အခန်း ၂၄၃
Vol. 25 Ch. 243
📗 Chapter 243
စာသင်နှစ်သစ်တွင် အချိန်များက တရွေ့ရွေ့ကုန်ဆုံးခဲ့သည်။
ကျောင်းတွင် ပုံမှန်အတန်းတက်ရသည့်အပြင် ရမ်သဲ့ထန်တွင်လည်း ယဲ့ရှောင်ရှောင်၏ ကျော်ကြားမှုက တဖြည်းဖြည်း ပိုမိုကြီးမားလာခဲ့ပါသည်။
နိုင်ငံတစ်ဝှမ်းရှိ ဒေသအသီးသီးမှ လူနာများသည် သူမထံတွင် ဆေးကုသမှုခံယူဖို့ဟူသော ရည်ရွယ်ချက်ဖြင့် ခရီးဝေးနှင်ကာ တကူးတက ရောက်ရှိလာကြသဖြင့် ဆေးခန်းထိုင်ကာ လူနာကြည့်ပေးရသည့်အချိန်ကလည်း ပိုမိုများပြားလာခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် အလှကုန်ထုတ်လုပ်ရေးစက်ရုံနှင့် ဆေးဝါးထုတ်လုပ်ရေးစက်ရုံနှစ်ခုစလုံး၏ လုပ်ငန်းများမှာလည်း ပုံမှန်နှုန်းအတိုင်း တိုးတက်နေပြီး ရရှိသည့် အကျိုးအမြတ်များမှာလည်း နှစ်ဆနီးပါး တိုးပွားလာခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် ကိုယ်ပိုင်ဝင်ငွေများကို အသုံးချလျက် ရှေးဟောင်းရိုးရာ အိမ်ဝင်းပေါင်းများစွာကို ဝယ်ယူထားခဲ့ပါသေးသည်။
ကျန်းခိုင်နင်ကလည်း ရမ်သဲ့ထန်နှင့် ဆက်လက် လက်တွဲထားဆဲဖြစ်ပြီး ရမ်သဲ့ထန်မှ အသစ်စက်စက် ဆောက်လုပ်ထားသည့် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ၏ စီမံခန့်ခွဲမှုအပိုင်းကို သူ့လက်ထဲ အပ်နှံခဲ့ပါသည်။
ကျောင်းပိတ်ရက်များတွင် တရုတ်တိုင်းရင်းဆေးမေဂျာမှ ကျောင်းသားများသည် ရမ်သဲ့ထန်တွင် အချိန်ပိုင်းလာရောက်လုပ်ကိုင်နေကြဆဲဖြစ်သည်။
ကျောင်းပြီးသောအခါ ဆေးရုံကြီးများတွင် အလုပ်သွားမလုပ်ချင်တော့ဘဲ ရမ်သဲ့ထန်တွင်သာ အလုပ်ဆက်လုပ်ချင်သည်ဟုပင် ယဲ့ရှောင်ရှောင်ကို ချူးမြောင် ရင်ဖွင့်ခဲ့ပါသည်။
ယဲ့ရှောင်ရှောင်ကလည်း ဝမ်းပန်းတသာပင် ကြိုဆိုခဲ့သည်။ သူ့ကို ရမ်သဲ့ထန်မှ အချိန်မရွေး ကြိုဆိုမည်ဖြစ်ကြောင်းနှင့် ချက်ချင်းဆုံးဖြတ်ချက်ချစရာလည်း မလိုအပ်သေးကြောင်း အသိပေးခဲ့ပါသည်။
အကယ်၍ ချူးမြောင် စိတ်ပြောင်းသွားခဲ့လျှင်လည်း သူသွားလိုသည့်နေရာသို့ သွားနိုင်သည်။
စာလေ့လာခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းများမရှိသည့် အချိန်များတွင်မူ ယဲ့ရှောင်ရှောင်သည် မိဘနှစ်ပါးနှင့် အစ်ကိုဖြစ်သူများထံသို့ စာများပို့ဆောင်၊ ဖုန်းများခေါ်ဆိုတတ်ပြီး စစ်တပ်ဝင်းအတွင်းရှိ သူငယ်ချင်းများနှင့်လည်း မကြာခဏ တွေ့ဆုံတတ်ပါသေးသည်။
