← Chapters

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း ၂၄၁

Vol. 25 Ch. 241

📗 Chapter 241

ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိပြီးနောက် ယဲ့ချန်းနင်သည် တစ်ရက်ခန့်သာတည်းခိုခဲ့ပြီး တောင်ပိုင်းသို့ ချက်ချင်းထွက်ခွာခဲ့ပါသည်။

ရရှိသည့် ထိုတစ်ရက်တာအတွင်း ရမ်သဲ့ထန်နှင့် ဆေးပလာစတာ အရောင်းကိုယ်စားလှယ်စာရင်းများကို ရှင်းလင်းခဲ့သည်။ ရမ်သဲ့ထန်မှ ရရှိသည့် အကျိုးအမြတ်များက မနည်းလှသဖြင့် ဤလုပ်ငန်းကိုလည်း ထပ်မံတိုးချဲ့သင့်သည်ဟု ယဲ့ချန်းနင် ခံစားမိပါသည်။

မိမိ၏ လုပ်ငန်းတာဝန်များ ပြီးဆုံးသွားသည်နှင့် ယဲ့ချန်းနင်သည် အချိန်ဆွဲမနေတော့ဘဲ တောင်ပိုင်းသို့ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။

ယဲ့ချန်းနင်အား လိုက်လံနှုတ်ဆက်ပြီးနောက် ရမ်သဲ့ထန်သို့ ယဲ့ရှောင်ရှောင် ပြန်လာခဲ့ပါသည်။

ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာပြီးနောက် သူမထံသို့ ရောက်လာမည့် ပထမဦးဆုံးလူမှာ ချောင်းယွင်ဟူ ဖြစ်နေလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မှတ်မထားခဲ့ပေ။

“ဘာကိစ္စရှိလို့လဲ”

ယဲ့ရှောင်ရှောင်သည် ထိုအချိန်က ရမ်သဲ့ထန်၌ ရှိနေသဖြင့် ချောင်းယွင်ဟူအဖို့ သူမကို လာရောက်ရှာဖွေရန် ပိုမို လွယ်ကူသွားခဲ့ပါသည်။

ချောင်းယွင်ဟူက လိုရင်းကိုသာ ပြောလိုက်သည်။

“နင်က အပ်စိုက်ကုသမှုပညာမှာ ကျွမ်းကျင်တယ်လို့ ကြားမိတယ်၊ ငါ့အဘွားကို တစ်ချက်လောက် လာကြည့်ပေးဖို့ တောင်းဆိုချင်လို့ပါ”

ချောင်းမိသားစုကဲ့သို့ အဆင့်အတန်းမျိုးနှင့် မိသားစုမျိုးအတွက် ဆေးဝါးကုသစောင့်ရှောက်မှုများမှာ အချိန်မရွေး အသင့်ရှိနေသည့်အရာများပင် ဖြစ်သည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် ယဲ့ရှောင်ရှောင်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖိတ်ကြားရသည်ဆိုသဖြင့် အဘွားအို၏ ရောဂါဝေဒနာမှာ ပုံမှန်မဟုတ်နိုင်ပေ။

အရေးပေါ် အခြေအနေ မဖြစ်နိုင်သော်လည်း ကုသဖို့ ခက်ခဲသည့်ရောဂါတစ်ခုခုဖြစ်နိုင်ပေသည်။

ယဲ့ရှောင်ရှောင်က ဦးစွာ မေးမြန်းလိုက်သည်။

“အဘွားက ဘယ်လိုလက္ခဏာတွေပြနေလို့လဲ၊ ငါလိုက်ကြည့်ပေးလို့တော့ ရပါတယ်”

ချောင်းယွင်ဟူ: “ညဘက် ချွဲသလိပ်တွေထူပြီး အိပ်မပျော်နိုင်ဖြစ်နေလို့”

သက်ကြီးရွယ်အိုတစ်ဦးအတွက် ဤပြဿနာမှာ အမှန်တကယ် အန္တရာယ်များနိုင်ပါသည်။ အိပ်ပျော်နေရင်း ချွဲသလိပ်များဆို့ကာ အသက်ရှူကျပ်ပြီး အန္တရာယ်ရှိနိုင်ခြင်းကြောင့်ပင်။

