အခန်း ၇၇၉
Vol. 52 Ch. 779
အခန်း (၇၇၉) - ကုန်သွယ်မှုများ (၂)
ကျန်ရှိနေသည်များကား အဆင့်လေးနှင့် ၎င်းအောက်ရှိ ဆေးလုံးများ အဆောင်လက်ဖွဲ့များ အခင်းအကျင်းများနှင့် အခြားသော အရင်းအမြစ်များ အရောင်းအဝယ်ကိစ္စပင် ဖြစ်တော့သည်။
အနည်းငယ်မျှကိုသာ အဆင့်ငါးပါဝင်ပစ္စည်းများနှင့် အလဲအလှယ်ပြုလုပ်နိုင်ပြီး အများစုကိုမူ အဆင့်သုံးနှင့် အဆင့်လေးပါဝင်ပစ္စည်းများဖြင့်သာ ကုန်သွယ်ရမည်ဖြစ်သည်။
တိုင်ယွီတောင်ထွတ်။
ကိုးဝိညာဉ် တောင်တန်းမှ လိုအပ်နေသော အဆင့်လေးဆေးလုံးများ အဆောင်လက်ဖွဲ့များနှင့် အခင်းအကျင်းများပါဝင်သည့် စာရင်းကို စုယွီ လှမ်းကြည့်လိုက်၏။ ထိုအရာအားလုံးမှာ သူကိုယ်တိုင် ဖန်တီးရမည့်အရာများချည်းသာ ဖြစ်နေသည်။
ပမာဏကို ကြည့်ရင်း စုယွီက တဟက်ဟက်ရယ်မောလိုက်ကာ ရေရွတ်လိုက်သည်။
"ကိုးဝိညာဉ် တောင်တန်းက အစားခံနိုင်သားပဲ"
သူ့ခန့်မှန်းချက်အရ ကိုးဝိညာဉ် တောင်တန်းနှင့် ကုန်သွယ်မည့်ပမာဏမှာ တစ်နှစ်တည်းအတွင်း အဆင့်လေးဆေးလုံးပေါင်း နှစ်ထောင်အထိပင် ရှိနေခဲ့၏။
စာရင်းထဲတွင် အဆင့်လေးအဆောင်လက်ဖွဲ့ပေါင်း နှစ်ထောင် သို့မဟုတ် ထိုထက်မက ပါဝင်နေသေးသည်။
အဆင့်လေး အခင်းအကျင်းများမှာလည်း အနည်းဆုံး သုံးဆယ်ခန့်ပင်။
သို့သော်ငြား ဈေးနှုန်းကတော့ သွေးဆောင်ဖြားယောင်းနိုင်လွန်းလှ၏။ ဈေးနှိမ်ခံရမည့်အစား ကုန်သွယ်မှုဈေးနှုန်းက ဈေးကွက်ပေါက်ဈေးထက် တစ်ဆယ် ရာခိုင်နှုန်းမျှ ပိုမိုမြင့်မားနေခဲ့သည်။
ဤအခြေအနေတွင် ကိုးဝိညာဉ် တောင်တန်း၏ ဆာလောင်မွတ်သိပ်မှုကို မြေကမ္ဘာ အင်မော်တယ် နန်းတော် ကသာ ဖြည့်ဆည်းပေးနိုင်လိမ့်မည်။
ထို့အပြင် ဤကိစ္စက စုယွီကြောင့်သာ ဖြစ်နိုင်ချေရှိခြင်းပါ။
သူသာမရှိလျှင် မြေကမ္ဘာ အင်မော်တယ် နန်းတော် အနေဖြင့် ကိုးဝိညာဉ် တောင်တန်းကို ဤမျှများပြားသော ပစ္စည်းများ ထောက်ပံ့ပေးနိုင်မည်
မဟုတ်ပေ။
'ဒီနောက်ပိုင်းတော့ ငါ တော်တော်လေး အလုပ်များရတော့မယ်...'
