← Chapters

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း ၂၄၄

Vol. 25 Ch. 244

📗 Chapter 244

ယဲ့ရှောင်ရှောင်သည် သူမ၏ အိမ်ခြံမြေပိုင်ဆိုင်မှု စာချုပ်အထပ်လိုက်ကြီးကို အိတ်ထဲမှ ထုတ်ယူလိုကသ်ည်။

ရှောင်ရှောင် ဩစတြေးလျသို့ သွားရောက်သည့်အခါ ပြင်ဆင်ရမည့်အရာများကို လုဟန်ချွမ်နက်နက်နဲနဲ စဉ်းစားနေစဉ် သူ့လက်ထဲ အထုပ်ကြီးတစ်ထုပ် ရုတ်တရက် ရောက်ရှိလာပါသည်။

မည်သည့်အရာများဖြစ်သည်ကို မြင်လိုက်ရသည့်အခါ လုဟန်ချွမ် မျက်ခုံးတစ်ချက် ပင့်မိသွားတော့သည်။

“ဒါဘာလဲ”

“ကျွန်မပိုင်တဲ့ အိမ်ခြံမြေတွေလေ၊ သေချာသိမ်းထားဖို့ ရှင့်လက်ထဲ ထည့်ခဲ့မယ်”

လုဟန်ချွမ် ခါးမတ်မတ် ထထိုင်လိုက်ပြီး စာချုပ်များကိုတစ်ရွက်ချင်းလှန်ကာ စစ်ဆေးကြည့်လိုက်သည်။

၎င်းတို့မှာ မြို့တွင်းရှိ ရှေးဟောင်းရိုးရာ အိမ်ဝင်းကြီးများ သို့မဟုတ် လမ်းပန်းဆက်သွယ်ရေး အလွန်အဆင်ပြေသည့် နေရာများရှိ အနောက်တိုင်းစတိုင် အိမ်ကြီးများဖြစ်ကြသည်။

သူတို့ရှောင်ရှောင်လေးမှာ အမှန်တကယ်ပင် သူဌေးမလေးဖြစ်နေပါတော့သည်။ ဤမျှ များပြားသည့် အိမ်ခြံမြေများကို ပိုင်ဆိုင်ထားလိမ့်မည်ဟု လုဟန်ချွမ် လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထိုစာချုပ်များကို ကြည့်ရင်း လုဟန်ချွမ်ရင်ထဲ ရှင်းပြရခက်သည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

“ရှောင်ရှောင် နိုင်ငံခြားသွားတာက ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ဒီလိုပိုင်ဆိုင်မှုတွေအများကြီးကို ရုတ်တရက်ကြီး ပေးထားခဲ့တာ မသိရင် လမ်းခွဲကြတော့မယ့်အတိုင်းပဲ”

စာချုပ်များကို‌ ဘေးသို့ပစ်ချလိုက်ပြီး သူမကို ရင်ခွင်ထဲထည့်ကာ ဆက်ပြောလိုက်သည်။

“ဒီလိုတွေလုပ်ပြလို့ ကိုယ်စိတ်အေးသွားမယ်လို့ ထင်နေတာလား”

ယဲ့ရှောင်ရှောင်သည် သူ့ကို ယခုလောက်ထိ ဖျောင်းဖျရခက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

“အဲ့တာဆိုလည်း ကျွန်မကို ပြန်ပေး၊ အဲ့တာမှ ကျွန်မတို့ တကယ်လမ်းခွဲကြရင်တောင် ရှင်တစ်ပြားတစ်ချပ်မှ မရဘဲနေမှာ”

လုဟန်ချွမ်သည် သူမ၏ ဦးခေါင်လေးကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ရင်း နှုတ်ခမ်းလေးအား ဖိကိုက်လိုက်သည်။

“လမ်းခွဲမယ့်အကြောင်း စိတ်တောင်မကူးရဘူးနော်”

ယဲ့ရှောင်ရှောင် နှုတ်ခမ်းစူကာ ပြန်ချေပလိုက်သည်။

“ဟွန်း! ရှင့်ဘက်ကအရင်ပြောတာ မဟုတ်ဘူးလား”

