← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

📗 Chapter 250

လုဟန်ချွမ်သည် ကြိုတင်လဲလှယ်ထားသည့် နိုင်ငံခြားငွေအမြောက်အများကိုလည်း ယူဆောင်လာခဲ့သည်။

“ဟိုရောက်ရင် ပိုက်ဆံတွေကို တစ်နေရာတည်းမှာ အကုန်စုမထားဘဲ ခွဲထားနော်၊ အဲ့တာမှ တစ်ခုခုပျောက်ရှရင် လက်ဗလာနဲ့ မကျန်ခဲ့မှာ၊ ပြီးရင် ကိုယ့်ဘက်ကလည်း လတိုင်း ငွေလွှဲပေးမှာမို့လို့ ဘာမှ ခြွေတာစရာမလိုဘူး၊ လိုတာရှိရင် ရှော့ပင်းမောမှာ သွားဝယ်လိုက်၊ ဟိုမှာဆို ဘာကူပွန်မှ မလိုဘူး၊ ညမိုးချုပ်ရင် အပြင်မထွက်နဲ့၊ ပြီးတော့ မစားဖူးတဲ့ အစားအသောက်တွေကိုလည်း အများကြီး လျှောက်မစားနဲ့”

လုဟန်ချွမ်မှာ တစ်ခုပြီးတစ်ခု အသေးစိတ် မှာတမ်းခြွေနေတော့သည်။

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ယူဆောင်လာသည့် နိုင်ငံခြားငွေများကို ကြည့်လိုက်သည်။ သူမကိုယ်တိုင်လည်း မကြာသေးသခင်ကမှ လဲလှယ်ထားပါသေးသည်။

“အဲ့တာတွေသိပါတယ်၊ ဒါပေမယ့် ကျွန်မ ငွေတွေ ဒီလောက်အများကြီး မလိုဘူးထင်တာပဲ”

လုဟန်ချွမ်အတွက်မူ ငွေကြေးဆိုသည်မှာ အရေးမပါဆုံးအရာပင်ဖြစ်ပေသည်။

“အခုသွားရင် ဝတ်ဖို့လိုတဲ့ အဝတ်အစားတွေကလွဲပြီး ကျန်တဲ့ပစ္စည်းတွေကို အများကြီး သယ်မသွားနဲ့၊ ဟိုရောက်မှ အသစ်ဝယ်လိုက်၊ အဲ့တာမှ ခရီးဆောင်အိတ်က အလေးကြီးဖြစ်မနေမှာ၊ နေရာထိုင်ခင်းတွေဘာတွေ အကုန်အဆင်ပြေအောင် စီစဉ်ပြီးပြီမလား၊ ဟိုရောက်ရင် တခြားသူတွေနဲ့ တိုင်တိုင်ပင်ပင်နေ၊ တစ်ယောက်တည်း သီးသန့်ခွဲမနေနဲ့၊ နိုင်ငံခြား တက္ကသိုလ်တွေရဲ့ အဆောင်ပတ်ဝန်းကျင်က သိပ်ပြီး အဆင်မပြေနိုင်ဘူး၊ ဟိုရောက်လို့ နေသားကျသွားပြီဆိုရင် အပြင်မှာ ဘေးကင်းကင်းနဲ့ နေနိုင်မယ့် အိမ်တစ်လုံး ရှာလိုက်ပေါ့”

“အင်းပါ…”

ယဲ့ရှောင်ရှောင်တစ်ဦးတည်း ပစ္စည်းများကို ထုပ်ပိုးနေစဉ်က အိမ်နှင့်ခွဲခွာရမည့် ခံစားချက်အစစ်အမှန်ကို မခံစားမိသေးပါ။

သို့သော် ယခုကဲ့သို့ လုဟန်ချွမ်က တတွတ်တွတ် မှာကြားနေသည်ကို ကြားရသောအခါ ယဲ့ရှောင်ရှောင်၏ စိတ်ထဲ တစ်ဆို့ဆို့ဖြစ်လာပြီး ငိုပင်ငိုချင်လာပါသည်။

လုဟန်ချွမ်က သူမကို ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်ပေးလိုက်သည်။

