အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း (၁၁၃) - စီမာအိမ်တော်သို့ ပြန်လည်ရောက်ရှိခြင်း
“အဲဒီအစေခံတပည့်နဲ့ဆိုတော့ စီမာလျန်က ဘယ်လိုလုပ်ပြီး အသာစီးရနိုင်မှာလဲ”
“ဟုတ်တယ်၊ စီမာယွင်ရဲ့ အကူ ကျန့်နူက ဓားသူတော်စင်ရဲ့ ထူးချွန်တဲ့တပည့်ဆိုတာ မှတ်ထားဦးလေ”
“ငါတော့ အဲ့ဒီလို မထင်ဘူး။ စီမာလျန် ဒီလောက်ကြာကြာ တောင့်ခံနိုင်ဖို့ဆိုတာ သူတို့ဆီမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေလို့ပဲဖြစ်ရမယ်”
လူအုပ်ကြီးမှာ မည်သူက ပို၍အသာစီးရနေမည်ကို ငြင်းခုံနေကြလေသည်။
စီမာချွမ်က ပခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျားတို့အားလုံး ထင်နေတာ မှားနေပြီ”
“မင်းပြောတာ ဘာသဘောလဲ”
“မှားနေတယ်... ဘယ်လိုလုပ်ပြီး မှားရမှာလဲ”
“အထဲမှာ တခြားလူ တစ်ယောက်ယောက် ရှိနေသေးလို့လား။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး”
သူတို့အားလုံး စီမာချွမ် ဆိုလိုသည့်အဓိပ္ပာယ်ကို နားမလည်နိုင်ဖြစ်ကာ စတင်မေးမြန်းလာကြသည်။
“ခင်ဗျားတို့ မှားနေတယ်ဆိုတာက...”
စီမာချွမ်က ခေါင်းယမ်းလိုက်ရင်း ဆက်ပြောလိုက်သည်။
“အားလုံး ပြီးသွားပြီမို့လို့ပဲ”
“ဟား... ငါ သိသားပဲ။ စီမာယွင်က သူတို့ကို မျက်စိတစ်မှိတ်အတွင်းမှာပဲ အပြတ်ရှင်းလိုက်တာ ဖြစ်ရမယ်”
“ဂုဏ်ယူပါတယ် စီမာအိမ်တော်သခင်။ သင့်ရဲ့ သားအကြီးဆုံးက ဒီအောင်ပွဲနဲ့ ထိုက်တန်ပါတယ်”
“ဟုတ်တယ်၊ ဒါက ငါတို့ ကြိုတွေးထားပြီးသား ဇာတ်သိမ်းပဲလေ”
စီမာယွင်၏ ထောက်ခံသူများမှာ အောင်ပွဲခံရန် စတင်လိုက်ကြပြီး စီမာလုံကို သွားရောက်ဂုဏ်ပြုကြလေသည်။
စီမာယွင်ကို ကူညီပေးခဲ့သော အကြီးအကဲကလည်း အရက်တောင်းလေတော့သည်။
သို့သော်ငြား မြို့စားလုကမူ အခြေအနေများမှာ ထင်ထားသကဲ့သို့မဟုတ်ကြောင်း ခံစားမိသဖြင့် စီမာချွမ်ကို လှမ်းကြည့်လိုက်သည်။
“နေကြပါဦး၊ ခင်ဗျားတို့အားလုံး နားလည်မှုလွဲနေကြပြီ”
စီမာချွမ်က အားလုံး၏ အာရုံစိုက်မှုကို ရရှိရန်ကြိုးစားရင်း အော်ဟစ်လိုက်သည်။
သို့သော်လည်း သူတို့အားလုံးမှာ အောင်ပွဲခံရန်သာ အာရုံနစ်မြောနေကြချေပြီ။
စိတ်လှုပ်ရှားဖွယ်အောင်ပွဲခံပြီး အတန်ကြာသောအခါတွင် တစ်စုံတစ်ယောက်က တစ်ခုခုလွဲချော်နေကြောင်း ခံစားမိသွားပြီး မေးလိုက်လေသည်။
“စီမာယွင်က ဘယ်တော့များမှ ထွက်လာမှာလဲ။ အတော်လေးတောင် ကြာနေပြီနော်”
“အင်း... သူ ဒဏ်ရာတွေ ကုသနေတာများလား”
…