စုယွီက အကြောအခြင်အနည်းငယ် ဆန့်ထုတ်လိုက်ပြီးနောက် မြေကမ္ဘာ အင်မော်တယ် နန်းတော် မှ ပို့ဆောင်ပေးလာသော ပါဝင်ပစ္စည်းများကို ယူဆောင်လျက် သူ၏ဂူဗိမာန်အတွင်းရှိ ဆေးဖော်စပ်ရာအခန်းဆီသို့ ခြေလှမ်းလိုက်တော့၏။
“ဝေါ”
အချိန်ကာလနယ်ပယ် ကျရောက်လာသည်နှင့်အတူ စုယွီသည် ကိုးဝိညာဉ် တောင်တန်းမှ ပေးပို့ထားသော စာရင်းအတိုင်း အဆင့်လေးဆေးလုံးများကို စတင်ဖော်စပ်လေတော့သည်။
ဤသည်က ကိုးဝိညာဉ် တောင်တန်းနှင့် ကုန်သွယ်မှုတစ်ခုမျှသာဖြစ်၍ စုယွီအနေဖြင့် ဆေးလုံး၏အရည်အသွေးအတွက် ပူပန်နေရန် မလိုအပ်ပေ။ သာမန်အရည်အသွေးရှိရုံဖြင့်ပင် ကိုးဝိညာဉ် တောင်တန်းနှင့် ကုန်သွယ်ရန်အတွက် လုံလောက်နေပြီဖြစ်သည်။
ထို့ကြောင့် စုယွီ၏ ဆေးဖော်စပ်နှုန်းက သိသိသာသာ မြင့်တက်လာခဲ့၏။
အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့်လေး
ဆေးလုံးများအတွက် အောင်မြင်မှုနှုန်းမှာ ရာနှုန်းပြည့်နီးပါး ဖြစ်ပြီး အဆင့်မြင့် အဆင့်လေး
ဆေးလုံးများအတွက် အောင်မြင်မှုနှုန်းမှာ ခုနစ်ဆယ် ရာခိုင်နှုန်း အထက်တွင် ရှိနေခဲ့သည်။
အချိန်ကာလနယ်ပယ်၏ အကူအညီဖြင့် တစ်ရက်တည်းအတွင်း စုယွီသည် အဆင့်လေးဆေးလုံး ရှစ်ဖိုတိတိကို ဖော်စပ်နိုင်ခဲ့ပြီး ဖိုတစ်ဖိုစီမှ ဆေးလုံးသုံးဆယ်မှ လေးဆယ်ကြား ထွက်ရှိလေသည်။
၎င်းမှာ သူ၏ဝိညာဉ်စွမ်းအားနှင့် စိတ်စွမ်းအားများစွာကို ကုန်ဆုံးစေခဲ့သောကြောင့် အနားယူရန်အချိန်များ လိုအပ်နေသေးသည့်တိုင်အောင်ပင်။
တိုတောင်းလှသော သုံးလတာကာလအတွင်း စုယွီသည် ကိုးဝိညာဉ် တောင်တန်းမှ လိုအပ်သော အဆင့်လေးဆေးလုံးများအားလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။
သူတစ်ဦးတည်း၏ စွမ်းဆောင်ရည်ကပင် အခြားသောအင်အားစုများမှ ထူးချွန်ထက်မြက်သည့် အဆင့်လေးဆေးဆရာဆယ်ဦး သို့မဟုတ် နှစ်ဆယ်ဦးခန့်နှင့် ညီမျှနေခဲ့၏။
'ဒီတစ်ခါတော့ အဆင့်လေးအဆောင်လက်ဖွဲ့တွေ အလှည့်ပဲ...'