သူမ၏ တက္ကသိုလ်ကျောင်းသူဘဝမှာ အလွန်ပျော်စရာကောင်းပြီး သက်တောင့်သက်သာလည်းရှိလှရာ တက္ကသိုလ် ဒုတိယနှစ်မှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။
စာသင်နှစ်ပြီးဆုံး၍ စာမေးပွဲများ ဖြေဆိုပြီးသွားချိန်တွင် စွန်းကျန့်ယောင်သည် ယဲ့ရှောင်ရှောင်နှင့် ချူးယွင်ရှောင်တို့ကို ရုံးခန်းထဲသို့ ခေါ်ဆောင်ကာ စာရွက်စာတမ်းတစ်ခုစီ ပေးအပ်ခဲ့သည်။
၎င်းတို့မှာ ကျင့်ဟွာတက္ကသိုလ်၏နိုင်ငံခြား ပညာဖလှယ်ကျောင်းသားပရိုဂရမ်အတွက် လျှောက်လွှာတင်သွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက် စာရွက်စာတမ်းများ ဖြစ်ကြသည်။
ယဲ့ရှောင်ရှောင်က မေးမြန်းလိုက်သည်။
“နိုင်ငံခြား ပညာဖလှယ်ကျောင်းသား ပရိုဂရမ်ဟုတ်လား”
စွန်းကျန့်ယောင်က ရှင်းပြသည်။
“ဩစတြေးလျနိုင်ငံမှာရှိတဲ့ စိန့်ဗယ်လင်တက္ကသိုလ်က ၂ နှစ်တာ ကျောင်းသားဖလှယ်ရေး ပရိုဂရမ်တစ်ခုကို ကမ်းလှမ်းနေတယ်၊ တရုတ်တိုင်းရင်းဆေးမေဂျာက ၂ နေရာရပြီး အနောက်တိုင်းဆေးပညာမေဂျာက ၃ နေရာ ရမယ်၊ မင်းတို့ နိုင်ငံခြားက ပြန်ရောက်လာတဲ့အခါ ပတ်ဝန်းကျင်နဲ့အသားပြန်ကျအောင် တစ်လလောက် အချိန်ယူပြီးရင် ဆေးရုံကြီးတွေမှာ အလုပ်သင်အဖြစ် တန်းဝင်လုပ်လို့ရတယ်”
“ဒါပေမယ့် မင်းတို့ရဲ့ဆေးပညာစွမ်းရည်တွေကို ဒီ့ထက်ပိုမြှင့်တင်နိုင်ဖို့ တက္ကသိုလ်မှာ ဘွဲ့လွန်သင်တန်းတွေ ဆက်တက်လိမ့်မယ်လို့လည်း ငါ မျှော်လင့်ထားတယ်၊ မင်းတို့နှစ်ယောက်က အတန်းထဲမှာ အထူးချွန်ဆုံး ကျောင်းသားတွေမို့လို့ ဒီကိစ္စကို သေသေချာချာ စဉ်းစားသင့်တယ်၊ မင်းတို့သဘောတူတယ်ဆိုရင် နောက်စာသင်နှစ် မစခင် လျှောက် လွှာတွေကို ငါ့ဆီလာအပ်ပါ”
ချူးယွင်ရှောင်က ခေါင်းညိတ်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ၊ ကျွန်တော်သေသေချာချာ စဉ်းစားလိုက်ပါ့မယ်”
ယဲ့ရှောင်ရှောင် စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
“တရုတ်တိုင်းရင်းဆေးပညာသင်နေတဲ့ သမီးတို့တွေက နိုင်ငံခြားမှာ ဘာသွားသင်ရမှာလဲဟင်”
