← Chapters

အခန်း (၂၃၄၉-၂၃၅၀)

Vol. 235 Ch. 2349-2350

အခန်း (၂၃၄၉-၂၃၅၀)

Vol. 235 Ch. 2349-2350

အခန်း (၂၃၄၉) - တန်ခိုးစွမ်းအားများ ပျောက်ကွယ်သွားခြင်း

ခုနစ်ဆင့်မြောက် လျှိုပန် ၏ စွမ်းအားများမှာ ဆက်လက် စီးဆင်းနေဆဲဖြစ်ပြီး ထိုဖြစ်စဉ်မှာ အချိန်ခန့်မှန်းခြေ နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။

စွမ်းအင်များ တည်ငြိမ်သွားပြီး အလင်းရောင်များ တောက်ပခြင်း မရှိတော့သည့်အခါတွင် ခုနစ်ဆင့်မြောက် လျှိုပန်မှာ ယခင်ကထက် လေးဆ သို့မဟုတ် ငါးဆခန့် ပိုမိုသိပ်သည်းလာသည်ဟု ထင်ရသည်။

“ခြောက်ဆင့်မြောက်အထိ တိုးမတက်သွားဘူးပဲ။”

ဖန့်ချန် မှာ စိတ်ထဲတွင် အနည်းငယ် နှမြောတသ ဖြစ်သွားသည်။

သူသည် ခုနစ်ဆင့်မြောက် လျှိုပန်နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ရာ ၎င်းအဆင့် တိုးတက်ခြင်း ရှိ၊ မရှိကို သူ ကောင်းစွာ သတိပြုမိသည်။

ယခုအခါ အရှင်မဲ့ဖြစ်နေသော ကွဲအက်နေသည့် လျှိုပန်အပိုင်းအစကို စုပ်ယူလိုက်သော်လည်း ခုနစ်ဆင့်မြောက် လျှိုပန်မှာ အမှန်တကယ် တိုးတက်လာသည် မှန်သော်လည်း ခြောက်ဆင့်မြောက်အဆင့်သို့ ရောက်ရှိရန်ကား မလုံလောက်သေးပေ။

ထိုအခိုက် ဖန့်ချန် ၏ စိတ်အာရုံမှာ လှုပ်ရှားသွားပြီး ခေါင်းမော့ကာ ကြည့်လိုက်သည်။

ထိုအမှုထမ်းလေးဦးမှာ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အမှုထမ်းဝတ်စုံများ၊ တရားရုံးသုံးဓားများနှင့် သံခြေချင်းများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

သူတို့၏ ခန္ဓာကိုယ်များမှာလည်း တဖြည်းဖြည်း သေးငယ်သွားကာ မျိုးနွယ်စု အမျိုးမျိုးမှ ဆင်းသက်လာကြသည့် ဝိညာဉ်အပိုင်းအစ လေးခုကဲ့သို့ ဖြစ်သွားသည်။

သူတို့သည် ဖန့်ချန် ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြပြီး ခဏအကြာတွင် အမျှင်တန်းကလေးများကဲ့သို့ပင် ပြိုကွဲပျောက်ကွယ်သွားကာ ထိုခန်းမကြီးထဲတွင် အစအနပင် မကျန်တော့ပေ။

“ကြည့်ရတာ ဒီဝိညာဉ်အပိုင်းအစ လေးခုက ဒီနေရာရဲ့ ပိုင်ရှင် သေဆုံးသွားချိန်ကတည်းက အမှန်တကယ် သေဆုံးသွားခဲ့ရမှာပဲ။

ဒါပေမဲ့ သူတို့က ဖမ်းဆီးခေါ်ဆောင်ခြင်း နည်းလမ်းရဲ့ ဖိနှိပ်မှုကြောင့် ဒီအချိန်အထိ ရှိနေခဲ့တာ။

ဒီဖမ်းဆီးခေါ်ဆောင်ခြင်း နည်းလမ်းက တကယ်ကိုပဲ အတွင်းကမ္ဘာနယ်မြေနဲ့ သီးခြားဖြစ်နေတာပဲ။

ငါ့လိုလူမျိုးကတောင် သူ့ရဲ့ စွမ်းအားကို ငှားရမ်းသုံးစွဲနေတာပဲ ရှိတယ်၊ အကုန်လုံးကို အပိုင်ချုပ်ကိုင်နိုင်တာတော့ မဟုတ်ဘူး။”

ဖန့်ချန် မှာ စိတ်ထဲမှ သက်ပြင်းချလိုက်ပြီးနောက် သူ၏ တင်ပါးအောက်ရှိ ထိုင်ခုံကြီးမှာလည်း မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ တစ်စစီ ပျောက်ကွယ်သွားသည်။

ထို့နောက် စားပွဲကြီး၊ ထို့နောက် အဓိက ခန်းမကြီးတို့ အစဉ်လိုက် ပျောက်ကွယ်သွားသည်။

ဖန့်ချန် မှာ ချက်ချင်းပင် အပြင်သို့ ထွက်သွားလိုက်ပြီး အပြင်ဘက်တွင်လည်း ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို ခံစားလိုက်ရသည်။

ထောင်လေးခု တည်ရှိရာ အရပ်မျက်နှာမှ အသံကျယ်ကြီးများ ထွက်ပေါ်လာသည်။

“ဟုတ်ပြီ၊ ဒီနေရာက လျှိုပန်ကို ငါ စုပ်ယူလိုက်တဲ့အတွက် ဒီတရားရုံး တားမြစ်နယ်မြေရဲ့ ထူးခြားတဲ့ စွမ်းအားတွေလည်း ဒီမှာတင် အဆုံးသတ်သွားတော့မှာပဲ။