လုဟန်ချွမ်သည် သူမကို တစ်ခါမှ အနိုင်မယူနိုင်သဖြင့် ယခုလည်း ချက်ချင်း တောင်းပန်လိုက်ရပါသည်။

“ကိုယ်မှားပါတယ်၊ ကိုယ့်အပြစ်ပါ၊ အဲ့အကြောင်းတွေ ထပ်မပြောကြရအောင်”

ထိုအခါမှသာ ယဲ့ရှောင်ရှောင် ကျေနပ်သွားခဲ့ပါသည်။

သို့သော် လုဟန်ချွမ်သည် သူမကို ပြန်လွှတ်မပေးသေးပေ။ ယဲ့ရှောင်ရှောင်ကလည်း သူ့ရင်ခွင်ထဲတွင် ဆက်လက် နားခိုခဲ့ပါသည်။

နှစ်ယောက်သား မခွဲခွာရသေးသော်လည်း ရင်ထဲတွင် လွမ်းဆွတ်တမ်းတမှုများကို စတင်ခံစားနေကြရလေပြီ။

“ရှောင်ရှောင် ဘယ်တော့သွားမှာလဲ”

“စက်တင်ဘာလထဲမှာ”

သူတို့နှစ်ဦး အတူတူတွေ့ဆုံနိုင်ဖို့ တစ်လကျော်ကျော်ခန့် အချိန်ရပါသေးသည်။

“ဒါပေမယ့် ဒုတိယအစ်ကိုတို့ မင်္ဂလာဆောင်ကိုသွားဖို့ ရှန်းမြို့ကို ဆင်းရဦးမယ်၊ ပြီးရင် လျှောက်လွှာကိစ္စ ပြန်လာလုပ်ပြီး စာသင်နှစ်သစ်စတဲ့အခါမှ ဩစတြေးလျကို သွားရမှာ”

လုဟန်ချွမ် သေချာစဉ်းစားကြည့်လိုက်ရာ အချိန်ဇယားက အလွန်ပင် ကပ်နေပါသည်။ ကျောင်းမှထုတ်ပေးထားသည့် စာရွက်စာတမ်းများကို ယူဆောင်ကာ သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည်။

လိုအပ်သည့် အချက်အလက်နှင့် စာရွက်စာတမ်းများက အလွန်ရှုပ်ထွေးလှပြီး ရှောင်ရှောင်၏ အခြေအနေမှာလည်း အနည်းငယ် ထူးခြားနေပါသည်။

သူမသည် ပေကျင်းမြို့တွင် ကြီးပြင်းခဲ့သူဖြစ်သော်လည်း နောက်ပိုင်းမှ ပိုင်ချွမ်ရွာသို့ ပြန်သွားခဲ့သူဖြစ်သည်။

လုဟန်ချွမ်က အကြံပြုသည်။

“ရှောင်ရှောင်က ပေကျင်းမှာ အိမ်ခြံမြေတွေ အများကြီးပိုင်ထားတာဆိုတော့ အိမ်ထောင်စုစာရင်းကို အရင်ပြောင်းလိုက်၊ အဲ့တာဆို ကျန်တဲ့ စာရွက်စာတမ်းကိစ္စတွေလုပ်ဖို့ အများကြီးပိုလွယ်သွားလိမ့်မယ်”

လုဟန်ချွမ်၏ အကူအညီနှင့်သာဆိုလျှင် အရာရာကို အလွယ်တကူ စီစဉ်နိုင်လိမ့်မည်။ ထို့အပြင် ယဲ့ချန်းအန်း၏ မင်္ဂလာပွဲသို့ ယဲ့ရှောင်ရှောင်နှင့်အတူ သူပါ လိုက်ပါသွားဖို့ ရည်ရွယ်ထားပါသည်။

