အခန်း ၂၄၉
Vol. 25 Ch. 249
📗 Chapter 249
နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ ပုံမှန်အားဖြင့် စည်ကားလှသော စားသောက်ဆိုင်လေးမှာလည်း ယခုဆိုလျှင် သိသိသာသာ ခြောက်ကပ်နေပါသည်။
မျက်နှာကြက်ရှိ သံပန်ကာအိုကြီးက တဂျိဂျိမြည်သံပေးလျက် လည်နေသော်လည်း အိုက်စပ်လွန်းသော အပူဒဏ်ကိုတော့ ရာနှုန်းပြည့် မတွန်းလှန်နိုင်ပေ။
ယဲ့ရှောင်ရှောင်သည် ဆေးကျောင်းမှ ကျန်ရှိသည့် ပညာဖလှယ်ကျောင်းသားများအကြောင်းကို ချူးယွင်ရှောင်အား မေးမြန်းလိုက်သည်။
ချူးယွင်ရှောင်: “ငါတို့နှစ်ထဲမှာ ထိပ်တန်းကျောင်းသားတွေပဲလေ၊ စွေ့ယွမ်၊ ရှုကျုံးနဲ့ ကျားယုတို့ပေါ့”
ပထမနှစ်ဦးမှာ ယောက်ျားလေးဖြစ်ပြီး ကျားယုက မိန်းကလေးတစ်ဦးဖြစ်သည်။
တက္ကသိုလ်ဘက်မှ လူရွေးချယ်ရာတွင် ပညာရေးထူးချွန်မှုကို အဓိကကြည့်ရှုသကဲ့သို့ ကျောင်းသားကိုယ်တိုင်က နိုင်ငံခြားသို့ သွားရောက်လိုစိတ် ရှိ၊ မရှိကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပါသည်။
ကျောင်းဘက်မှ ကုန်ကျစရိတ်အများစုကို ကျသင့်ခံမည်ဆိုသော်ငြား နိုင်ငံခြားတွင် ကျောင်းသားများသည် မိမိ၏ နေထိုင်စားသောက်စရိတ်များကို မိမိဖာသာ ကျခံရမည်ဖြစ်၍ ပြည့်စုံကြွယ်ဝသည့် မိသားစုမှ ကျောင်းသားများကိုသာ အဓိကထား ရွေးချယ်လေ့ရှိပါသည်။
ယဲ့ရှောင်ရှောင်သည် အခြားသူများနှင့် ကောင်းကောင်းမရင်းနှီးသော်လည်း ကျားယုက မှုခင်းဆေးပညာ မေဂျာယူထားသူ ဖြစ်မှန်းကိုတော့ သိရှိထားပါသည်။
ယခင်က ခန္ဓာဗေဒအတန်းတွင် ကျားယုကို သူမ မြင်ဖူးသည်။ ကျားယုသည် အလောင်းခွဲစိတ်သည့် နည်းစနစ်များကို အခြားကျောင်းသားများအား ကျွမ်းကျင်စွာ သရုပ်ပြလေ့ရှိသဖြင့် ကျောင်းသားများအကြား ‘မျက်နှာသေလူသတ်သမား’ ဟူသော အမည်ပြောင်ကိုပင် ရရှိထားလေသည်။
အမည်ကို ကြားဖူးသော်လည်း ယဲ့ရှောင်ရှောင်သည် ထိုသူသုံးဦးစလုံးနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိပါ။
ချူးယွင်ရှောင်ကဆိုသည်။
“ဟိုရောက်ရင် အားလုံးအတူတူ နေရဖို့များတယ်၊ အဲ့တာကြောင့် အားတဲ့အချိန် တစ်ခေါက်လောက် လူစုပြီး တွေ့ကြတာပေါ့”
ယဲ့ရှောင်ရှောင် ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်ပါသည်။
နေ့လယ်စာ စားသောက်ပြီးနောက် ချူးယွင်ရှောင်သည် အားလုံးကိုနှုတ်ဆက်ကာ ပြန်ဖို့ ပြင်လိုက်သည်။
“ငါပြန်တော့မယ်၊ အားလုံးနဲ့ ဆုံခဲ့ရတာ တကယ်ဝမ်းသာပါတယ်”
ပိုင်မုန့်အန်းက မေးလိုက်သည်။
“နင့်မိသားစုလည်း ပေကျင်းမှာပဲရှိတာလား၊ အဲ့တာဆို အားတဲ့အခါကျရင် ထပ်တွေ့ကြရအောင်လေ!”