နောင်အခါမှာ ဘယ်သူမှ ဒီနေရာကနေ ဖမ်းဆီးခေါ်ဆောင်ခြင်း နည်းလမ်းကို နားလည် သဘောပေါက်နိုင်တော့မှာ မဟုတ်ဘူး။

အဲ့ဒီနဲ့အညီ အမှုထမ်းတွေ ပျောက်ကွယ်သွားတာကလည်း ထောင်လေးခု ပျောက်ကွယ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ”

ဖန့်ချန် ၏ မျက်နှာမှာ အနည်းငယ် လှုပ်ရှားသွားသည်။

ထောင်လေးခု ပျောက်ကွယ်သွားလျှင် ထိုနေရာတွင် ထိန်းသိမ်းခံထားရသော နားလည် သဘောပေါက်သူများ အားလုံးမှာ လွတ်မြောက်လာလိမ့်မည်။

၎င်းမှာလည်း… အဖွဲ့အစည်းအားလုံး တားမြစ်နယ်မြေမှ ထွက်ခွာသွားရမည်ဖြစ်ပြီး ဟင်းလင်းပြင် ကွပ်မျက်သူများကလည်း ရှင်းလင်းရေးအတွက် လုပ်ဆောင်တော့မည်ကို ပြသနေသည်။

“သွားရတော့မယ်။ မူလနေရာကို ပြန်သွားမယ်၊ ပြီးရင် (၁၈) လွှာ ယင်လောက ကို ပြန်သွားပြီးမှ လူ့လောကကို ပြန်ဝင်ရမယ်။”

ဖန့်ချန် ၏ စိတ်အာရုံမှာ လှုပ်ရှားသွားပြီးနောက် လှည့်၍ အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်သွားသည်။

အတွင်းကမ္ဘာနယ်မြေ တစ်ခုလုံးမှာ အရိပ်များဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်ပြီး တားမြစ်နယ်မြေထဲမှ ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင်။

ထျန်းထောင် ၊ တိထောင် ၊ ရွှမ်းထောင် နှင့် ဟွမ်ထောင် တို့မှာလည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြသည်။

အဖွဲ့အစည်းအသီးသီးရှိ တည်ရှိမှုများအပေါ် ဖိနှိပ်ထားသော စွမ်းအားများလည်း ပျောက်ကွယ်သွားသည်။

ဟွမ်ထောင်မှာ အမြန်ဆုံး ပျောက်ကွယ်သွားပြီး တည်ရှိမှု တစ်ခုချင်းစီမှာ သူတို့ကိုယ်တိုင် ထောင်ထဲတွင် မရှိတော့ကြောင်း၊ သူတို့အပေါ် ဖိနှိပ်ထားသော စွမ်းအားများလည်း အငွေ့ပျိုး ပျောက်ကွယ်သွားကြောင်း မယုံနိုင်စရာ ကောင်းစွာ တွေ့လိုက်ရသည်။

“ဒါ ဘာဖြစ်တာလဲ”

ဝိညာဉ်မျိုးနွယ်စုမှ တစ်ဦးက အော်ဟစ်လိုက်သည်။

သူသည် ထောင်ဒဏ်နှစ် (၅၀၀) ချမှတ်ခံထားရသူဖြစ်ပြီး စည်းမျဉ်းအရဆိုလျှင် နားလည် သဘောပေါက်ခြင်း မအောင်မြင်လျှင်ပင် ဤနေရာတွင် နှစ်(၅၀၀) စေ့အောင် နေရမည်ဖြစ်သည်။

သို့သော် ယခုမူ ထောင်ပင် တိုက်ရိုက် ပျောက်ကွယ်သွားပြီး ဝိညာဉ်မျိုးနွယ်စု ဖြစ်စေ၊ နတ်ဆိုးဖြစ်စေ ထောင်၏ ဖိနှိပ်မှုမှ အားလုံး လွတ်မြောက်သွားကြသည်။

ထိုကဲ့သို့သော အခြေအနေမျိုးမှာ တရားရုံး တားမြစ်နယ်မြေတွင် တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးပေ။

ဟင်းလင်းပြင် ကွပ်မျက်သူများဘက်တွင်လည်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည်။ သို့သော် ရှုပ်ထွေးမှုများ အပြီးတွင် သူတို့သည် ဝိညာဉ်မျိုးနွယ်စုများကို အငြိုးတကြီးဖြင့် စိုက်ကြည့်လိုက်ကြသည်။

“(၁၈) လွှာမြောက် ယင်လောကက အမှိုက်တွေ၊ တရားရုံး တားမြစ်နယ်မြေမှာ ဒီလိုတွေ လုပ်ပြနေတာ မင်းတို့လား ”

“သူတို့ကို စားပစ်ကြ”

တိုက်ပွဲမှာ ချက်ချင်း ဖြစ်ပွားတော့မည့် အနေအထား ဖြစ်သော်လည်း သူတို့ မတိုက်ခိုက်သေးသည့် အကြောင်းရင်းမှာ တရားရုံး တားမြစ်နယ်မြေ၏ အခြား စည်းမျဉ်းများ ရှိနေသေးသလား မသေချာသောကြောင့် ဖြစ်သည်။