“ဝမ်းမနည်းပါနဲ့၊ ၂ နှစ်ဆိုတာ ခဏလေးပါ၊ ဟိုမှာ လုံးဝ မနေနိုင်တော့ဘူးဆိုလည်း ပြန်လာလို့ရတာပဲ”

ယဲ့ရှောင်ရှောင်တိုးညှင်းစွာ ပြောလိုက်သည်။

“အင်းပါ”

လုဟန်ချွမ်သည် ပေးနိုင်မျှ အကြံဉာဏ်များကို အကုန်ပေးပြီးနောက် သူမ၏ ပစ္စည်းများကို ခရီးဆောင်အိတ် တစ်လုံးတည်းဖြစ်သွားအောင် ကျစ်ကျစ်လျစ်လျစ် ဖိသိပ်ထည့်ပေးလိုက်တော့သည်။

ကျောင်းမှစီစဉ်ပေးထားသည့် လေယာဉ်လက်မှတ်များမှာ ပေကျင်းမှ ရှန်ဟိုင်းသို့ အရင်ဆုံး ပျံသန်းရမည်ဖြစ်ပြီး ရှန်ဟိုင်းမှ ဩစတြေးလျသို့ တဆင့် ပြန်လည်ပျံသန်းရပါမည်။

ညဘက်တွင် ယဲ့ရှောင်ရှောင်တစ်ယောက် အိပ်ရာပေါ် ဟိုလှည့်ဒီလှည့်နှင့် အိပ်မပျော်နိုင်ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် သူမ၏ ခေါင်းအုံဂကို ရင်ခွင်ထဲ ပိုက်လျက် ခြေသံဖွဖွလေးဖြင့် ဘေးချင်းကပ်လျပ်ရှိ လုဟန်ချွမ်၏ အခန်းထဲဝင်လာခဲ့ပါသည်။

“လုဟန်ချွမ်… ရှင်အိပ်ပြီလား”

ယဲ့ရှောင်ရှောင် ကုတင်ပေါ်တက်ရင်း မေးလိုက်သည်။

အခန်းတံခါးပွင့်သွားစဉ်ကတည်းက လုဟန်ချွမ် မျက်လုံးပွင့်နေပါပြီ။ စစ်သားတစ်ဦးဖြစ်၍ နိုးကြားမှုအာရုံ အလွန်မြင့်မားလှပေသည်။

ကုတင်ဘေးရှိ ညအိပ်မီးအိမ်လေးကို ဖွင့်လိုက်ရာ ဝါကျင်ကျင် မှိန်ပျပျ မီးအလင်းရောင်လေးက အခန်းထဲတွင် ဖြာကျသွားခဲ့တော့သည်။

ယဲ့ရှောင်ရှောင်က စောင်ထဲသို့ တိုးဝင်လိုက်ရင်း မေးလိုက်သည်။

“ဒီည ဒီမှာပဲ အိပ်လို့ရမလားဟင်”

လုဟန်ချွမ်အနေဖြင့် မည်သို့ငြင်းဆန်နိုင်ပါဦးမည်နည်း။ ဘေးသို့အသာတိုးကာ ယဲ့ရှောင်ရှောင်အတွက် နေရာဖယ်ပေးရုံသာရှိတော့သည်။

ထို့နောက် ရှောင်ရှောင်၏ ဆံနွယ်လေးများကို အသာအယာသပ်ပေးရင်း တီးတိုးပြောလိုက်သည်။

“မနက်ဖြန် လေဆိပ်သွားဖို့ စောစောထရမှာ၊ စောစောအိပ်တော့”

“ကျွန်မ အိပ်မပျော်ဘူး”

ယဲ့ရှောင်ရှောင်သည် သူ့ရင်ခွင်ထဲသို့ လှိမ့်ဝင်လိုက်ပြီး ခေါင်းအုံးတစ်ဝက်ကို အပိုင်စီးကာ လုယူလိုက်သည်။

လုဟန်ချွမ်ကလည်း ကလေးတစ်ဦးကို ချော့သိပ်နေသကဲ့သို့ သူမ၏ ကျောပြင်လေးကို အသာအယာ ပုတ်ပေးခဲ့ပါသည်။ ထိုသို့ချော့သိပ်ခံရပြီး ခဏအကြာမှာပင် ရှောင်ရှောင် အိပ်မောကျသွားခဲ့တော့သည်။