ချူးယွင်ရှောင်က ယဉ်ကျေးမှုဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူထွက်သွားသောအခါ ပိုင်မုန့်အန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
“ရှောင်ရှောင်၊ နင်တို့အတန်းခေါင်းဆောင်က ကျင့်ဟွာတက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသားဆိုတဲ့ဂုဏ်နဲ့ တကယ်ထိုက်တန်ပါပေတယ်၊ ငါ့မိဘတွေ စီစဉ်ပေးထားတဲ့ကောင်တွေထက် အဆတစ်ထောင်လောက် ပိုသာတယ်”
ယဲ့ရှောင်ရှောင်က ကျီစယ်သည်။
“အဲ့တာဆို ကြိုက်သွားပြီပေါ့ ဟုတ်လား”
ပိုင်မုန့်အန်းက မေးပွတ်လျက်ဆိုသည်။
“လောလောဆယ်တော့ မဆိုးဘူးလို့ထင်ရတာပဲ၊ ငါ့ကို သူ့ဖုန်းနံပါတ်ပေးစမ်း”
ဖုန်းနံပါတ်ပင် တောင်းနေပြီဖြစ်၍ ပိုင်မုန့်အန်း သဘောကျကျေနပ်နေမှန်း သိသာပါသည်။
ယဲ့ရှောင်ရှောင်ကမေးသည်။
“တကယ်ကြီး ဖုန်းဆက်မလို့လား၊ နင့်ကို ဖုန်းသရဲလို့ထင်သွားရင် ဘယ်လိုလုပ်မလဲ”
ပိုင်မုန့်အန်းက ယဲ့ရှောင်ရှောင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“မိန်းကလေးဆိုတာ သံကိုပူတုန်း ရိုက်ရတယ်၊ သူသဘောကျတဲ့လူ ရှိပြီးသားဆိုရင်တော့ ငါမနှောင့်ယှက်ပါဘူး၊ တခြားတစ်ယောက်ပဲ ရှာလိုက်မယ်”
ပိုင်မုန့်အန်း၏ လွတ်လပ်ပေါ့ပါးသော အမူအရာကြောင့် ယဲ့ရှောင်ရှောင်လည်း မတတ်သာတော့ဘဲ ချူးယွင်ရှောင်၏ အိမ်ဖုန်းနံပါတ်ကို ပေးလိုက်ရတော့သည်။
“ဒါသူ့အိမ်ကဖုန်းနံပါတ်နော်၊ ၊ သူ့မိဘတွေကို မနှောင့်ယှက်မိစေနဲ့ဦး”
ပိုင်မုန့်အန်းက အာမခံသည်။
“ငါက ချူးယွင်ရှောင်နဲ့ ဆက်သွယ်ကြည့်ချင်ရုံပါ၊ သူမိသားစုက ဖုန်းကိုင်ရင်လည်း အလုပ်ကိစ္စရှိလို့ပါဆိုပြီး ပြောလိုက်မှာပေါ့”
ပိုင်မုန့်အန်းနှင့် စုထုံတို့ မပြန်မီ ယဲ့ရှောင်ရှောင်အား စိတ်မပူဖို့ ပြောကြားခဲ့ကြပါသည်။
သို့သော် ယဲ့ရှောင်ရှောင် မသိလိုက်ရသည်မှာ ပိုင်မုန့်အန်း၏ ခြေလှမ်းက အလွန်ပင် မြန်ဆန်သွက်လက်လွန်းလှသည် ဆိုသည်ကိုပင်။
ပိုင်မုန့်အန်းတစ်ယောက် အိမ်သို့ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် နှစ်ပေါင်းများစွာ ဖုန်တက်နေသည့် စန္ဒရားမှတ်စုများကို ရှာဖွေထုတ်ယူလိုက်သည်။
ထို့နောက် ချူးယွင်ရှောင်အား ဖုန်းဆက်လိုက်ပြီး ဂီတစာရွက်များ ပေးအပ်ချင်သည်ဟူသော အကြောင်းပြချက်ဖြင့် အပြင်တွင် တွေ့ဆုံဖို့ ချက်ချင်းပင် ချိန်းဆိုလိုက်တော့သည်။