ထိုအချိန်တွင် လင်းဖန်နှင့် စီမာလျန်တို့မှာ လျှို့ဝှက်နယ်မြေအတွင်း၌ အလုပ်ရှုပ်နေကြပေသည်။
လင်းဖန်မှာ ပစ္စည်းများကို ပြန်လည်အသုံးပြုရန် သိမ်းဆည်းရင်း အလုပ်ရှုပ်နေသည်။
ပထမဦးစွာ သူသည် နင်နာ၏ ခန္ဓာကိုယ်ကို မွှေနှောက်ရှာဖွေလိုက်လေသည်။
သူမ၏ လက်ကောက်ဝတ်တွင် လက်ကောက်နှစ်ကွင်းကို ရှာတွေ့ခဲ့သည်။
ထိုလက်ကောက်များပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ကျမ်းစာအချို့ကို ရေးထွင်းထားပေသည်။
လင်းဖန်က အတန်ကြာအောင် စစ်ဆေးကြည့်သော်လည်း ဘာမှန်းမသိခဲ့ပေ။
နောက်ဆုံးတွင် လက်ကောက်များထဲသို့ သူ၏ချီစွမ်းအင်ကို ထည့်သွင်းကြည့်ရန် ကြိုးစားလိုက်လေသည်။
၎င်းတို့မှာ သိုလှောင်ရေးလက်နက်များ ဖြစ်ကြပြီး အထဲတွင် မြွေများနှင့် အဆိပ်ပြင်းသော အင်းဆက်များမှလွဲ၍ ဘာမျှမရှိချေ။
‘ကောင်းလိုက်တာ’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
ယခုဆိုလျှင် သူသည် ချီကိုဝါးမျို၍ အဆိပ်အသွင်ပြောင်းခြင်းနည်းစနစ်ကို လေ့လာရန် ဤအဆိပ်ရှိ သတ္တဝါများအားလုံးကို အသုံးပြုနိုင်ပြီဖြစ်သည်။
လက်ကောက်များကို သိမ်းဆည်းပြီးနောက် လင်းဖန်သည် ကျန့်နူ၏ အလောင်းဆီသို့ လျှောက်သွားလိုက်သည်။
ကံမကောင်းစွာဖြင့် ကျန့်နူထံတွင် ငွေစအနည်းငယ်မှလွဲ၍ တန်ဖိုးရှိသည့်အရာ သိပ်မပါလာပေ။
အားလုံး ပြီးစီးသွားသောအခါ သူက စီမာလျန်ကို လှမ်းခေါ်လိုက်လေသည်။
“ဒီကနေ ထွက်သွားဖို့ အဆင်သင့်ဖြစ်ပြီလား”
စီမာလျန်မှာ မြေပြင်ပေါ်တွင်ထိုင်ကာ ကောင်းကင်ကို မော့ကြည့်နေသည်။
သူသည် အရာအားလုံးကို ခံစားနေခြင်းပင်။
စီမာယွင်၏ ဖိနှိပ်မှုအောက်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ရပြီး နာကျင်မှုနှင့် ဆင်းရဲဒုက္ခအားလုံးကို သည်းခံခဲ့ရပြီးနောက် နောက်ဆုံး၌ အားလုံးပြီးဆုံးသွားခဲ့ချေပြီ။
လင်းဖန်အပေါ် အလောင်းအစားလုပ်ခဲ့ခြင်းက မှန်ကန်သွားသည့်အတွက် နတ်ဘုရားများကို ကျေးဇူးတင်ရပေမည်။
ထို့အပြင် လင်းဖန်ကလည်း ကတိကို တည်ခဲ့ပေသည်။
စီမာလျန်က လင်းဖန်ကို အပြုံးဖြင့် ကြည့်လိုက်ပြီး ကျေးဇူးကြီးကြီးမားမား ပြန်ဆပ်ရမည်ဟု တွေးလိုက်လေသည်။
“အင်း… ပြန်သွားပြီး ကျုပ်ရဲ့ ကံကြမ္မာသစ်ကို ရင်ဆိုင်ကြတာပေါ့”
…
“ကြည့်စမ်း၊ တစ်ယောက်ယောက် ထွက်လာပြီ”
“နောက်ဆုံးတော့... စီမာယွင်က ငါတို့ကို စောင့်ခိုင်းထားတဲ့အတွက် အရက်သုံးခွက် ဆက်တိုက်သောက်ရမယ်”
“ဟား ဟား... သုံးခွက်တည်းလား။ အနည်းဆုံး အရက်ငါးခွက်တော့ သောက်ရမှာပေါ့”
