အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆) - လုတင့်
“ငါ့နောက်လိုက်ခဲ့”
စစ်သူကြီးလျိုဖုန်းက လင်းဖန်ကို နောက်မှလိုက်လာရန် လက်ဟန်ပြလိုက်လေသည်။
လင်းဖန်သည် တန်းစီနေရာမှ ထွက်လာကာ သူ့နောက်သို့ လိုက်သွားလိုက်သည်။ ကျန်ရစ်ခဲ့သော အခြားစစ်သည်များမှာမူ လင်းဖန်ကို မနာလိုသော မျက်လုံးများဖြင့် ငေးကြည့်နေကြတော့သည်။
‘ဒီကံကောင်းတဲ့ကောင်က စစ်မြေပြင်ကို တစ်ရက်လေးတောင် မြင်ရမှာမဟုတ်ဘူး’
သူတို့အားလုံး စိတ်ထဲမှ ကြိတ်တွေးနေကြလေသည်။
လင်းဖန်နှင့် စစ်သူကြီးလျိုဖုန်းတို့သည် ဆယ်မိနစ်ခန့် လမ်းလျှောက်လာပြီးနောက် တဲအချို့ရှိရာသို့ ရောက်ရှိသွားလေသည်။
ထို့နောက် လင်းဖန်မှာ တဲတစ်လုံးအတွင်းသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။ တဲထဲတွင် ကုတင်အချို့နှင့် စောင်ပါးလေးများသာ ရှိပြီး အသုံးအဆောင်ဟူ၍ သိပ်မရှိချေ။
“သူတို့က မနက်ခင်းလေ့ကျင့်ရေးဆင်းဖို့ ထွက်သွားကြတယ်။ မြို့စားကြီးရဲ့သား လုတင့်က ခဏနေ ပြန်ရောက်လာလိမ့်မယ်”
သူ ထိုသို့ပြောနေစဉ်မှာပင် စစ်ဝတ်စုံဝတ်ဆင်ထားသော လူဆယ်ယောက်ခန့် တဲအတွင်းသို့ ဝင်ရောက်လာလေသည်။
စစ်သူကြီးလျိုဖုန်းက လင်းဖန်ကို မိတ်ဆက်ပေးလိုက်သည်။
“တပ်မှူးလု... ဒါက မင်းရဲ့ တပ်သားသစ် လင်းဖန်ပဲ။ သူ့ကို ဒီနေ့မှ ပြောင်းရွှေ့ပေးလိုက်တာ။ သူ့ကို သေချာလေး ဂရုစိုက်ပေးလိုက်ပါ”
“ဟုတ်ကဲ့ပါ စစ်သူကြီး”
လုတင့်က လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။
“လင်းဖန်... တစ်ခုခုလိုအပ်တာရှိရင် ငါ့ကို လာပြောလို့ရတယ်”
စစ်သူကြီးလျိုဖုန်းက ပြောဆိုပြီးသည်နှင့် ထွက်ခွာသွားလေတော့သည်။
စစ်သူကြီးလျိုဖုန်း ထွက်သွားသောအခါ လုတင့်က လင်းဖန်၏ကျောကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
“ကြိုဆိုပါတယ်။ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး နေပါ။ ဧကရာဇ်မင်းမြတ်ကို အလုပ်အကျွေးပြုပြီး သာမန်ပြည်သူတွေကို ကာကွယ်ပေးဖို့ အသင့်ဖြစ်နေတဲ့ မင်းလိုလူမျိုး ရောက်လာတာကို ငါတကယ်ပဲ ဝမ်းသာမိတယ်”
“ကျုပ် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”
လင်းဖန်က ပြန်ဖြေလိုက်သည်။