ယဲ့ရှောင်ရှောင်သည် အမြဲတမ်း သူများ၏ လိုက်လံပိုးပန်းမှုကိုသာ ခံခဲ့ရသူဖြစ်သဖြင့် ဤနယ်ပယ်အတွင်း သူငယ်ချင်းဖြစ်သူ၏ အတွေ့အကြုံနှင့် အစွမ်းအစကို လုံးဝ မမီနိုင်သေးပေ။
ကျောင်းတွင် လျှောက်လွှာတင်ပြီးနောက် ယဲ့ရှောင်ရှောင်သည် ပုံမှန်အတိုင်း ရမ်သဲ့ထန်တွင်သာ ဆေးခန်း ပြန်ထိုင်ခဲ့ပါသည်။
ယခုဆိုလျှင် သူမနှင့် ချူးယွင်ရှောင်တို့နှစ်ဦး နိုင်ငံခြားသွားရတော့မည့်အကြောင်းကို တိုင်းရင်းဆေးမေဂျာမှ အတန်းဖော်များလည်း ကြားသိပြီးကြပါပြီ။
ကျန်းခိုင်နင်နှင့် ချူးမြောင်တို့နှစ်ဦးမှာ ရမ်သဲ့ထန်တွင် အချိန်ပိုင်း အလုပ်လုပ်နေကြဆဲဖြစ်သည်။
“နင်နဲ့ အတန်းခေါင်းဆောင်တို့ နိုင်ငံခြားသွားမယ့်အကြောင်းကို ဘာလို့ ငါတို့ကို မပြောပြတာလဲ၊ ငါက အလုပ်များနေလို့ သတိမထားမိခဲ့တာ”
ကျန်းခိုင်နင်က မေးမြန်းလိုက်သည်။
ကျန်းခိုင်နင် သုတေသနပြုလုပ်နေသည့် သွေးတိတ်ဆေး အမှတ်(၁) ဖော်မြူလာမှာ ဈေးကွက်ထဲသို့ စတင်ရောက်ရှိနေပြီဖြစ်ကာ စက်ရုံတွင်လည်း ထုတ်လုပ်မှုလိုင်းအသစ်များ တိုးချဲ့နေရသဖြင့် မကြာသေးမီကမှ အသက်ရှူချောင်ခဲ့ရခြင်းဖြစ်သည်။
ကျန်းခိုင်နင်သည် ယခင်က ပြည့်ပြည့်ဖြိုးဖြိုးရှိသော်ငြား အလုပ်များပင်ပန်းသဖြင့် ကိုယ်အလေးချိန်သိသိသာသာ လျော့ကျသွားခဲ့ပါသည်။
ယဲ့ရှောင်ရှောင်: “ကျောင်းပြန်ဖွင့်မှပြောဖို့ ရည်ရွယ်ထားလို့ပါ”
ကျန်းခိုင်နင်က ချေပသည်။
“အဲ့ကျရင် အချိန်က အရမ်းကပ်သွားမှာပေါ့၊ နင်တို့နှစ်ယောက် အခုဘာတွေလိုအပ်သေးလဲ၊ ငါကူညီပေးမယ်လေ”
ယဲ့ရှောင်ရှောင်က ရယ်မောသည်။
“ငါတို့က နိုင်ငံခြားမှာ ပညာသွားသင်မှာ၊ အလုပ်ကြမ်းသွားလုပ်မှာမဟုတ်ဘူး၊ နင်က ဘယ်လိုကူညီပေးမလို့လဲ”
ယခင်က ယဲ့ရှောင်ရှောင်ထံမှ အကူအညီများစွာကို ရရှိဖူးသဖြင့် ကျန်းခိုင်နင်သည် သူမအပေါ်တစ်နည်းနည်းဖြင့် ကျေးဇူးပြန်ဆပ်ချင်စိတ်များ ပြင်းပြနေခဲ့ပါသည်။
သို့သော် သူမ၏ စကားကို ကြားရသောအခါ ခေါင်းကိုသာ ကုတ်နေမိပြီး ဘာလုပ်ပေးရမှန်း မသိတော့ချေ။
“ကဲပါ၊ ငါတို့တကယ် ဘာမှထူးထူးခြားခြား ပြင်ဆင်စရာမလိုဘူး၊ လူရယ် ငွေရယ် ပါသွားရင်ရပြီ”
ကျန်းခိုင်နင်တွင် ငွေရှိသော်ငြား ယဲ့ရှောင်ရှောင်တွင်လည်း ငွေမရှားလှပါ။ ထို့ကြောင့် သူကူညီပေးနိုင်သည့်အရာဟူ၍ အမှန်တကယ် မရှိလှပေ။