အစီအရင်အတွင်းမှ လူနှစ်ယောက် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကိုမြင်သောအခါ လူအုပ်ကြီးမှာ အော်ဟစ်အားပေးလိုက်ကြလေသည်။
သို့သော် ထိုလူနှစ်ယောက်၏ ပုံရိပ်များ ပီပြင်လာသည်နှင့်အမျှ သူတို့၏ မျက်နှာပေါ်မှ အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ဒေါင်...
အကြီးအကဲမှာ အလွန်တုန်လှုပ်သွားပြီး သူ၏ ကြေးဝါအရက်ခွက်မှာ လွတ်ကျသွားလေသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
‘စီမာလျန်နဲ့ ဟိုအစေခံတပည့်လား’
‘စီမာယွင် ဘာဖြစ်သွားတာလဲ’
စီမာယွင်တစ်ယောက် ဘာများဖြစ်သွားပြီလဲဟုတွေးမိချိန်တွင် စီမာလုံနှင့် အကြီးအကဲများ၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာလေသည်။
“စီမာယွင် ဘယ်မှာလဲ”
စီမာလုံသည် မတ်တပ်ရပ်လိုက်ပြီး စီမာလျန်ကို အော်ဟစ်မေးမြန်းလိုက်သည်။
မြို့တော်ဝန်လုသည် လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက်ရင်း နှုတ်ခမ်းမဲ့ကာ ပြုံးလိုက်သည်။
ရှေ့ဆက်ဖြစ်လာမည့် ကိစ္စရပ်များကို ပွဲကြည့်ရန် ပြင်ဆင်နေခြင်းပင်။
စီမာလျန်မှာမူ သူတို့ကို လျစ်လျူရှုထားလိုက်ပြီး ရွှေဝါရောင်အလုံးကိုင်ထားသော လက်တစ်ဖက်ကို မြှောက်ပြလိုက်လေသည်။
“သရဖူရတနာပဲ”
“စီမာလျန်က တကယ်ကြီး သရဖူရတနာကို ရလာတာပဲ”
“ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
လူအုပ်ကြီးကြားတွင် တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသော်လည်း မကြာမီ ထိုအသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။
စီမာယွင်အတွက် ဤအရာက မည်သို့အဓိပ္ပာယ်သက်ရောက်ကြောင်းကို နားမလည်နိုင်လောက်အောင် သူတို့က တုံးအမနေကြချေ။
ဖြစ်နိုင်ခြေအများဆုံးမှာ ယခုအချိန်လောက်ဆိုလျှင် သူသည် သေဆုံးနေလောက်ပြီ ဖြစ်သည်။
ဤသည်က စည်းမျဉ်းစည်းကမ်းများအတွင်းတွင် ရှိနေသည့်အတွက် မည်သူကမျှ တစ်ခုခု ဝင်လုပ်ပေးနိုင်မည် မဟုတ်ပေ။
လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် သဘောတူလိုက်သည့်အချိန်မှစ၍ သူတို့ဘာတွေ ရင်ဆိုင်ရမည်ဆိုတာကို ကောင်းကောင်းသိထားပြီးသား ဖြစ်သည်။
အချိန်အတော်ကြာသည့်တိုင်အောင် တိတ်ဆိတ်သွားလေသည်။
နောက်ဆုံးတွင် အကြီးအကဲများထဲမှတစ်ဦးက မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။
“စီမာလုံ၊ စီမာလျန် နိုင်သွားပြီ။ မင်း ဘာစောင့်နေတာလဲ”
“ကျုပ်...”
