← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း (၁၁၇) - မိစ္ဆာသားရဲအုပ်

မီးတောက်ဝံပုလွေသည် လှောင်အိမ်ထဲမှ ခြေလှမ်းအနည်းငယ် ထွက်လာလေသည်။

၎င်းသည် လင်းဖန်ကို စိုက်ကြည့်ကာ အကဲခတ်ရင်း ဟိန်းဟောက်လိုက်သည်။

အံ့သြစရာကောင်းသည်မှာ ၎င်းက လင်းဖန်အနားသို့ ဆက်မတိုးလာခြင်းပင်။

လုတင့်က ယင်းကို မြင်သောအခါ လင်းဖန်အတွက် မျှော်လင့်ချက် ရှိနေသေးကြောင်း တွေးလိုက်လေသည်။

“အဲဒီမှာပဲ တောင့်ခံထား၊ ငါတို့ကို စောင့်နေ”

လုတင့်သည် အော်ဟစ်လိုက်ပြီး သူ၏ဓားကိုဆွဲယူကာ ကွင်းထဲသို့ဆင်းသည့် လှေကားအတိုင်း ပြေးဆင်းသွားလေသည်။

‘လင်းဖန်က တော်တော်ကံကောင်းတဲ့ကောင်ပဲ’

သူ စိတ်ထဲမှ တွေးလိုက်သည်။

ပုံမှန်ဆိုလျှင် မီးတောက်ဝံပုလွေသည် ယခုအချိန်လောက်ဆို လင်းဖန်ဆီသို့ ခုန်အုပ်ပြီး ဆွဲဖြဲပစ်လောက်ချေပြီ။

သို့သော်ငြား မီးတောက်ဝံပုလွေမှာ လင်းဖန်ကို တိုက်ခိုက်ရန် ကြောက်ရွံ့နေခြင်းပင်။

လင်းဖန်သည် များစွာပို၍ အစွမ်းထက်နေကြောင်းကို သူ သိနေလေသည်။

ဒိုင်း...

လုတင့်က ကွင်းဆီသွားသည့် တံခါးကို ကန်ဖွင့်လိုက်ချိန်တွင် သူတို့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားကြလေသည်။

မီးတောက်ဝံပုလွေမှာ အိပ်ပျော်နေသည့်အလား မြေပြင်ပေါ်တွင် လှဲလျောင်းနေသည်။

လင်းဖန်၏စိတ်ထဲတွင် ရင်းနှီးနေသောအသံတစ်ခု ထွက်ပေါ်လာလေသည်။

[ဒင်...။ ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[ကလဲ့စားချေအမှတ် + ၅၀။]

[လက်ရှိ ကလဲ့စားချေအမှတ် - ၈၈၀]

လင်းဖန်သည် ချီကိုဝါးမျို၍ အဆိပ်အသွင်ပြောင်းခြင်းနည်းစနစ်ကို အသုံးပြုကာ မီးတောက်ဝံပုလွေအား အဆိပ်ခတ် သတ်ဖြတ်လိုက်ခြင်းပင်။

၎င်း၏ အာနိသင်ကို သူ အလွန်ကျေနပ်သွားသည်။

‘ဒီနည်းစနစ်ကို ကျင့်ကြံရတဲ့ အချိန်တွေ တန်သွားတာပဲ’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

နောက်ဆုံးပိတ် အခြေအနေမျိုးတွင် ၎င်းက သေချာပေါက် အသုံးဝင်လာပေလိမ့်မည်။

“မင်း အဆင်ပြေရဲ့လား၊ မီးတောက်ဝံပုလွေက ဘာဖြစ်သွားတာလဲ”

လုတင့်သည် အနားသို့ရောက်လာကာ လင်းဖန်ကို စစ်ဆေးကြည့်ရှုရင်း မေးလိုက်သည်။

လင်းဖန်က ပခုံးတွန့်ပြကာ ပြန်ဖြေလိုက်သည်။

“ကျုပ်လည်း မသိဘူး။ မီးတောက်ဝံပုလွေမှာ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုခု ရထားတာလားပဲ”

လီနှင့် အခြားစစ်သည်များက မီးတောက်ဝံပုလွေ၏ အလောင်းကို စစ်ဆေးကြည့်ကြသည်။

သို့သော် မည်သည့် ထူးခြားမှုကိုမျှ သူတို့ ရှာမတွေ့ခဲ့ကြပေ။

အဆိပ်၏ အာနိသင်မှာ သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။

“မင်း ကံကောင်းတာပဲ၊ မင်းရဲ့ ဘိုးဘေးတွေက မင်းကို စောင့်ရှောက်နေတာ ဖြစ်ရမယ်”