ဝိညာဉ်မျိုးနွယ်စု အနည်းငယ်မှာ စုရုံးကာ ကြီးမားလှသော ဟင်းလင်းပြင် ကွပ်မျက်သူများနှင့် ရင်ဆိုင်နေကြသည်။

နှစ်ဖက်စလုံးမှာ ဦးစွာ တိုက်ခိုက်ရန် မရဲဝံ့ကြပေ။

မကြာမီတွင် ရွှမ်းထောင်မှာလည်း ပျောက်ကွယ်သွားသည်။

ထျန်းချင်းဇီ၊ မင်ယန်၊ ဝူမာကျီး၊ ပိုင်ဇီဝူရွှမ်း စသော တည်ရှိမှုများမှာ တစ်ဦးပြီးတစ်ဦး ပေါ်လာကြသည်။

တရားရုံး တားမြစ်နယ်မြေ၏ ဤကဲ့သို့သော ပြောင်းလဲမှုအပေါ် သူတို့လည်း အလွန်ပင် အံ့အားသင့်နေကြသည်။

ထို့နောက် တိထောင်မှာလည်း ပျောက်ကွယ်သွားပြန်သည်။

ရုပ်ပုံလွှာ (၁၀) ခုမှာ အားလုံး၏ ရှေ့မှောက်တွင် ပေါ်လာသည်။

ဝိညာဉ်မျိုးနွယ်စု ဖြစ်စေ၊ ဟင်းလင်ပြင် ကွပ်မျက်သူ ဖြစ်စေ အမှန်တကယ်တော့ ရွှမ်းထောင်မှ တည်ရှိမှုများ ပေါ်လာပြီး သူတို့၏ အမိန့်ပေးမှုကို နားထောင်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

“ဆွေ့ထျန်းဟွမ် ကဘာလို့ ဒီပုံစံ ဖြစ်သွားတာလဲ ”

ရုပ်ပုံလွှာ (၁၀) ခုထဲတွင် တစ်ခုမှာ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။

ဆွေ့ထျန်းဟွမ် မှာ မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး တင်ပါးများမှာ ရောင်ရမ်းကာ သွေးများ စီးကျနေသည်။

ထိုရှက်စရာကောင်းသော ပုံစံမှာ အဖွဲ့အစည်းများကို တိထောင်ထဲတွင် မည်သည့် ရုပ်ပျက်ဆင်းပျက် ကစားပွဲမျိုး ကစားခဲ့ကြသလဲဟု အထင်မှားစေရန် လွယ်ကူလှသည်။

ပိုင်ဇီဝူရွှမ်း မှာ ကြောင်အသွားသည်။ သူသည် ဆွေ့ထျန်းဟွမ်တို့နှင့် အတူတူ လာခဲ့သူ ဖြစ်သည်။

ဆွေ့ထျန်းဟွမ်၏ နောက်ခံကို သူ ကောင်းစွာ သိသည်။

ထိုသူမှာ ချင်းမင် မဟာမိတ်အဖွဲ့၏ အဓိကမျိုးနွယ်စု ယန်တန်းမျိုးနွယ်စုမှ ကောင်းကင်အရှင် သူတော်စင် ဆက်ခံသူ မဟုတ်ပါလော။

ထိုကဲ့သို့သော တည်ရှိမှုမှာ အထွတ်အထိပ်ထဲမှ အထွတ်အထိပ် ဖြစ်သည်။

ယခုအခါတွင်မူ…

သူသည် ကျန်ရှိသော ရုပ်ပုံလွှာ (၉) ခုကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။

“တိထောင်က ဘာလို့ ပျောက်ကွယ်သွားတာလဲ ”

ရင်တန့် မှာ မျက်နှာပျက်သွားပြီး အလိုအလျောက်ပင် ဆွေ့ထျန်းဟွမ် ကို ကြည့်လိုက်သည်။

“ဆွေ့မိတ်ဆွေ၊ ဖိနှိပ်ထားတဲ့ စွမ်းအားတွေ ပျောက်သွားပြီ၊ မင်း ဒဏ်ရာ မကုသဘူးလား ”

ဆွေ့ထျန်းဟွမ် မှာ အသိစိတ် ပြန်ဝင်လာပြီးနောက် အတွင်းကမ္ဘာနယ်မြေ စွမ်းအားကို အသုံးပြု၍ ဒဏ်ရာများကို ကုသကာ အတွင်းခံဘောင်းဘီတစ်ထည်ကို ဖန်တီး၍ အရေးကြီးသော နေရာကို ဖုံးကွယ်လိုက်သည်။

ထိုအရာများကို လုပ်ဆောင်ပြီးနောက် ဆွေ့ထျန်းဟွမ် မှာ မျက်နှာထား တင်းမာစွာဖြင့် ထရပ်လိုက်သည်။ ရင်တန့်၊ ဝိညာဉ်မျိုးနွယ်စု သုံးဦးနှင့် စုရုံးလိုက်ပြီး ပေယွမ်ဇီ စသော မကောင်းဆိုးဝါးများကို စိုက်ကြည့်ရင်း ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရင်းကို စဉ်းစားနေသည်။

“ထောင်လေးခု ရုတ်တရက် အစအနမကျန် ပျောက်ကွယ်သွားတာ၊ လူကြီးမင်းတို့၊ ဒါက နောင်အခါ ဒီနေရာကို ထပ်လာရင်လည်း ဒီနေရာရဲ့ တန်ခိုးစွမ်းအားကို နားလည် သဘောပေါက်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ဆိုလိုတာလား ”

