အခန်း ၂၄၇
Vol. 25 Ch. 247
📗 Chapter 247
ယဲ့ရှောင်ရှောင် ဖလင်များ သွားဆေးလိုက်သောအခါ ထွက်လာသည့် ဓာတ်ပုံအတော်များများမှာ ဝေဝါးနေပြီး ၎င်းတို့ထဲမှ အများစုသည် သူမကိုယ်တိုင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံများဖြစ်နေလေသည်။
လုဟန်ချွမ် ရိုက်ကူးပေးထားသည့် ဓာတ်ပုံများကမူ အလွန်အသက်ဝင်လှသည့်အပြင် ယဲ့ရှောင်ရှောင်သတိမမူမိချိန်တွင် အမှတ်တရ ရိုက်ကူးထားသော လျှပ်တပြက် ဓာတ်ပုံများလည်း ပါဝင်နေပါသည်။
ယဲ့ရှောင်ရှောင်က မကျေမနပ်ဖြင့် အပြစ်တင်သည်။
“သတို့သားနဲ့ သတို့သမီးတို့ကို ရိုက်ပါဆိုနေမှ ဘာလို့ ကျွန်မပုံတွေ ရိုက်ထားတာလဲ”
လုဟန်ချွမ်က မျက်ခုံးပင့်လျက် ဆိုသည်။
“ရိုက်ချင်လို့ပေါ့”
ယဲ့ရှောင်ရှောင်: “…”
ယဲ့ရှောင်ရှောင်သည် မိသားစုဓာတ်ပုံများကို အပိုထုတ်ပေးရန် ဆိုင်ရှင်အား မှာကြားလိုက်ပြီး ဓာတ်ပုံများ ထွက်ရှိလာသောအခါ စာအိတ်တစ်လုံးထဲ သေသေချာချာ ထည့်လိုက်ပါသည်။
ဆိုင်ရှင်မှာ တစ်ကြိမ်တည်းနှင့် ယခုလောက် ဖလင်အများကြီး လာဆေးသည့်လူမျိုးအား တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သို့သော် အခကြေးငွေကောင်းကောင်းရသဖြင့် ဝန်ဆောင်မှုကိုလည်း စေ့စပ်သေချာစွာ ဆောင်ရွက်ပေးခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် ဓာတ်ပုံရိုက်နေစဉ်က မသိသာခဲ့သော်လည်း ဓာတ်ပုံများ ထွက်လာသည့်အခါမှ အမှန်တကယ် များပြားလွန်းမှန်း တွေ့ရှိလိုက်ရတော့သည်။
လုဟန်ချွမ်သည် သူတို့နှစ်ဦး အတူတူတွဲရိုက်ထားသည့် ဓာတ်ပုံတိုင်းကို သေသေချာချာ သိမ်းဆည်းထားခဲ့သည်။ အမှန်ဆိုရလျှင် ရှောင်ရှောင်ပါသည့် အခြားဓာတ်ပုံများကိုလည်း အပိုတစ်ပုံစီ ထပ်မံသိမ်းဆည်းထားချင်မိပါသည်။
ယဲ့ရှောင်ရှောင်ကမူ ဓာတ်ပုံများကို ပြန်လုယူလိုက်သည်။
“တော်လောက်ပြီ၊ ကျွန်မသိမ်းထားဖို့ တစ်ပုံမှမကျန်ဘဲနေလိမ့်မယ်”
လုဟန်ချွမ်က သနားကမား မျက်နှာလေးဖြင့် ဆိုလိုက်သည်။
“လူချင်းတွေ့လို့မှ မရတော့တာကို ဓာတ်ပုံလေးတောင် ကြည့်ခွင့်မပေးနိုင်ဘူးလား”
ယဲ့ရှောင်ရှောင်က သူ့လက်မောင်းကို ပွေ့ဖက်လိုက်သည်။