လုတင့်က လင်းဖန်၏ ကျောကိုပုတ်လိုက်ပြီး ဆက်ပြောလေသည်။

“ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ မင်းရဲ့ အသက်ကိုစတေးပြီး မလုပ်နဲ့။ လေ့ကျင့်ဖို့က အမြဲတမ်း အချိန်ရှိပါတယ်”

အခြားစစ်သည်များကလည်း လာရောက်ကာ သူ၏ကျောကို ပုတ်ပေးကြသည်။

သူတို့က လင်းဖန်ကို သိပ်မနှစ်သက်ကြသော်ငြား သူ့ကို ဆိုးရွားသည့် အရာတစ်ခုခု ဖြစ်သွားစေရန်လည်း မဆန္ဒရှိကြပေ။

အနည်းဆုံးတော့ လင်းဖန်က မိစ္ဆာသားရဲများကို ကြောက်ရွံ့သည့်ပုံစံမပြခဲ့ပေ။

အရင်က သူတို့ ကိုင်တွယ်ဖြေရှင်းခဲ့ရသော အခြားအာဏာရှိသူများ၏ သားများမှာမူ မိစ္ဆာသားရဲများကို မြင်ရုံမျှဖြင့် ထွက်ပြေးတတ်ကြသည် မဟုတ်ပါလော။

ထိတ်လန့်စရာများ ပြီးဆုံးသွားပြီးနောက် လုတင့်သည် သိုင်းကွင်းထဲရှိ ကျန်ရှိသော လေ့ကျင့်မှုများကို ရပ်နားလိုက်ကာ ညစာစားရန် ထွက်ခွာသွားကြလေသည်။

ညစာစားပြီးသွားသောအခါ လီက လင်းဖန်ကို သူနှင့်အတူ လိုက်ခဲ့ရန် ခေါ်လေသည်။

သူက လင်းဖန်ကို ဓားနှင့်အသုံးပြုနိုင်မည့် ရိုးရှင်းသော တိုက်ကွက်များကို စိတ်အားထက်သန်စွာ သင်ကြားပြသပေးသည်။

လင်းဖန်သည်လည်း လီ၏ ပြသမှုကို တစ်ကြိမ်မျှ ကြည့်ရုံဖြင့် အချိန်တိုအတွင်း သင်ယူတတ်မြောက်သွားချေသည်။

“ဝိုး...။ မင်းက အသင်အယူ မြန်တာပဲ။ ဒီအတိုင်းသာ ဆက်ကြိုးစားရင် စစ်မြေပြင်မှာ အသက်ရှင်နိုင်မှာ သေချာတယ်။ ပြီးတော့ အန်းရှန်းရွာကို ပြန်ရောက်တဲ့အခါ မင်းရဲ့ မိသားစုကလည်း မင်းအတွက် ဂုဏ်ယူရလိမ့်မယ်”

လီမှာ သဘောကျသွားပြီး လင်းဖန်ကို ချီးကျူးလိုက်လေသည်။

“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခု ကျုပ်မိသားစုမှာ ကျုပ်တစ်ယောက်တည်း ရှိတော့တာ”

လင်းဖန်က ပြန်ဖြေလိုက်သည်။

လီမှာ အံ့အားသင့်သွားပြီး ခဏမျှစဉ်းစားကာ ပြောလိုက်လေသည်။

“တကယ် စိတ်မကောင်းပါဘူးကွာ။ ငါတို့ရွာကို ပြန်ရောက်တဲ့အခါကျရင် မင်း အချိန်မရွေး ငါ့မိသားစုဆီ လာလည်လို့ရပါတယ်”

လင်းဖန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုနေ့အတွက် သူတို့ အနားယူလိုက်ကြတော့သည်။

…

နောက်တစ်နေ့…

လူတိုင်းသည် ပုံမှန် နံနက်ခင်းလေ့ကျင့်ရေးအတွက် စောစောထကြသည်။

အဖွဲ့ထဲရှိ စစ်သည်များသည် လင်းဖန်၏အနားမှ ဖြတ်သွားစဉ် သူ့ကို နှုတ်ဆက်သွားကြသည်။

‘လီက ငါ့စွမ်းဆောင်ရည်အကြောင်း တခြားစစ်သည်တွေကို ပြောပြပေးခဲ့တာပဲ ဖြစ်ရမယ်’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

ထိုကိစ္စကို သူ သိပ်ဂရုမစိုက်သော်လည်း အလုပ်တာဝန်များ ပိုမိုချောမွေ့သွားမည်ကိုမူ မငြင်းဆန်လိုပေ။

သူတို့သည် ကြီးမားသော ကွင်းပြင်ကြီးတစ်ခု၌ စုရုံးကြပြီး လုတင့်က လေ့ကျင့်ရေးအစီအစဉ်ကို ဦးဆောင်လေသည်။

“ကဲ... နောက်တိုက်ကွက်ကတော့ ကြိုးကြာနဲ့ ကျား တိုက်ကွက်ပဲ။ ငါ့နောက်ကနေ လိုက်လုပ်ကြ”

