← Chapters

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅

Vol. 25 Ch. 245

📗 Chapter 245

ဧည့်ဂေဟာသို့ ရောက်ရှိသောအခါ လုဟန်ချွမ်သည် သူတို့၏ ခရီးဆောင်အိတ်များကို ဦးစွာ သိမ်းဆည်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ယဲ့ကျန်းကော်၊ မြောင်စွေ့ဖန်းနှင့် အခြားယဲ့မိသားစုဝင်များသည် ဘေးခန်းတွင်စုဝေးကာ စကားလက်ဆုံ ပြောဆိုနေကြသည်။

ယဲ့ရှောင်ရှောင်က နိုင်ငံခြားတွင် ပညာသွားသင်မည့်ကိစ္စကို မိသားစုအား အသိပေးလိုက်ပါသည်။

မြောင်စွေ့ဖန်းက ယဲ့ရှောင်ရှောင်၏ လက်ကလေးကို ဆုပ်ကိုင်ရင်း စိုးရိမ်တကြီး မေးမြန်းလိုက်ပါသည်။

“အဲ့တာဆို သမီးဘယ်တော့သွားမှာလဲ၊ အဲ့လောက်ဝေးတဲ့နေရာမှာ သမီးကို စောင့်ရှောက်ပေးမယ့်သူရှိမှာ မဟုတ်ဘူးနော်”

ယဲ့ရှောင်ရှောင်: “ရှိပါတယ် အမေရဲ့၊ သမီးနဲ့အတူ တခြားအတန်းဖော်တွေလည်း ပါကြတယ်”

မြောင်စွေ့ဖန်းက တီးတိုးမေးမြန်းသည်။

“ယောက်ျားလေးအတန်းဖော်လား၊ မိန်းကလေးအတန်းဖော်လား”

ယဲ့ရှောင်ရှောင်: “ယောက်ျားလေးပါ”

မြောင်စွေ့ဖန်းက ထပ်မေးသည်။

“ကောင်လေးလုကကော ဘယ်လိုသဘောရလဲ”

ယဲ့ရှောင်ရှောင်: “သူလည်း အားပေးပါတယ်”

“သမီးက နိုင်ငံခြားမှာ ၂ နှစ်တောင် သွားနေရမှာ၊ သမီးတို့နှစ်ယောက် အဆက်အသွယ်မရှိဘဲ ‌ဝေးသွားပြီး ပြန်လာတဲ့အခါ စိမ်းကားသွားခဲ့ရင် ဘယ်လိုလုပ်မလဲ”

မြောင်စွေ့ဖန်းသည် ယဲ့ရှောင်ရှောင်ဘက်မှ ပြောင်းလဲသွားမည့်အရေးကို စိုးရိမ်နေရုံသာမကဘဲ လုဟန်ချွမ်အတွက်လည်း ထပ်တူထပ်မျှ စိုးရိမ်မိပါသည်။

ဗိုလ်မှူးလု၏ ရုပ်ရည်သွင်ပြင်နှင့် မိသားစုနောက်ခံအသိုင်းအဝိုင်းကို ကြည့်ခြင်းအားဖြင့် သူ့ကို ပိုးပန်းနေကြသည့် မိန်းကလေးများစွာ ရှိနေမည်မှာ အသေအချာပင်။

လူငယ်စုံတွဲများဖြစ်ကြသည့်အလျောက် တစ်ဦးနှင့်တစ်ဦး မဆုံတွေ့ရသည့်အခါ ပြဿနာများ ပေါ်ပေါက်လာရန် အလွန်လွယ်ကူလှပေသည်။

ယဲ့ရှောင်ရှောင်က ပြုံးလျက်ဆိုသည်။

“အမေဆိုလိုတာကို သမီးနားလည်ပါတယ်၊ ဒါပေမယ့် သမီးပြန်လာမယ့်အချိန်ထိ လုဟန်ချွမ်စိတ်ရှည်ရှည်နဲ့ စောင့်နေလိမ့်မယ်လို့ သမီးယုံကြည်တယ်၊ သူ မစောင့်ချင်ရင် အစောကြီးကတည်းက ဖွင့်ပြောခဲ့မှာပေါ့၊ သမီးကို လှည့်စားစရာမှ မလိုတာ”