စုယွီက တိုးတိတ်စွာ တွေးတောလိုက်သည်။
ဆေးလုံးများအားလုံးကို သေသေချာချာ သိမ်းဆည်းပြီးနောက် သူသည် အဆောင်လက်ဖွဲ့အခန်းတွင်းသို့ လှည့်ဝင်သွားကာ အဆောင်လက်ဖွဲ့များကို အာရုံစူးစိုက်၍ စတင်ရေးဆွဲလေတော့သည်။
မြေကမ္ဘာ အင်မော်တယ် နန်းတော် မှ ပေးပို့လာသော စာရင်းထဲတွင် ကြေးမုံလမင်းအဆောင်နှင့် လခြမ်းအဆောင်တို့လည်း ပါဝင်နေသည်။ ထိုအဆောင်နှစ်မျိုး၏ ဈေးနှုန်းမှာ အခြားသော အဆင့်လေးအဆောင်များထက် ငါးဆခန့် ပိုမိုမြင့်မားနေခဲ့၏။ သို့တိုင်အောင် ကိုးဝိညာဉ် တောင်တန်းက တစ်စုံတစ်ရာ ဈေးဆစ်ခြင်းမရှိဘဲ တစ်မျိုးလျှင် အခုရေခြောက်ရာစီ တိုက်ရိုက်တောင်းဆိုခဲ့လေသည်။
၎င်းတို့ထဲတွင် အဆင့်နိမ့်အဆင့်လေးအဆောင် သုံးရာ အလယ်အလတ်အဆင့်လေးအဆောင် နှစ်ရာနှင့် အဆင့်မြင့်အဆင့်လေးအဆောင် တစ်ရာတို့ ပါဝင်သည်။
စုယွီသည် ဤအဆောင်များကို ရေးဆွဲရာတွင် ကျွမ်းကျင်မှုအပြည့်အဝရှိနေပြီဖြစ်သည်။ ပြီးပြည့်စုံလုနီးပါး သို့မဟုတ် အနည်းဆုံး ရှစ်ဆယ်မှ ကိုးဆယ်%အထိ အောင်မြင်မှုရှိနေသောကြောင့် ဤအလုပ်က သူ့အတွက် ခက်ခဲသောကိစ္စတစ်ခု မဟုတ်တော့ပေ။
အဆောင်တစ်ခုတည်း၏ အမြတ်ငွေကပင် ကုန်ကျစရိတ်၏ ဆယ်ဆ သို့မဟုတ် ထိုထက်မက ရရှိနိုင်ပါ၏။
*
တစ်နှစ်အကြာ။
မြေကမ္ဘာ အင်မော်တယ် နန်းတော် နှင့် ကိုးဝိညာဉ် တောင်တန်းတို့အကြား ကုန်သွယ်မှု ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
စုယွီသည် ကိုးဝိညာဉ် တောင်တန်းထံမှ ကိုးဝိညာဉ်ဆေးလုံးဖော်စပ်နည်းနှင့်အတူ ကိုးဝိညာဉ်စမ်းရေအတွက် ပါဝင်ပစ္စည်းများကို လက်ခံရရှိခဲ့၏။ ထို့အပြင် သူသည် အဆင့်ငါးအဆင့်နိမ့် ဆေးလုံးပါဝင်ပစ္စည်း တစ်ရာစုံ အဆင့်ငါးအဆင့်နိမ့် အဆောင်ပါဝင်ပစ္စည်း တစ်ရာစုံနှင့်တကွ အဆင့်ငါး အခင်းအကျင်း ရုပ်သေးနှင့် မှော်ရတနာဖန်တီးခြင်းဆိုင်ရာ ပါဝင်ပစ္စည်းအချို့ကိုပါ ရရှိခဲ့လေသည်။
ထို့ထက်ပို၍ များပြားသော အဆင့်လေးပါဝင်ပစ္စည်းများကိုလည်း ရရှိခဲ့သေးသည်။ စုယွီက အချို့ကို ယွင်ချန် လက်စွပ်အတွင်း ထည့်သွင်းသိမ်းဆည်းလိုက်ပြီး ကျန်ရှိနေသည်များကိုမူ မြေကမ္ဘာ အင်မော်တယ် နန်းတော် ၏ ဘဏ္ဍာတိုက်အတွင်း၌ ယာယီသိမ်းဆည်းထားလိုက်သည်။
ကိုးဝိညာဉ် တောင်တန်းနှင့် မြေကမ္ဘာ အင်မော်တယ် နန်းတော် တို့အကြား ကုန်သွယ်မှုကား ဆက်လက်ဖြစ်ပွားနေဆဲပင်။
သို့သော် ဒုတိယနှစ်အတွက် ပမာဏမှာမူ ထက်ဝက်တိတိ လျော့ကျသွားခဲ့၏။
အနာဂတ်အခြေအနေများအပေါ် မူတည်၍ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်သည်။
'ဒါဆို ငါ မြေကမ္ဘာ အင်မော်တယ် နန်းတော် ရဲ့ ဘဏ္ဍာတိုက်ကို အရင်စပြီး ဖြည့်တင်းလို့ရပြီ...'