လုတင့်၏ စကားကို ကြားပြီးနောက် မြို့စားကြီးလုက သူ့သားအတွက် အဘယ့်ကြောင့် ဤမျှ စိုးရိမ်နေရသည်ကို လင်းဖန် သဘောပေါက်သွားချေပြီ။
ဤလုတင့်မှာ စိတ်ကူးယဥ်သမားတစ်ယောက် ဖြစ်နေသည်။
မိစ္ဆာသားရဲအုပ်ကြီးများနှင့် ရင်ဆိုင်ရမည့်စစ်မြေပြင်တွင် ထိုကဲ့သို့သော စိတ်ကူးယဉ်သမားတစ်ယောက် ရှိနေခြင်းမှာ အလွန်ဆိုးရွားသော ပေါင်းစပ်မှုတစ်ခုပင်။
“ဒီကုတင်က အလွတ်ပဲ။ မင်း အဲဒါကို သုံးလို့ရတယ်။ ဒါပေမဲ့ အရင်ဆုံး ငါတို့အဖွဲ့နဲ့ မင်းကို မိတ်ဆက်ပေးရစေ။
လုတင့်က သူ၏အဖွဲ့သားများကို လင်းဖန်အား တက်ကြွစွာ မိတ်ဆက်ပေးလေသည်။
သို့သော်လည်း တစ်ဖက်လူများ၏ ခံစားချက်ကမူ သူနှင့် ထပ်တူမကျခဲ့ပေ။
အခြားစစ်သည်များက လင်းဖန်ကို လုတင့်နည်းတူ ဩဇာအာဏာရှိသူ တစ်ဦးဦး၏ သားဖြစ်မည်ဟုသာ ယူဆထားကြသည်။
ထိုသို့မှမဟုတ်လျှင် စစ်သူကြီးလျိုဖုန်းက အသစ်ပြောင်းရွှေ့လာသော တပ်သားတစ်ယောက်ကို ဤမျှလောက် ဂရုတစိုက် လုပ်ပေးနေမည် မဟုတ်ချေ။
အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့လာရပါက လင်းဖန်မှာ သူတို့၏ အသက်ကိုပါရင်းပြီး ဒုက္ခမပေးရန်သာ မျှော်လင့်နိုင်တော့သည်။
မိတ်ဆက်ပေးပြီးနောက်တွင် နေ့လယ်စာစားချိန်ရောက်ရှိလာသဖြင့် သူတို့အားလုံး နေ့လယ်စာ သွားစားကြလေသည်။
စားစရာများမှာ အလွန်စုတ်ပြတ်လွန်းလှပြီး ပေါက်စီအချို့နှင့် ဟင်းသီးဟင်းရွက်များသာ ပါဝင်သည်။
အသားဓာတ်ဟူ၍ ဟင်းသီးဟင်းရွက်များထဲတွင် ရောနှောနေသော အသားစအနည်းငယ်သာ ပါရှိသည်။
သို့သော်လည်း စစ်သည်များကမူ ဂရုမစိုက်ကြဘဲ စကားစမြည် စတင်ပြောဆိုလာကြသည်။
သူတို့က မိသားစုအကြောင်းများနှင့် အိမ်မပြန်ဖြစ်သည်မှာ မည်မျှကြာမြင့်နေပြီ ဖြစ်ကြောင်းကို ပြောဆိုနေကြလေသည်။
သူတို့ထဲမှ အများစုမှာ အန်းရှန်းရွာကဲ့သို့သော ကျေးရွာများမှ လာကြသူများ ဖြစ်သည်။
ထိုအကြောင်းအရာများကြောင့် လုတင့်က လင်းဖန် မည်သည့်အရပ်က လာသနည်းဟု မေးမြန်းလာတော့သည်။
“ကျုပ်လား... ကျုပ်က အန်းရှန်းရွာက လာတာလေ”
ထိုစကားကြောင့် အခြားစစ်သည်များမှာ အံ့အားသင့်သွားပြီး ဇဝေဇဝါ ဖြစ်သွားကြသည်။
‘လင်းဖန်က သူ့ရဲ့ ဇာတိကို လိမ်ပြောနေတာလား’
“ငါက ဘေးနားရွာကကွ။ မင်းတို့ရွာသူကြီး နာမည်က ဘယ်သူလဲ။ ဘယ်လိုဖြစ်ပြီး ငါမေ့သွားပါလိမ့်...”