သို့သော် လုဟန်ချွမ်က မအိပ်စက်နိုင်ဖြစ်ခဲ့ရပြန်ပါသည်။

မနက်မိုးလင်းသောအခါ လုဟန်ချွမ် စောစောထပြီး မနက်စာသွားဝယ်ခဲ့သည်။ ထို့နောက် ယဲ့ရှောင်ရှောင်ကို အိပ်ရာနှိုးကာ မနက်စာအတူတူ စားခဲ့ပါသည်။

အိမ်အပြင်သို့ ရောက်ခါမှ ယဲ့ရှောင်ရှောင်၏ စိတ်ထဲ ငြင်းဆန်မရသည့် အမှန်တရားများက ဝင်ရောက်လာခဲ့သည်။

ဤသည်မှာ အမှန်တကယ် ခွဲခွာရခြင်းပင်။ သူမရင်ထဲ ရုတ်တရက်ကြီး ထွက်မသွားချင်တော့ဘဲ ခြေလှမ်းများ တုံ့ဆိုင်းသွားရပါသည်။

ယခုကဲ့သို့ အချိန်မျိုးတွင် လုဟန်ချွမ်အနေဖြင့်လည်း သူ့ကောင်မလေး နောက်ဆံတင်းစေမည့် စကားမျိုးကို မပြောချင်တော့ပေ။

နိုင်ငံခြားသို့ သွားရမည်မှာ အတည်ပြုပြီးသားဖြစ်ရာ သူ့ဘက်မှ မသွားဖို့ တားမြစ်စကားတစ်ခွန်းဆိုလိုက်မိလျှင် ရှောင်ရှောင်လေးမှာ နေရာမှာပင် ချက်ချင်း ထိုင်ငိုသွားလောက်သည်။

သူတို့နှစ်ဦး လေဆိပ်သို့ ရောက်ရှိသွားချိန်တွင် ချူးယွင်ရှောင်နှင့် အခြားသူများလည်း ရောက်ရှိနေကြပါပြီ။

အခြားသူများ၏ အခြေအနေမှာလည်း ယဲ့ရှောင်ရှောင်နှင့် မခြားလှပေ။ အားလုံးက အိပ်ရေးမဝသည့်ပုံစံများ ဖြစ်နေကြသည်။

တက္ကသိုလ်ပါမောက္ခများအပြင် အခြားကျောင်းသားများ၏ မိဘများကလည်း လေဆိပ်အထိ လိုက်ပို့ပေးကြပြီး မဆုံးနိုင်သော အမှာစကားများကို တတွတ်တွတ် ပြောကြားနေကြပါသည်။

“နင်တို့အစောကြိး ရောက်နေကြတာပဲ”

ယဲ့ရှောင်ရှောင် ကားပေါ်မှ ဆင်းလိုက်သည်နှင့် ချူးယွင်ရှောင်ကို မြင်ခဲ့ရပါသည်။ လုဟန်ချွမ်က သူမ၏ ခရီးဆောင်အိတ်ကို သယ်ပေးရင်း နောက်မှ လိုက်လာခဲ့သည်။

ချူးယွင်ရှောင်: “နိုင်ငံခြားကို ပထမဆုံးသွားဖူးတာဆိုတော့ ဒီလိုပဲ စောစောလာကြည့်လိုက်တာပါ”

ချူးယွင်ရှောင်လည်း လုဟန်ချွမ်ကို မြင်သွားပြီး မည်သူမည်ဝါဖြစ်မှန်း ခန့်မှန်းနိုင်ခဲ့ပါသည်။

သို့သော် ထိုလူ၏ ခက်ထန်သော အမူအရာနှင့် စစ်သားတစ်ဦး၏ အားကောင်းလှသော အရှိန်အဝါတို့ကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။

ယဲ့ရှောင်ရှောင်က မိတ်ဆက်ပေးသည်။

“ဒါငါ့ကောင်လေးလေ”

ချူးယွင်ရှောင်က လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်ပါသည်။

“တွေ့ရတာဝမ်းသာပါတယ်”

လုဟန်ချွမ်ကလည်း လက်ဆွဲနှုတ်ဆက်ခဲ့သည်။

“ဝမ်းသာပါတယ်”