စုယွီ၏ တာအိုခန္ဓာကိုယ်က အလုပ်လုပ်ခြင်းကို ရပ်တန့်မသွားခဲ့ပေ။ ကိုးဝိညာဉ် တောင်တန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီးသည်နှင့် တစ်ပြိုင်နက် သူသည် မြေကမ္ဘာ အင်မော်တယ် နန်းတော် ၏ ပါဝင်ပစ္စည်းများအားလုံးကို ဆေးလုံးများ အဆောင်လက်ဖွဲ့များ အခင်းအကျင်းများနှင့် အခြားအရာများအဖြစ်သို့ ပြောင်းလဲဖန်တီးလေတော့သည်။
မကြာမီအနာဂတ်ကာလအတွင်း တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၌ ကြီးမားသော စစ်ပွဲကြီးတစ်ရပ် ဖြစ်ပွားလာတော့မည်ဟု သူက ကြိုတင်ခံစားမိနေခဲ့၏။
သူသည် မြေကမ္ဘာ အင်မော်တယ် နန်းတော် အတွက် အဆင့်လေးအဆောင်လက်ဖွဲ့ သောင်းဂဏန်းအနည်းငယ် သို့မဟုတ် သိန်းဂဏန်းအထိနှင့် ဆေးလုံးများကဲ့သို့သော အခြားအရင်းအမြစ်များကို သိုလှောင်ထားရန် လိုအပ်နေသည်။
အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရမည်လေ။
ကံကောင်းထောက်မစွာဖြင့် ကိုးဝိညာဉ် တောင်တန်းနှင့် ကုန်သွယ်မှုမှ ရရှိလာသော များပြားလှသည့် အရင်းအမြစ်များကြောင့် သူသည် မြေကမ္ဘာ အင်မော်တယ် နန်းတော် ၏ ဘဏ္ဍာတိုက်ကို အတော်အသင့် ဖြည့်တင်းနိုင်ခဲ့သည်။ ယခုအခါ စုယွီအနေဖြင့် မြေကမ္ဘာ အင်မော်တယ် နန်းတော် အတွက် အပြည့်အဝဖွင့်လှစ်ကာ ကြိုတင်သိုလှောင်ထားနိုင်ပြီဖြစ်သည်။
ထို့အပြင် သူသည် စုဆောင်းရရှိထားသော အဆင့်ငါးပါဝင်ပစ္စည်းများအားလုံးကို ပင်မခန္ဓာကိုယ်ထံသို့ ပေးပို့ရန်အတွက် အရိုင်းနယ်မြေများဆီသို့ အထူးခရီးစဉ်တစ်ခု ထွက်ခွာခဲ့သေး၏။
သူ၏ပင်မခန္ဓာကိုယ်ကသာ အဆင့်ငါးအဆောင်များကို ရေးဆွဲနိုင်ပြီး အဆင့်ငါး အခင်းအကျင်းများကို နားလည်သဘောပေါက်ကာ အဆင့်ငါးဆေးလုံးများနှင့် ရုပ်သေးများကို ဖန်တီးနိုင်မည်ဆိုလျှင် မြေကမ္ဘာ အင်မော်တယ် နန်းတော် ၏ အင်အားက ပိုမိုကြီးထွားလာပေလိမ့်မည်။
အချိန်ကာလများ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။
မြေကမ္ဘာ အင်မော်တယ် နန်းတော် ထံမှ အရင်းအမြစ်အကူအညီများ ရရှိခဲ့သော ပထမနှစ်တွင် ကိုးဝိညာဉ် တောင်တန်းသည် ကြီးမားသော တန်ပြန်တိုက်ခိုက်မှုများကို မပြုလုပ်နိုင်ခဲ့ဘဲ ပုတူဗုဒ္ဓဂိုဏ်းနှင့် အင်မော်ဝာယ် တစ်သောင်းနန်းတော်တို့၏ ဝိုင်းရံပိတ်ဆို့မှုအောက်တွင် အခြေအနေကို တည်ငြိမ်အောင်သာ ခဲယဉ်းစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