ယဲ့ရှောင်ရှောင်ကမူ ထိုပြဿနာကို ဖြေရှင်းဖို့ ခက်ခဲလိမ့်မည်ဟု မထင်မှတ်မိပေ။ ချွဲသလိပ်အလွန်အမင်း ထွက်စေသည့် အကြောင်းအရာကိုသာ အဓိက ရှာဖွေဖို့ လိုအပ်ပါသည်။

“ဒါဆို အခုပဲ သွားကြရအောင်လေ၊ ငါအားတယ်”

ယဲ့ရှောင်ရှောင်သည် မဆိုင်းမတွ ချက်ချင်းထွက်ခွာဖို့ ပြင်ဆင်သဖြင့် ချောင်းယွင်ဟူလည်း သူ့အိမ်သို့ ခေါ်ဆောင်သွားပေးခဲ့သည်။

ချောင်းမိသားစုသည်လည်း စစ်တပ်ဝင်းအတွင်းတွင် နေထိုင်ကြပါသည်။ သို့သော် လုအိမ်တော်နှင့်တော့ အတော်‌လေး အလှမ်းဝေးလှသည်။

ချောင်းအိမ်တော်သို့ ရောက်ရှိသောအခါ ဧည့်ခန်းထဲတွင် မည်သူမှ ရှိမနေပေ။

ချောင်းယွင်ဟူက ဆိုသည်။

“ငါ့အဘွား အိပ်ခန်းထဲမှာ နားနေတယ်၊ ခဏထိုင်ဦး၊ ငါသွားခေါ်ပေးမယ်”

ယဲ့ရှောင်ရှောင် ဧည့်ခန်းထဲတွင် ထိုင်စောင့်နေလိုက်သည်။

အဘွားချောင်းသည် အသက် ၇၀ ပြည့်ပြီ ဖြစ်ကာ ခန္ဓာကိုယ် သေးငယ်သော်လည်း စိတ်ရွှင်လန်း တက်ကြွမှု ရှိပါသေးသည်။

သို့သော် စကားပြောသည့်အခါတွင်မူ ရင်ကျပ်သံအနည်းငယ်စွဲနေသည်။

ချောင်းယွင်ဟူ ရှင်းပြသည်မှာ အဘွားချောင်းသည် နှစ်သစ်ကူးကာလအတွင်း ဤဝေဒနာကို စတင် ခံစားခဲ့ရခြင်းဖြစ် သည်။

ဆေးဝါးများစွာကို ရက်ပေါင်းများစွာ သောက်သုံးခဲ့သော် လည်း တစ်စုံတရာ ထူးခြားတိုးတက်မှု မရှိသဖြင့် တရုတ်တိုင်းရင်းဆေးပညာဖြင့် စမ်းသပ်ကုသကြည့်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။

ယဲ့ရှောင်ရှောင်သည် အဘွားအို၏ သွေးခုန်နှုန်းကို ဦးစွာ စမ်းသပ်ကြည့်လိုက်သည်။

“အခြေအနေက အရမ်းအဆိုးကြီးတော့ မဟုတ်ပါဘူး၊ အဘွားကို သမီး အရင်ဆုံး အပ်စိုက်ကုသပေးလိုက်မယ်၊ ပြီးရင် ‌သောက်ဆေးတစ်ခွက် ညွှန်းပေးမယ်၊ ၃ ရက်လောက်ဆို ပြန်သက်သာပါပြီ”

အမှန်တွင် ဤကဲ့သို့ ရိုးရှင်းလှသည့် ရောဂါဝေဒနာကို ဆေးရုံများက ကုသပေးနိုင်စွမ်းမရှိသည်ကိုပင် ယဲ့ရှောင်ရှောင် အံ့အားသင့်မိပါသည်။

သို့သော် သူမ သင်ယူနေသည့် ဆေးပညာရပ်များမှာ ပုံမှန်မဟုတ်သဖြင့် သာမန်ဆေးရုံဆရာဝန်တစ်ဦးက သူမ၏ စွမ်းရည်ကို မီနိုင်ရန် မလွယ်ကူနိုင်ခြင်းဖြစ်မှန်း ယဲ့ရှောင်ရှောင် မသိခဲ့ပေ။

