အခန်း ၂၄၆
Vol. 25 Ch. 246
📗 Chapter 246
ရှန်းချို့ယွီ အနည်းငယ် အားနာမိသေးသည်။
“ချန်းနင်ပေးထားတဲ့ ကားတစ်စီးနဲ့တင် အရမ်းတန်ဖိုးကြီးနေပြီ၊ အစ်မတို့အတွက် အကုန်အကျတွေ ထပ်မခံပါနဲ့တော့”
သူမတို့ မိသားစုမှာ ပြည့်စုံသည်ဆိုသော်ငြား ကားဝယ်စီးနိုင်သည့် အခြေအနေတော့ မဟုတ်ကြပေ။
ယဲ့မိသားစုဘက်မှ မင်္ဂလာလက်ဖွဲ့ကို ဤကဲ့သို့ တခမ်းတနား ပေးအပ်ခဲ့ကြောင်း သိရှိသွားသည်အခါ သူမ၏ မိဘများမှာလည်း စိတ်ထဲတွင် အလွန်ပင် အားနာမိကြပါသည်။
မူလက သတို့သား၏ မိဘများက အိမ်တစ်လုံး ဝယ်ယူပေးထားသဖြင့် ရှန်းချို့ယွီ၏ အဖေနှင့်အမေက တင်တောင်းငွေများကို မတောင်းဆိုတော့ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။
သို့သော် ယဲ့ချန်းနင်က ကားတစ်စီး ထပ်မံလက်ဖွဲ့လိုက်သဖြင့် သူမ၏ မိဘများမှာ ထိုလက်ဆောင်နှင့် ညီမျှအောင် မည်သည့် ခန်းဝင်ပစ္စည်းမျိုးကို ပြန်လည်စီစဉ်ပေးရမည်နည်းဟု ခေါင်းခဲနေကြတော့သည်။
ယဲ့ရှောင်ရှောင်က ဆိုသည်။
“ဘာမှမဖြစ်ပါဘူး၊ သမီးတတိယအစ်ကိုက ငွေတွေအများကြီး ရှာနိုင်နေပြီမို့လို့ ဘာမှအားနာစရာမလိုဘူး၊ ငယ်ငယ်တုန်းကဆိုရင် တတိယအစ်ကို ရန်တွေဘာတွေဖြစ်ပြီး ပြဿနာရှာလာခဲ့ရင် ဒုတိယအစ်ကိုကပဲ လိုက်ရှင်းပေးရတာလေ”
ယခင်က ယဲ့မိသားစုသည် ဆင်းရဲနွမ်းပါးခဲ့သည်ဆိုသော်ငြား ညီအစ်ကိုများက သံယောဇဉ်အလွန်ကြီးမားကြပါသည်။
ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် အတူတူကြီးပြင်းလာခဲ့ရခြင်းက မိသားစုကို ပိုမိုစည်းလုံးခိုင်မြဲစေပြီး ဤကဲ့သို့ ငွေရေးကြေးရေးကိစ္စများကိုလည်း မည်သူကမှ ဂရုမစိုက်ကြပေ။
ရှန်းချို့ယွီက ပြုံးလိုက်သည်။
“ဒါဆိုလည်း ဒီတစ်ခါပဲ လက်ခံပေးလိုက်မယ်နော်၊ ဒီတစ်ခေါက် အလောတကြီး ပြန်စရာမလိုဘူးဆိုရင် တို့တွေ ရက်နည်းနည်းလောက် လျှောက်လည်ကြတာပေါ့”
“ဟုတ်ကဲ့”
ယဲ့ရှောင်ရှောင် သဘောတူလိုက်သည်။
ရှန်းချို့ယွီသည် အိမ်သို့ပြန်ရောက်ခါမှ လက်ဆောင်ဘူးလေးကို ဖွင့်ကြည့်လိုက်ပါသည်။
ယဲ့ရှောင်ရှောင် ပြင်ဆင်ပေးထားသည့် လက်ဆောင်လေးမှာ သူမနှင့် ယဲ့ချန်းအန်းတို့ ဆင်တူဝတ်ဆင်နိုင်မည့် လက်ပတ်နာရီလေးတစ်စုံ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ပွဲတက် အခမ်းအနားများတွင် ဝတ်ဆင်ဖို့ အလွန်ပင် သင့်လျော်လှပါသည်။