စစ်သည်တစ်ဦးက လှမ်းမေးလိုက်လေသည်။
လင်းဖန်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“ဟိုဖူကို ပြောတာလား။ ကျုပ် နောက်ဆုံးတွေ့ခဲ့တုန်းကတော့ သူက ကျန်းကျန်းမာမာ ရှိနေတုန်းပဲ”
“အေး... ဟိုဖူပဲ။ ဟုတ်တယ်”
ထိုစစ်သည်က လင်းဖန်၏ စကားမှန်ကန်ကြောင်း အတည်ပြုပေးလိုက်သည်။
ယခုအခါ လင်းဖန်တစ်ယောက် အမှန်အတိုင်း ပြောနေခြင်း ဟုတ်မဟုတ်ကို သူတို့ ဆုံးဖြတ်၍ မရနိုင်တော့ချေ။
သို့သော်လည်း ကိစ္စမရှိပေ။
နေ့လယ်စာစားပြီးနောက်ပိုင်းတွင် မိစ္ဆာသားရဲများနှင့် ရင်ဆိုင်ရမည့် သင်ခန်းစာတစ်ခု ရှိနေသေးသည်။
သူ့စွမ်းရည်ကို စမ်းသပ်ရန်က ပို၍ အရေးကြီးလှပေသည်။
…
မိစ္ဆာသားရဲ သိုင်းပြိုင်ကွင်း…
သိုင်းပြိုင်ကွင်းသည် စစ်သည်များ လေ့ကျင့်ရန်နှင့် မိစ္ဆာသားရဲများကို ရင်ဆိုင်ရမည့် နေရာတစ်ခု ဖြစ်သည်။
ပွဲကြီးပွဲကောင်းများအတွက် ပရိသတ်များထိုင်ရန် ခုံတန်းများနှင့် မြင့်မားသော နံရံကြီးများလည်း ရှိနေသည်။
သို့ရာတွင် ယနေ့၌မူ ခုံတန်းများပေါ်တွင် လုတင့်နှင့် သူ၏စစ်သည်အဖွဲ့သာ ထိုင်နေကြလေသည်။
ပြိုင်ကွင်းကြမ်းပြင်ပေါ်တွင်မူ စစ်သည်တစ်ဦး ရပ်နေလေသည်။
ပထမဆုံး ထွက်လာသူမှာ လင်းဖန်၏ ဘေးအိမ်နီးချင်းရွာမှဖြစ်သော တပ်သားလီ ဖြစ်သည်။
သူက သူ၏ ဓားမကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တံခါးပေါက်တစ်ခုက တဖြည်းဖြည်း ပွင့်လာလေသည်။
တောက်ပစွာ လောင်ကျွမ်းနေသော မီးတောက်များပါသည့် ဦးချိုများနှင့် ဆိတ်တစ်ကောင်နှင့်တူသော သတ္တဝါတစ်ကောင်က တံခါးပေါက်မှနေ၍ အရှိန်ဖြင့် ပြေးထွက်လာတော့သည်။
လီက ဘေးသို့ရှောင်တိမ်းလိုက်ရာ သူ၏ဓားမကြီးမှာ တောက်ပစွာ လင်းလက်သွားပြီး လျှပ်တပြက်လှုပ်ရှားမှုနှင့်အတူ မီးတောက်ဆိတ်ဆီသို့ အားပြင်းပြင်းဖြင့် ခုတ်ပိုင်းချလိုက်လေသည်။
ချွမ်တပ်ဖွဲ့ဝင်များတွင် တည်ထောင်သူဧကရာဇ် လက်ထက်မှစ၍ လက်ဆင့်ကမ်းလာခဲ့သည့် ကိုးနဂါး ချီစုစည်းမှုကျင့်စဉ် အမည်ရှိ ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ရှိကြပေသည်။
လီ၏ ဓားချက်က မီးတောက်ဆိတ်ကို ဖြတ်သန်းသွားပြီး ၎င်းမှာ နှစ်ပိုင်းပြတ်သွားတော့သည်။
“ကောင်းတယ်”
လုတိင့်က ပြောလိုက်ပြီးနောက် လင်းဖန်၏ အခြေအနေကိုကြည့်ရန် လှည့်ကြည့်လိုက်သည်။
လင်းဖန်၏ မျက်နှာတွင်မူ မည်သည့် ခံစားချက်မျှ ထင်ဟပ်မနေချေ။
