← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

📗 Chapter 242

အများပြည်သူဆိုင်ရာ သုသာန်မြေအဖြစ် သတ်မှတ်ခံလိုက်ရခြင်းက စီးပွားရေးအရ ငွေရှာနိုင်တော့မည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ လူနေအိမ်ရာများ ဆောက်လုပ်၍ မသင့် တော်တော့ခြင်းသာဖြစ်သည်။

ယဲ့ရှောင်ရှောင်၏ကြိုတင်သတိပေးချက်ကြောင့် ဟန်ရှင်းနှင့် လျန်ချန်းရှုတို့ ပူးတွဲဝယ်ယူထားသည့် မြေကွက်ကြီးမှာ လုံးဝအထိအခိုက်မရှိဘဲ ကျန်ရစ်နေပါသေးသည်။

သူတို့သည် အခြားသူများထက် ခြေလှမ်းတစ်လှမ်းစောကာ အခွင့်အရေးကို လက်ဦးမှုရယူနိုင်ခဲ့ကြသည်။

ထိုကဲ့သို့အခြေအနေမျိုးတွင် ဟန်ရှင်းတစ်ယောက် စိတ်မလှုပ်ရှားဘဲ မည်သို့နေနိုင်ပါမည်နည်း။

“ဒီကိုမြန်မြန်လာခဲ့စမ်းပါ အစ်ကိုလုရာ”

လုဟန်ချွမ် “မြန်မြန်လာလို့မရဘူး၊ ရှောင်ရှောင့်ကို သွားခေါ်ရဦးမယ်”

ဟန်ရှင်း “ရှောင်ရှောင်က အစောကြီး ပြန်ရောက်နေတာလား၊ အဲ့တာဆိုလည်း သူ့ကိုပါ ငါ့အိမ်ခေါ်ခဲ့ကွာ၊ အဲ့မြေကွက်အကြောင်း‌ ဆွေးနွေးဖို့ အချိန်ကောင်းပဲ”

လုဟန်ချွမ်ကမူ ရှောင်ရှောင်နှင့် နှစ်ယောက်တည်းအတူတူ ဖြတ်သန်းနိုင်မည့် အချိန်လေးများကို အနှောင့်အယှက်အ ဖြစ်မခံနိုင်သဖြင့် ဖုန်းကိုချက်ချင်းချပစ်လိုက်တော့သည်။

ဖုန်းလိုင်းပြတ်တောက်သွားသည့် တတီတီမြည်သံကို နားထောင်ရင်း ဟန်ရှင်း၏ရင်ထဲ ဟာခနဲဖြစ်သွားပါသည်။ ဘေးတွင်ထိုင်နေသည့် လျန်ချန်းရှုအား သူလှည့်တိုင်လိုက်သည်။

“သူငယ်ချင်းထက် ချစ်သူကိုပိုဦးစားပေးတယ်ဆိုတာ ဒါမျိုးလား”

လျန်ချန်းရှု “မင်းနဲ့ ယဲ့ရှောင်ရှောင်တို့ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမယ်ဆိုရင် အရူးတစ်ယောက်တောင် ဘယ်သူ့ကိုရွေးရမလဲ သိတယ်”

ဟန်ရှင်းမှာ လက်ထဲကဖုန်းဖြင့် ကောက်ပေါက်လုနီးပါး ဖြစ်သွားခဲ့သည်။

“မင်းက ဘယ်သူ့ဘက်ကလဲ၊ အစ်ကိုလုနဲ့ တွေ့ချင်လားမတွေ့ချင်ဘူးလားပဲ ပြောကွာ”

လျန်ချန်းရှုက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

“သူ ရောက်လာပါလိမ့်မယ်”

--- --- ---

လုဟန်ချွမ် တံခါးခေါက်လိုက်သည်။

ယဲ့ရှောင်ရှောင် တံခါးလာဖွင့်ပေးသည့်အချိန်တွင် အိပ်ရေးပင်မဝသေးဘဲ အိပ်ချင်မူးတူးဖြစ်နေပါသည်။

မနေညက စာအုပ်တစ်အုပ်ကို ညည့်နက်သည်အထိ ဖတ်ရှုခဲ့သဖြင့် သူမ၏မျက်ဝန်းလေးများမှာ မှုန်ရီဝေဝါးနေဆဲပင်။