ထိုလက်ပတ်နာရီများကို ထုတ်ယူလိုက်သည်နှင့် ရှန်းချို့ယွီ၏ ယောင်းမဖြစ်သူက သတိပြုမိသွားသည်။
“အဲ့လက်ပတ်နာရီတွေက နာမည်ကြီးဘရန်းတွေမလား၊ တော်တော်ဈေးကြီးမှာပဲ၊ ယဲ့မိသားစုက တောကြိုအုံကြားမှာ နေပြီး အဲ့လောက်ငွေတွေအများကြီး ဘယ်လိုရှာထားကြတာလဲ မသိဘူးနော်”
ရှန်းချို့ယွီ ခေါင်းမော့ကြည့်လိုက်ပြီး ဘဝင်မကျသည့်လေသံဖြင့် ပြောလိုက်သည်။
“အဲ့တာဘယ်လိုစကားမျိုးလဲ ယောင်းမ၊ မသိရင် ယဲ့မိသားစုက ငွေတွေကို မသမာတဲ့နည်းလမ်းနဲ့ ရှာထားသလို ဖြစ်နေပြီ”
ယောင်းမဖြစ်သူ ကျန်းကျားယီသည် ပုံမှန်အားဖြင့် သဘောကောင်းသူဖြစ်သော်လည်း စကားပြောကြမ်းတတ်ပါသည်။
ရှန်းချို့ယွီ၏ မျက်နှာအမူအရာကိုမြင်သောအခါ ကျန်းကျားယီ ချက်ချင်းပင် တောင်းပန်လိုက်ရသည်။
“အဲ့လိုသဘောမျိုးပြောတာ မဟုတ်ပါဘူး ချို့ယွီရယ်၊ ဒီလောက်ကောင်းတဲ့မိသားစုမျိုးကို ရှာတွေ့ခဲ့လို့ နင့်အတွက် ငါ ဝမ်းသာနေတာပါ”
ရှန်းချို့ယွီသည် လတ်တလောတွင် စိတ်ရွှင်လန်းနေသဖြင့် ရန်ဖြစ်ငြင်းခုံမနေချင်တော့ပေ။ ယောင်းမဖြစ်သူက တောင်းပန်သောအခါ သူမ ဘာမှပြန်မပြောတော့ဘဲ ပစ္စည်းများကို သိမ်းဆည်းလျက် အိပ်ခန်းထဲ ဝင်သွားတော့သည်။
ကျန်းကျားယီတစ်ယောက် နှုတ်ခမ်းအနည်းစူလိုက်မိသည်။ သူ့ယောင်းမလေးက မိသားစု၏ အသည်းကျော်ြဖစ်သဖြင့် သူမ ရန်သွားမစရဲပေ။
တစ်ဖက်တွင် ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့လည်း လမ်းလျှောက်ထွက်ခဲ့ကြပါသည်။ နွေရာသီ ညနေခင်း၏ လေပြည်လေညင်းလေးက အလွန်ပင် အေးချမ်းလှသည်။
လမ်းတွင် ကျောက်ကျောရောင်းသည့် ဆိုင်တစ်ဆိုင်ကိုတွေ့ပြီး နှစ်ပွဲဝယ်ယူကာ စားသောက်ပြီးမှ အိမ်သို့ ပြန်လာခဲ့ကြပါသည်။
လုဟန်ချွမ်က ဆိုသည်။
“လမ်းလျှောက်ထွက်ရတာ မတန်လိုက်တာ”
ယဲ့ရှောင်ရှောင်က ချေပသည်။
“ဘာလို့လဲ၊ ကျောက်ကျောစားခဲ့ရတာပဲလေ”
လုဟန်ချွမ်မှာ သူမကို ‘အဲ့စကား ပြောရဲသေးတယ်လား’ဟူသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ယဲ့ရှောင်ရှောင်လည်း လိပ်ပြာမလုံဖြစ်သွားပြီး သူ့လက်မောင်းကိုသာ တွဲဖက်ထားလိုက်တော့သည်။