“အပိုတွေပြောမနေနဲ့၊ ကျွန်မစိတ်ပျော့သွားမှာ မဟုတ်ဘူး၊ ပြီးတော့ ရှင် ကျွန်မဓာတ်ပုံတွေအများကြီး ယူထားပြီးသားပဲဥစ္စာ”
သူတို့နှစ်ဦး ဓာတ်ပုံစတူဒီယိုတွင် ငွေရှင်းကာ ပြန်လာခဲ့ကြသည်။ ယဲ့ရှောင်ရှောင်က ဓာတ်ပုံများကို ထပ်ပေးမည်မဟုတ်ဟု ဆိုထားသော်လည်း နောက်ဆုံးတွင်မူ လုဟန်ချွမ်အား ဓာတ်ပုံအားလုံးကို သိမ်းဆည်းထားခွင့် ပေးလိုက်ပါတော့သည်။
ဧည့်ဂေဟာသို့ ပြန်ရောက်သောအခါ မိသားစုဓာတ်ပုံများကို ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့လက်ထဲ ထည့်ပေးလိုက်သည်။ ယဲ့လင်မယားနှစ်ယောက်မှာ ဓာတ်ပုံများကို ကြည့်မဆုံးနိုင် ဖြစ်ခဲ့ကြသည်။
မြောင်စွေ့ဖန်း: “ဓာတ်ပုံလေးတွေက အရမ်းလှတာပဲ၊ အိမ်ပြန်ရောက်ရင် ဘောင်သေချာသွင်းပြီး အခန်းထဲမှာ ချိတ်ထားရမယ်”
ယဲ့ရှောင်ရှောင်သည် လူကြီးနှစ်ယောက်အား ဓာတ်ပုံများကို စိတ်ကြိုက် ကြည့်ရှုရွေးချယ်ခွင့် ပေးထားခဲ့လိုက်သည်။ သူတို့ကြည့်ရှုပြီးသွားလျှင် အခြားမိသားစုဝင်များကိုလည်း သေချာပေါက် လက်ဆင့်ကမ်း ကြည့်ရှုခိုင်းကြပေလိမ့်မည်။
ယဲ့ချန်းအန်း၏ မင်္ဂလာပွဲပြီးဆုံးသွားသောအခါ ကျန်မိသားစုဝင်များသည် ရှန်းမြို့၌ သုံးလေးရက်ခန့် ဆက်လက် တည်းခိုပြီးမှ ရွာပြန်ဖို့ စီစဉ်ထားကြပါသည်။
ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ကမူ နောက်တစ်နေ့မှာပင် ပေကျင်းသို့ ချက်ချင်း ပြန်ကြရသည်။
“သမီးပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ ပြန်တော့မယ်နော်၊ နိုင်ငံခြားထွက်ရမယ့်အချိန်ကျရင် အိမ်ကို ကြေးနန်းစာပို့လိုက်ပါ့မယ်”
မြောင်စွေ့ဖန်းသည် ကလေးနှစ်ဦးအား လမ်းခရီးတွင် ဂရုစိုက်ကြဖို့ မှာကြားလိုက်သည်။
ယဲ့ရှောင်ရှောင်သည် ငယ်စဉ်ကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ့သူဖြစ်ရာ နိုင်ငံခြားသို့ သွားရောက်ဖို့ အစစအရာရာ အသင့်ဖြစ်နေလိမ့်မည်ဟု မြောင်စွေ့ဖန်း ယုံကြည်ထားပါသည်။
သူမကိုယ်တိုင်က ပညာတတ်တစ်ဦးမဟုတ်သဖြင့် ဤကဲ့သို့သော ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ မိခင်တစ်ဦးအနေဖြင့် သမီးဖြစ်သူ၏ ဆုံးဖြတ်ချက်ကို အစွမ်းကုန် ပံ့ပိုးပေးရန်သာ ဆုံးဖြတ်ထားပါသည်။