အခြား စစ်သည်များကလည်း လင်းဖန်၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေကြသည်။
လင်းဖန်မှာ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားခြင်းလော သို့မဟုတ် ရိုးအီနေပြီဖြစ်၍ ဂရုမစိုက်ခြင်းလော မသဲကွဲပေ။
ပထမအချက်ဖြစ်သည့် ဆွံ့အသွားခြင်း ဖြစ်ပေလိမ့်မည်။
သူတို့က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်ကြသည်။
လင်းဖန်ကမူ ကလဲ့စားချေအမှတ်များကိုသာ မြင်ယောင်နေပြီး အလွန်အမင်း စိတ်မလှုပ်ရှားမိစေရန် အစွမ်းကုန် ထိန်းချုပ်ထားရသည်။
မိစ္ဆာသားရဲ တစ်ကောင်ထက်မကကို သုတ်သင်နိုင်ရန် သူ မျှော်လင့်နေမိသည်။
လင်းဖန်၏ အလှည့်မရောက်မီ ကျန်ရှိနေသော စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် ဆက်လက် စမ်းသပ်ကြလေသည်။
လုတင့်ကိုယ်တိုင်ပင် ကွင်းပြင်ထဲသို့ ဆင်းကာ မိစ္ဆာသားရဲတစ်ကောင်ကို ကိုယ်တိုင် လက်စွမ်းပြ၍ သုတ်သင်ပြခဲ့လေသည်။
လုတင့်သည် သတ္တိနှင့် အရည်အချင်းမရှိဘဲ စိတ်ကူးယဉ်တတ်ရုံသာတတ်သည့် ခေါင်းဆောင်တစ်ဦး မဟုတ်ကြောင်း သိလိုက်ရသဖြင့် လင်းဖန် စိတ်အေးသွားရလေသည်။
သူ့အတွက် လုပ်ရကိုင်ရသည်မှာ သေချာပေါက် ပိုမိုလွယ်ကူသွားပေလိမ့်မည်။
နောက်ဆုံးတွင်မူ လင်းဖန်၏ အလှည့်သို့ ရောက်ရှိလာချေပြီ။
“သူက ဒီမိစ္ဆာသားရဲကို ရင်ဆိုင်နိုင်ပါ့မလား”
“တပ်မှူးလု... ကျွန်တော့်ကို အောက်ဆင်းပြီး အဆင်သင့် စောင့်ခိုင်းစေချင်လား”
“မတတ်နိုင်ဘူးဆိုရင် သူ လက်လျှော့လိုက်ဖို့ မျှော်လင့်ရတာပဲ”
သူတို့အားလုံး ခေါင်းညိတ်လိုက်ကြသည်။
တိုက်ပွဲမြေပြင်တွင် အသက်နှင့် ရင်းရမည်ဖြစ်သောကြောင့် စစ်သည်များက မိမိတို့ စိတ်ထဲရှိသည်များကို ပွင့်ပွင့်လင်းလင်းပြောဆိုနေကြခြင်းပင်။
နောက်မှ လင်းဖန်ကို အသက်ဘေးမှ ကယ်တင်နေရသည်ထက် ယခုကတည်းက ထွက်သွားခြင်းက ပို၍ ကောင်းပေလိမ့်မည်။
လင်းဖန်သည် ကွင်းပြင်ထဲသို့ လျှောက်လှမ်းသွားချိန်တွင် သူ၏လက်နှစ်ဖက်လုံးကို မြှောက်ကာ အပေါ်သို့ မော့ကြည့်လိုက်သည်။
“ကြည့်စမ်း... သူ လက်မြှောက်နေပြီ”
“သူ အခုကတည်းက အရှုံးပေးနေတာလား။ မိစ္ဆာသားရဲကိုတောင် ရင်မဆိုင်ရဲဘူးထင်တယ်”
“ငါ သိသားပဲ... ဒါပေမဲ့ အခြေအနေတွေ မဆိုးရွားခင် အခုလို လက်လျှော့လိုက်တာကလည်း ဂုဏ်သိက္ခာရှိတဲ့ လုပ်ရပ်ပါပဲ”
လုတင့်သည်လည်း အခြားသူများကဲ့သို့ စိတ်ရှုပ်ထွေးသွားရသဖြင့် လင်းဖန်ကို လှမ်းမေးလိုက်သည်။
“မင်း ဘာလို့ လက်မြှောက်ထားတာလဲ”