ဧည့်ဂေဟာသို့ ပြန်လည်ရောက်ရှိသောအခါ သူတို့နှစ်ဦး တစ်ယောက်တစ်ခန်းစီ တည်းခဲ့ကြပါသည်။
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင် မျက်နှာသစ်ရန်အတွက် ရေချိုးခန်းအထိ လိုက်ပို့ပေးပြီးခါမှ သူ့အခန်းထဲသူ ပြန်ဝင်သွားခဲ့သည်။
မြောင်စွေ့ဖန်းက သူတို့၏ အကူအညီမလိုအပ်ကြောင်း ပြောထားသဖြင့် နောက်တစ်နေ့မနက်တွင် ယဲ့ရှောင်ရှောင် ပုံမှန်အတိုင်း ၇ နာရီဝန်းကျင်မှ နိုးလာခဲ့သည်။
သူမ အိပ်ရာနိုးလာသောအခါ ဧည့်ဂေဟာတွင် လုဟန်ချွမ်၊ ကျန်းရွှယ်၊ ယဲ့မိန်၊ ယဲ့လျန်နှင့် ကလေးနှစ်ဦးတို့သာ ကျန်ပါတော့သည်။
ယဲ့လျန်နှင့် ယဲ့မိန်တို့သည် ကျန်းရွှယ်အတွက် ကလေးများကို ကူထိန်းပေးနေသည်။ မဟုတ်လျှင် ကျန်းရွှယ်တစ်ဦးတည်း ထိုကောင်လေးနှစ်ယောက်ကို ထိန်းကျောင်းနိုင်မည် မဟုတ်ပေ။
ယဲ့ရှောင်ရှောင်သည် ယခင်ဘဝက သတို့သမီးအရံတစ်ခါမှ မလုပ်ခဲ့ဖူးသဖြင့် မင်္ဂလာပွဲလုပ်ငန်းစဉ်များနှင်ပတ်သက်၍ လုံးဝ နားလည်မှုမရှိချေ။
“ကျွန်မတို့ ဘယ်အချိန်သွားကြမှာလဲ”
ဧည့်ခံပွဲကျင်းပမည့်နေရာနှင့် သိပ်မဝေးလှသဖြင့် ၁၀ မိနစ်ခန့် လမ်းလျှောက်လျှင် ရောက်ရှိနိုင်ပါသည်။
လုဟန်ချွမ်က အကြံပြုသည်။
“မနက်စာအရင် စားကြရအောင်၊ စားပြီးမှ ဘာကူညီစရာရှိလဲ သွားကြည့်ကြတာပေါ့”
ကျန်းရွှယ်သည် ယဲ့ပေါင်ချန်းလေး၏ လက်ကိုတွဲထားပြီး ထွက်ပြေးမသွားဖို့ သေချာ မှာကြားနေသည်။ ထို့နောက် ယဲ့ရှောင်ရှောင်အား သူမ ပြောလိုက်သည်။
“ရှောင်ရှောင်နဲ့ ဗိုလ်မှူးလုတို့ စားကြပါ၊ တို့တွေအားလုံး မနက်စာစားပြီးကြပြီ”
“ဟုတ်ကဲ့ပါ၊ အဲ့တာဆို သမီးတို့ စားလိုက်ဦးမယ်”
မနက်စာစားပြီးနောက် ဧည့်ခံပွဲကျင်းပမည့် စားသောက်ဆိုင်တို့ ယဲ့ရှောင်ရှောင်တို့အားလုံး ထွက်လာခဲ့ကြသည်။ မထွက်ခွာမီ ယဲ့ရှောင်ရှောင်သည် အခန်းထဲသို့ ဝင်ကာ သူမ ဝယ်ယူထားသည့် ကင်မရာအား ယူဆောင်လာခဲ့သည်။
နိုင်ငံခြားသို့ သွားရတော့မည်ဖြစ်ရာ မိသားစုဝင်များ၏ ဓာတ်ပုံများကို တတ်နိုင်သမျှ ရိုက်ကူးထားချင်ပြီး ယဲ့ချန်းအန်းနှင့် ရှန်းချို့ယွီတို့အတွက်လည်း မင်္ဂလာဓာတ်ပုံများ ရိုက်ကူးပေးဖို့ အခွင့်အရေးကောင်းပင် ဖြစ်သည်။