ယဲ့ရှောင်ရှောင်သည် မူရင်းဝတ္ထုထဲမှ ယဲ့ချန်းအန်း၏ ကံကြမ္မာကို ပြန်စဉ်းစားမိသည်။

ဒုတိယအစ်ကိုသည် လုဟန်ချွမ်နှင့် ပိုမိုရင်းနှီးလာခဲ့လျှင် အလွန်အကျိုးရှိမည်ဖြစ်ကာ နှစ်ဦးစလုံးက စစ်တပ်မှဖြစ်ကြသဖြင့် နယ်ပယ်ချင်းလည်း တူညီကြပေလိမ့်မည်။

“ဒါဆို ကျွန်မတို့ အတူတူသွားကြတာပေါ့”

ယဲ့ချန်းအန်း၏ မင်္ဂလာပွဲကို စီစဉ်နေခဲ့ကြသည်မှာ အချိန်အတော်ကြာခဲ့ပါပြီ။

ယဲ့ချန်းအန်းသည် ရှန်းမြို့တွင် တစ်နှစ်ပတ်လုံး တာဝန်ထမ်းဆောင်နေရသူဖြစ်သည့်အပြင် သူ့သူငယ်ချင်းများနှင့် ရှန်းချို့ယွီ၏ ဆွေမျိုးများအားလုံးကလည်း ထိုမြို့တွင်သာ ရှိကြပါသည်။

ထို့ကြောင့် ရှန်းမြို့တွင်သာ မင်္ဂလာပွဲကို ဦးစွာကျင်းပဖို့ စီစဉ်ခဲ့ကြပြီး နောက်မှဇာတိသို့ပြန်ကာ ဆွေမျိုးသားချင်းများကို ဧည့်ခံကျွေးမွေးဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။

ထိုမင်္ဂလာပွဲသို့ အဘိုးအဘွားများအပါအဝင် ယဲ့မိသားစုဝင်များအားလုံး လာရောက်ခဲ့ကြသည်။ ယဲ့ချန်းအန်းသည် အားလုံးအတွက် ရထားလက်မှတ်များကို ကြိုဖြတ်ပေးထားခဲ့ပါသည်။

ရှန်းမြို့သို့ တိုက်ရိုက်ဆိုက်ရောက်မည့်ရထားဖြစ်၍ သွားလာရသည်မှာ အလွန်ပင်အဆင်ပြေလှဿည်။

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ် ခွင့်ရက်ရမည့်အချိန်အားစောင့်နေရသဖြင့် မင်္ဂလာပွဲမတိုင်မီ တစ်ရက်အလိုမှ ရှန်းမြို့သို့ ရောက်ရှိသွားခဲ့ပါသည်။

မိသားစုဝင်များအားလုံး ရှန်းမြို့ရှိ ဧည့်ဂေဟာတစ်ခုတွင် တည်းခိုနေကြသည်။ ထိုဧည့်ဂေဟာတွင် ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့အတွက်ပါ အခန်းများ စီစဉ်ပေးထားပါသည်။

ရထားက ပိုမြန်ဆန်သဖြင့် သူတို့နှစ်ဦး ကားဖြင့်မလာဘဲ ရထားသာ စီးလာခဲ့ကြသည်။ ယဲ့ရှောင်ရှောင်သည် ရထားပေါ်တွင် တစ်ရေးပင် အိပ်စက်နိုင်ခဲ့သေးသည်။

အချိန်မှာနွေရာသီဖြစ်၍ ပစ္စည်းများများစားစား ယူဆောင်လာစရာမလိုဘဲ ခရီးဆောင်အိတ်တစ်လုံးတည်းဖြင့် ဆံ့အောင် ထုတ်ပိုးသယ်ယူနိုင်ခဲ့ပါသည်။

ဘူတာရုံတွင် ယဲ့ချန်းနင်က လာကြိုသည်။

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်နှင့် မတွေ့ရသည်မှာ ၆ လခန့် ကြာပြီဖြစ်သော်လည်း လွန်ခဲ့သည့် တစ်လခန့်က ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ဖြုတ်တပ်နိုင်သောကော်လံကြော်ငြာများနှင့် ပရိုမိုးရှင်းများ ရုတ်တရက်လွှမ်းမိုးသွားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ့စီးပွားရေးအလွန်အောင်မြင်နေမှန်း သိသာပါသည်။