သို့သော် ထိုအချက်များက သူမ အလှတရားကို စိုးစင်းမျှ လျော့ပါးမသွားစေဘဲ သူမ အသားအရေမှာ ပိုနူးညံ့ချောမွတ်နေသည်ဟု ထင်ရသည်။

လုဟန်ချွမ်သည် မနက်စာများယူဆောင်လာခဲ့သော်လည်း ရှောင်ရှောင်၏အခြေအနေကိုမြင်ပြီး ယခုမှ အိပ်ရာထလာခြင်းဖြစ်မှန်း ချက်ချင်းသိလိုက်ရပါသည်။

သူမ၏ ခါးသွယ်သွယ်လေးကို ပွေ့ဖက်ရင်း အနမ်းတစ်ပွင့် အမြန်ခြွေလိုက်သည်။

“ရှောင်ရှောင် အိပ်ရာနိုးသေးမှာ မဟုတ်လောက်ဘူးလို့ ကိုယ်ထင်သားပဲ”

ယဲ့ရှောင်ရှောင်တစ်ကိုယ်လုံးနူးညံ့ပျော့ပြောင်းကာ လန်းဆန်း သွားရသည်။ လုဟန်ချွမ် စားပွဲပေါ်တွင် မနက်စာများ အသင့်ပြင်နေစဉ် ယဲ့ရှောင်ရှောင် ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

“မျက်နှာသစ်မလို့ ခဏစောင့်ဦးနော်”

အိပ်ငိုက်နေသည့် ရှောင်ရှောင်ကို ကြည့်ရင်း လုဟန်ချွမ် ခေါင်းတခါခါနှင့် ပြုံးမိသည်။

“အိပ်ရေးမဝသေးရင်လည်း ခဏလောက် ဆက်အိပ်လိုက်ပါ၊ ခဏနေမှ မနက်စာထစားလည်း ရတာပဲ”

ယဲ့ရှောင်ရှောင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ကျွန်မ အိပ်ရေးဝပါပြီ”

“နောက်တစ်ခါဆို ရှောင်ရှောင်အိပ်ရေးမပျက်ရအောင် ကိုယ့်ဖာသာကိုယ် သော့ယူလာခဲ့မယ်”

“ရပါတယ်၊ မနက်စာစားချင်နေပြီ”

ယဲ့ရှောင်ရှောင် မျက်နှာသစ်၊ သွားတိုက်ပြီးနောက် စားပွဲတွင် ဝင်ထိုင်လိုက်ပြီး လုဟန်ချွမ် ယူဆောင်လာသည့် ပေါက်စီများနှင့် ဖက်ထုပ်ကြော်များကိုကြည့်လိုက်သည်။

ထို့နောက် လုဟန်ချွမ်အား သူမ မေးမြန်းလိုက်ပါသည်။

“ရှင်ကော စားပြီးပြီလား”

လုဟန်ချွမ်က မီးဖိုချောင်ထဲမှ ပန်းကန်နှင့် တူများကို ယူဆောင်လာပြီး ပြန်ဖြေလိုက်သည်။

“မစားရသေးဘူး၊ အတူတူစားကြမယ်လေ”

ဤသို့ဖြင့် နှစ်ယောက်အတူတူ မနက်စာကို သာသာယာယာ စားသောက်ခဲ့ကြသည်။ စားသောက်နေစဉ်အတွင်း လုဟန်ချွမ်က ဟန်ရှင်းပြောထားသည့်ကိစ္စကို ယဲ့ရှောင်ရှောင်အား ပြန်ပြောပြခဲ့ပါသည်။

ယဲ့ရှောင်ရှောင် မအံ့ဩမိပေ။

“ကျွန်မက ဒီတိုင်း လွှတ်ခနဲ ပြောလိုက်မိတာပါ၊ တကယ်ကြီး ဒီလိုဖြစ်လာမယ်လို့ ထင်မထားဘူး”

လုဟန်ချွမ်သည်လည်း ထိုကိစ္စကို ရင်ထဲသိပ်မထားခဲ့သလို ဟန်ရှင်းလောက်လည်း စိတ်လှုပ်ရှားခြင်းမရှိခဲ့ပေ။