လုတင့်က သူတို့ရှေ့တွင်ရပ်ကာ တိုက်ကွက်ကို သရုပ်ပြလေသည်။

သူက တိုက်ကွက်အတွက် ပြင်ဆင်ရန် အသက်ပြင်းပြင်းရှူသွင်းလိုက်စဉ် ကောင်းကင်ကြီးက ရုတ်တရက် မှောင်မိုက်သွားတော့သည်။

လင်းဖန်က မော့ကြည့်လိုက်သည်။

ကောင်းကင်ထက်၌ ကြီးမားလှသော ငှက်ကြီးများ ပျံသန်းနေကြပြီး အချို့မှာ မတူညီသောအရောင်များ လင်းလက်နေကာ အချို့မှာမူ မီးတောက်များ တောက်လောင်နေလေသည်။

“မိစ္ဆာသားရဲတွေပဲ”

ဒေါင်...

ဒေါင်...

ဒေါင်...

မောင်းခတ်သံများက လေထုထဲတွင် ပျံ့နှံ့သွားလေသည်။

အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ထိုအုပ်စုကြီးသည် မျှော်လင့်ထားသည်ထက် ပိုစော၍ တိုက်ခိုက်လာခြင်းပင်။

လူတိုင်း အပြင်ထွက်လာကြသော်လည်း စစ်သည်များအားလုံး အသင့်မဖြစ်သေးချေ။

အချို့မှာ သံချပ်ကာဝတ်စုံများကို ဝတ်ဆင်နေဆဲဖြစ်ပြီး ထိုအချိန်မှာပင် ငှက်ကြီးများက အောက်သို့ထိုးဆင်းလာကာ သူတို့ကို လေပေါ်သို့ ဆွဲချီသွားလေသည်။

ခဏအကြာတွင်တော့ မြေပြင်ပေါ်သို့ ပြန်လည်ပစ်ချလိုက်ပေသည်။

“ဒီခွေးမသား မိစ္ဆာသားရဲတွေ။ ငါ့နောက်လိုက်ခဲ့၊ လက်နက်တွေသွားယူမယ်။ ငါ့အမိန့်ရတာနဲ့ ကိုယ့်နေရာကိုယ် ယူထားကြ”

ဖြစ်ပျက်သွားသည်ကို မြင်လိုက်ရသောအခါ လုတင့်က ကျိန်ဆဲလိုက်ပြီး သူ၏အဖွဲ့ကို အသင့်ပြင်ထားရန် အမိန့်ပေးလိုက်သည်။

စစ်သည်များက ဒူးလေးတင်ထားသော ရထားလှည်းများကို နေရာချရန် တွန်းသွားနေကြသည်ကို မြင်လိုက်ရချိန်တွင် သူတို့သည် တဲဆီသို့ ပြန်ပြေးသွားကြသည်။

ဝှစ်...

ချီစွမ်းအင်များပြည့်ဝနေပြီး အဖြူရောင်တောက်ပနေသော ဧရာမမြားတစ်စင်းသည် လေပေါ်ရှိ မိစ္ဆာသားရဲတစ်ကောင်ဆီသို့ ပစ်ခတ်သွားလေသည်။

တွားသွားသတ္တဝါသဏ္ဍာန်ဦးခေါင်းနှင့် လင်းနို့ကဲ့သို့အတောင်ပံပါသော မိစ္ဆာသားရဲသည် မြားထိမှန်ပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ထို့နောက် စစ်သည်များက ပြေးသွားကာ လှံများဖြင့် ထိုးသတ်လိုက်ကြသည်။

စခန်းအတွင်းရှိ ကျင့်ကြံသူများကလည်း တိုက်ပွဲတွင် ပါဝင်လာကြလေသည်။

လက်နက်များရယူပြီးနောက် လုတင့်သည် လင်းဖန်နှင့် အခြားစစ်သည်များကို စခန်း၏ မြောက်ဘက်တံခါးဆီသို့ ဦးဆောင်သွားလေသည်။

တံခါးပေါက်၌ အခြေအနေများ ငြိမ်သက်နေဆဲပင်။

သို့သော်ငြား ထိုနေရာရှိ လူတိုင်းက မည်သည့်အရာ ရောက်လာမည်ကို သိထားကြသဖြင့် လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။

“ကဲ... နေရာယူကြ၊ မျဉ်းတစ်ကြောင်းတည်း တန်းစီထား။ အသင့်ပြင်ထားကြ”

လုတင့်က အော်ဟစ်လိုက်ပြီး သူ၏အဖွဲ့မှ စစ်သည်များက တန်းစီလိုက်ကြလေသည်။

ထို့နောက် သူသည် လင်းဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“မင်း ငါတို့နောက်မှာပဲနေတာ အကောင်းဆုံးပဲ။ တစ်ယောက်ယောက် ကျသွားပြီဆိုရင် မင်း ဝင်ပြီးနေရာယူလိုက်”