စီမာလုံသည် အောက်သို့ငုံ့ကြည့်လိုက်ပြီး လက်ဆစ်များ ဖြူရော်သွားသည်အထိ လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။
သူ၏ချီစွမ်းအင်များမှာ ထိုအခိုက်အတန့်တွင် မတည်မငြိမ်ဖြစ်သွားသဖြင့် မြေပြင်ပေါ်ရှိ သစ်ရွက်များပင် လှုပ်ခတ်သွားလေသည်။
မကြာမီမှာပင် သူက အထက်သို့ ပြန်မော့ကြည့်လိုက်ပြီး ကြေညာလိုက်သည်။
“အနိုင်ရရှိသူက စီမာလျန်နဲ့ သူ့ရဲ့အကူအညီပေးသူဖြစ်ကြောင်း ကျုပ် ကြေညာတယ်။ အစီအရင်ကျင့်ကြံသူတွေ၊ ဒဏ်ရာရတဲ့သူတွေနဲ့ သေဆုံးသွားတဲ့သူတွေကို လျှို့ဝှက်နယ်မြေထဲကနေ စပြီးထုတ်ယူကြတော့”
မြို့တော်ဝန်လုသည် အနီးသို့လျှောက်သွားကာ စီမာလျန်ကို ဂုဏ်ပြုစကားဆိုလိုက်သည်။
“လုပ်ရပ်က မဆိုးပါဘူး လူငယ်လေး။ မင်း နိုင်ကိုနိုင်မယ်လို့ ကျုပ် တွေးထားပြီးသားပါ”
“ကျေးဇူးတင်ပါတယ် မြို့တော်ဝန်မင်း။ လင်းဖန်ရဲ့ အကူအညီမပါဘဲနဲ့ ကျွန်တော် အခုလို လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး”
စီမာလျန်က အရိုအသေပေးရင်း ပြန်လည်ဖြေကြားလိုက်သည်။
လင်းဖန်သည် ယဉ်ကျေးမှုအရ ခေါင်းညိတ်ပြလိုက်သည်။
မြို့တော်ဝန်က ပြုံးလိုက်ပြီး လင်းဖန်၏အနီးသို့ ကပ်သွားလေသည်။
ထို့နောက် တိုးညှင်းသောအသံဖြင့် ကပ်ပြောလိုက်သည်။
“ကျန့်နူက ဓားသူတော်စင်ရဲ့ အချစ်ဆုံးတပည့်ပဲ။ မင်း သူ့ကို သတိထားနေတာ ပိုကောင်းလိမ့်မယ်။ သူက အတော်လေး အငြိုးအတေးကြီးတယ်လို့ နာမည်ထွက်တယ်”
“ကျေးဇူးတင်ပါတယ်။ ကျုပ် သတိထားနေပါ့မယ်”
လင်းဖန်က လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးရင်း ပြန်ပြောလိုက်သည်။
“ကောင်းပြီ။ မင်းမှာ အချိန်ရမယ်ဆိုရင် မင်းအတွက် တာဝန်တချို့ ရှိကောင်းရှိနိုင်တယ်။ မင်း ဆန္ဒရှိမယ်ဆိုရင် မြို့တော်ဝန်အိမ်တော်ဆီ လာရှာလိုက်ပါ”
မြို့တော်ဝန်က လင်းဖန်၏ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်လိုက်သည်။
တာဝန်မှာ အကျိုးအမြတ်များသော ဆုလာဘ်များရရှိမည်ဆိုပါက သူသည် လုပ်ဆောင်ရန် ဆန္ဒရှိနေလေသည်။