“သူတို့ ကံကောင်းသွားတယ်ပဲ ဆိုရမှာပေါ့”

“ခဏနေရင် သူတို့နဲ့ သွားတွေ့မှာလား”

ဤကဲ့သို့ အရေးကြီးကိစ္စမျိုးအတွက် ဟန်ရှင်းသည် လုဟန်ချွမ်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ ဆွေးနွေးချင်လိမ့်မည်ဟု ယဲ့ရှောင်ရှောင် ခံစားမိပါသည်။

လုဟန်ချွမ်က ပြန်မေးသည်။

“ရှောင်ရှောင်ကော ဟန်ရှင်းတို့အိမ်ကို ခဏလောက်သွားချင်လား၊ မသွားချင်ရင်လည်း မသွားလို့ရတယ်နော်”

သူ မသွားလျှင်ပင် ဟန်ရှင်းနှင့် လျန်ချန်းရှုတို့နှစ်ဦး မည်သို့ဆက်လှုပ်ရှားရမည်ကို ကောင်းကောင်း နားလည်ကြပါလိမ့်မည်။

ယဲ့ရှောင်ရှောင်က ကိစ္စမရှိကြောင်း ဆိုလိုက်သည်။ သူမတွင် အခြားလုပ်စရာအလုပ်လည်းမရှိသဖြင့် သွားဖို့ အဆင်ပြေပါသည်။

ထို့ကြောင့် မနက်စာစားပြီးသောအခါ လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား ဟန်ရှင်း အိမ်သို့ခေါ်သွားခဲ့သည်။

ထိုအိမ်မှာ ပေကျင်းမြို့တွင် ဟန်ရှင်းပိုင်ဆိုင်သည့် အိမ်တစ်လုံးဖြစ်ပြီး အိမ်ခြံမြေကုမ္ပဏီနှင့်လည်း အလွန် နီးကပ်လှသည်။

သူတစ်ဦးတည်းနေသည်ဆိုသော်ငြား အခန်းပေါင်းများစွာဖြင့် အလွန်ကျယ်ဝန်းလှရာ သူငယ်ချင်းများစွာကို မကြာခဏ ဖိတ်ခေါ်လေ့ရှိမှန်း သိသာပါသည်။

လုဟန်ချွမ်ကို တွေ့လိုက်ချိန်တွင် ဟန်ရှင်း၏စိတ်အခြေ အနေများ တည်ငြိမ်နေခဲ့ပါပြီ။ ယခုကဲ့သို့ ရောက်ရှိလာနိုင်ခြင်းကပင် သူ့တွင် သူငယ်ချင်းသံယောဇဉ်ရှိနေသေးကြောင်း သက်သေပြနေသည် မဟုတ်ပါလား။

ဟန်ရှင်းက သူတို့နှစ်ဦးကို တောက်တောက်ပပအပြုံးဖြင့် ကြိုဆိုခဲ့သည်။

တစ်ဦးက ချမ်းသာကြွယ်ဝမှုနတ်ဘုရားဖြစ်ပြီး ကျန်တစ်ဦးကလည်း ကံကောင်းခြင်းကြယ်ပွင့်လေးဖြစ်နေသဖြင့် သူတို့နှစ်ဦးကို မည်သူက အလေးအနက်မထားဘဲ နေနိုင်ပါမည်နည်း။

အိမ်ထဲတွင်မူ ဆရာကြီးတစ်ဦးကဲ့သို့ ခန့်ခန့်ထိုင်နေသည့် လျန်ချန်းရှုမှတပါး မည်သူမှ မရှိပေ။ သူလည်း ထိုမြေကွက်ကို မည်သို့အသုံးချရကောင်း အလျင်အမြန် သိချင်နေပုံရပါသည်။

“ဒီနေရာကို တကယ်ကြီး အများပြည်သူဆိုင်ရာ သုသာန်မြေအဖြစ်ပဲ အသုံးချလို့ရမှာလား…”