လုံးဝ မလွှဲသာမရှောင်သာသော အခြေအနေများတွင်သာ အင်မော်ဝာယ် တစ်သောင်းနန်းတော်နှင့် ပုတူဗုဒ္ဓဂိုဏ်းမှ လူများကို ပြန်လည်မောင်းထုတ်ရန်အတွက် သူတို့၏ မဟာဗျူဟာမြောက် အရင်းအမြစ်များကို အသုံးပြုခဲ့ကြလေသည်။
ဤအခြေအနေက သုံးနှစ်နီးပါးခန့်အထိ ကြာမြင့်သွားခဲ့၏။
မကြာခဏဆိုသလို တိုက်ခိုက်မှုများကြောင့် ကိုးဝိညာဉ် တောင်တန်းအပေါ် ပုတူဗုဒ္ဓဂိုဏ်းနှင့် အင်မော်ဝာယ် တစ်သောင်းနန်းတော်တို့၏ ထိုးစစ်ဆင်မှုအဟုန်မှာ အနည်းငယ် နှေးကွေးသွားခဲ့သည်။ ဤအချိန်အတွင်း၌ပင် ပုတူဗုဒ္ဓဂိုဏ်းနှင့် အင်မော်ဝာယ် တစ်သောင်းနန်းတော်တို့က သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိသွားခဲ့ကြတော့သည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကိုးဝိညာဉ် တောင်တန်းသည် မြေကမ္ဘာ အင်မော်တယ် နန်းတော် ထံမှ ဆေးလုံးများ ၊ အဆောင်လက်ဖွဲ့များ ၊ မှော်ရတနာများ ၊ အခင်းအကျင်းများနှင့် အခြားသော အရင်းအမြစ် အမြောက်အမြားကို ရရှိထားကြောင်း သူတို့ သိရှိသွားခဲ့ကြသည်။
*
အင်မော်ဝာယ် တစ်သောင်းနန်းတော်။
နန်းတော်၏ ပင်မခန်းမဆောင်ကြီးအတွင်း။
အင်မော်ဝာယ် တစ်သောင်းနန်းတော်၏ နန်းတော်သခင်သည် ဒေါသတကြီး ဖြစ်နေခဲ့၏။
"မြေကမ္ဘာ အင်မော်တယ် နန်းတော် က ဒီလောက်တောင် ရဲတင်းနေရလား... ငါ ကိုးဝိညာဉ် တောင်တန်းကို တိုက်ခိုက်နေချိန်မှာ သူတို့က ကိုးဝိညာဉ် တောင်တန်းနဲ့ တိတ်တဆိတ် ကုန်သွယ်ပြီး ကူညီနေခဲ့တာပဲ”
သူက ထိုင်နေသော ပလ္လင်ကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ခွဲပစ်လိုက်ကာ ဟိန်းဟောက်လိုက်သည်။
ခန်းမအတွင်းရှိနေသော အင်မော်ဝာယ် တစ်သောင်းနန်းတော်မှ ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲများနှင့် သာမန်အကြီးအကဲများ၏ မျက်နှာများက တင်းမာလေးနက်နေကြ၏။ နန်းတော်တစ်ခုလုံး၌ အေးစက်စက် သတ်ဖြတ်လိုခြင်းအရှိန်အဝါများ ပြည့်နှက်နေပြီး ခန်းမအတွင်းရှိ အပူချိန်မှာ အေးခဲသွားတော့မည့်အလား ထင်မှတ်ရသည်။
အရှင်သခင်ကြီးအဆင့်ရှိ အကြီးအကဲတစ်ဦးက မအောင့်အည်းနိုင်တော့ဘဲ အကြံပြုလာ၏။
"နန်းတော်သခင်...ကျွန်တော်တို့က မြေကမ္ဘာ အင်မော်တယ် နန်းတော် ကိုပါ အရေးယူသင့်တယ် မဟုတ်ဘူးလား... ဒီအတိုင်းသာ ဆက်သွားနေရင် မြေကမ္ဘာ အင်မော်တယ် နန်းတော် က ကျွန်တော်တို့အင်မော်ဝာယ် တစ်သောင်းနန်းတော်ရဲ့ ခေါင်းပေါ်ကို တက်နင်းတော့မှာပဲ"
သူ၏စကားပင် မဆုံးသေးမီ ထိုအရှင်သခင်ကြီးအကြီးအကဲမှာ ရုတ်တရက် ကြက်သီးမွေးညင်းများ ထသွားခဲ့ပြီး သူ၏မျက်နှာမှာလည်း ဖြူရော်သွားခဲ့လေတော့သည်။