ရုတ်တရက် အစီအရင်ကျင့်ကြံသူများက လျှို့ဝှက်နယ်မြေထဲမှ အလောင်းများကို သယ်ထုတ်လာချိန်တွင် ဆူညံသောအသံများ ထွက်ပေါ်လာတော့သည်။
ကျဆုံးသွားသူများ၏ ဆွေမျိုးများက အော်ဟစ်ငိုယိုနေကြသဖြင့် ကြည့်ကောင်းသော မြင်ကွင်းတစ်ခုတော့ မဟုတ်ချေ။
လင်းဖန်က အကဲခတ်လိုက်သော်လည်း စီမာလုံမှာမူ စီမာယွင်၏ အလောင်းကိုသာ ငေးမောကြည့်နေသည်။
စီမာလုံအတွက် နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့သမျှ သဲထဲရေသွန်ဖြစ်သွားချေပြီ။
ထို့အပြင် သူသည် စီမာယွင်အပေါ် လောင်းကြေးထပ်ခဲ့မိသည်မှာ လုံးဝကို အမှားကြီးမှားသွားခဲ့သည်။
စီမာလျန်မှာ သူနှင့် မရင်းနှီးပေ။ ဆိုလိုသည်မှာ စီမာမိသားစုသည် သူ၏ထိန်းချုပ်မှုအောက်မှ တဖြည်းဖြည်း လွတ်ကင်းသွားနိုင်ကြောင်းပင်။
“အရာအားလုံးကို သိမ်းဆည်းပြီး အိမ်တော်ကို ပြန်ကြမယ်”
စီမာလုံက အော်ဟစ်လိုက်ပြီး လှည့်ထွက်သွားလေသည်။
သူ ထွက်သွားချိန်တွင် စီမာလျန်နှင့် လင်းဖန်တို့ကို စူးရဲစွာ စိုက်ကြည့်သွားလေသည်။
…
စီမာမိသားစုအိမ်တော်…
သူတို့ ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်သည့်အရာမှာ လျှို့ဝှက်နယ်မြေထဲမှ ရရှိလာသောပစ္စည်းများကို လေ့လာစစ်ဆေးခြင်းပင်။
ထို့ကြောင့် အကူအညီရယူရန် စီမာမိသားစု၏ အဆင့်မြင့် မှော်လက်နက်ဖန်တီးသူဆီသို့ သွားခဲ့ကြသည်။
“ဝင်ခဲ့ကြ။ ငါ့မှာ အချိန် သိပ်မရှိဘူး”
မျက်မှန်တပ်ထားသော အဘိုးအိုတစ်ဦးသည် လင်းဖန်နှင့် စီမာလျန်တို့ ချဉ်းကပ်လာသည်ကို အာရုံခံမိချိန်တွင် နီရဲပူလောင်နေသော သတ္တုစတုံးကို တူဖြင့် ထုနှက်နေလေသည်။
“ဒါတွေက ဘာတွေလဲဆိုတာ အဘိုးသိလား”
စီမာလျန်က အဘိုးအိုကို အပ်များ၊ ပလုပ်တုတ်၊ ဝိညာဉ်ဖျက်သံမဏိနှင့် ရွှေဝါရောင်အလုံးတို့ကို ပြသလိုက်သည်။
အဘိုးအိုသည် သူလုပ်နေသောအရာကို ရပ်တန့်လိုက်ပြီး ထိုပစ္စည်းများကို မြင်လိုက်ရချိန်တွင် မျက်လုံးများ ပြူးကျယ်သွားတော့သည်။