ယခင်က စားသောက်ဆိုင်တစ်ဆိုင်တွင် နေ့လယ်စာအတူတူစားဖူးသဖြင့် လုဟန်ချွမ်ကို စွန်းကျန့်ယောင် ရင်းနှီးနေပါသည်။

“အားလုံးအသင့်ဖြစ်ပြီလား ရှောင်ရှောင်”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“စိတ်ချပါ ဆရာကြီး၊ သမီးအားလုံး ပြင်ဆင်ပြီးပါပြီ”

အရေးအကြီးဆုံးမှာ လုဟန်ချွမ်ပေးထားသည့် နိုင်ငံခြားငွေအားလုံးကို ယဲ့ရှောင်ရှောင် ယူဆောင်လာခဲ့ပါသည်။

အခြားသူများက မည်မျှယူဆောင်လာသည်ကို မသိနိုင်သော်လည်း လုဟန်ချွမ်ပေးထားသည့် ပမာဏက မတန်တရာ များပြားလွန်းသည်။

နိုင်ငံခြားသို့ ရောက်လျှင်ပင် သူဌေးမလေးတစ်ဦးပမာ ဆက်နေနိုင်မည်ဟု ယဲ့ရှောင်ရှောင် အသေအချာ ယုံကြည်နေပါသည်။

ခွဲခွာရမည့် နောက်ဆုံးအချိန်တွင် ယဲ့ရှောင်ရှောင် စိတ်မထိန်းနိုင်ဘဲ အမှန်တကယ် ငိုမိခဲ့သည်။

လေယာဉ်ပေါ်တက်ဖို့ လက်မှတ်စစ်ဆေးခြင်းလုပ်ငန်းများ စတင်နေပြီဖြစ်၍ လုဟန်ချွမ်ကို နောက်ဆုံးအကြိမ် တင်းတင်းကျပ်ကျပ် ပွေ့ဖက်နှုတ်ဆက်ပြီး လှည့်ထွက်လာခဲ့ရတော့သည်။

လုဟန်ချွမ်မှာ မလှုပ်မယှက်ငြိမ်သက်စွာ ကျန်ရစ်ခဲ့ပြီး အခြားခရီးသည်များအကြား တိုးဝင်ပျောက်ကွယ်သွားသော ယဲ့ရှောင်ရှောင်ကို ငေးကြည့်နေခဲ့သည်။

အခြားမိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသော်လည်း လုဟန်ချွမ်တစ်ယောက်တည်း မပြန်နိုင်သေးဘဲ နောက်ဆုံးအချိန်ထိ ကျန်ရစ်ခဲ့ရှာသည်။

လေယာဉ်ပေါ်သို့ ရောက်သည့်တိုင်အောင် ယဲ့ရှောင်ရှောင် စိတ်အခြေအနေ မကောင်းသေးပေ။

သူမနှင့် ဘေးချင်းကပ်လျက်ထိုင်ရသည့် ကျားယုက သူမကို မျက်ရည်သုတ်ဖို့အတွက် လက်ကိုင်ပဝါတစ်ထည် ကမ်းပေးလိုက်ပါသည်။

ရှောင်ရှောင်က ရှိုက်သံပါပါ နှာသံလေးဖြင့် ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးပါ…”

ကျားယု: “နင်နဲ့ နင့်ကောင်လေးတို့က တော်တော်ချစ်ကြတဲ့ပုံပဲနော်”

“အင်း”

မျက်ရည်များဖြင့် သနားစရာကောင်းနေသည့် ယဲ့ရှောင်ရှောင်၏ မျက်နှာလေးကို ကြည့်ရင်း ကျားယု ထပ်မံ နှစ်သိမ့်ပေးချင်သော်လည်း ပြောစရာစကား ပျောက်ဆုံးနေပါသည်။

ကျားယုမှာ နဂိုကတည်းက နှစ်သိမ့်စကားပြောတတ်သူမဟုတ်သဖြင့် ခြောက်ခြောက်ကပ်ကပ် အကြံအချို့သာ ပေးနိုင်တော့သည်။

“မနေ့ညက ကောင်းကောင်းအိပ်မပျော်ခဲ့ဘူးမလား၊ အခုခဏလောက် အိပ်လိုက်လို့ရတယ်လေ”