ယဲ့ရှောင်ရှောင်က ကမ်းလှမ်းသည်။
“နင်ငါ့ကိုတကယ်ကူညီပေးချင်တယ်ဆိုရင် နင်အားတဲ့အချိန်တိုင်း ငါ့ဆရာကြီးကို သွားကြည့်ပြီး စောင့်ရှောက်ပေးပါ၊ သူက အသက်အရွယ်ရလာပြီဆိုတော့ တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချဘူး”
စုန့်ကွမ်းကျင့်သည် ပုံမှန်အားဖြင့် ကျန်းမာရေးလိုက်စားသူဖြစ်သော်လည်း အတိတ်က ခံစားခဲ့ရသည့် ဝေဒနာများကြောင့် ခန္ဓာကိုယ်တွင် နာတာရှည်ရောဂါအချို့ ကျန်ရှိနေခဲ့သည်။
ကျန်းခိုင်နင်က ရင်ဘတ်ကိုထုလျက် အာမခံလိုက်ပါသည်။
“ဘာမှစိတ်မပူနဲ့၊ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေးမယ်”
နောက်ရက်များတွင် ယဲ့ရှောင်ရှောင်သည် သူငယ်ချင်းများကို နှုတ်ဆက်ရင်းနှင့်သာ အချိန်များကို ကုန်ဆုံးစေခဲ့ပါသည်။
နိုင်ငံခြားထွက်ရမည့် အခွင့်အလမ်းကိုသာ မရရှိခဲ့လျှင် သူမအနေဖြင့် မြို့တော်တွင် သူငယ်ချင်းကောင်းများစွာ ရရှိခဲ့သည်ကိုပင် သတိထားမိခဲ့မည်မဟုတ်ချေ။
တစ်ဖက်တွင်မူ ယခင်က ကုမ္ပဏီထောင်ရန် စိတ်အားထက်သန်နေခဲ့သည့် ကျန့်လင်သည် နွေရာသီကျောင်းပိတ်ရက် ကာလတစ်ခုလုံးကို ရှန်ဟိုင်းမြို့တွင်သာ ဖြတ်သန်းခဲ့ပါသည်။
ထိုမြို့တွင် ပိုမိုစည်ကားသိုက်မြိုက်သည့် မြို့ပြအခြေအနေနှင့် အဆင့်မြင့်နည်းပညာများကို ကျန့်လင်တစ်ယောက် မျက်မြင်တွေ့ခဲ့ရသည်။
သူ့ကုမ္ပဏီအတွက် ပေကျင်းမြို့ထက် ရှန်ဟိုင်းမြို့က ပိုမိုသင့်တော်သည်ဟု ခံစားရသဖြင့် ထိုနေရာတွင် အခြေချဖို့သာ ဆုံးဖြတ်ခဲ့တော့သည်။
နိုင်ငံခြားတွင် ယဲ့ရှောင်ရှောင် ၂ နှစ်ကြာ ပညာသင်ကြားရမည်ဟု သိရှိလိုက်ရသောအခါ ကျန့်လင်သည် သူမကို နှုတ်ဆက်လက်ဆောင် ပေးအပ်ခဲ့ပါသည်။
၎င်းမှာ ဘလက်ဘောက်စ်လေးနှင့်တူညီသည့် နိုင်ငံခြားထုတ် ဂိမ်းစက်လေးတစ်လုံးဖြစ်ပြီး ခေတ်ကာလအရ အလွန်ပင် ဈေးကြီးလှသော ပစ္စည်းတစ်ခုဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်သည် သူ့စေတနာကို အသိအမှတ်ပြုသော်လည်း ဤကဲ့သို့ ရှေးကျသည့် ဂိမ်းစက်မျိုးကို စိတ်ဝင်စားမှု သိပ်မရှိသဖြင့် အိမ်တွင်သာ အလှထားခဲ့လိုက်သည်။
အိမ်သို့လာလည်သည့် သူငယ်ချင်းများကတော့ သဘောတွေ့ကြပေလိမ့်မည်။
နွေရာသီပိတ်ရက်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
