အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄) - အမှောင်သခင်
အဘိုးအိုက ရွှေဝါရောင်အလုံးလေးကို အရင်ဆုံး ကောက်ယူလိုက်သည်။
သူက ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေသော နေရောင်ခြည်တွင် ထိုအရာကို ထောင်ကြည့်လိုက်လေသည်။
“ဒီပစ္စည်းမျိုးကို မမြင်ရတာ ကြာပြီပဲ။ ဒါက နေမင်းပန်းပဲအလုံးပဲ။ သူနဲ့သာ ပုံသွင်းမယ်ဆိုရင် မှော်လက်နက်တွေရဲ့ အဆင့်ကို မြှင့်တင်ပေးနိုင်တယ်။ မင်းက ဒီပစ္စည်းကို ရထားတာဆိုတော့ အနာဂတ် မိသားစုခေါင်းဆောင် ဖြစ်ရမယ်”
ထို့နောက် အဘိုးအိုက ပလုပ်တုတ်ကို ကောက်ယူကာ အနီးကပ် စစ်ဆေးကြည့်လိုက်ပြန်သည်။
သူက မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာကျက်ကို မော့ကြည့်ကာ ထိုအရာက မည်သည့်အရာဖြစ်ကြောင်း မှတ်မိစေရန် အတော်လေး ကြိုးစားနေလေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက နဖူးကို ရုတ်တရက် ရိုက်ချလိုက်ပေသည်။
“အာ... ဒီအရာကို ငါ ဘယ်လိုလုပ် မေ့နေရတာလဲ။ ဒါက ဟင်းလင်းပြင်သံမဏိနဲ့ ပြုလုပ်ထားတဲ့ ပလုပ်တုတ်ပဲ။ သူက သဘာဝဓာတ်ကြီးတွေရဲ့ တိုက်ခိုက်မှုတွေကို ပျက်ပြယ်သွားစေနိုင်တယ်။ ဟိုဘက်က အပ်တွေကလည်း အတူတူပဲ”
စီမာလျန်သည် စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။
“ဒီပစ္စည်းတွေနဲ့ သံတူတစ်စုံလောက် လုပ်ပေးလို့ ရနိုင်မလားဗျ။ ကျုပ်မိတ်ဆွေရဲ့ သံတူတွေက ပျက်စီးသွားလို့ပါ။ အဘိုး စစ်ဆေးကြည့်ပေးလို့ ရမလား”
“ရတာပေါ့။ နေမင်းပန်းပဲအလုံးကို အသုံးပြုပြီး ပစ္စည်းတစ်ခုခု လုပ်ခွင့်ရတာက ငါ့အတွက်တော့ ဂုဏ်ယူစရာပဲ”
အဘိုးအိုက ပြန်ဖြေလိုက်လေသည်။
လင်းဖန်သည် ရှေ့သို့လှမ်းသွားကာ သူ၏သံတူများကို ထုတ်ယူလိုက်သည်။
သံတူများပေါ်ရှိ အက်ကွဲကြောင်းများကို မြင်သောအခါ အဘိုးအိုက ခေါင်းရမ်းလိုက်သည်။
“နှမြောစရာပဲ။ ဒါပေမဲ့ ပျက်စီးသွားတာက ပြင်လို့မရတော့ဘူး။ မင်း သဘောတူမယ်ဆိုရင် သံတူအသစ်တွေလုပ်ဖို့အတွက် မိစ္ဆာသားရဲအမြုတေကိုတော့ အသုံးပြုလို့ရတယ်”
အဘိုးအိုက ပြောလိုက်လေသည်။
“လုပ်သာ လုပ်ပါဗျာ”
လင်းဖန်သည် ပန်းပဲဖိုအတွင်းရှိ စားပွဲပေါ်သို့ သံတူများကို တင်လိုက်ရင်း ပြန်ဖြေလိုက်သည်။
“တစ်ပတ်နေရင် ပြန်လာခဲ့။ အဲဒီအချိန်ဆိုရင် အဆင်သင့် ဖြစ်နေလောက်ပြီ”
ထို့နောက် လင်းဖန်နှင့် စီမာလျန်တို့သည် အဘိုးအိုအား နှုတ်ဆက်ကာ ထွက်ခွာလာခဲ့ကြလေသည်။
“ကျုပ် အာမခံပါတယ်။ ဆရာကြီးရှင်းက ကျုပ်တို့ဆီမှာ အကောင်းဆုံး မှော်လက်နက်ပညာရှင်ပဲ။ မင်း စိတ်ပျက်ရမှာ မဟုတ်ပါဘူး”
စီမာလျန်၏ တည်းခိုရာဆောင်သို့ ပြန်လာစဉ် စီမာလျန်က ပြောလိုက်သည်။