လျန်ချန်းရှုတစ်ယောက် ကျန်းကုန်းတောင်မြေပုံကို လေ့လာရင်း ရေရွတ်လိုက်ပါသည်။

ကျန်းကုန်းတောင်သည် အလွန်ကျယ်ဝန်းလှသည်။ အစိုးရမှ ကန့်သတ်သတ်မှတ်လိုက်သည့် မြေနေရာ အစိတ်အပိုင်းသည် တော်လှန်ရေးအာဇာနည်ဗိမာမန်အတွက်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ မြေကွက်အားလုံးကိုလည်း ထိုနယ်မြေတစ်ခုလုံး၏ စီမံကိန်းများနှင့် သဟဇာတဖြစ်အောင် စီမံဆောင်ရွက်ရပါမည်။

ယဲ့ရှောင်ရှောင်လည်း မြေပုံကို တစ်ချက်လှမ်းကြည့်လိုက်ရာ အနာဂတ်တွင် မြေအောက်မီးရထားလမ်းများ ဖောက်လုပ်မည့် နေရာအချို့ကို သတိပြုမိသွားသည်။

သူမတွင် ငွေလုံလုံလောက်လောက် ရှိမနေသည်က နှမြောစရာကောင်းလှပါသည်။ မဟုတ်လျှင် ထိုမြေကွက်များကို အပိုင်ဝယ်ယူကာ ကြိုတင်စုဆောင်းထားမိမှာ သေချာသည်။

လုဟန်ချွမ်နှင့် လျို့ချန်းရှုတို့နှစ်ယောက် စကားအနည်းငယ် ပြောခဲ့ကြသည်။ အရေးကြီးသည့် အလုပ်ကိစ္စများအကြောင်း ဆွေးနွေးသည့်အခါ သူငယ်ချင်းသုံးဦးစလုံးမှာ အလွန်တည်ကြည်လေးနက်လှပါသည်။

ယဲ့ရှောင်ရှောင်ကလည်း မည်သည့်စကားမှ ဝင်မပြောဘဲ ဘေးမှသာ နားထောင်နေခဲ့သည်။

ဤအကျော်အမော်ကြီးများက အစွမ်းအစရှိကာ အရာရာကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နိုင်သူများဖြစ်ကြ၍ သူမ စကားများများ ဝင်ပြောလိုက်လျှင် သံသယဖြစ်စရာကောင်းသွားပါလိမ့်မည်။

ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် ဟန်ရှင်းနှင့် လျန်ချန်းရှုတို့နှစ်ယောက် အစည်းအဝေးပွဲတစ်ခု တက်ရောက်ရန်အတွက် ထွက်ခွာသွားခဲ့ကြသည်။

ယနေ့တွင် သူတို့၏ အိမ်ဖုန်းနှင့် ရုံးဖုန်းများမှာ သေချာပေါက် အဆက်မပြတ် မြည်နေပါတော့မည်။ သူတို့၏ လမ်းစကို အမှီပြု၍ အကျိုးအမြတ်ရယူကာ ချမ်းသာချင်ကြသည့် လူများစွာက သတင်းအချက်အလက်များ စုံစမ်းရန် ဆက်သွယ်နေကြခြင်းပင်ဖြစ်သည်။

ဟန်ရှင်း: “ဒီနေ့တော့ မင်းတို့ကို ဘာမှလိုက်မကျွေးနိုင်တော့ဘူးကွာ၊ နောက်နေ့မှ ကောင်းကောင်း ဧည့်ခံပါ့မယ်”

လုဟန်ချွမ်: “လုပ်စရာရှိတာသာ သွားလုပ်စမ်းပါ၊ နောက်မှ ထပ်တွေ့ကြမယ်”

အနှောင့်အယှက်ပေးမည့် သူငယ်ချင်းများမရှိလျှင် လုဟန်ချွမ် ပို၍ပင် ပျော်ရွှင်ပါသေးသည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“အဘိုးနဲ့ အဘွားဆီ သွားလည်ကြမလား”

လုဟန်ချွမ်: “အဘိုးနဲ့ အဘွားတို့ ပေကျင်းမှာ မရှိကြဘူး”

“ဪ…”

မနေ့ကတည်းက ယဲ့ရှောင်ရှောင် သွားရောက်လည်ပတ်ချင်ခဲ့သော်လည်း အချိန်ဇယားအား သေချာ မသတ်မှတ်ရသေးသဖြင့် လုဟန်ချွမ်ကို အရင်မေးမြန်းခဲ့ရပါသည်။