ယဲ့ရှောင်ရှောင်သည် စာအုပ်များထဲတွင်သာ စိတ်နှစ်ထားလေ့ရှိပြီး လက်တွေ့ကုသမှုအတွေ့အကြုံ သိပ်မရှိသေးသဖြင့် မိမိ၏ဆေးပညာအဆင့်အတန်း မည်မျှအထိမြင့်မားကြောင်း ကို သဘောပေါက် နားမလည်သေးခြင်းသာဖြစ်ပါလိမ့်မည်။

ယဲ့ရှောင်ရှောင်သည် အဘွားချောင်း၏အကြောမှတ်အချို့တွင် အပ်အချို့ကို စိုက်သွင်းလိုက်ပြီး အတန်ကြာသောအခါ အပ်များကို ဖယ်ရှားပေးခဲ့ပါသည်။

အာနိသင်က ချက်ချင်းပြသသဖြင့် မှော်ဆန်သည်ဟုပင် ထင်မှတ်ရပေသည်။ အဘွားအိုသည် စကားပြောသည့်အခါ အသက်ရှူရသည်မှာ သိသိသာသာ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပါသည်။

ချောင်းယွင်ဟူကိုယ်တိုင်လည်း ဆေးပညာသင်ကြားနေသူဖြစ်သော်ငြား ယဲ့ရှောင်ရှောင်မည်သို့ ကုသလိုက်သည်ကို သူနားမလည်နိုင်ပေ။

တရုတ်တိုင်းရင်းဆေးပညာနှင့် အနောက်တိုင်းဆေးပညာတို့၏ကွာခြားချက်ကြောင့်ဖြစ်နိုင်သော်လည်း ယဲ့ရှောင်ရှောင်ကို သူလေးစားသွားမိသည်ကတော့ အမှန်ပင်။

အဘွားချောင်းက ယဲ့ရှောင်ရှောင်ကို ညစာစားသွားဖို့ အတင်းကမ်းလှမ်းနေပါသည်။

“နေပါစေတော့ အဘွား၊ ကောင်းကောင်းနားနော်၊ သမီးပြန်လိုက်ပါဦးမယ်”

ချောင်းယွင်ဟူ: “ငါလိုက်ပို့ပေးမယ်”

ယဲ့ရှောင်ရှောင်က မေးသည်။

“အဘွားအတွက် ငါ ညွှန်းပေးမယ့်ဆေးတွေကို ရမ်သဲ့ထန်မှာ ပြန်လိုက်ယူမှာလား”

‌ချောင်းယွင်ဟူက ခေါင်းညိတ်သည်။

“ဟုတ်တယ်၊ နင့်ဆေးပညာစွမ်းရည်က တကယ်မြင့်တာပဲနော်၊ နင့် ဆရာလက်အောက်ကနေထွက်ပြီး သီးသန့်ကုသပေးနိုင်တဲ့ ဆရာဝန်တစ်ယောက်တောင် လုပ်လို့ရပြီလို့ ငါခံစားမိတယ်”

ယဲ့ရှောင်ရှောင် ကျိုးနွံစွာ ပြန်ပြောသည်။

“အဲ့လိုတော့ မဟုတ်ပါဘူး၊ ငါ့မှာ သင်ယူစရာတွေ အများကြီး ရှိနေသေးတယ်”

ယခင်ဘဝက ယဲ့ရှောင်ရှောင်သည် အနောက်တိုင်းဆေးပညာကို အထူးပြုခဲ့ပြီး ဆယ်စုနှစ်တစ်စုကျော်ကြာ စနစ်တကျ ဖတ်ရှုလေ့လာမှုများကြောင့် ပညာရည် ပိုတိုးတက်လာခဲ့ခြင်းဖြစ်သည်။

ပြန်လည်မွေးဖွားလာပြီးနောက် မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်လာခဲ့ခြင်းမဟုတ်ဘဲ ယခင်ဘဝက နှစ်ပေါင်းများစွာ လေ့လာသင်ယူမှုများ၏ အသီးအပွင့်ကို ခံစားနေရခြင်းသာ ဖြစ်ပါသည်။

ချောင်းယွင်ဟူသည် ယဲ့ရှောင်ရှောင်အား ရမ်သဲ့ထန်သို့ ပြန်လိုက်ပို့ပေးခဲ့ပြီး ဆေးများကိုယူဆောင်ကာ အိမ်ပြန်သွားခဲ့သည်။