သခင်မချူးက သူတို့ကို မြင်သောအခါ လက်ခုပ်တီးလိုက်ပြီး အစေခံများက အရသာရှိသော အစားအသောက်များကို သယ်ဆောင်လာကာ စားပွဲပေါ်တွင် တင်လိုက်ကြသည်။
“မင်းတို့ ဗိုက်ဆာနေလောက်ပြီ။ အရင်ဆုံး တစ်ခုခု စားလိုက်ကြဦး”
သူမက အပြုံးဖြင့် ပြောလိုက်လေသည်။
ယခုအခါတွင် သူမသည် ယခင်ကနှင့် လုံးဝကွာခြားစွာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်လျှံနေပေသည်။
သူမ၏သားဖြစ်သူက သူ၏အရည်အချင်းကို သက်သေပြနိုင်ခဲ့ပြီဖြစ်ရာ စီမာမိသားစုတွင် အနာဂတ်ရှိလာတော့မည်ပင်။
သူတို့ စားသောက်နေစဉ် လင်းဖန်က သူ၏ နောက်ထပ်ခြေလှမ်းအတွက် စဉ်းစားလိုက်သည်။
သံတူများမပြီးစီးမီ နောက်ထပ် တစ်ပတ်မျှ လိုသေးသည်။
သူသည် ဂိုဏ်းသို့ အရင်ပြန်သွားနိုင်ခြင်း သို့မဟုတ် ဟုန်ဖုန်းမြို့တွင် ဆက်လက်စောင့်ဆိုင်းနိုင်သည်။
သို့သော် သူသာ ဤနေရာတွင် ဆက်နေမည်ဆိုပါက အချိန်ကို ပို၍ အကျိုးရှိရှိ အသုံးပြုနိုင်ပေလိမ့်မည်။
တာဝန်တစ်ခုပြီးမြောက်ရန် မြို့စားကြီး၏ဖိတ်ခေါ်ချက်မှာ လင်းဖန်အတွက် ဆွဲဆောင်မှုရှိနေလေသည်။
“လင်းဖန်... ကျုပ်က ချင်ဖုန်းဂိုဏ်းကနေထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ”
စားသောက်နေစဉ် စီမာလျန်က ပြောလိုက်သည်။
ဤကိစ္စက လင်းဖန်အတွက် အံ့ဩစရာ မဟုတ်ချေ။
ယခုအခါ စီမာလျန်က မိသားစုခေါင်းဆောင်နေရာကို ရယူတော့မည်ဖြစ်၍ ချင်ဖုန်းဂိုဏ်းတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။
‘စီမာလျန်က အဲဒီတုန်းက အရင်းအမြစ်တွေ မရနိုင်လို့ ချင်ဖုန်းဂိုဏ်းကို ဝင်ခဲ့တာ ဖြစ်နိုင်တယ်’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
သူ့အနေဖြင့် လင်းဖန်ကို ကူညီသရွေ့ မည်သည့်နေရာမှ ကူညီသည်ဖြစ်စေ အရေးမကြီးပေ။
စားသောက်ပြီးနောက် လင်းဖန်က နှုတ်ဆက်ကာ စီမာမိသားစုစံအိမ်မှ ထွက်ခွာလာခဲ့လေသည်။
လင်းဖန်သည် ဟိုဟိုဒီဒီ လျှောက်သွားရင်း တည်းခိုရန် တည်းခိုခန်းတစ်ခုကို ရှာတွေ့ခဲ့သည်။
သူက နေရာချလိုက်ပြီးနောက် လက်ကောက်များကို ထုတ်ယူလိုက်သည်။
ချီကိုဝါးမျို၍ အဆိပ်အသွင်ပြောင်းခြင်း နည်းစနစ်မှတ်တမ်းစာအုပ်ကို သူ၏ရှေ့တွင် ချထားလိုက်ပြီး လက်ကောက်အတွင်းရှိ နေရာလွတ်ထဲမှ မြွေအချို့ကို ထုတ်ယူလိုက်လေသည်။
ညွှန်ကြားချက်များအတိုင်း အဆိပ်အိတ်များကို ထုတ်ယူလိုက်သည်။
သူသည် ထိုအဆိပ်အိတ်များကို မျိုချလိုက်ပြီး ၎င်းတို့ကို စုပ်ယူရန် ချီများကို စေခိုင်းလိုက်သည်။
အဆိပ်အိတ်များကို စုပ်ယူလိုက်သောချီများမှာ မတည်မငြိမ်ဖြစ်သွားကာ သွေးကြောများကြားတွင် လှည့်လည်သွားလာနေစဉ် လင်းဖန်ကို နာကျင်စေတော့သည်။