“ဒါမှမဟုတ် ဒီအတွင်းကမ္ဘာ တားမြစ်နယ်မြေက ပျောက်ကွယ်တော့မှာ မဟုတ်ဘူးလား ”

ထိုစကား ထွက်ပေါ်လာသည်နှင့် အဖွဲ့အစည်းတိုင်းမှာ အနည်းငယ် တုန်လှုပ်သွားကြသည်။

အတွင်းကမ္ဘာ တားမြစ်နယ်မြေမှာ အိမ်ရှင်သေဆုံးပြီးနောက်တွင်လည်း တည်ရှိနိုင်ခြင်းမှာ ဤတန်ခိုးစွမ်းအားများကြောင့် ဖြစ်သည်။

အကယ်၍ ထိုနေရာ၏ ထူးခြားမှု ပျောက်ကွယ်သွားပါက အတွင်းကမ္ဘာ တားမြစ်နယ်မြေမှာလည်း သေချာပေါက် ပျောက်ကွယ်သွားရလိမ့်မည်။

အဖွဲ့အစည်းအသီးသီး၏ မျက်နှာထားများမှာ ပိုမို၍ ဆိုးရွားလာသည်။

ထိုအခိုက် ပေယွမ်ဇီ မှာ သူ၏ လက်အောက်ရှိ ဟင်းလင်းပြင် ကွပ်မျက်သူ အားလုံးကို စုရုံးကာ ဆွေ့ထျန်းဟွမ် တို့ကို စိုက်ကြည့်နေသည်။

“သူတို့ထဲမှာ (၁၈) လွှာမြောက် ယင်လောကက အမှိုက်တွေရော၊ လူ့လောကက အမှိုက်တွေရော ရှိတယ်။ နောက်ပိုင်း တရားရုံး တားမြစ်နယ်မြေသာ ပျောက်ကွယ်သွားရင် မင်းနဲ့ငါတို့ သူတို့ကို စားပစ်ကြမယ် ”

ပေယွမ်ဇီ က အေးစက်စွာ ပြောသည်။

ထျန်းချင်းဇီ တို့ကလည်း ခေါင်းညိတ်သည်။

ရင်တန့် ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ပေယွမ်ဇီ ကို ဂရုမစိုက်တော့ဘဲ ဝိညာဉ်မျိုးနွယ်စု သုံးဦးနှင့် ဆွေ့ထျန်းဟွမ် ကို ကြည့်လိုက်သည်။

“ဘယ်လိုလုပ်မလဲ ဆုတ်မလား”

“စောင့်ဦး ”

ဆွေ့ထျန်းဟွမ် မှာ ရုတ်တရက် အော်ဟစ်လိုက်ပြီး လှည့်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“မင်း ဘာရှာနေတာလဲ...”

သူ၏ ထိုလှုပ်ရှားမှုမှာ ရင်တန့် ကို ရုတ်တရက် သဘောပေါက်သွားစေသည်။

“ထျန်းထောင်က တစ်ယောက်လား ”

ပေယွမ်ဇီ ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို စူးစမ်းရင်း အောက်ရှိ ဟင်းလင်းပြင် ကွပ်မျက်သူများကို အချက်အလက် တောင်းဆိုလိုက်သည်။

သူတို့ထံမှ သိရသည်မှာ တကယ်ပင် တည်ရှိမှု တစ်ခုကို ထျန်းထောင်ထဲသို့ ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ လူ့လောကမှ အမှိုက် ဆွေ့ထျန်းဟွမ် သူတို့ကို မလိမ်ညာခဲ့ကြောင်း ပြသနေသည်။

ဒါဆို ထျန်းထောင်က တစ်ယောက်ကော ဘယ်မှာလဲ။

ထျန်းထောင် ပျောက်ကွယ်သွားပြီ။

ထဲမှာ ထိန်းသိမ်းခံထားရသူက ဘာလို့ ပျောက်သွားတာလဲ။

“ဟားဟားဟားဟား၊ ဟားဟားဟားဟားဟား”

ဆွေ့ထျန်းဟွမ် မှာ ရုတ်တရက် ကောင်းကင်ကို မော့ကာ ရယ်မောလိုက်သည်။ ထိုရယ်မောသံထဲတွင် ဒေါသများ၊ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

“မင်း ဘာကို ရယ်တာလဲ။”

ပေယွမ်ဇီ က အေးစက်စွာ မေးသည်။

“ငါတို့က လူမိုက်တွေ ဖြစ်နေလို့ ရယ်တာပေါ့။ ဒီနေရာက တန်ခိုးစွမ်းအားတွေက ထျန်ထောင်ထဲက တစ်ယောက်ရဲ့ လုယူခြင်းကို ခံလိုက်ရတာ ထင်ရှားနေပြီ။

ငါ့ရဲ့ ဒဏ်ရာတွေကလည်း သူ့လက်ချက်ပဲ ဖြစ်ရမယ်။

တရားရုံး တားမြစ်နယ်မြေရဲ့ တန်ခိုးစွမ်းအားက ဘာလဲဆိုတာ ငါ သိသွားပြီ၊ ဟားဟားဟားဟား ”

ဆွေ့ထျန်းဟွမ် ၏ ရယ်မောသံထဲတွင် တောင်ပြိုမတတ် ဒေါသများ ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပင်။

ဖန့်ချန် မှာ ရိပ်ခြေဗုဒ္ဓ နည်းလမ်းဖြင့် (၂၂) လွှာမြောက် ဟင်းလင်းပြင်သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ကွပ်မျက်သူ ရာပေါင်းများစွာမှာ မျက်လုံးများကို စူးစိုက်ကာ သူ့ကို စိုက်ကြည့်နေကြသည်။