စားသောက်ဆိုင်တွင် စားပွဲ ၁၀ လုံးကျော်ကို တည်ခင်းထားပါသည်။ ဧည့်သည်အများစုမှာ ယဲ့ချန်းအန်း၏ ရဲဘော်ရဲဘက်များဖြစ်ကြပြီး ကျန်ရှိသူများမှာ ရှန်းချို့ယွီတို့မိသားစု၏ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။
ဝေးလံသော ဒေသများမှ ဆွေမျိုးများကမူ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် လာရောက်နိုင်ခြင်း မရှိကြပေ။
စားပွဲများပေါ်တွင် စီးကရက်များ၊ ဝိုင်များ၊ လက်ဖက်ရည်များနှင့် သကြားလုံးများကို တည်ခင်းပေးထားပြီးပါပြီ။
ရှန်းချို့ယွီ၏ မိဘများနှင့် ယဲ့ချန်းကော်တို့ လင်မယားမှာ ဧည့်သည်များကို လက်ခံကြိုဆိုနေသဖြင့် ယဲ့ရှောင်ရှောင်တို့ ကူညီပေးဖို့ မလိုအပ်ပေ။
သတို့သမီးအား သွားရောက်ခေါ်ဆောင်သည့် အဖွဲ့တွင်လည်း သူမ မပါဝင်ခဲ့ပါ။ ယဲ့ချန်းနင်က ကားဖြင့် သွားရောက်ခေါ်ဆောင်ပေးခဲ့သဖြင့် အလွန်ခမ်းနားထည်ဝါခဲ့သည်မှာ မလွဲဧကန်ပင်။
ထုံးတမ်းအစဉ်အလာအရ မင်္ဂလာဧည့်ခံပွဲကို မွန်းတည့်ချိန်တွင် စတင်ခဲ့သည်။
၁၂ နာရီထိုးသောအခါ ကားပေါ်မှ သတို့သမီး ဆင်းလာခဲ့သည်။ ရှန်းချို့ယွီသည် အနီတောက်တောက် မင်္ဂလာဝတ်စုံကို ဆင်မြန်းထားပြီး သူမ၏ ဆံနွယ်အထက်ရှိ အနီရောင်ပန်းပွင့်လေးမှာလည်း ထင်ရှားတင့်တယ်လှသည်။
ယဲ့ချန်းအန်းကမူ သူ၏ စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အလွန်ပင် ခန့်ညားချောမောနေခဲ့ပါသည်။
ယဲ့ရှောင်ရှောင်တစ်ယောက် ကင်မရာတစ်လုံးဖြင့် ဓာတ်ပုံများ တဖျပ်ဖျပ် ရိုက်ယူကာ အလုပ်များသွားလေတော့သည်။
လုဟန်ချွမ်က ဘေးမှ သတိပေးလိုက်သည်။
“အဲ့ဒီထဲကတစ်ဝက်လောက် ပုံကောင်းထွက်မှာ မဟုတ်ဘူးနော်”
ယဲ့ရှောင်ရှောင်: “ဘာလို့လဲ”
လုဟန်ချွမ်က သူမလက်ထဲမှ ကင်မရာကို ယူကာ ပြောလိုက်သည်။
“အလင်း အချိန်အဆ မမှန်ဘူး၊ ဒီမှာ ကိုယ်ပြမယ်”
“ကျွန်မ ဒီလိုကင်မရာမျိုး တစ်ခါမှ မသုံးဖူးဘူး”
ယဲ့ရှောင်ရှောင် ဝန်ခံလိုက်ပါသည်။ ဤကဲ့သို့ ရှေးဟောင်းပစ္စည်းမျိုးကို သူမ တစ်ခါမှ မကိုင်ဆောင်ဖူးသည့်အပြင် ယခင်ဘဝကလည်း ဓာတ်ပုံပညာ သင်ယူခဲ့ခြင်း မရှိချေ။
ကံကောင်းစွာဖြင့် ဓာတ်ပုံဖလင်များစွာ ဝယ်ယူထားသဖြင့် ကုန်ဆုံးသွားမည်ကို စိတ်ပူစရာမလိုအပ်ပေ။