“စိတ်မပူပါနဲ့။ ကျုပ် နေရာယူလိုက်ပါ့မယ်”

လင်းဖန်က ပြန်ဖြေလိုက်သည်။

‘ခင်ဗျား အန္တရာယ်ကြုံလာရင်တော့ ခင်ဗျားကို ဒီနေရာကနေ ချက်ချင်း ခေါ်ထုတ်သွားမှာပါ’

လင်းဖန်က စိတ်ထဲမှ တွေးလိုက်သည်။

မည်သို့ပင်ဆိုစေ သူ၏ ဤနေရာသို့ရောက်လာသော ရည်ရွယ်ချက်မှာ မြို့စားကြီး၏ သားဖြစ်သူကို ကာကွယ်ပေးရန်ပင်။

ထိုသို့တွေးနေစဉ်မှာပင် လီက အနောက်သို့ လှည့်လာကာ လင်းဖန်ကို စိတ်ချယုံကြည်စေရန် ခေါင်းညိတ်ပြလိုက်လေသည်။

လီသည် အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံမျှဖြင့် စကားဆိုလိုက်သည်။

“မှတ်ထားနော်၊ ကျုပ်အိမ်ကို အတူတူ အလည်လာရမယ်”

ထိုစကားကြောင့် လင်းဖန်မှာ ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ခေါင်းပြန်ညိတ်ပြလိုက်သည်။

ဘုန်း...

နောက်တစ်ခဏတွင် မြေပြင်ကြီးမှာ စတင်တုန်ခါလာတော့သည်။

“လာနေပြီ။ တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ”

စခန်းတံတိုင်းထက်တွင် ရပ်နေသော လေးသည်တော်များက ဂါထာမန္တန်များ ရေးဆွဲထားသည့် မြားများကို ပစ်ခတ်ရင်း အော်ဟစ်လိုက်ကြလေသည်။

ထို့နောက် ဧရာမသစ်သားတိုင်ကြီးများဖြင့် ပြုလုပ်ထားသော တံတိုင်းကြီးမှာ တုန်ခါသွားတော့သည်။

အပြင်ဘက်ရှိ မိစ္ဆာသားရဲများက ဖောက်ထွင်းဝင်ရောက်နိုင်ရန် တံတိုင်းကို ဝင်တိုက်နေကြခြင်းပင်။

ဘုန်း...

အဆုံးတွင် တံခါးပေါက်ကြီးမှာ တစ်စစီ ကျိုးပဲ့ပျက်စီးသွားချေပြီ။

ဆင်နှင့်တူသော သတ္တဝါကြီးတစ်ကောင်က ၎င်း၏ ဧရာမ အစွယ်ကြီးလေးချောင်းဖြင့် ဝင်တိုက်ဖွင့်ချလိုက်ခြင်းပင်။

၎င်းမှာ ရေခဲအစွယ်ဆင်ကြီးပင်။

အစွယ်များမှ အပြာရောင်အလင်းတန်းများ ဖြာထွက်နေပြီး အနီးတွင်ရပ်နေသော စစ်သည်များမှာ ယင်းနှင့် ထိပ်တိုက်တွေ့ချိန်တွင် အေးခဲသွားကြတော့သည်။

စစ်သည်များက ချီစွမ်းအင်များ ဖုံးလွှမ်းနေသော သူတို့၏လှံများဖြင့် ထိုဆင်ကြီးထံသို့ ပစ်ပေါက်လိုက်ကြသည်။

လှံများက ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားသောအခါ ရေခဲအစွယ်ဆင်ကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

စစ်သည်များက အနီးကပ် ဝင်ရောက်တိုက်ခိုက်ချင်ကြသော်လည်း ထိုသို့ပြုလုပ်နိုင်ခြင်း မရှိကြချေ။

ရေခဲအစွယ်ဆင်ကြီး၏ အနောက်တွင် မီးတောက်ဆိတ်အုပ်ကြီးရှိနေပြီး သူတို့က စစ်သည်များဆီသို့ အရှိန်ဖြင့် ပြေးဝင်လာကြသည်။

“အား...”

“သေစမ်း... ဒီခွေးမသား သားရဲ”

မီးတောက်ဆိတ်များက သူတို့၏ စစ်ကြောင်းအတွင်းသို့ ပြေးဝင်လာသောကြောင့် အခြေအနေများ ကမောက်ကမဖြစ်သွားကာ စစ်သည်များက အော်ဟစ်လိုက်ကြတော့သည်။

မကြာမီမှာပင် ထိုသားရဲများသည် လင်းဖန်အနီးသို့ ရောက်ရှိလာကြလေသည်။

All Chapters