သူမတွင် အနောက်တိုင်းဆေးပညာအခြေခံရှိသည်ဆိုသော်ငြား တရုတ်တိုင်းရင်းဆေးပညာဖြင့် ယခင်က နိုင်ငံခြားသို့ ပညာဖလှယ်ရေး ကျောင်းသားအဖြစ်စေလွှတ်သည့် အစဉ် အလာမျိုး ရှိခဲ့ဖူးခြင်း ရှိ၊ မရှိကို သူမ မသိပေ။
စွန်းကျန့်ယောင်က ရှင်းပြသည်။
“နိုင်ငံခြားက အဆင့်မြင့်ဆေးပညာတွေကို လေ့လာရုံတင်မကဘူး၊ တို့နိုင်ငံက ယဉ်ကျေးမှုတွေကိုလည်း အဲ့ဒီမှာ ပြန့်ပွားအောင်လုပ်ဆောင်ရမှာလေ၊ ဩစတြေးလျမှာလည်း တို့တွေကျောင်းနဲ့ လက်တွဲချင်တဲ့ တရုတ်တိုင်းရင်းဆေးပညာ ကျောင်းတစ်ခုရှိတယ်၊ မင်းတို့နှစ်ယောက်ရဲ့ ကျွမ်းကျင်မှုက ပုံမှန်သင်ကြားရေးအဆင့်ထက် ကျော်လွန်နေပြီမို့လို့ အခုလို သွားဖို့ အကြံပြုရတာပဲ”
ယဲ့ရှောင်ရှောင် “သမီးသေချာစဉ်းစားလိုက်ပါ့မယ်”
၂ နှစ်ဟူသည့်အချိန်မှာ အလွန်အမင်း မရှည်လျားသလို တိုလည်း မတိုတောင်းလှပေ။
နှုတ်မှ စဉ်းစားပါဦးမည်ဟု ဆိုသော်လည်း ယဲ့ရှောင်ရှောင်၏ ရင်ထဲတွင်မူ နိုင်ငံခြားသို့ သွားရောက်ပြီး ကမ္ဘာကြီးအား လှည့်ပတ်ကြည့်ရှုချင်စိတ်များ အပြည့်အဝရှိနေခဲ့ပါသည်။
ယခု လုဟန်ချွမ်နှင့် သူမ လက်မထပ်ရသေးပေ။ လက်ထပ်ပြီးသွားလျှင် စစ်တပ်အရာရှိတစ်ဦး၏တရားဝင် ဇနီးသည်တစ်ဦးဖြစ်သွားပြီး နိုင်ငံခြားသို့ အလွယ်တကူ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။
စွန်းကျန့်ယောင်ကလည်း ထပ်ခါတလဲလဲ တိုက်တွန်းသည်။
“မင်းတို့နှစ်ယောက်ရဲ့ နိုင်ငံခြားဘာသာအမှတ်တွေကလည်း အမြင့်ဆုံးပဲ၊ အဲ့တာကြောင့် နိုင်ငံခြားရောက်ရင် အလွယ်တ ကူပြောဆိုဆက်ဆံနိုင်ကြမှာပါ၊ ဒီအခွင့်အရေးကို တန်ဖိုးထားကြနော်”
ယဲ့ရှောင်ရှောင်နှင့် ချူးယွင်ရှောင်တို့ ခေါင်းညိတ်လိုက်ကြသည်။
ယခုကျောင်းပိတ်ရက်ဖြစ်၍ ကျောင်သားအများစုက ဇာတိသို့ပြန်သွားကြပြီဖြစ်ကာ ကျောင်းဝင်းထဲတွင် အတော်လေး လူရှင်းလင်းနေပါသည်။
ချူးယွင်ရှောင်နှင့် ယဲ့ရှောင်ရှောင်တို့ ကျောင်းဝင်းထဲ အတူတူလမ်းလျှောက်လာခဲ့ကြသည်။
ချူးယွင်ရှောင်က ဦးစွာ မေးမြန်းလိုက်ပါသည်။
“နင် ဩစတြေးလျကိုသွားမှာလား”
ယဲ့ရှောင်ရှောင်: “အင်း သွားမှာ”
ယဲ့ရှောင်ရှောင်တွင် ကောင်လေးတစ်ယောက်ရှိမှန်း သိထားသဖြင့် ချူးယွင်ရှောင် အံ့အားသင့်သွားခဲ့ရသည်။