အခန်း (၂၃၅၀) - ဝိညာဉ်ပြန်လည် ဆင့်ခေါ်ခြင်း နည်းလမ်း

“ဟေ့၊ အမှိုက်သရိုက်တွေရဲ့ အနံ့ပဲ။”

“ဒါပေမဲ့ အချိန်မကျသေးပါဘူး၊ သူက ဘယ်လိုလုပ်ပြီး ကြိုထွက်သွားနိုင်ရတာလဲ”

“ထားလိုက်ပါ၊ အရင်စားပြီးမှပဲ ပြောတော့မယ်။”

ဟင်းလင်းပြင် ကွပ်မျက်သူ ရာကျော်ခန့်မှာ ရယ်မောပြုံးရွှင်လျက် ဖန့်ချန် ဆီသို့ ပြေးလာကြသည်။

သူတို့တွင် အတွင်းကမ္ဘာနယ်မြေ မရှိကြသော်လည်း ခန္ဓာကိုယ်ထဲရှိ အတွင်းကမ္ဘာစွမ်းအားများမှာ သူတော်စင်များနှင့် မည်သို့မျှ မလျော့နည်းပေ။

ဤ ဟင်းလင်းပြင် ကွပ်မျက်သူများ၏ စွမ်းအားမှာ အလွန်ပင် ထက်မြက်ကြပြီး အချို့ဆိုလျှင် ကမ္ဘာကြီး အဆင့်ပင် ရှိကြသည်။

ဖန့်ချန် ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး အရိပ်ထဲသို့ တစ်ဖန် ပြန်လည် ပေါင်းစပ်ဝင်ရောက်သွားသည်။

(၂၃) လွှာမြောက်သို့ ရောက်သည်။

အနီးအနားတွင် ဟင်းလင်းပြင် ကွပ်မျက်သူ ရာကျော်ခန့် ရှိနေသေးသည်။

(၂၂) လွှာမြောက်ရှိ ဟင်းလင်းပြင် ကွပ်မျက်သူများမှာလည်း ခဏချင်းမှာပင် နောက်ကနေ လိုက်ပါလာကြသည်။

“သူတို့က တကယ်ကိုပဲ ဟင်းလင်းပြင်ထဲမှာ လှည့်လည်သွားလာဖို့ ကျွမ်းကျင်ကြတာပဲ။”

ဖန့်ချန် မှာ ယခုတစ်ကြိမ်တွင် (၂၃) လွှာသို့ ဆက်မသွားတော့ဘဲ (၂၂) လွှာသို့ ပြန်လာကာ ဟင်းလင်းပြင် ထွက်ပြေးခြင်း နည်းလမ်းကို သုံး၍ လမ်းတစ်လျှောက် ထွက်ပြေးလေသည်။

ထို ဟင်းလင်းပြင် ကွပ်မျက်သူများမှာ မမျှော်လင့်ထားသည့်အတွက် ဖန့်ချန် ၏ လျင်မြန်လှသော အတတ်ပညာကြောင့် အလှည့်အပတ် ခံလိုက်ရပြီး သူတို့ သတိပြုမိချိန်တွင် ဖန့်ချန် မှာ ဝိုင်းရံထားသည့် အဝန်းအဝိုင်းထဲမှ လွတ်မြောက်သွားနှင့်ပြီဖြစ်သည်။

ဟင်းလင်းပြင် ကွပ်မျက်သူ တစ်စုမှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဖန့်ချန် ၏ နောက်မှ တကောက်ကောက် လိုက်ပါလာကြသည်။

အခြား တစ်စုမှာမူ (၂၁) လွှာမြောက်သို့ ပြေးသွားကြသည်။

“လူကြီးမင်းတို့ (၁၈) လွှာမြောက် ယင်လောကက အမှိုက်တွေ တရားရုံး တားမြစ်နယ်မြေထဲကနေ လွတ်မြောက်သွားပြီး အခု (၂၂) လွှာမြောက်မှာ ထွက်ပြေးနေပါတယ် ”

သံအလောင်းရဟန္တာ မှာ ထိုစကားကို ကြားသည်နှင့် မျက်နှာပျက်သွားကာ သူ၏ ဘေးရှိ လက်အောက်ငယ်သားကို တစ်ချက်ကြည့်လိုက်သည်။

ထို ဟင်းလင်းပြင် ကွပ်မျက်သူမှာ ခေါင်းအနည်းငယ် ငြိမ့်လိုက်ပြီး (၂၂) လွှာမြောက် ဟင်းလင်းပြင်ထဲသို့ ချက်ချင်းဝင်ရောက်ကာ လိုက်လံဖမ်းဆီးသည့် အဖွဲ့ထဲသို့ ပါဝင်သွားသည်။

“တရားရုံး တားမြစ်နယ်မြေကနေ ဘယ်လိုလုပ်ပြီး ကြိုထွက်သွားနိုင်ရတာလဲ သူက နှစ်အနည်းငယ် ထောင်ဒဏ် မကျခံခဲ့ရဘူးလား ”

ကျိုကျူးတောင် မှ ဟင်းလင်းပြင် ကွပ်မျက်သူမှာ တိုးတိုးလေး ရေရွတ်လိုက်သည်။

သံအလောင်းရဟန္တာ အရှင်သခင်မှာ မျက်နှာထား တင်းမာစွာဖြင့် တရားရုံး တားမြစ်နယ်မြေကို စိုက်ကြည့်နေသည်။