ထိုကာလအတွင်း ယဲ့ရှောင်ရှောင်သည် ဆေးပညာဆိုင်ရာ စာအုပ်စာတမ်းများစွာကို လေ့လာဖတ်ရှုခဲ့ရုံသာမက လက်တွေ့ကုသမှု အတွေ့အကြုံများစွာကိုလည်း ထပ်မံ ရယူနိုင်ခဲ့သဖြင့် သူမ၏ ဆေးပညာကျွမ်းကျင်မှုမှာ အဆင့်တစ်ဆင့် ထပ်မံမြင့်တက်သွားခဲ့ရပြန်သည်။
စာသင်နှစ်သစ် စတင်သောအခါ နိုင်ငံခြားသို့သွားရောက်ရန်အတွက် လိုအပ်သော စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းစဉ်အားလုံး ပြီးမြောက်သွားခဲ့ပါပြီ။
ကျောင်းတွင် တစ်ပတ်ခန့် အတန်းတက်ရောက်ပြီးနောက် ပညာဖလှယ်ကျောင်းသားများ ဩစတြေးလျသို့ ထွက်ခွာရမည့်အချိန်ကို ရောက်ရှိလာခဲ့သည်။
ယဲ့ရှောင်ရှောင်၏ အဆောင်အခန်းဖော်များသည် ကျောင်းဖွင့်မှသာ ထိုကြောင်းကို သိရှိခဲ့ကြရပါသည်။ အလွန်ဂုဏ်ယူစရာကောင်းသည့်ကိစ္စဖြစ်၍ အချို့က မနာလိုအားကျ ဖြစ်မိကြသည်။
ဟယ်ကျင်း: “ရှောင်ရှောင်က နိုင်ငံခြားဘာသာမှာလည်း ထူးချွန်တော့ ဟိုရောက်ရင် အပြန်အလှန် ပြောဆိုဆက်ဆံဖို့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး၊ ငါသာဆို စကားပြောတာကို နားလည်ဖို့နေနေသာသာ ပါမောက္ခတွေသင်တဲ့ စာကိုတောင် လိုက်မီမှာ မဟုတ်ဘူး”
သို့သော်အချို့ကမူ မကျေမနပ်ဖြစ်နေကြဆဲပင်။
ဝမ်ကျောင်းက နှုတ်ခမ်းစူလျက် ဆိုလိုက်သည်။
“ဩစတြေးလျမှာ တရုတ်တိုင်းရင်းဆေးပညာရှိလို့လား၊ အဲ့မှာ ဘာသွားသင်လို့ရမှာလဲ၊ အဲ့အခွင့်အရေးတွေ အကုန်လုံးကို အနောက်တိုင်းဆေးပညာကျောင်းသားတွေကိုပဲ ပေးသင့်တာကို”
ရှားလီက ချေပသည်။
“အနောက်တိုင်းဆေးပညာကျောင်းသားတွေကိုပဲ အခွင့်အရေးအကုန် ပေးမယ်ဆိုရင်တောင် နင့်အဆင့်နဲ့ မမီပါဘူး၊ မနှစ်ကတောင် စာမေးပွဲကို အောင်တယ်ဆိုရုံလောက် အောင်လာတာ၊ အဲ့တာတောင် ပါမောက္ခက အလျှော့ပေးထားလို့”
ရှားလီ၏ တဲ့တိုးဆန်သော ချေပစကားကြောင့် ဝမ်ကျောင်းတစ်ယောက် ပြန်မပြောနိုင်တော့ဘဲ ဒေါသဖြင့် အငွေ့တထောင်းထောင်းထနေတော့သည်။
ယဲ့ရှောင်ရှောင်က ကြားထဲမှ ဝင်ရောက်ဖျန်ဖျေပေးလိုက်သည်။
“စကားမများကြပါနဲ့တော့၊ တရုတ်တိုင်းရင်းဆေးပညာကို ရွေးချယ်ရတာက ငါတို့တက္ကသိုလ်နဲ့ ဩစတြေးလျက တက္ကသိုလ်ကြားမှာ လက်တွဲထားတာတွေ ရှိလို့ပါ၊ အရင်တုန်းကလည်း ငါတို့ကျောင်းက တရုတ်တိုင်းရင်းဆေးပညာ ပါမောက္ခတွေကို ဟိုဘက်မှာ ဟောပြောပို့ချဖို့ ဖိတ်ကြားဖူးတယ်လေ၊ ပြီးတော့ ငါတို့ကလည်း တရုတ်တိုင်းရင်းဆေးပညာအပြင် အနောက်တိုင်းဆေးပညာကိုပါ လေ့လာလို့ရတာပဲ”