“ရှောင်ရှောင်၊ နိုင်ငံခြားမှာ နေလို့အဆင်မပြေရင် အိမ်ကို အချိန်မရွေး ပြန်လာခဲ့နော်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ စိတ်ဆင်းရဲအောင်မလုပ်နဲ့၊ ပညာရေးကို စွန့်လွှတ်ရမယ်ဆိုရင်တောင် အမေတို့ မိသားစုက သမီးကိုတစ်သက်လုံး ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ထားနိုင်ပါတယ်”
ယဲ့ရှောင်ရှောင်: “ကျေးဇူးတင်ပါတယ်အမေ၊ သမီးနားလည်ပါတယ်၊ အခက်အခဲတစ်ခုခု ရှိတာနဲ့ သမီးပြန်လာမှာပါ”
ယဲ့ချန်းအန်းနှင့် ရှန်းချို့ယွီတို့က ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ကို ဘူတာရုံသို့ လိုက်ပို့ပေးခဲ့သည်။
ဘူတာရုံတွင် ရှန်းချို့ယွီသည် ယဲ့ရှောင်ရှောင်၏ လက်ကလေးကို ဆုပ်ကိုင်ကာ ပြောလိုက်ပါသည်။
“ရက်ပိုင်းလောက် အတူတူလျှောက်လည်ကြမယ်လို့ တွေးထားတာကို၊ ဒီလိုအစောကြီး ပြန်ကြမယ်လို့ ထင်မထားဘူး”
“သမီးနောက်တစ်ခါ လာမှ ကြာကြာလေးနေပေးပါ့မယ်”
ယဲ့ရှောင်ရှောင် ကတိပြုလိုက်သည်။
လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့နှစ်ယောက် ရထားပေါ်တက်ကာ နှုတ်ဆက်ခဲ့ကြပါသည်။
အခြေအနေကို သေချာပြန်စဉ်းစားကြည့်ပြီးနောက် နိုင်ငံခြားသို့ မထွက်ခွာမီ လုဟန်ချွမ်အား အကူအညီတောင်းစရာကိစ္စ တစ်ခုရှိနေသေးသည်ကို ယဲ့ရှောင်ရှောင် သတိရသွားခဲ့သည်။
သူ့ကို မော့ကြည့်ဖို့ ပြင်လိုက်စဉ်မှာပင် လုဟန်ချွမ်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါသည်။
“ဘာဖြစ်လို့လဲ၊ ငိုတော့မငိုနဲ့နော်”
လုဟန်ချွမ်က ချော့မြူဖို့ အသင့်ပင် ဖြစ်နေပါပြီ။
ယဲ့ရှောင်ရှောင်က သူ့ရင်ခွင်ထဲမှ ခေါင်းလေးဖော်ကာ ပြောလိုက်သည်။
“မငိုပါဘူး၊ ရှင့်ကို အကူအညီတောင်းစရာကိစ္စရှိလို့”
“ရှောင်ရှောင်မငိုဘူးလို့ ကတိပေးရင် ဘာဖြစ်ဖြစ် ကိုယ်ကူညီပေးမယ်”
ယဲ့ရှောင်ရှောင် သေချာရှင်းပြလိုက်သည်။
“ဒုတိယအစ်ကိုက စစ်တပ်ထဲမှာလေ၊ ဒါပေမယ့် သူ့အထက်အရာရှိတစ်ယောက်က သူနဲ့ သိပ်အဆင်မပြေဘူး၊ အဲ့တာကြောင့် ကျွန်မ နိုင်ငံခြားရောက်နေတဲ့အချိန်တောအတွင်း သူ့ကို စောင့်ကြည့်ပေးထားလို့ရမလား”