ရုတ်တရက်ပင် နေရာတွင် ရှိနေသော ဟင်းလင်းပြင် ကွပ်မျက်သူများအားလုံး တစ်စုံတစ်ခုကို တွေ့ရှိသွားကြသည်။

“တရားရုံး တားမြစ်နယ်မြေရဲ့ တန်ခိုးစွမ်းအားတွေ လျော့ပါးသွားသလိုပဲ။”

မှန်ပေသည်။ တရားရုံး တားမြစ်နယ်မြေ၏ အငွေ့အသက်များ ပြောင်းလဲသွားပြီး ပြင်ပရှိ အကာအရံများပင် အလွန်တရာ ပါးလျသွားသည်။

သူတို့သည် အဖွဲ့အစည်း အသီးသီးမှ တပည့်များမှာ ယခုအခါတွင် အပြင်သို့ ထွက်ပေါ်လာကြပြီး ထောင်ထဲတွင် မရှိတော့သည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

တရားရုံး တားမြစ်နယ်မြေမှာလည်း သူတို့၏ အထောက်အထားများကို ဖုံးကွယ်ပေးခြင်း မပြုတော့ပေ။

ဝိညာဉ်မျိုးနွယ်စုနှင့် ဟင်းလင်းပြင် ကွပ်မျက်သူများကို တစ်ချက်ကြည့်ရုံဖြင့် ကွဲပြားစွာ သိနိုင်ပေသည်။

သံအလောင်းရဟန္တာ အရှင်သခင်မှာ အော်ဟစ်လိုက်ပြီး လူများကို ခေါ်ဆောင်ကာ တရားရုံး တားမြစ်နယ်မြေဆီသို့ ချက်ချင်း ပြေးဝင်သွားသည်။

ဆွေ့ထျန်းဟွမ် နှင့် ရင်တန့် တို့မှာ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။

ရင်တန့် က အလျင်အမြန်ပင် -

“မကောင်းတော့ဘူး၊ မြန်မြန်ပြေးကြ ” ဟု အော်သည်။

“ဝိညာဉ်ပြန်လည် ဆင့်ခေါ်ခြင်း နည်းလမ်း ”

ချက်ချင်းဆိုသလိုပင် ဆွေ့ထျန်းဟွမ်၊ ရင်တန့် နှင့် နေရာတွင် ရှိနေသော ဝိညာဉ်မျိုးနွယ်စုများ အားလုံးမှာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြသည်။

“မင်ယန်၊ ငါ မင်းရဲ့ ခွေးခေါင်းကို လာယူမယ့်အချိန်ကို စောင့်နေလိုက်စမ်း။”

ပိုင်ဇီဝူရွှမ်း ၏ ပုံရိပ်မှာလည်း ဝါးတားတား ဖြစ်လာပြီး မင်ယန် ကို စိန်ခေါ်စကား ပြောလိုက်သည်။

မင်ယန် ပြန်ပြောချိန် မရလိုက်မီမှာပင် သူသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

“ဒါ ဘာနည်းလမ်းလဲ ”

နေရာတွင် ရှိနေသော ဟင်းလင်းပြင် ကွပ်မျက်သူများမှာ အံ့အားသင့်သွားကြသည်။

သံအလောင်းရဟန္တာ အရှင်သခင် ရောက်လာချိန်တွင် ဆွေ့ထျန်းဟွမ် တို့မှာ ပျောက်ကွယ်သွားနှင့်ပြီ ဖြစ်သည်။

သူသည် ဟင်းလင်းပြင် အလွှာပေါင်းစုံထဲသို့ ချက်ချင်းဝင်ရောက် ရှာဖွေပြီး နောက်ဆုံး (၂၁) လွှာသို့ ပြန်ရောက်လာကာ သွားများကို ကြိတ်ကာ ပြောသည်။

“ပျောက်သွားပြီ၊ ဒါက ဝိညာဉ်ပြန်လည် ဆင့်ခေါ်ခြင်း နည်းလမ်းပဲ။”

ကျိုကျူးတောင်မှ ဟင်းလင်းပြင် ကွပ်မျက်သူမှာ ရောက်ရှိလာပြီး ပေယွမ်ဇီ နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် သံအလောင်းရဟန္တာအရှင်သခင် ပြောသည်ကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ ပြောသည်။

“ဝိညာဉ်ပြန်လည် ဆင့်ခေါ်ခြင်း နည်းလမ်းလား ဒါဆို ဒီတစ်ခါ (၁၈) လွှာ ယင်လောကက အမှိုက်တွေက သူတို့ရဲ့ ကိုယ်ပိုင် ဝိညာဉ်တွေနဲ့ လာတာ မဟုတ်ဘူးပေါ့ ”

သံအလောင်းရဟန္တာ အရှင်သခင်မှာ သူ့ကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ကို ရှာဖွေနေသည်။

“မင်းတို့ ဖန်ကျန့် ကို မြင်မိသေးလား ”

“ဖန်ကျန့်လား ဖန်ကျန့် သေသွားပြီ။ (၁၈) လွှာ ယင်လောကက အမှိုက်တွေရဲ့ လက်ချက်နဲ့ သေသွားတာ။ သူတို့က ဖန်ကျန့်ရဲ့ အထောက်အထားကို ငှားသုံးပြီး ငါတို့ကို လှည့်စားဖို့ ကြိုးစားခဲ့တာ။”