သူမသာ အမှန်တကယ် လှည့်စားခံခဲ့ရခြင်းဆိုလျှင် ဤဆက်ဆံရေးကို အဆုံးသတ်လိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်လိမ့်မည်။

မြောင်စွေ့ဖန်း: “သမီးတို့အချင်းချင်း နားလည်မှုရှိရင် ပြီးတာပါပဲ၊ ကျန်တာတော့ အမေမပြောတော့ဘူး၊ ဟိုရောက်ရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော်”

“သမီးလည်း အချိန်ရရင် အိမ်ပြန်လာမှာပါ၊ ၂ နှစ်ဆိုတာလည်း အဲ့လောက်ကြီး မကြာပါဘူး အမေရဲ့”

ယခုအချိန်တွင် နွေရာသီကျောင်းပိတ်ရက်သို့ ရောက်ရှိနေပြီဖြစ်သော်ငြား ယဲ့ချန်းရှန့်သည် သူ၏ ပါမောက္ခနှင့်အတူ အနောက်မြောက်ပိုင်းရှိ ပရောဂျက်တစ်ခုတွင် ပါဝင်ဖို့ လိုက်ပါသွားရမည်ဖြစ်သည်။

ထို့ကြောင့် ယဲ့ချန်းအန်း၏ မင်္ဂလာပွဲပြီးဆုံးသွားသည်နှင့် အနောက်မြောက်ပိုင်းသို့ စတင်ထွက်ခွာရပါလိမ့်မည်။

ယဲ့ချန်းရှန့်: “နိုင်ငံခြားသွားတာ ကောင်းပါတယ်၊ ဒါပေမယ့် နိုင်ငံခြားက ပတ်ဝန်းကျင်အခြေအနေတွေက ကိုယ့်နိုင်ငံနဲ့ မတူဘူးဆိုတော့ သတိထားရမယ်နော်”

အထူးသဖြင့် လက်ရှိအချိန်တွင် နိုင်ငံတကာဆက်ဆံရေးအခြေအနေများက အနည်းငယ် တင်းမာနေသဖြင့် ပြဿနာ တစ်စုံတရာဖြစ်ပွားခဲ့လျှင် နိုင်ငံခြားသို့ ရောက်ရှိနေသည့် ကလေးများသာ ဒုက္ခများကြရပါလိမ့်မည်။

ယဲ့ချန်းချင့်နှင့် ကျန်းရွှယ်တို့သည်လည်း အစ်ကိုကြီးနှင့် ယောင်းမပီပီ ယဲ့ရှောင်ရှောင်နိုင်ငံခြားသွားမည့် ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံကြသည်။

သို့သော် အိမ်နှင့် အလွန်ဝေးကွာလှသဖြင့် အနည်းငယ်တော့ စိုးရိမ်ပူပန်မိပါသေးသည်။

ကျန်းရွှယ်သက်ပြင်းချမိသည်။

“နိုင်ငံခြားရောက်ရင် ရှောင်ရှောင်က ကိုယ့်အားကိုယ် ကိုးရတော့မှာ၊ ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်မတို့ ကူညီပေးနိုင်မှာ မဟုတ်ဘူး”

ယဲ့ချန်းချင့်က အကြံပြုသည်။

“ခရီးသွားစရိတ်တွေဘာတွေအတွက် စိတ်မပူနဲ့၊ အချိန်ရတိုင်း အိမ်ပြန်လာခဲ့၊ တစ်ရက် နှစ်ရက်ဆိုရင်တောင် ကိစ္စ မရှိဘူး”

“ဟုတ်ကဲ့ပါ၊ သမီးအတွက် စိတ်မပူကြပါနဲ့တော့”

ယဲ့ရှောင်ရှောင် စကားလမ်းကြောင်းလွှဲကာ မေးမြန်းလိုက်သည်။

“ဒုတိယအစ်ကိုအတွက်ကော အစီအစဉ်တွေဘယ်လိုရှိလဲ”