သူက ၎င်းတို့ကို သူ၏လည်ပင်းရှိ သွေးကြောများဆီသို့ လျင်မြန်စွာ လွှဲပြောင်းပေးလိုက်သည်။
ဖြည်းညှင်းစွာဖြင့် သွေးကြောများက ချီများကို အတွင်း၌ ထိန်းသိမ်းထားလိုက်ပြီး အဆိပ်အိတ်များမှ အဆိပ်များသည် ၎င်းတို့ထဲတွင် သိုလှောင်ခံလိုက်ရလေတော့သည်။
ထို့နောက် လင်းဖန်သည် ချီစွမ်းအင်ကို သွေးကြောများအတွင်း စီးဆင်းစေလိုက်ပြီး မီးခိုးနက်အချို့ကို မှုတ်ထုတ်လိုက်သည်။
၎င်းမှာ ဂူထဲတွင် ကြာနက်ဂိုဏ်းသားများ ပြုလုပ်ခဲ့သည့်အတိုင်းပင်။
သို့သော်ငြား တစ်ချက်မှုတ်ထုတ်ပြီးသည်နှင့် သူ၏အဆိပ်များမှာ ကုန်ခမ်းသွားချေပြီ။
ထို့ကြောင့် လင်းဖန်သည် လက်ကောက်ထဲမှမြွေများကို ထပ်မံထုတ်ယူလိုက်ပြီး ဆက်လက်ကျင့်ကြံလေသည်။
သူသည် ညစာစားချိန်ရောက်သည်အထိ ထိုအတိုင်း ဆက်လုပ်နေခဲ့သည်။
တိုးတက်မှုမှာ နှေးကွေးလှသော်လည်း လင်းဖန်ကမူ ဤအခြေအနေအပေါ် ကျေနပ်နေပေသည်။
အနည်းဆုံးတော့ သူသည် ကျင့်ကြံခြင်းကို အစပြုနိုင်ခဲ့ပြီ ဖြစ်သည်။
အားလုံးပြီးဆုံးသွားချိန်၌ အခန်းအနှံ့ ပြည့်နှက်နေသော မြွေသေများကို သူ လိုက်ကြည့်လိုက်လေသည်။
မြွေအသေကောင်များကို မည်သို့လုပ်ရမည်မှန်း မသိတော့သဖြင့် တည်းခိုခန်းအား သူ့အတွက် မြွေစွပ်ပြုတ်ချက်ပေးရန် တောင်းဆိုလိုက်သည်။
သူက မြွေလာရောင်းခြင်းဖြစ်သော်လည်း ဝယ်သူမတွေ့သောကြောင့် အိမ်သို့ ပြန်သယ်မသွားလိုတော့ကြောင်း ဆင်ခြေပေးလိုက်သည်။
လင်းဖန်ထံမှ ကြေးဒင်္ဂါးအချို့ကိုရရှိပြီးနောက် စားပွဲထိုးလေးမှာ သူ၏တောင်းဆိုချက်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။
လင်းဖန်တစ်ယောက်တည်း ဤမျှများပြားသောမြွေများကို အကုန်စားနိုင်မည်မဟုတ်သဖြင့် တည်းခိုခန်းသို့ ရောင်းချရန်လည်း ထိုစားပွဲထိုးက အကြံပြုလာသည်။
လင်းဖန်ကလည်း သဘောတူလိုက်ရာ တည်းခိုခန်းမှ ကြေးဒင်္ဂါး သုံးဆယ် ပေးချေခဲ့လေသည်။
…
မှောင်မိုက်နေသော အခန်းတစ်ခန်းအတွင်း…
အမှောင်တမန်တော်သည် ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေပြီး သူ၏ မျက်နှာချင်းဆိုင်၌ အရေခွံရုပ်သေးတျောင် ရှိနေပေသည်။
အရေခွံရုပ်သေးတျောင်က သူ့အား မဲ့ပြုံးပြုံးလိုက်ပြီး စူးရှသောအသံဖြင့် ပြောလိုက်လေသည်။
“ဟီးဟီး။ အမှောင်သခင်က ငါတို့အတွက် ဘာများ ခိုင်းစရာရှိလို့လဲ မသိဘူး။ ငါတို့ကို ဒီကို ဆင့်ခေါ်တာ ရှားသားပဲ”
တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
အမှောင်တမန်တော်က လက်ပိုက်လိုက်ပြီး အရေခွံရုပ်သေးတျောင်အား စိုက်ကြည့်နေလေသည်။
“ကောင်းပြီလေ။ အနည်းဆုံးတော့ ငါ အမှားလုပ်ခဲ့လို့ မဟုတ်ဘူးဆိုတာကိုတော့ ငါသိတယ်။ တခြားတစ်ယောက်ယောက်က အမှားလုပ်ခဲ့တာ။ ဟီးဟီး”