ယဲ့ရှောင်ရှောင်လည်း ရမ်သဲ့ထန်တွင် နေ့လယ် ၃ နာရီအထိ ဆက်နေခဲ့ပါသည်။ ယနေ့ လုပ်စရာအလုပ်များများစားစား မရှိပေ။

ပေကျင်းသို့ မနေ့ကမှ ပြန်ရောက်ခြင်းဖြစ်ပြီး ဆရာကြီးစုန့်ထံသို့လည်း သွားရောက်လည်ပတ်ပြီးပါပြီ။

သူမ ပေကျင်းသို့ ပြန်ရောက်နေကြောင်း လုဟန်ချွမ် မသိသေးသဖြင့် ကိုယ်တိုင်သွားတွေ့ကာ အသိပေးဖို့ ယဲ့ရှောင်ရှောင် ဆုံးဖြတ်လိုက်သည်။

တာဝန်ကျနေခြင်းသာ မဟုတ်လျှင် လုဟန်ချွမ်ကို သွားရောက်တွေ့ဆုံဖို့ အတော်လေး လွယ်ကူပါသည်။

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ် တာဝန်ကျသည့် စခန်းသို့ ကားဖြင့် ရောက်လာခဲ့သည်။ အထဲသို့ ချက်ချင်း မဝင်ရောက်နိုင်ဘဲ ဂိတ်တံခါးဝသို့ ရောက်ရှိသည်နှင့် တစ်စုံတစ်ယောက်က သူမကို လာရောက်မေးမြန်းခဲ့ပါသည်။

“ကျွန်မ လုဟန်ချွမ်နဲ့ တွေ့ချင်လို့ပါ၊ ကျွန်မအတွက် သတင်းလေးပါးပေးလို့ရမလား”

ဤခေတ်အခါက စစ်တပ်အတွင်းရှိ အသိမိတ်ဆွေများကို တွေ့ဆုံဖို့ အလွန်အမင်း မခက်ခဲလှပေ။ ဂိတ်တံခါးရှိ ကင်းစောင့်တပ်သားများထံတွင် စုံစမ်းမေးမြန်းပြီးနောက် အတွင်းရှိ လူကို အလျင်အမြန်ဆက်သွယ်နိုင်ပါသည်။

ကင်းစောင့်တပ်သားက ယဲ့ရှောင်ရှောင်အား မေးမြန်းလိုက်သည်။

“ဗိုလ်မှူးလုဟန်ချွမ်ကို ပြောတာလား”

“ဟုတ်ပါတယ်၊ သူပါပဲ”

ကင်းစောင့်တပ်သားသည် ဖုန်းခေါ်ဆိုရန်အတွက် ချက်ချင်းပင် နောက်ပြန်လှည့်သွားတော့သည်။

လုဟန်ချွမ်သည်လည်း ယနေ့စခန်းတွင် ရှိနေပါသည်။ နှစ်သစ်ကူးကာလတွင် တစ်ရက်သာ အိမ်၌ နားခဲ့ရပြီး ချက်ချင်း တာဝန်ပြန်ထမ်းဆောင်ရသည်။

သူစခန်းတွင် ရှိနေသည့်အချိန်အတွင်း လာရောက်တွေ့ဆုံတတ်သူဟူ၍ ရှားပါသည်။ အများစုက အလုပ်ကိစ္စရှိလျှင် ဖုန်းသာ ဆက်တတ်ကြသည်။

ယဲ့ရှောင်ရှောင်ဖြစ်မည်ဟု လုဟန်ချွမ် ကြိုတင်ခန့်မှန်းထားသော်လည်း လူချင်း တွေ့ဆုံလိုက်ရသည့်အချိန်တွင်မူ အံ့အားသင့်ခဲ့ရပါသေးသည်။

“ပြန်လာမယ်ဆိုတာ ဘာလို့ကြိုအသိမပေးတာလဲ”

“ဒီတစ်ခါပြန်လာတော့ လူတွေအများကြီးပါတယ်လေ၊ ရှင်တကူးတကကြီး လာကြိုစရာမလိုပါဘူး၊ ဒါနဲ့ အခုချက်ချင်း အထဲပြန်ဝင်ရမှာလားဟင်”