“သူတို့ဇာတိကို ပြန်သွားကြတယ်လေ၊ ၁၅ ရက်နေ့ကျော်မှ ပြန်ရောက်လောက်တယ်”

ယဲ့ရှောင်ရှောင်က မျက်စပစ်လျက် ကျီစယ်လိုက်သည်။

“ဟုတ်ပါပြီ၊ အဲ့တာဆိုလည်း ဒီနေ့တော့ ကျွန်မတို့ နှစ်ယောက်တည်း‌ပေါ့”

လုဟန်ချွမ်သည် ကားသော့ကို ကိုင်ရင်း ယဲ့ရှောင်ရှောင်ကို ရင်ခွင်ထဲထည့်ကာ ပြောလိုက်သည်။

“ဒီနေ့ လျှောက်လည်ကြမယ်”

ဆောင်းရာသီတွင် အပြင်ထွက်၍ ပျော်ပါးကစားစရာနေရာဟူ၍ ရေပဲပြင်စကိတ်ကွင်းသာ ရှိပါသည်။

ယခင်တစ်ခေါက်က အဆောင်အခန်းဖော်များနှင့် ယဲ့ရှောင်ရှောင် လာရောက်ကစားစဉ်တွင် ရေခဲစွတ်ဖားကိုသာ အသုံးပြုခဲ့သော်လည်း ယခုအခေါက်တွင်မူ ရေကဲပြင်စီးစကိတ်များကို ကျကျနန ဝတ်ဆင်လိုက်ပါသည်။

သို့သော် သူမသည် စကိတ်ကောင်းကောင်းမစီးတတ်သေးသဖြင့် ရေခဲပြင်ထက်တွင် လှုပ်ရှားရသည်မှာ အလွန်ပင် ပင်ပန်းခက်ခဲလှပြီး လုဟန်ချွမ်က ဘေးမှနေ၍ အမြဲမပြတ် တွဲကူထိန်းကျောင်းပေးမှသာ ရွေ့လျားနိုင်ပါသည်။

လုဟန်ချွမ်သည် စကိတ်စီးခြင်းတွင်လည်း အလွန်ထူးချွန်သည့် ဆရာတစ်ဦးဖြစ်ပေသည်။ တစ်နာရီအတွင်းမှာပင် ယဲ့ရှောင်ရှောင်တစ်ယောက် ရေခဲပြင်ထက်တွင် ဖြည်းဖြည်းချင်း ရွေ့လျားနိုင်သွားပါသည်။

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ လက်ကလေးကို ဆုပ်ကိုင်ရင်း အစမှ အဆုံးတိုင်အောင် ရေခဲပြင်ထက်တွင် စကိတ်အတူတူ စီးပေးခဲ့ပါသည်။

ဘေးပတ်ပတ်လည်ရှိ အခြားသူများမှာ အလွန်ပင် လျင်မြန်ဖြတ်လတ်လှပြီး သူတို့နှစ်ဦး၏ ဘေးနားမှ လှစ်ခနဲ လှစ်ခနဲ ဖြတ်ပြေးသွားကြသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်ကသာ ရေခဲပြင်စကိတ်ကို ဤကဲ့သို့ သာသာယာယာစီးနိုင်လိမ့်မည်ဟု တစ်စုံတစ်ယောက်က လာပြောခဲ့လျှင် လုဟန်ချွမ် ကဲ့ရဲ့မိလောက်သော်လည်း ယခုအချိန်တွင်မူ အချိန်များ နှေးကွေးသွားပါစေဟုသာ သူ ဆုတောင်းမိတော့သည်။

သူနှင့်အတူ လက်တွဲထားရသည့် မိန်းကလေး ဘယ်သောအခါမှ ဝေးကွာသွားတော့မည် မဟုတ်သည့်တိုင်အောင် အချိန်များကို နှေးကွေးသွားစေချင်သည်။

သူတို့နှစ်ဦး စကိတ်စီးရသည်မှာ မောပန်းလာသည့်အခါ ရေကန်ဘေးရှိ ခုံတန်းရှည်လေးတွင်ထိုင်ရင်း အနားယူခဲ့ကြသည်။