ဤကိစ္စမှာ လုဟန်ချွမ်အတွက် အခက်အခဲမရှိနိုင်ပေ။ ထို့အပြင် စောင့်ကြည့်ပေးထားရမည့် တာဝန်တစ်ခုသာဖြစ်ပြီး ယဲ့ချန်းအန်း၏ စခန်းရှိ အထက်အရာရှိများနှင့် စကားပြောဆိုဖို့ပင် မလိုအပ်ပါ။
ထိုအထက်အရာရှိအနေဖြင့် စိတ်ထဲတွင် မကျေနပ်ချက်များ ရှိနေလျှင်ပင် ယဲ့ချန်းအန်းအပေါ် မရိုးမသား ကောက်ကျစ်သည့် အကြံအစည်များ ကြံစည်ရဲမည် မထင်ပါ။ ထို့ကြောင့် လုဟန်ချွမ် မဆိုင်းမတွ သဘောတူလိုက်သည်။
မူရင်းဝတ္ထုထဲတွင် ယဲ့ချန်းအန်း၏ မင်္ဂလာပွဲအကြောင်း မပါဝင်သည်ကို ယဲ့ရှောင်ရှောင် မှတ်မိပါသေးသည်။
ယခုကဲ့သို့ အိမ်ထောင်ပြုနိုင်ခဲ့ခြင်းအား ကြည့်ခြင်းအားဖြင့် ယဲ့ချန်းအန်း၏ ကံကြမ္မာမှာ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပြီဟု သတ်မှတ်နိုင်သည်။
တာဝန်ထမ်းဆောင်ရင်း လေယာဉ်ပျက်ကျသည့် မတော်တဆမှုလည်း မဖြစ်နိုင်လောက်တော့ပေ။ သို့သော် လုဟန်ချွမ်က ယခုကဲ့သို့ ကတိပြုထားသဖြင့် ယဲ့ရှောင်ရှောင် ပို၍ပင် စိတ်ချယုံကြည်ခဲ့ရပါသည်။
ယဲ့ရှောင်ရှောင်သည် သူ့ရင်ခွင်ထဲ မျက်နှာပြန်အပ်လျက် ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“ကိုယ်တို့ သဘောတူထားတယ်နော်၊ ကူညီပေးမယ်ဆိုရင် မငိုရဘူးလို့၊ ကတိမဖျက်ရဘူး”
ယဲ့ရှောင်ရှောင်: “ကျွန်မ မငိုပါဘူး”
ပေကျင်းသို့ ပြန်လည်ရောက်ရှိသောအခါ ယဲ့ရှောင်ရှောင်သည် နိုင်ငံခြားသွားဖို့လိုအပ်သည့် အရာအားလုံးကို စတင် ပြင်ဆင်ခဲ့တော့သည်။
လုဟန်ချွမ်က စာရွက်စာတမ်းကိစ္စအများစုကို ကိုင်တွယ်ဆောင်ရွက်ပေးခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် အသင့်ဖြစ်သွားခဲ့သည်။
ယဲ့ရှောင်ရှောင်လည်း ချူးယွင်ရှောင်ကို ဖုန်းဆက်ကာ သူမဘက်မှ စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း အသိပေးခဲ့ပါသည်။
ချူးယွင်ရှောင်: “နင်အသင့်ဖြစ်ပြီဆိုရင် ကျောင်းမှာ လျှောက်လွှာအတူတူသွားတင်ရအောင်”
“ဟုတ်ပြီ”
ယဲ့ရှောင်ရှောင် သဘောတူလိုက်သည်။
ယဲ့ရှောင်ရှောင် နိုင်ငံခြားသွားရမည့် သတင်းမှာ အလျင်အမြန်ပင် ပြန့်နှံ့သွားခဲ့ပါသည်။
ထိုသတင်းကို ကြားပြီးနောက် ပိုင်မုန့်အန်းသည် စုထုံနှင့် လင်းကျစ်လူတို့ကို ခေါ်ဆောင်ကာ ရမ်သဲ့ထန်သို့ အလည်ရောက်လာခဲ့သည်။
