလို့လဲ"

မြေကမ္ဘာ အင်မော်တယ် နန်းတော် ၏ ထောက်လှမ်းရေးအဖွဲ့အစည်းကို ထိန်းချုပ်ထားသော မြေကမ္ဘာ အင်မော်တယ် နန်းတော် လျှို့ဝှက်ခန်းမ၏ ပထမအကြီးအကဲ အရှင်သခင်ကြီးကျောက်ချန်ဖုန်းသည် အရပ်ပုပု ခပ်ပိန်ပိန်နှင့် အနည်းငယ်ညစ်တီးညစ်ပတ်နိုင်သော အဘိုးအိုတစ်ဦးနှင့်တူနေ၏။

သူက ပြုံးစိစိလုပ်ကာ ရှင်းပြလိုက်သည်။

"ကိုးဝိညာဉ် တောင်တန်းရဲ့ အရေးအကြီးဆုံးရတနာကတော့ သဘာဝကျကျပဲ ကိုးဝိညာဉ်အင်မော်တယ်တံဆိပ်တော်ပေါ့... အဲဒါက ကိုးဝိညာဉ် တောင်တန်းကို စတင်တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးချန်ရစ်ခဲ့တဲ့ အထွတ်အထိပ်အဆင့် မှော်ရတနာဖြစ်ပြီး လက်ရှိမှာလည်း တောင်ကိုကာကွယ်ပေးနေတဲ့ ရတနာပဲလေ"

"ဒီကိုးဝိညာဉ်အင်မော်တယ်တံဆိပ်တော်က မိစ္ဆာသားရဲကိုးကောင်ရဲ့ စစ်မှန်တဲ့ဝိညာဉ်တွေကို ချိတ်ပိတ်ထားနိုင်တယ်လို့ ကောလာဟလတွေရှိတယ်... အဲဒီစစ်မှန်တဲ့ဝိညာဉ်တွေ တစ်ခုချင်းစီက ဝိညာဉ်ခွဲထွက် အဆင့် ၊ ပကတိဟင်းလင်းပြင်အဆင့် ကျင့်ကြံခြင်းအခြေခံတွေတောင် ရှိနိုင်တယ်လေ..."

"သေချာတာပေါ့... ကိုးဝိညာဉ် တောင်တန်းရဲ့ လက်ရှိစွမ်းဆောင်ရည်တွေအရဆိုရင် ပကတိဟင်းလင်းပြင်အဆင့် မိစ္ဆာသားရဲတစ်ကောင်ရဲ့ စစ်မှန်တဲ့ဝိညာဉ်ကို ချိတ်ပိတ်ဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်လောက်ပါဘူး"

"ဒါပေမဲ့ ဝိညာဉ်ခွဲထွက် အဆင့် မိစ္ဆာသခင်ကြီးကိုးကောင်ရဲ့ ပေါင်းစပ်စွမ်းအားနဲ့ဆိုရင် ကိုးဝိညာဉ်အင်မော်တယ်တံဆိပ်တော်ရဲ့ စွမ်းအားက ယုံကြည်နိုင်စရာ မရှိလောက်တဲ့ အဆင့်အထိ ရောက်သွားနိုင်တယ်"

"ငါတို့သာ ကိုးဝိညာဉ်အင်မော်တယ်တံဆိပ်တော်ကို ရနိုင်မယ်ဆိုရင်တော့..."

အုပ်ချုပ်ရေးခန်းမ၏ ပထမအကြီးအကဲ အရှင်သခင်ကြီးချန်ပိုင်ယွီက သူ့အား စိုက်ကြည့်ကာ သတိပေးလိုက်၏။

"ခင်ဗျားက ကိုးဝိညာဉ် တောင်တန်းကို သူတို့ရဲ့အသက်တွေ စွန့်စားရအောင် လုပ်ချင်နေတာပဲ"

"ဟီးဟီး"

အရှင်သခင်ကြီးကျောက်ချန်ဖုန်းက တဟီးဟီးရယ်မောလိုက်သည်။ သူက အမှန်တရားကို ဖွင့်ဟနေခြင်းသာပင်။

ကိုးဝိညာဉ် တောင်တန်း၏ ရတနာကို တကယ်ပင် လောဘတက်နေခဲ့ခြင်း ဖြစ်၏။

သို့သော်ငြား ဖန်ရှောင် တာအိုဆရာထျန်းယွီနှင့် အခြားသူများကလည်း ၎င်းမှာ လုံးဝမဖြစ်နိုင်ကြောင်း ရှင်းလင်းစွာ သိရှိထားကြသည်။

ထို့ကြောင့် ဖန်ရှောင်က ဆက်လက်၍ မေးခွန်းထုတ်လိုက်၏။

"တခြားဘာတွေရှိသေးလဲ"

အရှင်သခင်ကြီးကျောက်ချန်ဖုန်းက ခေါင်းတစ်ချက်ညိတ်ပြကာ ရှင်းပြသည်။

"တခြားဟာတွေကတော့... တကယ်လို့ ငါတို့က ဆေးလုံးတွေ အဆောင်လက်ဖွဲ့တွေ အခင်းအကျင်းတွေနဲ့ တခြားဟာတွေကိုပဲ ကုန်သွယ်မယ်ဆိုရင် ငါတို့အသုံးပြုနိုင်ပြီး တန်ဖိုးထားနိုင်တဲ့ ကိုးဝိညာဉ် တောင်တန်းက ရတနာတွေဆိုလို့ ကိုးဝိညာဉ်ဆေးလုံး ဒါမှမဟုတ် အဲဒီဆေးလုံးရဲ့ဖော်စပ်နည်းပဲ ရှိနိုင်တယ်... ဒီကိုးဝိညာဉ်ဆေးလုံးက အသွင်တစ်ဝက်ပြောင်းလဲထားတဲ့ မိစ္ဆာသားရဲတစ်ကောင် ဒါမှမဟုတ် မိစ္ဆာမျိုးနွယ်ဝင်တစ်ယောက် အဆင့်ငါးကို အဆင့်ချိုးဖြတ်နိုင်ဖို့ ဖြစ်နိုင်ချေကို ထက်ဝက်တိတိ တိုးမြှင့်ပေးနိုင်တယ်လေ... အတော်လေးကို ရှားပါးတဲ့ရတနာတစ်ခုလို့ သတ်မှတ်လို့ရတယ်"