ယဲ့ရှောင်ရှောင်ကမူ မနေ့ညက ကောင်းကောင်းအိပ်ပျော်ခဲ့ပါသည်။ ထို့ကြောင့်လည်း မနက်အိပ်ရာနိုးလာသောအခါ စိတ်ထိခိုက်လွယ်နေခြင်းပင် ဖြစ်သည်။

မည်သည့်ကြိုတင်ပြင်ဆင်မှုမှ မရှိဘဲ စိမ်းသက်သော အရပ်ဆီသို့ ရုတ်တရက် ခေါ်ဆောင်ခံလိုက်ရသကဲ့သို့ ခံစားချက်မျိုးပင်။

“နှစ်သိမ့်ပေးလို့ကျေးဇူးပါ”

ကျားယု: “… ရပါတယ်”

ယဲ့ရှောင်ရှောင်အကြောင်း ကျားယု ကောင်းကောင်းသိပါသည်။

အမှန်ဆိုရလျှင် ဆေးကျောင်းတစ်ခုလုံးတွင် ယဲ့ရှောင်ရှောင်အကြောင်း မသိသူက ရှားသည်။ ထိုကောင်မလေးမှာ အလွန်လှပသော်လည်း မာန်မာနမရှိဘဲ အမြဲတမ်း နူးညံ့သိမ်မွေ့စွာ နေထိုင်တတ်သူဟု နာမည်ကြီးသည်။

ပို၍ လေးစားစရာကောင်းသည်မှာ ယဲ့ရှောင်ရှောင်သည် ပညာရေးကဏ္ဍတွင်လည်း အလွန်ထူးချွန်ပြောင်မြောက်နေခြင်းပင်။

တရုတ်တိုင်းရင်းဆေးပညာမေဂျာတစ်ခုလုံးရှိ ကျောင်းသားများက ထူးချွန်ထက်မြက်ကြသူများ ဖြစ်ကြသော်ငြား ယဲ့ရှောင်ရှောင်၏ အစွမ်းအစကိုမူ မည်သူမှ မေးခွန်းမထုတ်ရဲကြပေ။

အဘက်ဘက်မှ ပြည့်စုံသည့် အလှပန်းလေးတစ်ပွင့်ဖြစ်သဖြင့် သူမတွင်ချစ်သူရည်းစားရှိပြီးသားဟူသော ကောလဟာလများသာ အစောကြီးကတည်းက ထွက်မလာခဲ့လျှင် သူမကို လိုက်လံပိုးပန်းမည့်လူများအား တန်းစီခိုင်းလိုက်ပါက ကျောင်းရှေ့ဂိတ်ဝမှသည် ကျောင်းနောက်ဂိတ်ဝအထိ ရှည်လျားနေပေလိမ့်မည်။

ကျားယုတစ်ယောက် အတွေးများနက်နဲနေစဉ် ယဲ့ရှောင်ရှောင်ကမူ စိတ်ခံစားချက်များကို ပြန်လည်ထိန်းသိမ်းပြီး ဘေးနားက ကောင်မလေးကို စတင်အကဲခတ်လေတော့သည်။

ကျားယုတွင် သိုးမွေးကောက်ကဲ့သို့ သဘာဝအတိုင်း လှပစွာ လိပ်ခွေနေသည့် ဆံနွယ်ရှည်များ ရှိသဖြင့် အလွန်ခေတ်မီဆန်းပြားသော ဖက်ရှင်အသွင်ကို ပေးစွမ်းနေသည်။

အသားအရေက ဖြူဖွေးလှသည် မဟုတ်သော်လည်း ချောမွေ့ဝင်းပနေပြီး မျက်နှာပေါ်တွင်လည်း ဆယ်ကျော်သက်အရွယ်များ ကြုံတွေ့ရလေ့ ရှိသည့် ဝက်ခြံဖုလေးတစ်ဖုမျှပင် မတွေ့ရချေ။

သတိထားမိစရာအကောင်းဆုံးမှာ ကျားယု၏ တည်ငြိမ်ရင့်ကျက်လှသော စိတ်နေစိတ်ထားပင်။

နိုင်ငံခြားသို့ ပထမဆုံးအကြိမ် သွားရောက်ရမည်ဖြစ်၍ လူတိုင်း စိုးရိမ်ပူပန်စိတ်ရှိနေကြသော်ငြား ကျားယုကမူ အလွန်တည်ငြိမ်နေသည့်အပြင် သူများကိုပါ နှစ်သိမ့်စကား ပြောပေးနေပါသေးသည်။