ပေယွမ်ဇီ က သွားများကို ကြိတ်ကာ ပြောသည်။

ဖန်ကျန့် သေသွားပြီ။

သံံံံံံံံံံံံံအလောင်းရဟန္တာ အရှင်သခင် မှာ အော်ဟစ်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသည်နှင့် ရုတ်တရက် သူ၏ လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ (၂၁) လွှာမှ ပျောက်ကွယ်သွားသည်။

“ဒီနေရာက ပြောင်းလဲမှုတွေက… အရမ်းကို ထူးဆန်းနေတယ်။”

ကျိုကျူးတောင်မှ ဟင်းလင်းပြင် ကွပ်မျက်သူမှာ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။

ပေယွမ်ဇီ က မျက်နှာထား ပျက်ယွင်းစွာဖြင့် -

“ဒီနေရာက တန်ခိုးစွမ်းအားကို တစ်ယောက်ယောက်က နားလည် သဘောပေါက်သွားတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သူက ယင်လောကက အမှိုက်ဟုတ်မဟုတ်တော့ မသိဘူး။”

သူသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ပြန်ပြောပြသည်။

အဖွဲ့အစည်း အသီးသီးမှ ဟင်းလင်းပြင် ကွပ်မျက်သူများမှာ တစ်စုံတစ်ယောက်အား ထျန်းထောင်ထဲသို့ ချမှတ်ထားခဲ့ကြောင်း ကြားသိလိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။

ထိုနေရာ၏ ပြောင်းလဲမှုများကို ဆက်စပ်တွေးတောကြည့်လျှင် သူတို့လည်း ထိုပြောင်းလဲမှုမှာ ထိုသူနှင့် ပတ်သက်နေမည်ဟု ခန့်မှန်းမိကြသည်။

“စည်းမျဉ်းအရဆိုရင် ဒီနေရာရဲ့ တန်ခိုးစွမ်းအားကို နားလည် သဘောပေါက်လိုက်ရုံနဲ့ ဒီလောက်ထိ ပြောင်းလဲသွားဖို့ မဖြစ်နိုင်ဘူး။ တန်ခိုးစွမ်းအားတွေ လျော့ပါးသွားတာ… ဒါကို နားလည် သဘောပေါက်သွားတာနဲ့ မတူဘူး၊ တစ်ခုခုက စုပ်ယူသွားသလိုမျိုးပဲ။”

ဟင်းလင်းပြင် ကွပ်မျက်သူ တစ်ဦးက သူ၏ ထင်မြင်ချက်ကို ပြောသည်။

ထိုအခိုက် ဟင်းလင်းပြင် ကွပ်မျက်သူ တစ်ဦးက တစ်စုံတစ်ခုကို သတိရသွားကာ အော်ဟစ်လိုက်သည်။

“(၂၂) လွှာကို စောင့်ရှောက်နေတဲ့ ဝိညာဉ်မျိုးနွယ်စုက အမှိုက်တွေ ထွက်ပြေးသွားတယ်လို့ ပြောခဲ့တယ်မဟုတ်လား။

သူက ဝိညာဉ်ပြန်လည် ဆင့်ခေါ်ခြင်း နည်းလမ်းကို မသုံးခဲ့ဘူးဆိုရင် သူက တခြား အမှိုက်အုပ်စုနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးလား။

သံအလောင်းရဟန္တာ အရှင်သခင်က သူ့ကို လိုက်ရှာနေတာ ဖြစ်မယ်၊ သူက ထျန်းထောင်ထဲကို အချခံရတဲ့သူ ဖြစ်နိုင်တယ် ”

ချက်ချင်းဆိုသလိုပင် (၂၁) လွှာရှိ ဟင်းလင်းပြင် ကွပ်မျက်သူများမှာ အားလုံး ပျောက်ကွယ်သွားကြသည်။

……

(၁၈) လွှာမြောက် ယင်လောက

ခန်းမကြီး တစ်ခုထဲတွင် ပုံရိပ်ဆယ်ဂဏန်းခန့်မှာ တရားထိုင်လျက် ရှိနေသည်။

ထိုပုံရိပ်များ၏ နောက်ကွယ်တွင် နံ့သာပေါင်း မီးကပ်တစ်ခုစီ ရှိနေပြီး အပေါ်တွင် အမည်းရောင် နံ့သာတိုင်များ စိုက်ထူထားသည်။

ယခုအခါတွင် ထိုအမည်းရောင် နံ့သာတိုင်များမှာ ဆယ်ပုံတစ်ပုံပင် မပြည့်သေးပေ။

အနီးအနားတွင် ဝိညာဉ်မျိုးနွယ်စု သူတော်စင်များစွာ ရပ်နေကြပြီး တစ်စုံတစ်ခုကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။

ရုတ်တရက် သူတို့ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။

လေဟာနယ်ထဲမှ ယင်စွမ်းအင်များ ထွက်ပေါ်လာပြီး ထိုပုံရိပ်များထဲသို့ ချက်ချင်းဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။

ထို့နောက် ထိုပုံရိပ်များမှာ တစ်ဦးပြီးတစ်ဦး မျက်လုံးပွင့်လာကြပြီး လူတိုင်း၏ မျက်နှာမှာ အလွန်ပင် ဆိုးရွားနေသည်။

“ဘာလို့ ကြိုပြန်ရောက်လာကြတာလဲ”

ဝိညာဉ်မျိုးနွယ်စု သူတော်စင် တစ်ဦးမှာ မျက်မှောင်ကြုတ်ကာ ထိုသူသုံးဦးဆီသို့ လျှောက်သွားသည်။