"ဒါ့အပြင် ဒီဆေးလုံးကို ဖော်စပ်ဖို့အတွက် အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကိုးဝိညာဉ် တောင်တန်းရဲ့ ကိုးဝိညာဉ်စမ်းရေကိုလည်း အလဲအလှယ်လုပ်လို့ရတယ်"

"တခြားအရာတွေအတွက်ကတော့ ကိုးဝိညာဉ် တောင်တန်းက ဘာတွေပေးနိုင်မလဲဆိုတာ ကြည့်ရဦးမှာပေါ့... အဲဒီအချိန်ကျမှ ငါတို့လိုအပ်ရင် အလဲအလှယ်လုပ်ကြတာပေါ့"

ဆွေးနွေးပွဲပြီးဆုံးသွားပြီးနောက် စုယွီသည် ဖန်ရှောင်ထံသို့ စာရင်းတစ်ခု ကမ်းပေးလိုက်၏။ ၎င်းမှာ ဆေးလုံးများ အဆောင်လက်ဖွဲ့များ အခင်းအကျင်းများ ရုပ်သေးများ ရတနာလက်နက်ဖန်တီးခြင်းနှင့် အခြားအရာများအပါအဝင် သူလိုအပ်နေသော အဆင့်ငါးပါဝင်ပစ္စည်းများစာရင်းပင် ဖြစ်တော့သည်။

အဆင့်ငါးပါဝင်ပစ္စည်းများသည် အဆင့်လေးပါဝင်ပစ္စည်းများနှင့် များစွာကွာခြားလေသည်။ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာတွင် အဆင့်ငါးပါဝင်ပစ္စည်းတစ်ခုစီတိုင်းကို ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး အလွန်ရှားပါးကာ စုဆောင်းရခက်ခဲလှသည်။

သူတို့သာ ကိုးဝိညာဉ် တောင်တန်းမှ အဆင့်ငါးပါဝင်ပစ္စည်း အမြောက်အမြားနှင့် လဲလှယ်ရန် ဆေးလုံးများ အဆောင်လက်ဖွဲ့များ အခင်းအကျင်းများနှင့် အခြားပစ္စည်းများကို အသုံးပြုနိုင်ခဲ့မည်ဆိုလျှင်။

ထိုသို့ဆိုလျှင် ကိုးဝိညာဉ် တောင်တန်းအား အင်မော်တယ် တစ်သောင်း နန်းတော်နှင့် ပုတူဗုဒ္ဓဂိုဏ်းတို့က မလုယက်မီအချိန်လေးမှာပင် မြေကမ္ဘာ အင်မော်တယ် နန်းတော် သည် အနည်းဆုံးတော့ အမြတ်တစ်စိတ်တစ်ပိုင်း ရရှိသွားနိုင်သည်။

အကယ်၍ ကိုးဝိညာဉ် တောင်တန်းသည်သာ အင်မော်တယ် တစ်သောင်း နန်းတော်နှင့် ပုတူဗုဒ္ဓဂိုဏ်းတို့၏ ထိုးစစ်များကို တောင့်ခံထားနိုင်မည်ဆိုပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

ပုတူဗုဒ္ဓဂိုဏ်းနှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့က ဘာမှရရှိမည်မဟုတ်ဘဲ မြေကမ္ဘာ အင်မော်တယ် နန်းတော် ကမူ လိုသလောက်ရရှိနိုင်မည်ဖြစ်သည်။

မြေကမ္ဘာ အင်မော်တယ် နန်းတော် ၏ ဆက်သွယ်လာမှုအတွက်မူ ကိုးဝိညာဉ် တောင်တန်းက ဝမ်းသာလုံးဆို့သွားခဲ့ရ၏။

သူတို့က ဤကိစ္စကိုဆွေးနွေးရန် ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲတစ်ဦးကို မြေကမ္ဘာ အင်မော်တယ် နန်းတော် သို့ အလျင်အမြန် စေလွှတ်လိုက်ကြသည်။

အဆင့်လေးနှင့် ၎င်းအောက်ရှိ ပစ္စည်းများကို လိုချင်သည့်အပြင် ကိုးဝိညာဉ် တောင်တန်းသည် အဆင့်ငါး အခင်းအကျင်းများကို ပို၍စိတ်ဝင်စားနေခဲ့သည်။ တစ်လကျော်ကြာ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် နှစ်ဖက်စလုံးသည် နောက်ဆုံးတွင် ကုန်သွယ်မှုကို အတည်ပြုနိုင်ခဲ့ကြလေသည်။

မြေကမ္ဘာ အင်မော်တယ် နန်းတော် သည် ကိုးဝိညာဉ် တောင်တန်းထံမှ ကိုးဝိညာဉ်ဆေးလုံးဖော်စပ်နည်းနှင့်အတူ ကိုးဝိညာဉ်စမ်းရေမှ ကိုးဝိညာဉ်ဆေးလုံးအတွက် ပါဝင်ပစ္စည်းတစ်ရာကို အဆင့်ငါး အခင်းအကျင်းနှစ်ခုဖြင့် အလဲအလှယ်ပြုလုပ်ခဲ့လေသည်။

All Chapters