အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) - အကြီးမားဆုံး ခြိမ်းခြောက်မှု
ပိုးကောင်ဖြူများက ဒဏ်ရာများထဲသို့ တွားသွားဝင်ရောက်သွားပြီး ပိုးကြိုးများနှင့်တူသော အမျှင်များကို ပစ်ထုတ်လိုက်ကြသည်။
ထိုအမျှင်များက အသားများအပေါ် တွယ်ကပ်သွားပြီးနောက် ပိုးကောင်ဖြူများက အမျှင်များကို ဖြည်းညင်းစွာဆွဲယူကာ ဒဏ်ရာများကို ပိတ်ပစ်လိုက်ကြလေသည်။
နင်နာက ကျယ်လောင်စွာ အသံပြုလိုက်ပြီး လင်းဖန်ထံသို့ လက်ဝါးရိုက်ချက်တစ်ခုဖြင့် ပြေးဝင်လာတော့သည်။
ဘုန်း...
မူလမြေကြီးခံတပ်စွမ်းရည်ဖြင့် နင်နာ၏ ထိုးနှက်ချက်ကို သူ ခံယူလိုက်သည်။
သူမ၏ လက်ဝါးတွင် ကင်းမြီးကောက်ကဲ့သို့ အဆိပ်ဆူးများပါရှိသည်ကို ခံစားလိုက်ရသော်လည်း သူ၏ အရေပြားမှာ အလွန်တရာ မာကျောနေသဖြင့် အဆိပ်ဆူးများက ဖောက်ထွင်းနိုင်ခြင်း မရှိချေ။
နင်နာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
အမြုတေဖြစ်တည်မှုအဆင့်သို့ပင် မရောက်သေးသူတစ်ယောက်က သူမ၏ ထိုးနှက်ချက်ကို မည်သို့ ခံနိုင်ရမည်နည်း။
ခန္ဓာကိုယ်ကျင့်ကြံသူများပင်လျှင် ထိုသို့ မလုပ်နိုင်ပေ။
သို့သော် သူမအတွက် အဖြေရှာတွေးတောနေရန် အချိန်မရှိတော့ချေ။
လင်းဖန်က သူမ၏ ခါးဆီသို့ လက်သည်းများဖြင့် ထိုးစိုက်လိုက်ရာ လက်သည်းများက အထဲသို့ စူးဝင်သွားလေသည်။
သူ နောက်ထပ် ထိခိုက်မှုများ မလုပ်နိုင်မီ နင်နာက ချက်ချင်းပင် အနောက်သို့ ခုန်ဆုတ်လိုက်သည်။
‘ငါ နည်းလမ်းတစ်ခုခုတော့ ရှာမှဖြစ်မယ်’
သူမ စိတ်ထဲမှ တွေးလိုက်သည်။
သူ၏ မာကျောသော အရေပြားကို မဖောက်ထွင်းနိုင်ပါက သူမ၏ ပုံမှန်တိုက်ကွက်များက အရာရောက်မည် မဟုတ်ချေ။
သူမက ထပ်မံ၍ ဂါထာရွတ်ဆိုလိုက်ရာ ပိုးကောင်ဖြူများက သူမ၏ ဒဏ်ရာများကို ပြုပြင်ပေးသည့် အလုပ်ကို ဆက်လုပ်ကြပြန်သည်။
ယခုတစ်ကြိမ်တွင် ဒဏ်ရာများ ပိတ်သွားပြီးနောက် လက်ချောင်းကို ကိုက်ဖြတ်လိုက်ပြီး သွေးများ စီးကျစေလိုက်သည်။
သွေးများက အနီရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားလေသည်။
ထိုသွေးများ ဆီးနှင်းများပေါ်သို့ ကျဆင်းသွားသောအခါ ရှဲကနဲ အသံထွက်လာပြီး အခိုးအငွေ့များ ထွက်ပေါ်လာတော့သည်။
၎င်းကို မြင်လိုက်သော လင်းဖန်က ထိုအရာသည် အဆိပ် သို့မဟုတ် အက်စစ်တစ်ခုခု ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်ာ
သူမက သူ့ထံသို့ ထပ်မံပြေးဝင်လာကာ ယခုတစ်ကြိမ်တွင် သူ၏ မျက်လုံးများကို ပစ်မှတ်ထားလိုက်သည်။
လင်းဖန်က ခန္ဓာကိုယ်ကိုလှည့်ကာ ရှောင်တိမ်းလိုက်သည်။