လက်ရှိတွင်တော့ အတန်းဖော်ကျားယုမှာ အတော်လေး နှစ်လိုဖွယ်ကောင်းသည့် လူတစ်ဦးဖြစ်နိုင်သည်ဟု ယဲ့ရှောင်ရှောင် သုံးသပ်မိလေသည်။

သို့သော် ယဲ့ရှောင်ရှောင် မသိခဲ့သည်မှာ ကျားယုသည် ရုပ်ရည်ချောမောသည့် လူများကိုသာ ဂရုစိုက်တတ်သည်ဆိုသည်ကိုပင်။

ဘေးတွင်ထိုင်ငိုနေသူက ယဲ့ရှောင်ရှောင်မဟုတ်ဘဲ အခြားသူတစ်ယောက်ယောက်သာ ဖြစ်နေခဲ့လျှင် ကျားယု ဤမျှ သဘောကောင်းပေးနေမည် မဟုတ်လောက်ပေ။

အလှလေးတစ်ယောက် သနားစရာကောင်းစွာ ငိုကြွေးနေခြင်းနှင့် သာမန်လူတစ်ယောက် စိတ်ရှုပ်စရာကောင်းအောင် ဆူညံနေခြင်းတို့အကြားတွင် ကွာခြားချက် ကြီးမားလှသည် မဟုတ်ပါလား။

တရုတ်နိုင်ငံမှ ဩစတြေးလျသို့ ကီလိုမီတာပေါင်း ၁၅,၀၀၀ ခန့် ပျံသန်းရပါသည်။ နာရီ ၂၀ ခန့်ကြာသောအခါ ဩစတြေးလျနိုင်ငံ H မြို့တော်တွင် လေယာဉ်ဆိုက်ကပ်ခဲ့သည်။

ယဲ့ရှောင်ရှောင်တို့အဖွဲ့ ခရီးဆောင်အိတ်ကိုယ်စီဖြင့် လေဆိပ်ထဲမှ ထွက်လာခဲ့ကြပါသည်။

မြင်ရသမျှ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရွှေဝါရောင်ဆံပင်များနှင့် ဖြူဖွေးသော အသားအရေရှိသည့် နိုင်ငံခြားသားများကိုသာ တွေ့နေရပြီး နားမလည်နိုင်သော စကားများကို ပြောဆိုနေကြသည်။

ပန်းတိုင်သို့ ဘေးကင်းလုံခြုံစွာ ဆိုက်ရောက်ခဲ့ပြီဖြစ်သော်လည်း ယခုအခါ သူတို့အားလုံးသည် လုံးဝ စိမ်းသက်လှသော နိုင်ငံခြားမြေသို့ ရောက်ရှိလာခဲ့ကြပါပြီ။

ပညာဖလှယ်ကျောင်းသား စုစုပေါင်း ၂၃ ယောက်သား အတူတကွ စုဝေးကာ မတ်တပ်ရပ်နေကြသည်။

ချူးယွင်ရှောင်က အားလုံးကို လျှောက်မသွားကြဖို့ မှာကြားလိုက်ပါသည်။

“ငါတို့ကို စီနီယာကျောင်းသားတွေနဲ့ ဆရာတွေလာကြိုမှာ၊ ဆိုင်းဘုတ်တွေ လိုက်ရှာကြရအောင်”

အမှန်တကယ်ပင် လေဆိပ်ထွက်ပေါက်တွင် ကြိုဆိုစာတန်းများ ကိုင်ဆောင်ကာ အသင့်စောင့်ကြိုနေကြသည့် လူအမြောက်အများ ရှိနေပါသည်။

“ဟိုမှာ!”

ယဲ့ရှောင်ရှောင် လက်ညှိုးထိုးပြလိုက်သည်။ ဆိုင်းဘုတ်များပေါ်ရှိ စာလုံးများက တရုတ်စာလုံးများဖြစ်နေခြင်းကြောင့် မြင်သာထင်သာရှိလှပေသည်။

All Chapters