မြောင်စွေ့ဖန်း: “ချို့ယွီတို့ မိသားစုနဲ့ အမေတို့ တွေ့ထားတယ်၊ သူတို့မိသားစုကတော့ ရိုးရှင်းပါတယ်၊ ချို့ယွီမှာ မိဘ နှစ်ပါးအပြင် အစ်ကိုကြီးတစ်ယောက်ပဲ ရှိတယ်၊ မိသားစုဝင်တွေ အားလုံးကလည်း ဖော်ဖော်ရွေရွေ ရှိကြတယ်၊ အဲ့တာကြောင့် လက်ထပ်ပြီးသွားရင် နင်တို့ဒုတိယအစ်ကိုကို စောင့်ရှောက်ပေးမယ့်လူရှိမှာပါ”

သူမ၏ မိဘများ ယခင်က ရှန်းမြို့သို့ လာရောက်ကာ ရှန်းမိသားစုနှင့် တွေ့ဆုံပြီး ဒုတိယအစ်ကိုအတွက် ဤမြို့မှာပင် အိမ်အသစ်တစ်လုံး ဝယ်ယူပေးထားမှန်း ယဲ့ရှောင်ရှောင် သိရှိထားပါသည်။

ထိုစဉ်က မိသားစုအား ငွေလိုအပ်ခြင်းရှိ၊ မရှိ ယဲ့ရှောင်ရှောင်‌ မေးမြန်းခဲ့သေးသည်။ သို့သော် မြောင်စွေ့ဖန်းက အိမ်ကို ဝယ်ယူပြီးပြီဖြစ်ကြောင်းနှင့် မည်သည့်လိုအပ်ချက်မှ မရှိကြောင်း ပြောကြားခဲ့ပါသည်။

ညီမတစ်ဦးအနေဖြင့် ယဲ့ရှောင်ရှောင်သည် မင်္ဂလာလက်ဖွဲ့ငွေ တရားဝင် ပေးအပ်ရန် မလိုအပ်သေးသော်လည်း အစ်ကိုနှင့် ယောင်းမဖြစ်သူတို့အတွက် လက်ဆောင်တစ်ခုကို သီးသန့်ကြိုတင်ပြင်ဆင်ထားပါသည်။

မြောင်စွေ့ဖန်းသည် မနက်ဖြန်အတွက် အစီအစဉ်များကို ယဲ့ရှောင်ရှောင်အား ပြောပြလိုက်သည်။

“အမေတို့ ဧည့်ဂေနဟာမှာ ခဏလောက် နားကြမယ်၊ မနက်ဖြန်မနက်ကျရင် နင့်အစ်ကိုတွေက ဒုတိယအစ်ကိုနဲ့အတူ သတို့သမီးကို သွားခေါ်ပြီး မင်္ဂလာဧည့်ခံပွဲကို သွားကြလိမ့်မယ်၊ ဧည့်ခံပွဲပြီးရင် ဒုတိယအစ်ကိုရဲ့ အိမ်အသစ်ကို သွားကြည့်ပြီး ပြန်ကြမယ်၊ ၃ ရက်ကြာရင် သမီးအဖေရယ် အမေရယ်၊ အဘိုးအဘွားတွေရယ်က ရွာပြန်ကြမယ်၊ ရွာက နည်းနည်း ဝေးလို့ သမီးဒုတိယအစ်ကိုနဲ့ ချို့ယွီတို့ အားတဲ့အချိန်ကျမှ ရွာမှာ ဧည့်ခံပွဲလေးတစ်ခု လာလုပ်လို့ရပါတယ်”

ယဲ့မိသားစုများက ရှေးရိုးစွဲများ မဟုတ်ကြသဖြင့် မြောင်စွေ့ဖန်း၏ ရင်ထဲတွင် ကလေးများ ပျော်ရွှင်မှုကသာ အရေးအကြီးဆုံးဖြစ်သည်ဟု ယူဆထားပါသည်။

ယဲ့ရှောင်ရှောင်လည်း ထိုအစီအစဉ်ကို သဘောကျပါသည်။

“အဲ့တာဆို သမီးတို့ မနက်ဖြန်မနက် စောစောထရမှာလား”

မြောင်စွေ့ဖန်းက ယဲ့ရှောင်ရှောင်၏ ခေါင်းလေးကို ပုတ်ပေးရင်း ပြောလိုက်သည်။

“လောစရာမလိုပါဘူး၊ သမီးတို့ နိုးမှ ဧည့်ခံပွဲကို လာခဲ့လို့ရတယ်”