“နင်နဲ့ နင့်ကောင်လေးက အခုတောင် သိပ်မတွေ့နိုင်ကြတာ၊ နောက်ဆို တစ်နယ်ခြားချစ်သူတွေ ဖြစ်သွားကြလိမ့်မယ်နော်”
ယဲ့ရှောင်ရှောင်: “ဘာမှမဖြစ်ပါဘူး၊ ငါ ပြန်လာမှာပဲဥစ္စာ”
သို့သော် လုဟန်ချွမ်သည် သာမန်လူတစ်ဦးထက် ပိုသနားစရာကောင်းပါသည်။ သူသာ သာမန်လူတစ်ဦးဆိုလျှင် နိုင်ငံခြားသို့ထွက်ပြီး သူမထံ လာရောက်လည်ပတ်နိုင်သေးသည်။
သို့သော် လုဟန်ချွမ်သည် စစ်တပ်အရာရှိတစ်ဦးဖြစ်သည့်အလျောက် အစိုးရတာဝန်ဖြင့် သွားရောက်ခြင်းမှတပါး နိုင်ငံခြားသို့ လွယ်လင့်တကူ ထွက်ခွာနိုင်မည် မဟုတ်ပေ။
ချူးယွင်ရှောင်က မေးသည်။
“နင့်ကောင်လေးက နင့်ကို မသွားခိုင်းဘူးဆိုရင်ကော”
ယဲ့ရှောင်ရှောင်သည် ပညာဖလှယ်ကျောင်းသားပရိုဂရမ် စာရွက်စာတမ်းများကို ကျောပိုးအိတ်ထဲသို့ သေသေချာချာ သိမ်းဆည်းကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ငါ သွားမယ်လို့ ဆုံးဖြတ်ပြီးရင် ရအောင်သွားမှာ”
ယဲ့ရှောင်ရှောင်သည် ယခင်ကတည်းက ဆုံးဖြတ်ချက်ပြတ်သားခိုင်မာသူဖြစ်ပြီး တစ်စုံတစ်ခုကို ပြုလုပ်မည်ဟု ကိုယ်တိုင် ဆုံးဖြတ်ချက် ချပြီးလျှင် မည်သူကမှ လာရောက်မတားဆီးနိုင်ပေ။
သူမ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် ချူးယွင်ရှောင် အံ့အားသင့်မိပါသည်။
“နင်တကယ် ဆုံးဖြတ်ပြီးသွားပြီဆိုရင် ငါ့ကို ဖုန်းဆက်လိုက်၊ ငါတို့အတူတူ လျှောက်လွှာတင်ဖို့ ပြင်ကြတာပေါ့”
ချူးယွင်ရှောင်အတွက်မူ မည်သည့်ဖိအားမှ ရှိမနေပေ။ သူ၏ မိသားစုက ချမ်းသာကြွယ်ဝပြီး မိဘနှစ်ပါးစလုံးကလည်း ပညာတတ်များဖြစ်ကြသဖြင့် သူ့ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံကြမှာသေချာပါသည်။
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါပြီ”
ယဲ့ရှောင်ရှောင်သည် နွေရာသီကျောင်းပိတ်ရက်တွင် ယဲ့ချန်းအန်းနှင့် ရှန်းချို့ယွီတို့၏မင်္ဂလာပွဲသို့ တက်ရောက်ဖို့အတွက် ရှန်းမြို့သို့ သွားရောက်ရပါဦးမည်။
ထိုအခါ မိသားစုဝင်များအားလုံး ရှိနေကြမည်ဖြစ်၍ သူမနိုင်ငံခြားသွားမည့်အစီအစဉ်ကို ထိုအချိန်ကျမှ ထုတ်ပြောဖို့ ဆုံးဖြတ်ခဲ့သည်။ ယခုတော့ ဆရာကြီးစုန့်ကိုသာ ဦးစွာ အသိပေးထားလိုက်ပါမည်။