နင်နာ၏ လက်ဝါးရိုက်ချက်က လွဲချော်သွားသော်လည်း သွေးစက်အချို့က လင်းဖန်၏ လည်ပင်းနှင့် ပခုံးပေါ်သို့ ပန်းထွက်ကျလာလေသည်။
၎င်းက သူ၏ အဝတ်အစားများနှင့် အရေပြားကို လောင်ကျွမ်းသွားစေသည်။
သို့သော် လင်းဖန်၏ မူလမြေကြီးခံတပ်စွမ်းရည်ကြောင့် ထိခိုက်မှုမှာ အလွန်နည်းပါးလှပေသည်။
“ခွေးကောင်... နင် ဘာလို့ မသေသေးတာလဲ”
သူမက ကျိန်ဆဲလိုက်ပြီးနောက် သူ့ထံသို့ ထပ်မံပြေးဝင်လာသည်ကို လင်းဖန် မြင်လိုက်ရသည်။
သူမ၏ လက်ဝါးရိုက်ချက်ကို ဘေးသို့ ပုတ်ထုတ်ကာ ကာကွယ်လိုက်ပြီး သူမကို အရှေ့သို့ ကန်ပေးလိုက်သည်။
ထိုခြေကန်ချက်ကြောင့် သူမမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရလေသည်။
လင်းဖန်က သူမထံသို့ ပြေးဝင်သွားသော်လည်း သူမက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပါးစပ်ထဲမှ အမည်းရောင် အဆိပ်ရည်များကို သူ့ထံသို့ ပန်းထုတ်လိုက်သည်။
အချိန်တိုအတွင်းမှာပင် လင်းဖန်က ဆီးနှင်းများပေါ်သို့ လှိမ့်ချလိုက်သဖြင့် အရည်အများစုနှင့် မထိတွေ့စေရန် ရှောင်ရှားနိုင်ခဲ့သည်။
ရှဲ...
အမည်းရောင်အရည်များ ဆီးနှင်းပေါ်သို့ ကျရောက်သွားသောအခါ ဆီးနှင်းများထဲမှ အခိုးအငွေ့များ ထွက်ပေါ်လာတော့သည်။
ယခုအခါ နင်နာနှင့် တစ်လှမ်းအကွာတွင်ရှိနေသော လင်းဖန်က အပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ ခေါင်းဖြင့် သူမ၏ မေးစေ့ကို တိုက်ချလိုက်လေသည်။
ဘုန်း...
ထိုတိုက်ချက်ထိမှန်သွားပြီးနာက် သူမ၏ ခေါင်းမှာ အပေါ်သို့မော့တက်သွားကာ လည်ပင်းကို ပေါ်လွင်စေခဲ့သည်။
“အား...”
လင်းဖန်၏ လက်သည်းများက သူမ၏ လည်ပင်းအတွင်းသို့ စူးဝင်သွားချိန်တွင် နင်နာမှာ အသံတိတ် အော်ဟစ်လိုက်ရသည်။
လင်းဖန်က ခြေထောက်ကို အသုံးပြုကာ သူမကို ခြေထိုးချလိုက်ပြီး သူမ မြေပေါ်သို့ လဲကျသွားချိန်တွင် အားပိုထည့်လိုက်လေသည်။
သူ၏ လက်သည်းများဖြင့် သူမ၏ ခေါင်းကို ဖြတ်တောက်ရန် ကြိုးစားလိုက်ခြင်းပင်။
ပိုးကောင်ဖြူများက နင်နာ၏ လည်ပင်းဆီသို့ တွားသွားလာကြပြီး ဒဏ်ရာများကိုပြုပြင်ရန် ကြိုးစားကြသော်လည်း အချည်းနှီးသာ။
၎င်းတို့မှာ လင်းဖန်၏ မူလချီလက်သည်းများနှင့် ထိတွေ့သွားသောအခါ ပြာအဖြစ်သို့ လောင်ကျွမ်းသွားကြတော့သည်။
နင်နာက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး နောက်ဆုံးကျန်ရှိနေသော စွမ်းအင်များဖြင့် သူမ၏ လက်ကိုမြှောက်ကာ စီမာလျန်ကို ပစ်မှတ်ထားရန် ကြိုးစားလိုက်သည်။
သို့သော် စီမာလျန်နှင့် စီမာဟွမ်တို့ လုံးထွေးသတ်ပုတ်နေကြသဖြင့် သူမတွင် ရှင်းလင်းသော ပစ်မှတ် မရှိခဲ့ချေ။
“ချီး...”