ထန်ရှို့ရှို့က သူမ၏ အမြင်ကို ဝင်ပြောသည်။
“နိုင်ငံခြားသွားတယ်ဆိုတာ နင်တို့ထင်သလောက် ကောင်းတာမဟုတ်ဘူး၊ ကိုယ်ရေးရာဇဝင်မှာ ကြည့်ကောင်းသွားတာ မှန်ပေမယ့် ကုန်ကျစရိတ်တွေ များသလို ဘာသာစကားချင်းလည်း မတူတော့ စကားပြောဆိုဆက်ဆံရတာတွေက အရမ်း ခက်ခဲလိမ့်မယ်၊ ပြီးတော့ ကိုယ်နဲ့မရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ နေရတာလည်း အရမ်းပင်ပန်းရလိမ့်မယ်၊ တချို့ ပညာဖလှယ်ကျောင်းသားတွေဆိုရင် နေထိုင်စရိတ်အတွက် ဟိုမှာ အချိန်ပိုင်းအလုပ်တွေပါလုပ်ပြီး ပိုက်ဆံရှာရတာတဲ့၊ ကိုယ့်နိုင်ငံမှာ နေရသလောက် ဘယ်မှာသက်တောင့်သက်သာရှိပါ့မလဲ၊ ဟိုရောက်ရင် ဂရုစိုက်နော် ရှောင်ရှောင်”
ယဲ့ရှောင်ရှောင်သည် အဆောင်အခန်းတွင်းရှိ သူမ၏ ပစ္စည်းများကို စနစ်တကျသိမ်းဆည်းလိုက်သည်။ ယခုတစ်ခေါက် သူမ၏ ခရီးဆောင်အိတ်ထဲတွင် အများဆုံး နေရာယူထားသည်မှာ စာအုပ်များနှင့် ငွေစက္ကူများသာ ဖြစ်ကြပေသည်။
ယဲ့ရှောင်ရှောင်: “စိတ်ချပါ၊ ငါပြန်လာတဲ့အခါကျရင် နင်တို့လည်း အလုပ်သင်တွေဖြစ်နေကြလောက်ပြီနော်”
ထန်ရှို့ရှို့က ရှေ့သို့တိုးကာ ယဲ့ရှောင်ရှောင်ကို အကြာကြီး ပွေ့ဖက်ထားလိုက်သည်။ သူမ၏ မျက်ဝန်းများကလည်း သူငယ်ချင်းဖြစ်သူနှင့် မခွဲခွာချင်သေးမှန်း သိသာလှပါသည်။
အဆောင်တစ်ခုတည်းတွင် ၂ နှစ်ကျော်ကြာအောင် အတူတူနေထိုင်ခဲ့ရသဖြင့် သူမတို့အကြား စစ်မှန်သော သူငယ်ချင်းသံယောဇဉ်တစ်ခု ဖြစ်တည်နေခဲ့ပါပြီ။
နောက်ပိုင်းတွင် ယဲ့ရှောင်ရှောင် ကျောင်းပြင်ပ၌ ပြောင်းရွှေ့နေထိုင်ခဲ့သည်ဆိုသော်ငြား ထို ၂ နှစ်တာကာလ၏ အမှတ်တရများမှာ အလွန်ပင် စစ်မှန်လွန်းပါသည်။
ယဲ့ရှောင်ရှောင်လည်း နွေးနွေးထွေးထွေး ပြန်ပွေ့ဖက်ထားလိုကသည်။
အဆောင်အခန်းဖော်များကို နောက်ဆုံးအကြိမ် နှုတ်ဆက်စကားပြောပြီးနောက် ခရီးဆောင်အိတ်ကိုသယ်လျက် ယဲ့ရှောင်ရှောင် အဆောင်မှထွက်လာခဲ့တော့သည်။
ဤခေတ်အခါက ခရီးဆောင်အိတ်များတွင် ဘီးများတပ်ဆင်ထားခြင်း မရှိသေးသဖြင့် ယဲ့ရှောင်ရှောင်တစ်ယောက်တည်း သယ်ဆောင်ရသည်မှာ အလွန်ပင်ပန်းလှပေသည်။
သို့သော် သူမ မထွက်ခွာမီ တစ်ရက်အလိုတွင် ကျန်ရှိနေသည့် ပစ္စည်းများ ဝိုင်းဝန်းသိမ်းဆည်းပေးဖို့ လုဟန်ချွမ် ရောက်ရှိလာပါသည်။