ယခုဆိုလျှင် ရမ်သဲ့ထန်၌ ယဲ့ရှောင်ရှောင် အချိန်ပိုင်းအလုပ် လုပ်ကိုင်နေကြောင်းကို စစ်တပ်ဝင်းထဲမှ လူတိုင်းနီးပါး သိရှိနေကြပြီဖြစ်ကာ ‘ဒေါက်တာယဲ့’ဟူ၍ နာမည်ပင် ကြီးနေပါပြီ။
စစ်တပ်ဝင်းထဲမှ လူအများစုမှာ နာမကျန်းဖြစ်လာလျှင် ဆေးရုံကြီးများသို့ပင် မသွားကြတော့ဘဲ ရမ်သဲ့ထန်သို့သာ လာရောက်ပြသကြတော့သည်။
လူကြီးသူမအချို့ဆိုလျှင် ရမ်သဲ့ထန်၏ ဆေးကုသမှုစွမ်းရည်များက ဆေးရုံကြီးများရှိ ဆရာဝန်များထက်ပင် ပိုမို ထူးကဲသာလွန်သေးသည်ဟု ဆိုကြပါသည်။
ယဲ့ရှောင်ရှောင်၏ ရုံးခန်းထဲတွင် ပိုင်မုန့်အန်းတစ်ယောက် သုန်သုန်မှုန်မှုန်မျက်နှာဖြင့် မေးလိုက်သည်။
“နင်တကယ်ကြီး နိုင်ငံခြားသွားတော့မှာလား ရှောင်ရှောင် ၊ အဲ့တာဆို ငါတို့တွေ အကြာကြီးထပ်ခွဲရတော့မှာပေါ့”
ယဲ့ရှောင်ရှောင်: “ဟုတ်တယ်၊ ကျောင်းက ချပေးတဲ့ ရှားပါးအခွင့်အရေးမို့လို့ ငါလက်လွတ်မခံချင်ဘူးလေ”
ပိုင်မုန့်အန်းက ဆိုသည်။
“ငါနင့်ကို မသွားစေချင်လို့မဟုတ်ပါဘူး၊ နင်နဲ့ မခွဲနိုင်လို့၊ နင်ပြန်ရောက်လာတဲ့အခါကျရင် ငါကလေးတွေ ဘာတွေတောင် မွေးပြီးလောက်ပြီ”
စုထုံက ဘေးမှ ဝင်လှောင်သည်။
“နင့်မှာ ရည်းစားတောင်မရှိသေးဘဲနဲ့ ဘယ်ကကလေးက ရမှာလဲ၊ ရှောင်ရှောင်ပြန်ရောက်လာတာကို စောင့်တာကမှ ပိုမြန်ဦးမယ်”
ပိုင်မုန့်အန်းမှာ ပြန်လည်ချေပဖို့ပင် အားအင်မရှိတော့ချေ။
“ရည်းစားဆိုတော့မှ ရှောင်ရှောင် နိုင်ငံခြားသွားရင် လုဟန်ချွမ်ကြီးတစ်ယောက်တည်း ထိုင်စောင့်ရင်း ကျန်ရစ်ခဲ့တော့မှာပေါ့”
လင်းကျစ်လူက ဝင်ပြောသည်။
“ဒါပေါ့! သူရည်းစားအသစ် ရှာချင်ရင်တော့ စောင့်စရာမလိုဘူးပေါ့၊ နင်တို့နှစ်ယောက် လမ်းခွဲဖြစ်ခဲ့ကြရင် ငါ့ကို စဉ်းစားပေးနော်”
ပိုင်မုန့်အန်းသည် စားပွဲပေါ်မှ ဆီးသီးခြောက်တစ်လုံးကို ကောက်ယူကာ လင်းကျစ်လူထံသို့ ကောက်ပေါက်လိုက်သည်။
“ယုန်ကောင်းဆိုတာ ကိုယ့်အသိုက်နားက မြက်ကိုမစားဘူးတဲ့၊ နင်က အဲ့လိုအတွေးမျိုး ဝင်ရဲသေးတယ်ပေါ့!”
လင်းကျစ်လူက ဆီးသီးခြောက်ကို အမြန်ရှောင်ရှားရင်း ပြန်ပြောလိုက်သည်။
“အဲ့စကားပုံက ဘယ်ကထွက်လာတာလဲ၊ အဲ့တာဆို လုဟန်ချွမ်ကျတော့ ဘာလို့ စားလို့ရတာလဲ”
ပိုင်မုန့်အန်း: “သူက အိမ်နီးချင်းအသိုက်က ယုန်မို့လို့လေ!”