ယဲ့ချန်းနင်သည် ဆံပင်ကို နောက်လှန်ဖြီးထားကာ နေကာမျက်မှန် တပ်ဆင်ထားပြီး အလွန်ခေတ်မီဆန်းသစ်သည့် အဝတ်အစားများကို ဝတ်ဆင်ထားခဲ့သည်။

ယဲ့ရှောင်ရှောင်က စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်ပါသည်။

“အစ်ကိုဒီလိုတွေ ဝတ်ထားတော့ အဖေက မရိုက်ဘူးလား”

“ငါက အသက် ၂၀ ကျော်နေပြီ၊ ကလေးမဟုတ်တော့ဘူးလေ၊ သူငါ့ကိုတစ်သက်လုံး လိုက်မရိုက်နိုင်ပါဘူး”

ယဲ့ချန်းနင် ပြန်ဖြေကာ လုဟန်ချွမ်အား နှုတ်ဆက်လိုက်သည်။

“မတွေ့ရတာကြာပြီ ဗိုလ်မှူးလု၊ ခဏနေရင် နည်းနည်းလောက်သောက်ကြရအောင်”

လုဟန်ချွမ်က တိုးညှင်းစွာ ရယ်မောသည်။

“ဟုတ်ပြီ”

ယဲ့ရှောင်ရှောင်: “…”

‘တတိယအစ်ကိုက အရက်ဒဏ်ခံနိုင်ပေမယ့် လုဟန်ချွမ်ကိုတော့ အနိုင်သောက်နိုင်မှာမဟုတ်ဘူး’

သူမ သိထားသလောက်ဆိုလျှင် လုဟန်ချွမ်မှာ အလွန်သောက်နိုင်သူတစ်ဦးဖြစ်ကာ ယဲ့ချန်းနင်ကမူ သူရင်ဆိုင်ရမည့် ပြိုင်ဘက်၏ စွမ်းရည်အစစ်အမှန်ကို မသိရှိသေးပေ။

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းက သူ့ကို ဉာဏ်နီဉာဏ်နက် ပိုများလာစေသည်ဆိုသော်ငြား ပင်ကိုယ်ဉာဏ်ရည်ကိုတော့ မြှင့်တင်ပေးနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် လုဟန်ချွမ်ကိုသာ ယဲ့ရှောင်ရှောင် သတိပေးလိုက်ရပါသည်။

“သောက်လို့မရဘူးနော်၊ မနက်ဖြန် ဒုတိယအစ်ကိုကို ကူညီပေးရဦးမယ်၊ အမူးလွန်ပြီး မထနိုင်ရင် ဘယ်လိုလုပ်မလဲ”

လုဟန်ချွမ်က အာမခံသည်။

“စိတ်မပူပါနဲ့၊ ကိုယ်မမူးပါဘူး”

ယဲ့ရှောင်ရှောင်: “တတိယအစ်ကိုကို ပြောနေတာ”

ယဲ့ချန်းနင်သည် သူတို့ကို ကားတစ်စီးဖြင့် လာကြိုခြင်းဖြစ်သည်။ သို့သော် ထိုကားကို တောင်ပိုင်းမှ ဤနေရာထိရောက်အောင် မောင်းနှင်လာခြင်းမဖြစ်နိုင်သဖြင့် ယဲ့ရှောင်ရှောင်မေးမြန်းလိုက်ပါသည်။

“တတိယအစ်ကို ဒီကားကို ဘယ်ကရတာလဲ”

“ဒုတိယအစ်ကိုကို ငါလက်ဖွဲ့မယ့် မင်္ဂလာလက်ဖွဲ့လေ၊ ဘယ်လိုလဲ မိုက်တယ်မလား”

“သူများကိုပေးမယ့် မင်္ဂလာလက်ဖွဲ့ကို အစ်ကိုက အရင်ထုတ်မောင်းနေတယ်ပေါ့”