မင်္ဂလာဧည့်ခံပွဲမှာ အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့ပါသည်။ ယဲ့ချန်းအန်းကိုယ်စား အရက်သောက်ပေးမည့် မိသားစုဝင်များ ရှိနေသဖြင့် သူကိုယ်တိုင် အများကြီး သောက်ရန် မလိုခဲ့ပေ။
ဧည့်သည်များ ပြန်သွားကြသည့်အခါ ယဲ့ရှောင်ရှောင်တို့ မိသားစုဝင်များ ယဲ့ချန်းအန်း၏ တိုက်ခန်းအသစ်သို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။
တိုက်ခန်းက အတော်လေး ကျယ်ဝန်းပြီး အိပ်ခန်း သုံးခန်း၊ ဧည့်ခန်း တစ်ခန်းနှင့် ရေချိုးခန်း နှစ်ခန်း ပါဝင်သည်။
ယဲ့ချန်းအန်းနှင့် ရှန်းချို့ယွီတို့သည် ပုံမှန်အားဖြင့် စခန်းတွင်သာ နေထိုင်ကြရသူများဖြစ်၍ ကလေးမရမချင်း ဤအိမ်တွင် မကြာခဏ လာရောက်နေထိုင်နိုင်ကြမည် မဟုတ်ပေ။
သို့သော်လည်း အိမ်ဟူသည်မှာ မိမိ၏ ပိုင်ဆိုင်မှုတစ်ခုကို ကိုယ်စားပြုသည်။ လက်ရှိ ရှန်းမြို့တွင် နေထိုင်နေကြခြင်းဖြစ်၍ အိမ်တစ်လုံးကို မဖြစ်မနေ လိုအပ်လှပေသည်။
ယဲ့မိသားစုဝင်များနှင့် ရှန်းမိသားစုဝင်များအားလုံး အတူတူထိုင်ကာ လက်ဖက်ရည်သောက်၊ စကားပြောဆိုခဲ့ကြပြီး ညားခါစ ဇနီးမောင်နှံများအား အချိန်ပေးရန် ပြန်ဖို့ ပြင်ကြတော့သည်။
မပြန်မီ လူစုံတက်စုံ ရှိနေကြစဉ်အတွင်း ယဲ့ရှောင်ရှောင်က အားလုံးကို ခေါ်ဆောင်ကာ မိသားစုဓာတ်ပုံအနည်းငယ် ရိုက်ကူးခဲ့ပါသည်။ မိသားစုဝင်များအားလုံး ဤမျှစုံစုံလင်လင်ဖြင့် မည်သည့်အချိန်မှ ပြန်လည်ဆုံတွေ့နိုင်ဦးမည်ကို မည်သူမျှ မသိနိုင်ပေ။
မြောင်စွေ့ဖန်းက ဝမ်းမြောက်ဝမ်းသာဖြင့် ဆိုသည်။
“ရှောင်ရှောင် ကင်မရာယူလာတာ အရမ်းကောင်းတာပဲ၊ အမေတို့ အိမ်မှာသိမ်းထားလို့ရအောင် ဓာတ်ပုံများများလေး ထုတ်ပေးပါနော်”
ဤခေတ်အခါတွင် ဓာတ်ပုံရိုက်ကူးခြင်းဟူသည်မှာ ပေါ့သေးသေးကိစ္စမဟုတ်ပေ။ လူတိုင်းကလည်း လှလှပပ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားကြသဖြင့် ဓာတ်ပုံရိုက်ကူးဖို့ အကောင်းဆုံးအချိန်ပင်ဖြစ်သည်။
ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့ပါ အမေရဲ့၊ သမီးဖလင်တွေ အများကြီး ဝယ်ထားတာ ကုန်အောင်သုံးရမယ်”
ရှန်းချို့ယွီ၏ အဖေက ဓာတ်ပုံရိုက်ပေးမည်ဟု ကမ်းလှမ်းသည်။