“ဆယ်ကောင်”
လင်းဖန်က ကောင်းကင်သို့ လက်ညှိုး ဆယ်ချောင်းလုံး ထောင်ပြရင်း အော်ပြောလိုက်သည်။
“ဆယ်ကောင် ဟုတ်လား... ဆယ်ကောင်ဆိုတာ ဘာကို ပြောတာလဲ”
လုတင့်က ပြန်မေးလိုက်သည်။
“ကျွန်တော့်ကို မိစ္ဆာသားရဲ ဆယ်ကောင်လောက်နဲ့ တိုက်ခိုက်ခွင့်ပေးပါ”
လင်းဖန်က ပြန်ဖြေလိုက်သည်။
“မဖြစ်ဘူး... မင်း အဲဒီလို မလုပ်နိုင်ပါဘူး။ ငါတို့အပေါ် သဘောကျအောင် လုပ်ချင်ပြီး ငါတို့နဲ့ တစ်သားတည်းဖြစ်ချင်တဲ့ မင်းရဲ့ဆန္ဒကို နားလည်ပေမဲ့ ကိုယ့်အရည်အချင်းကို အထင်ကြီးလွန်းတာမျိုး မဖြစ်သင့်ဘူး”
လုတင့်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။
လင်းဖန် ပြောလိုက်သည့်စကားကို ကြားသောအခါ ကျန်ရှိနေသော စစ်သည်များမှာ နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်ကြတော့သည်။
သူတို့က တပ်မှူးလုတင့်ကို ထူးဆန်းသော တပ်မှူးတစ်ဦးဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ ထိုထက်ဆိုးသောသူတစ်ယောက် ထပ်မံ ရောက်ရှိလာချေပြီ။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းချလိုက်ကြသညမ။
နောင်လာမည့် နေ့ရက်များတွင် ဒုက္ခများလှပေတော့မည်။
လင်းဖန်က စိတ်ပျက်လက်ပျက်ဖြင့် ပခုံးတွန့်လိုက်သည်။
သူ၏ ကလဲ့စားချေအမှတ်များ ဆုံးရှုံးသွားချေပြီ။
ဂျလောက်…
သူ့ရှေ့ရှိ သံမဏိတံခါးကြီးမှာ ဖြည်းညှင်းစွာ ပွင့်ဟလာပြီး အတွင်း၌ရှိနေသော သားရဲကြီးကို ပေါ်ထွက်လာစေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၅၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် မီးတောက်ဝံပုလွေကို သုတ်သင်ပါ]
စနစ်၏ အသိပေးချက်ကို မြင်သောအခါ လင်းဖန်က ခေါင်းခါယမ်းလိုက်သည်။
‘လောလောဆယ်တော့ ကလဲ့စားချေအမှတ် ၅၀ လည်း မဆိုးပါဘူး’
သူက တွေးလိုက်သည်။
လုတင့်က မတ်တပ်ရပ်ကာ အော်ဟစ်လိုက်သည်။
“နေဦး... သူက ဘာဖြစ်လို့ မီးတောက်ဝံပုလွေနဲ့ ရင်ဆိုင်နေရတာလဲ”
မီးတောက်ဝံပုလွေသည် မီးတောက်ဆိတ်ထက် ပိုမို အစွမ်းထက်လှပေသည်။
မိစ္ဆာသားရဲများကိုလွှတ်ပေးရန် တာဝန်ကျသော စစ်သည်က တောင်းပန်စကား ဆိုလိုက်သည်။
“တောင်းပန်ပါတယ်... ကျွန်တော် တံခါးမှားဖွင့်မိသွားလို့ပါ”
သို့သော် ယခုမူ နောက်ကျသွားခဲ့ချေပြီ။
မီးတောက်ဝံပုလွေကြီးက အူလိုက်သောအခါ သူတို့အားလုံး အသက်ရှူမှားသွားကြသာ်။
အခြားတစ်ဖက်တွင်မူ လင်းဖန်သည် သူ၏ဓားကိုပင် ဆွဲထုတ်ရသေးခြင်း မရှိချေ။