ကားမှာ အသစ်စက်စက်ဖြစ်ပြီး တစ်ခါမှ အသုံးမပြုရသေးသည့်ပုံစံပင်။

ယဲ့ချန်းနင်က ပခုံးတွန့်သည်။

“နင်တို့ကို လာကြိုဖို့ ဒုတိယအစ်ကိုက ယူသွားခိုင်းတာလေ၊ ဘယ်တတ်နိုင်မလဲ”

ခရီးဆောင်အိတ်များကို ကားပေါ်တင်ပြီးနောက် ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ ကားပေါ် တက်ခဲ့ကြပါသည်။

ကားမောင်းနေစဉ် ယဲ့ချန်းနင်က ဆိုသည်။

“မကြာခင် ပေကျင်းမှာ ငါစက်ရုံထောင်တော့မှာ၊ ဘယ်လိုလဲ၊ ငါလက်မနှေးပါဘူး ဟုတ်တယ်မလား”

ယဲ့ရှောင်ရှောင်ကလည်း ချီးကျူးမဆုံးပေ။

“တတိယအစ်ကိုက အရမ်းတော်တာပဲ! အစ်ကိုရှောင်းကွမ်ရဲ့ ဖုန်းနံပါတ် သမီးပေးထားမယ်၊ အခက်အခဲတစ်ခုခုရှိရင် သူ့ကိုသာ ဆက်သွယ်လိုက်”

စုန့်ရှောင်းကွမ်သည် စက်ရုံပေါင်းများစွာကို တစ်ခုပြီးတစ်ခု အောင်မြင်စွာ တည်ထောင်ထားနိုင်ခဲ့သူဖြစ်ရာ လုပ်ငန်းစဉ်များကို အသေးစိတ်ကျကျ ကျွမ်းကျင်နားလည်ထားပြီးသား ဖြစ်ပါသည်။

ယဲ့ချန်းနင်က သဘောတူသည်။

“ကောင်းတာပေါ့၊ အဲ့တာဆို အချိန်ကျရင် ငါနင့်ဆီလာခဲ့မယ်လေ”

ယဲ့ရှောင်ရှောင်သည် မူလက နိုင်ငံခြားသွားမည့်ကိစ္စကို မိသားစုဝင်များစုံလင်ခါမှ ပြောကြားဖို့ ရည်ရွယ်ထားသော်လည်း ယဲ့ချန်းနင်က ပေကျင်းမြို့အကြောင်း ပြောလာပြီဖြစ်၍ သူမ ကြိုအသိပေးထားလိုက်ပါသည်။

“ပေကျင်းကနေ သမီးခဏလောက် ထွက်သွားရမယ်”

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို လှည့်ကြည့်ရင်း ရင်ထဲ ရွှင်ပြုံးသွားပါသည်။

‘ခဏလောက်ဆိုတာ ဘာစကားလဲ၊ ၂ နှစ်ကြီးများတောင် ပျောက်သွားမှာကို’

ယဲ့ချန်းနင်လည်း စိတ်ဝင်စားသွားသည်။

“ဘာလုပ်မလို့တုန်း၊ အလုပ်သင်စဆင်းနေရပြီလား၊ မစောလွန်းဘူးလား”

ယဲ့ရှောင်ရှောင်က အရှေ့သို့အနည်းငယ်ကိုင်းကာ ပြောလိုက်သည်။

“သမီးတို့ကျောင်းက နိုင်ငံခြား ပညာဖလှယ်ကျောင်းသား ပရိုဂရမ်တစ်ခုကမ်းလှမ်းထားလို့၊ အဲ့တာ သမီး နိုင်ငံခြားကို ၂ နှစ်လောက် သွားရမယ်ထင်တယ်”

ယဲ့ချန်းနင် အလွန်အံ့အားသင့်သွားသည်။

“နိုင်ငံခြားသွားရမယ်ဟုတ်လား”

ထို့နောက် ညီမဖြစ်သူသာ နိုင်ငံခြားသို့ ထွက်သွားရလျှင် လုဟန်ချွမ် မည်သို့ကျန်ခဲ့မည်ဖြစ်ကြောင်း ယဲ့ချန်းနင် တွေးမိသွားပါသည်။

‘ဟားဟား အဲ့တာကြောင့်ကိုး!’