လုဟန်ချွမ်: “ခုနက ထွက်လာတုန်းက တရားဝင် ခွင့်မတင်ခဲ့မိဘူး”

ထို့ကြောင့် သူအထဲသို့ ပြန်ဝင်ရပါမည်။

ယဲ့ရှောင်ရှောင်သည်လည်း ယနေ့ လုဟန်ချွမ်ကို အပြင်ခေါ်ဖို့ အစီအစဉ်မရှိပေ။ သူ့ကို မြင်ချင်ရုံသာ ဖြစ်သည်။

“ဒီတိုင်းစကားနည်းနည်း ပြောချင်လို့ပါ၊ ပြန်ဝင်လို့ရပြီနော်”

လုဟန်ချွမ် တိုးညှင်းစွာ ရယ်မောသည်။

“အဲ့လောက်လောစရာမလိုပါဘူး”

ယဲ့ရှောင်ရှောင်သည် စခန်းဂိတ်တွင် တာဝန်ကျနေသည့် ကင်းစောင့်တပ်သားများကို တစ်ချက် စောင်းကြည့်လိုက်သည်။ ဤနေရာတွင် စကားလွတ်လွတ်ပြောနိုင်မည် မထင်ပေ။

“ကျွန်မ ချမ်းလာပြီ၊ ရှင် အထဲဝင်မယ်ဆိုရင် ကျွန်မလည်း အိမ်ပြန်တော့မယ်”

ယနေ့က ချစ်သူနှစ်ဦး ချိန်းတွေ့ရမည့် အချိန်ကောင်းလည်း မဟုတ်ပေ။ ပေကျင်းမြို့သည် ပိုင်ချွမ်ရွာလောက် မအေးသော်ငြား ရာသီဥတုက ပြင်းထန်နေဆဲဖြစ်သည်။

လုဟန်ချွမ်ကသူမကို နူးညံ့သိမ်မွေ့စွာ မှာကြားလိုက်ပါသည်။

“အဲ့တာဆို အိမ်ပြန်တော့နော်၊ ကားကို ဖြည်းဖြည်းမောင်းသွား၊ မနက်ဖြန် ကိုယ်လာတွေ့မယ်”

ယဲ့ရှောင်ရှောင် လက်ပြနှုတ်ဆက်လိုက်သည်။

“ဟုတ်ပြီ၊ ကျွန်မသွားတော့မယ်နော်”

သူတို့နှစ်ဦး ၁၀ မိနစ်ခန့်သာ စကားပြောခဲ့ရသော်လည်း ယဲ့ရှောင်ရှောင်ရင်ထဲ အလွန်ပေါ့ပါးသွားခဲ့ပါသည်။ အမှန်စင်စစ်တွင် သူမသည် လုဟန်ချွမ်ကို လွမ်းနာကျနေခြင်းသာ ဖြစ်ပါသည်။

လုဟန်ချွမ် စခန်းထဲသို့ ပြန်ဝင်လာသောအခါ တစ်စုံတစ် ယောက်က သူ့ကို စောင့်ဆိုင်းနေပါသည်။

လျို့ကျန်းဝေသည် လုဟန်ချွမ်၏မျက်နှာပေါ်မှ သာယာမှုများကို အကဲခတ်မိပြီး ကျီစယ်စွာ မေးမြန်းလိုက်သည်။

“ဘယ်သူနဲ့ သွားတွေ့လာလို့ ဒီလောက်ပျော်ရွှင်လာရတာလဲ”

လုဟန်ချွမ် “စိတ်ပျော်စရာအခြေအနေရှိလို့ ပျော်တာပေါ့၊ ခင်ဗျားနားလည်မှာ မဟုတ်ပါဘူး”

လျို့ကျန်းဝေသည် လုဟန်ချွမ်တွင် ရည်းစားတစ်ယောက်ရှိနေမှန်းပင် မသိသဖြင့် အလွန်စိတ်ဝင်စားသွားပါသည်။