“ဟုတ်ကဲ့ပါ”

ယဲ့ရှောင်ရှောင် အနည်းငယ် စိတ်အေးသွားရသည်။

နေ့လယ်ခင်းတွင် ယဲ့ချန်းအန်းသည် မိသားစုကို စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။

သူတို့ တည်းခိုနေသည့် ဧည့်ဂေဟာမှာ ဘိုကင်လုပ်ထားသည့် စားသောက်ဆိုင်နှင့် မလှမ်းမကမ်းတွင် တည်ရှိသဖြင့် လမ်းအနည်းငယ် လျှောက်ရုံမျှဖြင့် ရောက်ရှိနိုင်ပါသည်။

ရှန်းချို့ယွီနှင့်အတူ သူမ၏ မိဘနှစ်ပါး၊ အစ်ကိုကြီးနှင့် ယောင်းမဖြစ်သူတို့လည်း ရောက်ရှိနေကြသည်။ စားပွဲတစ်လုံးတည်းနှင့် မဆံ့နိုင်သဖြင့် စားပွဲနှစ်လုံး ခွဲထိုင်ကြရပါသည်။

အခြားသော ယဲ့မိသားစုဝင်များကို ရှန်းချို့ယွီ၏ မိဘများ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်သည်။

မူလက ရှန်းချို့ယွီ၏ အဖေသည် သမီးဖြစ်သူ၏ ဆုံးဖြတ်ချက်ကို သဘောမတူချင်ခဲ့ပေ။ ယဲ့ချန်းအန်းက မည်မျှပင် ထူးချွန်နေပါစေ အလှမ်းဝေးသည့်နေရာမှ လူတစ်ဦးနှင့် လက်ထပ်ရမည်ဖြစ်ရာ တစ်ဖက်မိသားစု၏ စရိုက်လက္ခဏာကို ကောင်းကောင်းနားမလည်နိုင်မည်ကို စိတ်ပူမိပါသည်။

ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ကို လူချင်းတွေ့ဆုံပြီးခါမှ ရှန်းချို့ယွီ၏ မိဘနှစ်ပါး စိတ်အေးသွားခဲ့ကြရသည်။ ယဲ့ကျန်းကော်တို့ လင်မယားနှစ်ဦးမှာ အလွန်သဘောကောင်းပြီး နားလည်မှုရှိကြသူများဖြစ်ပါသည်။

ယနေ့ ယဲ့မိသားစု၏ ကျန်သားသမီးများကို မြင်လိုက်ရသောအခါ ရှန်းချို့ယွီ အဖေ၏ အမြင်များ လုံးဝ ပြောင်းလဲသွားခဲ့ရပါသည်။

ဤမိသားစု၏ ကလေးတိုင်းက အလွန်ပင် ထူးခြားထက်မြက်လှသည်။

ကလေးတိုင်းကို ဤသို့ ထူးချွန်ထက်မြက်အောင် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့က ပြုစုပျိုးထောင်ပေးနိုင်ခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် သူတို့မိသားစု၏ သွန်သင်ဆုံးမမှုများမှာ အလွန်ပင် တန်ဖိုးရှိလှကြောင်းသိသာလှပေသည်။

တစ်ဖက်တွင်လည်း ယဲ့ကျမ့်ယဲ့၏ မိသားစုမှာ လူဦးရေနည်းပါးပြီး အောင်မြင်မှုများက မသိသာသော်လည်း အလွန်သဘောကောင်းပြီး ရိုးသားသည့် ဆွေမျိုးများဖြစ်ကြပေသည်။

ယခုမှ သူမ၏ ဝမ်းကွဲအစ်မများပါ ရောက်ရှိနေသည်ကို ယဲ့ရှောင်ရှောင် သတိပြုမိသွားပါသည်။ သို့သော် နှစ်ဦးစလုံးက သားသမီးများကို ခေါ်ဆောင်မလာဘဲ ခင်ပွန်းဖြစ်သူများဖြင့်သာ ရောက်ရှိလာကြခြင်းဖြစ်သည်။