ထို့ကြောင့်လည်း လုဟန်ချွမ် ဤခရီးတွင် လိုက်ပါလာခဲ့ခြင်းဖြစ်ပါလိမ့်မည်။ သူတို့နှစ်ဦးအတူတူရှိနေနိုင်သည့် လက်ကျန်အချိန်လေးများကို အလွန် တန်ဖိုးထားချင်နေပုံရသည်။

ယဲ့ချန်းနင်သည် သူမနိုင်ငံခြားထွက်မည့်ကိစ္စကို မကန့်ကွက်လိုသော်လည်း သူမ၏ ဘေးကင်းလုံခြုံမှုအတွက်ကိုတော့ စိုးရိမ်ပူပန်မိပါသည်။

“ကျောင်းက ဘယ်လိုစီစဉ်ပေးတာလဲ၊ နင်နဲ့အတူ ဘယ်သူတွေသွားမှာလဲ၊ ဘယ်နိုင်ငံလဲ၊ ဟိုရောက်ရင် အိမ်နဲ့ အဆက်အသွယ်လုပ်လို့ရမှာလား”

“ဩစတြေးလျကို အတန်းဖော်တွေနဲ့ သွားရမှာပါ၊ ဟိုရောက်ရင် စာတော့ ပို့ပေးလို့ရမယ်ထင်တယ်”

ယဲ့ရှောင်ရှောင် ရှင်းပြလိုက်သည်။ စာပို့ရသည်မှာ အနည်းငယ်တော့ ကြန့်ကြာနိုင်ပါသည်။

တောင်ပိုင်းတွင် နေထိုင်ခဲ့ရသည့်ကာလများမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းသည်ဟု ယဲ့ချန်းနင် ခံစားခဲ့ရဖူးသည်။

ညဘက်တွင် လူရမ်းကားများသည် ဓားလက်နက်များကို ကိုင်ဆောင်ကာ ရန်ပွဲများမကြာခဏဖြစ်ပွားတတ်ရုံသာမက၊ နေ့ခင်းကြောင်တောင်ပင် ဆိုင်ကယ်ဖြင့်လုယက်တတ်သူများနှင့် အလွယ်တကူ ကြုံတွေ့နိုင်ပေသည်။

သူ့အမြင်တွင် နိုင်ငံခြားတိုင်းပြည်များသည် မိမိတို့၏ တိုင်းပြည်ထက် အဆပေါင်းများစွာ အန္တရာယ်ပိုများနိုင်သည်ဟု တွေးထင်မိပါသည်။

ယဲ့ချန်းနင် အလွန်စိတ်ပူသွားပြီး မည်သို့ဆက်ပြောရမှန်းပင် မသိတော့ချေ။

“အဖေနဲ့ အမေတို့သာ သိသွားရင် ဒီ့ထက်တောင် အမေးအမြန်း ပိုထူကြဦးမှာ၊ ဧည့်ဂေဟာကိုရောက်မှ အေးအေးဆေးဆေး ပြောကြည့်ကြတာပေါ့၊ ဟိုမှာ ၂ နှစ်လုံး နေရမှာလား၊ ကြားထဲမှာကော အိမ်ပြန်လာလို့ရလား”

“အားလပ်ရက်တွေမှာတော့ ပြန်လာလို့ရမယ်ထင်တာပဲ”

သို့သော် နိုင်ငံခြားတွင် ပညာသင်ကြားနေသည့် ကျောင်းသားအများစုကမူ ကြီးမြင့်လှသော ခရီးစရိတ်များကို မသုံးစွဲချင်ကြသဖြင့် ပြန်မလာဖြစ်ကြသည်က များပါသည်။

All Chapters