“မင်း တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေတာတော့ မဟုတ်ပါဘူးနော်၊ အဲ့တာကြောင့် တပ်မမှူးက ဒီနှစ် နှစ်သစ်ကူးမှာ မင်းကို ရည်းစားရှာပေးဖို့ ခေါ်မသွားတာပဲနေမှာ၊ နှစ်တိုင်းနှစ်တိုင်း မင်းက မိန်းကလေးတွေကြားမှာ ရေပန်းအစားဆုံးပဲလေ”

လုဟန်ချွမ်က ဝန်ခံသည်။

“ဟုတ်တယ်၊ ကျုပ်မှာ ကောင်မလေးတစ်ယောက်ရှိနေပြီ”

လုဟန်ချွမ်က ပွင့်ပွင့်လင်းလင်း ဝန်ခံသဖြင့် လျို့ကျန်းဝေ ပို၍ပင် စိတ်ဝင်စားသွားတော့သည်။

“မင်းတို့ဘယ်တော့ လက်ထပ်ကြမှာလဲ၊ မင်းတို့ မင်္ဂလာပွဲမှာ ငါ ဘယ်တော့ လာသောက်ရမှာလဲ”

လျို့ကျန်းဝေအား လုဟန်ချွမ် တစ်ချက်စောင်းကြည့်လိုက်သည်။ သူ့ထက် အသက်အနည်းငယ် ပိုကြီးနေခြင်းကြောင့်သာ မဟုတ်လျှင် ထိုလူ့ကို သူ ကောင်းကောင်းကြီး ဆွဲထိုးမိလောက်သည်။

လုဟန်ချွမ်က ပြန်မဖြေသဖြင့် လျို့ကျန်းဝေ ဖိအားဆက်ပေးလေသည်။

“အထက်အရာရှိတွေကိုကော မင်း မိန်းမယူတော့မယ့်အကြောင်း ပြောပြီးပြီလား၊ မပြောရသေးရင် မြန်မြန်ပြောနော်၊ မင်းအသက်က ပိုငယ်လာမှာ မဟုတ်ဘူး”

လုဟန်ချွမ်: “…”

‘ကျုပ်ကကော အလျင်မလိုဘဲ နေပါ့မလား!’

လုဟန်ချွမ်၏ မူလအစီအစဉ်သည် ရှောင်ရှောင် ဘွဲ့ရမှ လက်ထပ်ဖို့သာဖြစ်ပြီး သူမကို မည်သည့်အခါကမှ ဖိအားမပေးခဲ့ဘဲ သူမ၏ ဆန္ဒများကို အပြည့်အဝ အသိအမှတ်ပြုခဲ့ပါသည်။

နောက်တစ်နေ့မနက် ရှောင်ရှောင်ထံသို့ သွားဖို့ပြင်နေစဉ် လုဟန်ချွမ်ထံသို့ ဟန်ရှင်း၏ ဖုန်းဝင်လာခဲ့သည်။

“အစ်ကိုလု၊ မြေယာစီမံခန့်ခွဲမှုဌာနက ထုတ်ပြန်လိုက်တဲ့ စာတမ်းကို မင်းမြင်ပြီးပြီလား”

လုဟန်ချွမ်: “မမြင်သေးဘူး”

ဟန်ရှင်းက ဖုန်းထဲမှ လှမ်းအော်သည်။

“ကျန်းကုံးတောင်ကို အများပြည်သူဆိုင်ရာ သုသာန်မြေအဖြစ် တရားဝင်သတ်မှတ်လိုက်ပြီတဲ့! အဲ့ဒီမတိုင်ခင်က ဘာသတင်းမှလည်းထွက်လာဘူး၊ အခုမှ နှစ်သစ်ကူးကာလ ပြီးဆုံးရုံပဲ ရှိသေးတယ်၊ အဲ့လိုထုတ်ပြန်လိုက်တော့ အိမ်ခြံမြေလောကတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ကြပြီလေ!”

ထိုထုတ်ပြန်ကြေညာချက်ကြောင့် ဆောက်လုပ်ဆဲဖြစ်သည့် အိမ်ရာစီမံကိန်းများစွာကို ကျိန်းသေပေါက် ပြင်းပြင်းထန် ထန် ရိုက်ခတ်လာနိုင်ပါသည်။

လုဟန်ချွမ်: “အဲ့ကိစ္စနောက်မှ ပြောလို့ရတယ်၊ အော်ဟစ်မနေနဲ့”

All Chapters