ထိုနေရာတွင် အတူတူထိုင်နေကြစဉ် လူအများက လှည့်ကြည့်သွားကြသော်လည်း မည်သူကမှ စကားလာမပြောရဲကြချေ။

အဘယ့်ကြောင့်ဆိုသော် တစ်ချက်လောက်ကြည့်လိုက်ရုံနှင့် သူတို့နှစ်ဦးမှာ အလွန်လိုက်ဖက်လွန်းသည့် ချစ်သူစုံတွဲများ ဖြစ်ကြကြောင်း သိသာထင်ရှားနေခြင်းကြောင့်ပင်။

လုဟန်ချွမ်သည် ရေခဲပြင်စကိတ်များကို ချွတ်လိုက်ပြီး ယဲ့ရှောင်ရှောင်၏ စကိတ်များကိုပါ ကူချွတ်ပေးလိုက်သည်။

“ခဏနေရင် ဟော့ပေါ့သွားစားကြရအောင်”

ယဲ့ရှောင်ရှောင်လည်း ခြေထောက်ကလေးများကို ဆန့်တန်းရင်း ကောင်လေး၏ ဝန်ဆောင်မှုများကို ပျော်ပျော်ကြီး ငြိမ်ခံနေလိုက်ပါသည်။

“ဟုတ်ပြီ”

ရာသီဥတုက အလွန်အေးမြသဖြင့် သူတို့ အပြင်တွင် ကြာကြာ မနေနိုင်ကြပေ။ လှုပ်လှုပ်ရှားရှားပြုစဉ်က မသိသာသော်လည်း ထိုင်အနားယူလိုက်သည်နှင့် အအေးဒဏ်ကို ချက်ချင်းပင် ခံစားခဲ့ရပါသည်။

လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့ ဟော့ပေါ့စားပြီး ပြန်လာသောအခါ အိမ်တွင် နှစ်ယောက်တည်းအတူတူ ခေတ္တ အချိန်ဖြုန်းခဲ့ကြသည်။

လုဟန်ချွမ် ပြန်ရမည့်အချိန်ကို ရောက်သောအခါ ယဲ့ရှောင်ရှောင်က တင်းကျပ်စွာ ပွေ့ဖက်လျက် ကလေးတစ်ဦးသဖွယ် ရှားရှားပါးပါး ပြုမူလိုက်ပါသည်။

“မခွဲချင်သေးဘူး…”

လုဟန်ချွမ်နှင့် အတူတူ ရှိနေရသည့်အချိန်လေးများက အလွန်ပင် ပျော်စရာကောင်းလွန်းသဖြင့် သူတို့နှစ်ဦး မကြာခဏ မတွေ့ဆုံနိုင်ကြသည်ကိုပင် ယဲ့ရှောင်ရှောင် မေ့လျော့သွားခဲ့ရပါသည်။

လုဟန်ချွမ်၏ နှလုံးသားမှာ ချက်ချင်းပင် အရည်ပျော်ကျသွားရသည်။ သို့သော် သူ့အလုပ်တာဝန်များကြောင့် သူတို့နှစ်ဦး အချိန်ပြည့် အတူတူရှိနေနိုင်မည် မဟုတ်ပေ။

“နောက်တစ်ခါ ကိုယ်ထပ်လာခဲ့ပါ့မယ်”

ထိုအခါမှ ယဲ့ရှောင်ရှောင် သူ့ကို လွှတ်ပေးလိုက်ပါသည်။

“ဟုတ်ပြီ”

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား အောက်ထပ်ထိ လိုက်မပို့ခိုင်းခဲ့ဘဲ အခန်းထဲတွင်သာ နွေးနွေးထွေးထွေး နေခဲ့ဖို့ မှာကြားလိုက်သည်။

ယဲ့ရှောင်ရှောင်သည် ဝရန်တာမှနေ၍ လုဟန်ချွမ်၏ကားလေး မောင်းနှင်ထွက်ခွာသွားသည်ကို ငေးကြည့်နေခဲ့ပါသည်။

‘အချိန်တွေသာ ဒီ့ထက်မြန်မြန် ကုန်ဆုံးသွားပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ…’

All Chapters