ယဲ့ရှောင်ရှောင် နိုင်ငံခြားသို့ ပညာဖလှယ်ကျောင်းသားအဖြစ် သွားရောက်မည်ဟု သိရှိရသောအခါ စုန့်ကွမ်းကျင့်က အပြည့်အဝ အားပေးထောက်ခံသည်။
“၂ နှစ်ဆိုတဲ့အချိန်ကြောင့် ပြည်တွင်းမှာ နင့်အလုပ်တွေ နှောင့်နှေးသွားနိုင်ပေမယ့် အပြင်လောကကြီးကို လေ့လာနိုင်တာ ကောင်းပါတယ်၊ သူတို့ဆီက အဆင့်မြင့်ဆေးပညာတွေကို သင်ယူခဲ့၊ တို့တွေရဲ့ တရုတ်တိုင်းရင်းဆေးပညာကိုလည်း နိုင်ငံတကာစင်မြင့်ထက်မှာ ချပြခွင့်ရနိုင်ဖို့ တကယ့်ကို အကျိုးရှိတဲ့အခွင့်အရေးပဲ”
ယဲ့ရှောင်ရှောင်တွင် အနောက်တိုင်းဆေးပညာအခြေခံရှိနေမှန်း စုန့်ကွမ်းကျင့်သိရှိခဲ့သည်မှာ ကြာပါပြီ။ ဓာတ်ခွဲခန်းထဲရှိ ပစ္စည်းကိရိယာများကို ယဲ့ရှောင်ရှောင်သည် မည်သူ့ထက်မဆို ကျွမ်းကျွမ်းကျင်ကျင် ကိုင်နိုင်စွမ်းရှိသည်။
“သမီးလည်း အဲ့လိုပဲတွေးပါတယ်…”
ထို့အပြင် သူမနှင့်အတူ အတန်းဖော်တစ်ဦးလည်းပါလာမည်ဖြစ်၍ နိုင်ငံခြားတွင် တစ်ယောက်တည်း အထီးကျန်နေမည် မဟုတ်ပေ။
ယခင်ဘဝကလည်း ဩစတြေးလျနိုင်ငံသို့ သူမ သွားရောက်ခဲ့ဖူးပါသည်။ ထိုနိုင်ငံတွင် လုံခြုံရေးက အနည်းငယ် စိုးရိမ်ရသဖြင့် ၁၉၈၀ ခုနစ်များတွင် ပိုအန္တရာယ်များလောက်သည်။
ယဲ့ရှောင်ရှောင် မည်သည့်အတွက်ကြောင့် စိုးရိမ်ပူပန်နေရသည်ကို စုန့်ကွမ်းကျင့် ကောင်းကောင်းသိသဖြင့် ပြောလိုက်သည်။
“အဲ့ဒီ လုမိသားစုကောင်လေးနဲ့ လက်မထပ်ရသေးလို့ တော်သေးတာပေါ့၊ မဟုတ်ရင် အခုလိုအခွင့်အရေးမျိုး ရလာမှာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင်က ဆရာဖြစ်သူကို သနားကမား မျက်နှာလေးဖြင့် ကြည့်လိုက်သည်။
“အောင်ပွဲခံတာ မစောပါနဲ့ဦး ဆရာကြီးရယ်”
စုန့်ကွမ်းကျင့်မှာ ချက်ချင်းပင် ခါးမတ်သွားရသည်။
“အဲ့တာ ဘာစကားလဲ၊ ရူးရူးမိုက်မိုက် ဆုံးဖြတ်ချက်တွေ မချနဲ့နော်၊ အဲ့ကောင်က နင် နိုင်ငံခြားသွားမှာကို လက်မခံဘူးဆိုရင် လမ်းသာခွဲလိုက်၊ သူ့ထက်ပိုကောင်းတဲ့လူတစ်ယောက် အချိန်မရွေး ရှာပေးလို့ရတယ်၊ ကိုယ့်လက်တွဲဖော် အနာဂတ်လှပအောင် ကြိုးစားနေတာကို တားဆီးပိတ်ပင်တဲ့ ယောက်ျားမျိုးကို လုံးဝအနားမှာ မထားသင့်ဘူး”
ယဲ့ရှောင်ရှောင် အာမခံလိုက်သည်။