“ကျွန်တော်ရိုက်ပေးမယ်၊ မိသားစုတွေစုံစုံလင်လင်ရှိတာ တကယ်ပျော်ဖို့ကောင်းတယ်”
မိသားစုဓာတ်ပုံများအပြင် ရှန်းချို့ယွီနှင့် ယဲ့ချန်းအန်းတို့၏ စုံတွဲဓာတ်ပုံများလည်း ပါဝင်ပါသေးသည်။ ထို့အပြင် သီးသန့် ဓာတ်ပုံရိုက်ချင်သည့် အခြားမိသားစုဝင်များကိုလည်း ယဲ့ရှောင်ရှောင် တစ်ဦးချင်းစီ ရိုက်ကူးပေးခဲ့သည်။
အထူးသဖြင့် အဘိုးနှင့် အဘွားတို့၏ စုံတွဲဓာတ်ပုံအချို့ကိုလည်း သေသေချာချာ ရိုက်ကူးပေးခဲ့ပါသည်။
အဘွားကျန်းစွေ့သည် ကလေးတစ်ဦးပမာ ပြုံးကာ ပြောလိုက်သည်။
“အဘွားကို လှအောင် ရိုက်ပေးနော် ရှောင်ရှောင်”
ယဲ့ရှောင်ရှောင်: “အဘွားက လှပြီးသားပဲဥစ္စာ၊ ဓာတ်ပုံထဲမှာ ပိုလှမှာပါ”
အဘိုး ယဲ့ပိုင်ရွှင်းသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်၍ ဓာတ်ပုံရိုက်ဖို့ စိတ်မပါသော်လည်း ဇနီးဖြစ်သူကာ အတင်းအကျပ် ဆွဲခေါ်နေသဖြင့် လိုက်လျောပေးခဲ့ရပါသည်။
ယဲ့ရှောင်ရှောင်သည် မိသားစုဝင်တိုင်း၏ ဓာတ်ပုံကို ရိုက်ကူးပြီးမှ အနားယူခဲ့သည်။ သူမနှင့် လုဟန်ချွမ်တို့၏ နှစ်ဦးတည်း စုံတွဲဓာတ်ပုံများကိုလည်း ရိုက်ကူးခဲ့ပါသည်။
ဓာတ်ပုံများ ရိုက်ကူးပြီးနောက် မိသားစုဝင်များအားလုံး နှုတ်ဆက်စကား ဆိုခဲ့ကြသည်။ ယဲ့ချန်းအန်းနှင့် ရှန်းချို့ယွီတို့က မိသားစုဝင်များကို အောက်ထပ်ထိ လိုက်ပို့ပေးပြီးမှ အပေါ်ပြန်တက်သွားခဲ့ကြပါသည်။
ယဲ့ကျန်းကော်က အကြံပြုသည်။
“အားလုံး အိမ်ပြန်ပြီး နားကြရအောင်”
အခြားသူများလည်း တစ်နေကုန် လှုပ်ရှားခဲ့ရသဖြင့် အတော်လေး ပင်ပန်းနေကြပြီဖြစ်ရာ ဧည့်ဂေဟာသို့ အတူတူ ပြန်လာခဲ့ကြတော့သည်။
ယဲ့ရှောင်ရှောင်ကမူ မပြန်ချင်သေးဘဲ လုဟန်ချွမ်ကိုခေါ်ကာ အပြင်ထွက်လာခဲ့ပါသည်။
“ဖလင်ဆေးဖို့ ဆိုင်တစ်ဆိုင် သွားရှာကြရအောင်”
သူမကိုယ်တိုင် ဖလင်မဆေးတတ်သဖြင့် ဓာတ်ပုံစတူဒီယိုတစ်ခုကိုသာ လိုက်ရှာရပါမည်။
“ဒီနားမှာ ရှိ၊ မရှိ အရင်မေးကြည့်ရအောင်လေ”
လုဟန်ချွမ်လည်း သဘောတူသည်။
လမ်းသွားလမ်းလာအချို့ကို မေးမြန်းပြီးနောက် ဘတ်စ်ကားတစ်စီးကို စီးနင်းကာ အနီးနားရှိ ဓာတ်ပုံစတူဒီယိုတစ်ခုထံသို့ နှစ်ဦးသား ထွက်ခွာလာခဲ့ကြတော့သည်။