ခရီးကရှည်လျားလွန်းသဖြင့် ကလေးများကို အိမ်တွင်သာ ထားခဲ့ကြပါသည်။

ယဲ့ပေါင်ချန်းလေးနှင့် ယဲ့ပေါင်ယွမ်လေးတို့ကိုလည်း ခေါ်ဆောင်လာခဲ့ကြသည်။ တစ်မိသားစုလုံး ရောက်လာကြသဖြင့် အဘိုးမြောင်လည်း လိုက်ပါလာခဲ့ရပါသည်။

ယဲ့ပေါင်ချန်းလေးနှင့် ယဲ့ပေါင်ယွမ်လေးတို့မှာ အလွန်ပင် လိမ္မာနေကြပြီး စားသောက်နေစဉ်အတွင်း တစ်ချိန်လုံး ငြိမ်ငြိမ်သက်သက်နှင့် စည်းကမ်းရှိစွာ ထိုင်နေခဲ့ကြသည်။

ရှန်းချို့ယွီ၏ အမေမှာ ထိုကလေးနှစ်ဦးကို အလွန်ပင် ချစ်မြတ်နိုးသွားသည်။ သူမသည် မြေးဦး မချီရသေးသဖြင့် ကလေးငယ်များကို အလွန်ပင် ချစ်မြတ်နိုးတတ်ပါသည်။

ဟင်းလျာများ ရောက်ရှိလာသောအခါ ရှန်းချို့ယွီ၏ အဖေက ဖန်ခွက်ကို ကိုင်မြှောက်လျက် ဆိုသည်။

“အခုလို အဝေးကြီးကနေ တကူးတက လာရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အခုလို မပျော်ရတာ ကြာပြီ၊ ချို့ယွီနဲ့ ချန်းအန်းတို့နှစ်ယောက် သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်”

ယဲ့ကျန်းကော်၏ မျက်နှာပေါ်တွင်လည်း ထင်ရှားသည့် အပြုံးတစ်ခုပေါ်လာခဲ့သည်။

ဒုတိယသားဖြစ်သူ အိမ်ထောင်ပြုကာ မိသားစုတစ်စု တည်ထောင်နိုင်တော့မည်ကို မြင်တွေ့ရခြင်းကြောင့် သူ့ရင်ထဲတွင် အတိုင်းထက်အလွန် စိတ်သက်သာရာရမိပါသည်။

ရှန်းချို့ယွီ အဖေ၏ ဆုတောင်းစကားကို ကြားသောအခါ သူလည်း ဖန်ခွက်ကို ကိုင်မြှောက်လျက် ဆုတောင်းပေးလိုက်သည်။

ရှန်းချို့ယွီ အနည်းငယ် ရှက်သွေးဖြာမိသော်လည်း မိဘများ၏ ဆုတောင်းစကားများကြောင့် သူမနှလုံးသားထဲ ချိုမြိန် နွေးထွေးခဲ့ရပါသည်။

ယဲ့ချန်းအန်းကလည်း ဇနီးဖြစ်သူအား တစ်သက်လုံး ဂရုစိုက်ကြင်နာသွားပါ့မည်ဟု ကတိပြုခဲ့သည်။

အားလုံး စကားပြောဆိုပြီးကြသောအခါ ညစာစတင် သုံးဆောင်ခဲ့ကြသည်။ ယဲ့ရှောင်ရှောင်သည် နေ့လယ်စာ အနည်းငယ်သာ စားသောက်ခဲ့ခြင်းကြောင့် ယခုဗိုက်အလွန်ဆာနေပါပြီ။

လုဟန်ချွမ်က သူမပန်းကန်ထဲ ဟင်းအနည်းငယ် ခပ်ထည့်ပေးရင်း ပြောလိုက်သည်။

“အရသာက ဘယ်ဆိုးလို့လဲ”

ယဲ့ရှောင်ရှောင်: “ရှန်းမြို့မှာ အရသာရှိတဲ့ အစားအသောက်တွေ အများကြီးရှိတယ်တဲ့၊ ကျွန်မတို့ သွားစားကြည့်လို့ရတယ်”

လုဟန်ချွမ်လည်း ယခုတစ်ခေါက် ခွင့်ရက်ရှည်ယူလာသဖြင့် ရှန်းမြို့တွင် ရက်ကြာကြာ နေနိုင်ပါလိမ့်မည်။