“သမီးသူ့ကို ဘယ်လိုပြောပြရမလဲ စဉ်းစားနေတာပါ ဆရာကြီးရဲ့၊ စိတ်မပူပါနဲ့၊ ဒီအခွင့်အရေးကို သမီး လက်လွှတ်မခံပါဘူး”
ထိုအခါမှ စုန့်ကွမ်းကျင့် ပျော်ရွှင်သွားသည်။
“ဒါမှ ငါ့တပည့်”
ကျောင်းပိတ်ရက်များသို့ ရောက်ရှိတိုင်း လုဟန်ချွမ်သည် သူမနှင့်အတူ ရက်အနည်းငယ်မျှ လာနေလေ့ရှိပါသည်။
ယခုတစ်ခေါက်လည်း ခြွင်းချက်မရှိဘဲ ယဲ့ရှောင်ရှောင်က ဖုန်းဖြင့် ကြိုတင်ဆက်သွယ်ထားသဖြင့် နောက်တစ်နေ့တွင် လုဟန်ချွမ် ချက်ချင်း ရောက်ရှိလာခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် ကျောင်းမှ ပေးထားသည့် စာရွက်စာ တမ်းအား လုဟန်ချွမ်လက်ထဲ ထည့်ပေးလိုက်သည်။
စာရွက်ပေါ်ရှိ ‘ပညာဖလှယ်ကျောင်းသား’ဟူသည့် စကားလုံးများကိုမြင်ပြီး လုဟန်ချွမ် တိတ်ဆိတ်သွားခဲ့ရသည်။ ဤတစ်ကြိမ်တော့ ရှောင်ရှောင်လေးက သူ့ကို အမှန်တကယ် အံ့အားသင့်စေခဲ့ပါသည်။
ယဲ့ရှောင်ရှောင်က သူ့နားသို့ကပ်ကာ ချွဲနွဲ့သောမျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။
လုဟန်ချွမ် သူမကို ပွေ့ဖက်ကာ မေးမြန်းလိုက်ပါသည်။
“ကိုယ့်ကို ဆုံးဖြတ်ချက်ချခိုင်းဖို့ လာပြတာလား”
ယဲ့ရှောင်ရှောင် ချက်ချင်းပင်ပြောလိုက်သည်။
“မဟုတ်ပါဘူး၊ ဒီတိုင်းအသိပေးတာ”
သူမ မည်သို့ စတင်ပြောပြရမှန်း မသိခြင်းကြောင့်ပင်။
လုဟန်ချွမ်သက်ပြင်းချလျက် ထပ်မေးသည်။
“နိုင်ငံခြားရောက်ရင် အစားအသောက်တွေ စားတတ်ပါ့မလား”
ယဲ့ရှောင်ရှောင် အစကအဆင်ပြေနေသော်လည်း လုဟန်ချွမ်၏စကားကိုကြားပြီး ငိုချင်သွားခဲ့သည်။
“ကျွန်မ တကယ် အဆင်မပြေလောက်ဘူး”
လုဟန်ချွမ်၏အရသာရှိလှသည့် လက်ရာများကိုလည်း သူမ စားသုံးနိုင်မည် မဟုတ်တော့ပေ။
“ကျွန်မကို ဟင်းချက်နည်း နည်နည်းလောက် သင်ပေးလိုက်လေ၊ အဲ့တာမှ နိုင်ငံခြားရောက်ရင် အစာငတ်မသေမှာ”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင် နိုင်ငံခြားသွားမည့် အစီ အစဉ်အား တားဆီးပိတ်ပင်ဖို့ စိတ်ကူး လုံးဝမရှိခဲ့ပေ။ သူ့ကောင်မလေးအတွက် စိတ်ပူရုံသက်သက်သာရှိပါသည်။
“ဟိုရောက်ရင် အရေးအကြီးဆုံးက ဘေးကင်းလုံခြုံဖို့ပဲနော်”
ယဲ့ရှောင်ရှောင် သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။
“၂ နှစ်တည်းပါ၊ ကျွန်မ အမြန်ဆုံးပြန်လာခဲ့မှာ”