အမှောင်တမန်တော် ဒေါသတကြီး တုံ့ပြန်ရန် ပြင်လိုက်ချိန်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး တံခါးပွင့်သွားတော့သည်။
သူတို့နှစ်ဦးလုံး၏ နှလုံးသားပေါ်သို့ ဖိအားတစ်ခု ကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
အမှောင်ထုထဲတွင် မည်သည့်အရာကိုမျှ မမြင်ရသော်လည်း သူတို့ထက် အဆပေါင်းများစွာ စွမ်းအားကြီးမားသော တည်ရှိမှုတစ်ခုကိုမူ အာရုံခံမိနေပေသည်။
၎င်းမှာ အမှောင်သခင်ပင် ဖြစ်သည်။ ပို၍ တိတိကျကျဆိုရလျှင် သူ၏ ပုံရိပ်ယောင်ဖန်ဆင်းမှုတစ်ခုသာ။
လွန်ခဲ့သောနှစ်ပေါင်းများစွာက လမ်းမှန်ဂိုဏ်းများနှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲမှ ရရှိခဲ့သည့်ဒဏ်ရာများမှာ သက်သာလာရုံသာ ရှိသေးပေသည်။
“ကြာနက်ဂိုဏ်း အဓွန့်ရှည်ပါစေ။ ကျွန်ုပ်တို့၏ ကောင်းချီးမင်္ဂလာများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့ပါစေ”
အမှောင်တမန်တော်နှင့် အရေခွံရုပ်သေးတျောင်တို့က ဦးညွှတ်ကာ ရွတ်ဆိုလိုက်ကြသည်။
အမှောင်ထုထဲမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
“အမှောင်တမန်တော်၊ မင်းရဲ့ လုပ်ဆောင်မှုတွေအပေါ် ငါ လုံးဝကို စိတ်ပျက်မိတယ်။ ချင်ဖုန်းဂိုဏ်းကိုဖြိုခွဲဖို့ အချိန်ဘယ်လောက်တောင် ယူနေရဦးမှာလဲ”
“ဟီးဟီး။ အမှောင်သခင်၊ သူ ကျရှုံးခဲ့တာ နှစ်ကြိမ်တောင် ရှိနေပြီ။ ကျွန်တော့်ကိုသာ ချင်ဖုန်းဂိုဏ်းကို တိုက်ခိုက်ခွင့်ပြုပါ၊ ပြီးရင် အောင်ပွဲခံသတင်းကို စောင့်နေလိုက်ပါ”
အရေခွံရုပ်သေးတျောင်က ကြားဖြတ်ပြောဆိုလိုက်သည်။
“တိတ်စမ်း”
အမှောင်သခင်၏အသံက ဟိန်းထွက်လာသည်။
အရေခွံရုပ်သေးတျောင်မှာ ရင်ဘတ်တစ်ခုလုံး ကြပ်တည်းသွားသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ကာ အော်ဟစ်လိုက်ရချေပြီ။
“မင်းရဲ့ အရေခွံရုပ်သေး အခုတစ်ရာနဲ့ လုံလောက်မယ်လို့ ထင်နေတာလား။ ဒီထက်ပိုပြီး များများယူလာခဲ့”
“ဟုတ်ကဲ့ပါ အရှင်”
အရေခွံရုပ်သေးတျောင်က အလျင်အမြန် ပြန်လည်ဖြေကြားလိုက်ရာ သူ၏ ရင်ဘတ်ပေါ်မှ ဖိအားများလည်း ပျောက်ကွယ်သွားတော့သည်။
ထို့နောက် အရေခွံရုပ်သေးတျောင်က အမှောင်တမန်တော်ကို လှမ်းကြည့်လိုက်သည်။
ယခုအခါ ဖိအားအားလုံးမှာ သူ့အပေါ်သို့ ကျရောက်နေပြီ ဖြစ်သည်။
သွေးကန်အတွင်း နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ဖူးသော အမှောင်တမန်တော်အတွက် အခြေအနေ သိပ်မဟန်လှပေ။
သူက ခေါင်းငုံ့ကာ ပြောလိုက်လေသည်။
“ကျွန်တော်တို့ ဧကရာဇ်ကို အရင်ရှင်းသင့်တယ်လို့ ထင်ပါတယ်။ ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်နဲ့ ကျွန်တော် အဆက်အသွယ်ရထားပြီးပါပြီ”