ဒေါသထွက်နေသော သူမက နောက်ဆုံးအကြိမ် ကြိုးစားကြည့်ချင်နေဆဲ ဖြစ်သည်။
သူမ၏ အင်္ကျီလက်စများထဲမှ မြွေများ ပစ်ထွက်လာပြီး ထိုမြွေများက စီမာလျန်နှင့် စီမာဟွမ်တို့ထံသို့ ပြေးဝင်သွားကြလေသည်။
စီမာဟွမ်က သူ့ထံ ပြေးဝင်လာသော မြွေများကို မြင်လိုက်ရသည်။
သူ ရှောင်တိမ်းချင်သော်လည်း ခန္ဓာကိုယ်ကမူ သူ၏ စကားကို နားမထောင်တော့ချေ။
လင်းဖန်က အုပ်စုခေါင်းဆောင်စွမ်းရည်ကို ထပ်မံအသုံးပြုလိုက်ခြင်းပင်။
စီမာဟွမ်သည် သူ့လက်က စီမာလျန်အား တွန်းဖယ်လိုက်သည်ကို မြင်လိုက်ရပြီး သူကိုယ်တိုင်မှာမူ ရှေ့သို့ ထွက်ရပ်သွားလေသည်။
မြွေများက စီမာဟွမ်အပေါ် ရစ်ပတ်သွားသော်လည်း နင်နာက ဖြစ်ပျက်သွားသည်တို့ကို မြင်သောအခါ ရှဲခနဲဖြင့် ခပ်တိုးတိုး အသံပြုလိုက်လေသည်။
ထိုအသံ၏ တုန်ခါမှုကို ခံစားမိသည်နှင့် မြွေများသည် ရွေ့လျားမှုကိုရပ်တန့်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ထို့နောက် သူမက ကျောက်စိမ်းပြားကို စီမာဟွမ်ထံ ပစ်ပေးလိုက်သည်။
ထိုအခြေအနေက လင်းဖန်အား အခွင့်အရေး ရသွားစေခဲ့သည်။
သူသည် ချီစွမ်းအင်အားလုံးကို သံမဏိလက်သည်းများထဲသို့ စီးဆင်းစေလိုက်ပြီး တစ်ချက်တည်းဆွဲဖြဲကာ သူမ၏ဦးခေါင်းကို ဖြတ်တောက်လိုက်လေတော့သည်။
[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၂၂၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၅၈၀]
စီမာဟွမ်က ကျောက်စိမ်းပြားကို ကမန်းကတန်း ကောက်ယူလိုက်သည်။
နင်နာ သေဆုံးသွားသည်ကို မြင်လိုက်ရပြီးနောက် သူ့အတွက် ရွေးချယ်စရာ သိပ်မကျန်တော့သဖြင့် ကျောက်စိမ်းပြားကိုမြှောက်ကာ ချိုးဖဲ့လိုက်တော့သည်။
စိမ်းလန်းသော အလင်းရောင်က စီမာဟွမ်အား ဖုံးလွှမ်းသွားချိန်တွင် လင်းဖန်ကို စူးစိုက်ကြည့်နေလေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ဤမျှအစွမ်းထက်ပြီး ပါးနပ်ကောက်ကျစ်သောသူကို ယခင်က တစ်ခါမျှ မကြုံဖူးခဲ့ချေ။
နောင်တစ်ချိန်တွင် ထိုသူသည် သူ့အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်ပေလိမ့်မည်။
ခဏအကြာတွင်မူ သူသည် လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာသွားလေပြီ။
“ဟေး ကြည့်ကြစမ်း၊ နောက်တစ်ယောက် လက်လျှော့လိုက်ပြန်ပြီ”
“ဘယ်သူဖြစ်နိုင်မလဲ”
“စီမာလျန်များလား”
လျှို့ဝှက်နယ်မြေအပြင်ဘက်ရှိ လူအုပ်ကြီးမှာ တစ်စုံတစ်ယောက် လက်လျှော့လိုက်သည်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားကြလေသည်။
ဤသို့မဖြစ်သည်မှာ အချိန်အတန်ကြာနေခဲ့ပြီ ဖြစ်သည်။
“နေပါဦး၊ အဲဒါ စီမာလျန်နဲ့ ဟိုအစေခံတပည့်မှ မဟုတ်တာ”
“စီမာဟွမ်ပဲ၊ ဒါပေမဲ့ ကူကျင့်ကြံသူ နင်နာက ဘယ်ရောက်သွားတာလဲ”