ထိုသူသုံးဦးက ဖြစ်ပျက်ခဲ့သည်များကို အတိုချုပ် ပြောပြလိုက်ရာ ကြားလိုက်ရသူများမှာ အံ့အားသင့်သွားကြသည်။

“ဒါဆို… တားမြစ်နယ်မြေက ပျက်စီးသွားပြီပေါ့ ”

“ပျက်စီးသွားပြီ၊ တန်ခိုးစွမ်းအားတွေ အကုန်လုံး ပျောက်ကွယ်သွားပြီ။”

“အဲ့ဒီကောင်က တရားရုံး တားမြစ်နယ်မြေရဲ့ တန်ခိုးစွမ်းအားကို နားလည် သဘောပေါက်ရုံတင်မကဘဲ အကုန်လုံးကို လုယူသွားတာ၊ တောက် ”

“ဝိညာဉ်ပြန်လည် ဆင့်ခေါ်ခြင်း နည်းလမ်းသာ မရှိရင် ဒီတစ်ခါတော့ အဲ့ဒီ နတ်ဆိုးတွေရဲ့ အစားအစာ ဖြစ်သွားမှာပဲ ”

“တရားရုံး တားမြစ်နယ်မြေရဲ့ တန်ခိုးစွမ်းအားက ဘာလဲဆိုတာ ငါသိချင်လှပြီ…”

“ဆွေ့ထျန်းဟွမ် က သူသိတယ်လို့ ပြောခဲ့တယ်မဟုတ်လား ”

ချက်ချင်းပင် လူအများ၏ အကြည့်များမှာ ဆွေ့ထျန်းဟွမ် ဆီသို့ ရောက်ရှိသွားသည်။

ရင်တန့် အပါအဝင် အားလုံးမှာလည်း အလွန်ပင် သိချင်စိတ် ပြင်းပြနေကြသည်။

“ငါ ခန့်မှန်းကြည့်တာပါ။”

ဆွေ့ထျန်းဟွမ် မှာ မျက်နှာထား တင်းမာနေသည်။ ယခင်က ရှက်စရာကောင်းသော မြင်ကွင်းကို ပြန်တွေးမိတိုင်း သူသည် ထိုအမှတ်တရ သေတ္တာကို သော့ပေါင်းရာချီ တပ်၍ လှောင်ပိတ်ထားချင်စိတ် ပေါက်မိသည်။

“ဆွေ့ထျန်းဟွမ်၊ မြန်မြန် ပြောပြပေးပါ။”

“စိတ်မစောပါနဲ့၊ ငါ နည်းနည်း အသက်ရှူမှ ဝအောင် ရှူပါဦးမယ်။”

ခဏအကြာတွင် ဆွေ့ထျန်းဟွမ် မှာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် သူကြုံတွေ့ခဲ့ရသည်များကို အသေးစိတ် ပြန်ပြောပြလိုက်သည်။

“အဲ့ဒီအရှင်သခင်က ငါတို့ အရင်က မြင်ခဲ့တဲ့သူ မဟုတ်ဘူးလား ”

ရင်တန့် က အလိုအလျောက် မေးလိုက်သည်။

“သေချာပေါက် မဟုတ်ဘူး၊ အဲ့ဒီသူက ငါတို့ကို တုတ်နဲ့ ရိုက်မှာ မဟုတ်ဘူး ”

ဆွေ့ထျန်းဟွမ် က သွားများကို ကြိတ်ကာ ပြောသည်။

“သေချာပေါက် ထျန်းထောင်ထဲက တစ်ယောက်ပဲ၊ သူက တန်ခိုးစွမ်းအားကို နားလည် သဘောပေါက်သွားလို့ စမ်းသပ်ကြည့်တာ ”

“...”

ဒါဆို ဆွေ့ထျန်းဟွမ် က စမ်းသပ်စရာ ပစ္စည်း ဖြစ်သွားတာပေါ့။

အားလုံးမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြပြီး ဆွေ့ထျန်းဟွမ် မှာ အလွန်ပင် ကံဆိုးသည်ဟုသာ တွေးမိကြသည်။

ဆွေ့ထျန်းဟွမ် ကိုယ်တိုင်လည်း နားမလည်နိုင်ပေ။ သူသည် ထိုသူနှင့် ရန်ငြိုးမရှိ၊ ချစ်ကြည်ရေးပင် တည်ဆောက်ရန် ကြိုးစားခဲ့သေးသည်။ အခြားသော အကြံအစည်များ ရှိခဲ့သော်လည်း သူက ဘာကြောင့် ထိုမျှ ရက်စက်စွာဖြင့် သူ့ကို ဒဏ်ပေးရတာလဲ။

တိထောင်ထဲတွင် ဆယ်ယောက် ရှိနေတာကို၊ သူတို့ကို မရွေးဘဲ ဘာလို့ သူ့ကိုပဲ ရွေးရတာလဲ။

“ဒါဆိုရင် တရားရုံး တားမြစ်နယ်မြေမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေ၊ အဲ့ဒီအရှင်သခင်၊ အမှုထမ်းလေးယောက်၊ ထောင်လေးခု၊ အဲ့ဒါတွေက တန်ခိုးစွမ်းအားပဲပေါ့…”

ရင်တန့် က တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါပေမဲ့ ဒါက ဘာတန်ခိုးစွမ်းအားလဲ လူတွေကို ဖမ်းလာပြီး တုတ်နဲ့ ရိုက်ဖို့ပဲလား ”

All Chapters