“ဟုတ်ပြီ၊ သန်ဘက်ခါကျရင် လျှောက်လည်ကြမယ်၊ အိမ်ကို အလောတကြီး ပြန်စရာမှမလိုသေးတာ”

လုဟန်ချွမ်သည် ယခုဆိုလျှင် သူတို့၏ မိသားစုဝင်တစ်ဦးကဲ့သို့ပင် ဖြစ်နေပါပြီ။ လက်မထပ်ရသေးသော်ငြား ယဲ့မိသားစုက သူ့ကို လက်ခံထားသည်မှာ ကြာခဲ့ပြီဖြစ်သည်။

လုဟန်ချွမ်အကြောင်းကို ရှန်းချို့ယွီ၏အဖေ သိရှိသွားသောအခါ အလွန်ပင် အံ့အားသင့်ခဲ့ရပါသည်။

ယဲ့မိသားစုက သူ့ကို အံ့အားသင့်စရာများ တစ်ခုပြီးတစ်ခု ပေးစွမ်းနေတော့သည်။

လုဟန်ချွမ်တစ်ယောက် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အရာရှိတစ်ဦးဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် သူ့မိသားစုသည်လည်း စစ်တပ်ထဲတွင် မျိုးဆက်ပေါင်းများစွာ တာဝန်ထမ်းဆောင်ဖူးခဲ့ကြမှန်း သိသာသည်။ ထို့အပြင် ပေကျင်းမြို့တွင်လည်း အဆက်အသွယ်ကောင်းများ ရှိနေမည်မှာ အသေအချာပင်။

ရှန်းချို့ယွီအဖေ၏ သဘောထားမှာ ပို၍ပင် နွေးထွေးလာခဲ့တော့သည်။ ဤမင်္ဂလာပွဲအပေါ် ယခင်ကတည်းက ကျေနပ်အားရမှု ရှိခဲ့သော်လည်း ယခုအခါတွင်မူ စိတ်ထဲ၌ လုံးဝ ကန့်ကွက်စရာ မရှိတော့ပေ။

ညစာစားပြီးနောက် အချိန်ကစောနေသေးသဖြင့် အနားယူချင်သူများက ဧည့်ဂေဟာသို့ ပြန်သွားကြပြီး အနားမယူချင်သေးသည့် လူငယ်များက အပြင်ထွက်လည်ခဲ့ကြပါသည်။

ယဲ့မိန်သည် ယဲ့လျန်ကို ဆွဲခေါ်ကာ ဈေးဝယ်ထွက်ရန် ပြင်ဆင်တော့သည်။ မနက်က ပစ္စည်းအများအပြား ဝယ်ယူပြီးသား ဖြစ်သော်ငြား ယခုလည်း အပြင်သို့ ထပ်ထွက်နေချင်ဆဲပင်။

ဒုတိယခဲအို ဝမ်တုံချမ်းနှင့် ခဲအိုအကြီးဆုံး ကျန်းဝမ်လင်တို့မှာ အထုပ်အပိုးများ သယ်ဆောင်ပေးဖို့အတွက် ဇနီးဖြစ်သူများနှင့် လိုက်ပါသွားခဲ့ရပါသည်။

ယဲ့မိန်က ယဲ့ရှောင်ရှောင်ကို လှမ်းခေါ်သည်။

“ရှောင်ရှောင်၊ လိုက်ခဲ့ဦးမလား”

ယဲ့‌ရှောင်ရှောင် ခေါင်းခါလိုက်သည်။

“မလိုက်တော့ဘူး ဒုတိယအစ်မ”

ရှန်းချို့ယွီ အိမ်ပြန်ရမည့်အချိန်သို့ ရောက်သောအခါ ယဲ့ရှောင်ရှောင်သည် သူမ ပြင်ဆင်ထားသည့်လက်ဆောင်ကို ကြိုတင် ပေးအပ်လိုက်ပါသည်။

“အစ်မချို့ယွီ၊ ဒါ အစ်မနဲ့ ဒုတိယအစ်ကိုတို့အတွက် သမီးပေးတဲ့ လက်ဆောင်ပါ”

ရှန်းချို့ယွီက ဝမ်းမြောက်ဝမ်းသာ လက်ခံသည်။

“ကျေးဇူးတင်ပါတယ် ရှောင်ရှောင်”

All Chapters