“သူတို့က ငွေအမြောက်အမြား အကုန်အကျခံပြီး နင်နာကို ငှားရမ်းခဲ့တာလို့ ကြားတယ်”
“အခုတော့ အကုန်အလကားဖြစ်သွားပြီပဲ။ အဲဒီအစား အစေခံတပည့်ဆီက အကူအညီတောင်းခဲ့သင့်တာပေါ့”
လူအုပ်ကြီးထဲမှ လူတိုင်းက ထိုနောက်ပြောင်မှုကို သဘောကျကာ ရယ်မောလိုက်ကြသည်။
အထူးသဖြင့် စီမာယွင်ကို အားပေးထောက်ခံသူများပင်။
စီမာဟွမ် ထွက်သွားပြီဖြစ်ရာ ယခုအခါ စီမာယွင်အတွက် အခွင့်အရေး ပိုများသွားလေပြီ။
…
ထိုအချိန်တွင် လင်းဖန်သည် ရွှေဝါရောင်အလုံးကို ကောက်ယူလိုက်သည်။
လူတိုင်းက သူသည် ရွှေဝါရောင်အလုံးကိုယူကာ ထွက်ပြေးရန်ကြိုးစားမည်ဟု ထင်နေကြချိန်တွင် သူက ၎င်းကို ဟူထော်ထံ ပစ်ပေးလိုက်လေသည်။
“စီမာချွမ်၊ ကတိအတိုင်းပဲ။ အခု မင်းဘက်က သဘောတူညီချက်ကို ဖြည့်ဆည်းပေးရမယ့် အချိန်ရောက်ပြီ”
လင်းဖန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
“ငါ သိသားပဲ။ သစ္စာဖောက်ကောင်”
စီမာယွင်က ဒေါသတကြီးဖြင့် စီမာချွမ်ထံသို့ လှံဖြင့် အားပါးတရ ထိုးနှက်လိုက်လေတော့သည်။
ဘုန်း…
လှံက မြေပြင်နှင့် ရိုက်မိသွားချိန်တွင် မြေကြီးများ ပေါက်ကွဲထွက်သွားလေသည်။
ယခုအခါ စီမာချွမ်၏ လက်ထဲတွင် စွမ်းအင်ဒိုင်းလွှားတစ်ခုရှိနေပြီး သူ့ကို ထိခိုက်မှုမှ ကာကွယ်ပေးထားပေသည်။
သူက လင်းဖန်အား အပြင်းအထန် ကျိန်ဆဲလိုက်လေသည်။
ယခုအချိန်တွင်မူ ရှင်းပြရန် နောက်ကျသွားပြီဖြစ်၍ ဤအတိုင်း စီးမျောလိုက်ရန်သာ ရှိတော့သည်။
သူက လင်းဖန်အား လှမ်းအော်လိုက်သည်။
“ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။ ငါသာ လက်လျှော့လိုက်ရင် ဟူထော်ပါ ငါနဲ့အတူ အပြင်ကို ထွက်သွားရလိမ့်မယ်။ အဲဒီအခါကျရင် သူ မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး”
လင်းဖန်ကလည်း ဝမ်းသာအားရ ‘ကူညီ’ လိုက်ပြီး သူ၏ အုပ်စုခေါင်းဆောင်စွမ်းရည်ကို သက်ဝင်စေလိုက်သည်။
ထိုအခါ စီမာယွင်မှာ သူ၏လက်က ကျောက်စိမ်းပြားဆီသို့ လှမ်းသွားကာ ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရသည်။
ကျန့်နူသည် ဟူထော်၏ တိုက်ခိုက်မှုကို လျစ်လျူရှုကာ စီမာယွင်ကို ကယ်တင်ရန် ရောက်လာခဲ့သည်။
သူက စီမာယွင်ထံမှ ကျောက်စိမ်းပြားကို လုယူလိုက်လေသည်။
ကျောက်စိမ်းပြားကို သိမ်းဆည်းပြီးနောက် နောက်သို့လှည့်ကာ လင်းဖန်ကို စူးစိုက်ကြည့်လိုက်သည်။
ဤကိစ္စက လင်းဖန်နှင့် တစ်ခုခုပတ်သက်နေကြောင်းကို ကျန့်နူ ရိပ်မိသွားသည်။
သူတို့အားလုံးမှာ လင်းဖန်၏ ကလေးကစားသလို လှည့်စားခြင်းကို ခံလိုက်ရခြင်းပင်။
လင်းဖန်ကို အမြန်ဆုံး ရှင်းလင်းပစ်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။