ယဲ့ရှောင်ရှောင်သည် ခုန်ပေါက်နေသည့် ပိုင်မုန့်အန်းအား အလျင်အမြန် တားဆီးလိုက်ပါသည်။
“နင်က ဖျော်ဖြေရေးအဖွဲ့ထဲမှာ ဘာလုပ်တာလဲဟင်၊ မျောက်အက ကပြတာတော့ မဟုတ်ဘူးမလား”
ပိုင်မုန့်အန်းတစ်ယောက် ထိုင်ဖို့ပြင်လိုက်သော်လည်း ယဲ့ရှောင်ရှောင်၏ စကားကို ကြားသောအခါ ချက်ချင်းပင် မတ်တပ်ပြန်ရပ်လိုက်သည်။
“ဘာပြောတယ်! ငါက အဆိုတော်ဟဲ့! အော်ပရာဆိုတာဖြစ်ဖြစ် စန္ဒရားတီးတာဖြစ်ဖြစ် ငါအကုန်လုပ်တတ်တယ်!”
စုထုံက သူမကို ပြန်ဆွဲခေါ်ကာ ထိုင်ခိုင်းလိုက်သည်။
“နင်တော်မှန်း အားလုံး သိပါပြီ၊ မကြွားပါနဲ့တော့”
ပိုင်မုန့်အန်းက ယဲ့ရှောင်ရှောင်ကို ကြည့်ကာ အတည်ပေါက် ပြောလိုက်သည်။
“ခုနက လင်းကျစ်လူပြောတာ နည်းနည်းတော့မှန်တယ်၊ လုဟန်ချွမ်သာ အချိုးပြောင်းသွားရင် နင်တခြားတစ်ယောက် ရှာလိုက်တော့၊ နင့်အရည်အချင်းမျိုးနဲ့ဆိုရင် ငါတို့စစ်တပ်ဝင်းထဲကမပြောနဲ့ ပေကျင်းတစ်မြို့လုံးက ကြိုက်တဲ့လူကို ခေါင်းခေါက်ရွေးလို့ရတယ်”
ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။
“ပေါက်ကရတွေ မပြောကြပါနဲ့တော့၊ ငါတို့နှစ်ယောက်အခြေအနေက တည်တည်ငြိမ်ငြိမ်ပဲ၊ အဲ့တာတွေက နင့်အတွက်နင် စိတ်ပူရမှာ၊ နင့်ကို ကောင်လေးတစ်ယောက်နဲ့ ငါမိတ်ဆက်ပေးရမလား”
ယဲ့ရှောင်ရှောင်သည် သူမ၏ ရိုးသားပွင့်လင်းသော သူငယ်ချင်းများကို စိတ်ထဲတွင် အမြဲတမ်းထည့်သွင်းထားခဲ့ပါသည်။
ယခင်ဘဝက ပိုင်မုန့်အန်းသည် ကောက်ကျစ်သော အရံဇာတ်ပို့တစ်ဦးဖြစ်ခဲ့သော်လည် ယခုဘဝတွင်မူ မည်သည့် မကောင်းမှုမျိုးကိုမှ ကျူးလွန်ထားခြင်းမရှိသဖြင့် ကံကြမ္မာ၏ ဆိုးဆိုးရွားရွား အပြစ်ပေးမှုကို ခံစားရရန် မထိုက်တန်ပေ။
ပိုင်မုန့်အန်းက အားတက်သရော ခေါင်းညိတ်လိုက်သည်။
“မိတ်ဆက်ပေးလေ! တက္ကသိုလ်မှာ ရုပ်ချောချော ကောင်လေးတွေ အများကြီးရှိလို့လား၊ ငါနဲ့တစ်ယောက်လောက် မိတ်ဆက်ပေးစမ်းပါ၊ ဒါပေမယ့် ငါက တက္ကသိုလ်မတက်တော့ ငါ့ကို အထင်သေးကြမလား မသိဘူးနော်”
ယဲ့ရှောင်ရှောင်က အာမခံသည်။
“နှလုံးသားရေးရာကိစ္စတွေက ရေစက်အပေါ်မှာပဲမူတည်တာ၊ ပညာအရည်အချင်းနဲ့ ဘာမှမဆိုင်ဘူး”
ပိုင်မုန့်အန်းက လက်အုပ်ချီလျက် တရိုတသေ ပြောလိုက်သည်။
“အဲ့တာဆိုရင်တော့ ငါ့ရဲ့တစ်သက်တာ ပျော်ရွှင်မှုအတွက် နင့်ကိုပဲ အားကိုးလိုက်တော့မယ်နော်!”