အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
Chapter 151
ပြင်းထန်သောတိုက်ပွဲ
တိုက်ပွဲအလယ်တွင် ရေနတ်ဘုရားသည် တိုက်ပွဲအနေအထားကို အကဲခတ်လိုက်သည်။ ၎င်းတို့တွင် ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူ ၆ယောက်ရှိနေသော်လည်း အနည်းငယ်မျှပင် အသာစီးမရခဲ့ကြချေ။ သံမဏိလင်းယုန်နှင့် တွမ့်ခုန်းမင်တို့မှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်နေကြသည်။ အစွမ်းထက်ဆုံးနည်းပြနှစ်ယောက်ဖြစ်သည့် ကျန်းဇီခွမ်းနှင့် မုချိုးလီတို့ကို ရင်ဆိုင်နေရသဖြင့် ၎င်းတို့သည် ဆက်တိုက်နောက်ဆုတ်ပေးနေရပြီး မနည်းတောင့်ခံထားရသည်။
အကယ်၍ မုချိုးလီသည် ဝမ်ရှန်းနှင့် အခြားသူများကို ကာကွယ်ရန် အစောပိုင်းက ခေတ္တနောက်ဆုတ်ပေးခြင်းမရှိခဲ့ပါက ၎င်းတို့ ခဏတာအသက်ရှူချောင်လိမ့်မည်မဟုတ်ပဲ သူ၏ မိုးကြိုးနှင့် မီးမန္တန်အဆောင်များဖြင့် သံမဏိလင်းယုန်ကို သတ်ဖြတ်ပြီးလောက်ပြီ ဖြစ်သည်။
အကျိုးအမြတ်အတွက်သာကူညီရန် ရောက်လာခဲ့သော ကျိရှောင်းယောင်သည် သူမ၏အသက်ကို စွန့်စားရန် ရည်ရွယ်ချက်မရှိချေ။ သူမသည် အချိန်မရွေးထွက်ပြေးရန်ပြင်ဆင်ရင်း ကမ်းခြေဘက်သို့ စတင်ရွှေ့လျားနေပြီ ဖြစ်သည်။
သို့သော် ရေနတ်ဘုရားကို စိတ်ပျက်စေဆုံးအချက်မှာ သံမဏိနတ်ဘုရားဖြစ်သည်။ သူနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော် တိုက်ပွဲဝင်ခဲ့သဖြင့် သူ မည်မျှအစွမ်းထက်သည်ကို သူမကောင်းစွာသိထားသည်။ သို့သော်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်သော မုဝမ်ရွှမ်းသည် သူ့ကို အောင်မြင်စွာ တားဆီးထားနိုင်ခဲ့၏။ ထိုက်ကျိသိုင်း၏ ယင်ယန်ချီများကြားတွင် ပိတ်မိနေသဖြင့် သူသည် သူ၏ ပုံရိပ်ယောင်အမြုတေကို အစွမ်းကုန်လည်ပတ်စေသော်လည်း ရှေ့တိုးရန် သို့မဟုတ် နောက်ဆုတ်ရန် ခက်ခဲနေဆဲဖြစ်သည်။
ယင်နှင့်ယန်သည် ဟန်ချက်ညီစွာ စီးဆင်းနေပြီး ကောင်းကင်နှင့် မြေပြင်ကို ပြောင်းလဲစေသည်။ သူမသည် သူမ၏ နုနယ်သော လက်များကို လေကဲ့သို့ လှုပ်ရှားစေကာ လှုပ်ရှားမှုတစ်ခုတည်းဖြင့် ပေါင်ချိန်ထောင်ချီသော ခွန်အားကို လွှဲပြောင်းပေးနေခဲ့သည်။
“ဒီအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက်က ငါတို့ကို ဘာလို့ ဒီလောက်ဒုက္ခပေးနေရတာလဲ”
ရေနတ်ဘုရားသည် စိတ်ပျက်မှုလှိုင်းလုံးကြီးကို ခံစားလိုက်ရသည်။ အဆိုးဆုံးအချက်မှာ ထိုသူများကို ကျွန်းပေါ်သို့ လာခွင့်ပြုရန် သဘောတူခဲ့သူမှာ သူမကိုယ်တိုင်ဖြစ်နေခြင်းပင်။
ယခုအချိန်တွင် မြေနတ်ဘုရားသည် ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ သို့သော် ထိုသောက်ကျိုးနည်းဓားကျင့်ကြံသူသည် မမျှော်လင့်ထားဘဲ ဖမ်းရဆုပ်ရခက်ခဲနေခဲ့သည်။ မြေနတ်ဘုရားသည် ရေပြင်ထက်တွင် လှုပ်ရှားရသဖြင့် အားနည်းချက်ရှိနေပြီဖြစ်ရာ ယခုအချိန်တွင် ထိုဓားကျင့်ကြံသူသည် သဲဝါမုန်တိုင်းထဲမှလည်း ရုန်းထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ရေနတ်ဘုရားသည် ကောက်ကျစ်သောအကြံတစ်ခုကို ရရှိသွားခဲ့သည်။ ရန်သူ၏ စိတ်ဓာတ်ကို ပျက်ပြားစေရန်အတွက် သူမသည် မိုင်ပေါင်းများစွာအထိ အသံလွှင့်လိုက်၏။
“နတ်ဘုရားငါးပါးဂိုဏ်းရဲ့ တပည့်တွေ သာမန်လူတွေအားလုံးကို သတ်ပစ်ကြ။ ဘယ်သူ့မှ ချန်မထားနဲ့”
ထို့နောက်တွင် ကျွန်းအတွင်းပိုင်းမှ ရှည်လျားသော လေချွန်သံအချို့ ထွက်ပေါ်လာတော့သည်။ ခဏအကြာတွင် ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူအများအပြား၏ စွမ်းအင်လှိုင်းများသည် ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ထိုးတတ်သွားပြီး ပင်လယ်မိုးကုတ်စက်ဝိုင်းတွင် လူရိပ်များပေါ်လာခဲ့သည်။ ကျင့်ကြံသူလှိုင်းလုံးကြီးသည် တိုက်ပွဲထံသို့ အပြေးအလွှားရောက်ရှိလာကြပြီ ဖြစ်သည်။
ကျွန်း၏ အနက်ရှိုင်းဆုံးနေရာတွင် တိုက်ခိုက်ရေးသမားရာပေါင်းများစွာသည် နည်းပြငါးယောက်၏နောက်မှလိုက်ပါရင်း ကမ်းခြေသို့ ပြေးဝင်လာကြသည်။ တစ်ချိန်တည်းမှာပင် ပင်လယ်ပြင်ထက်၌ ဆံပင်ဖြူနှင့် တတာအိုအကြီးအကဲ ၇ယောက်သည် လှိုင်းလုံးများကို ဖြတ်ကျော်ကာ လျှောက်လှမ်းလာကြပြီး ၎င်းတို့၏နောက်တွင် လမ်းမှန်ကျင့်ကြံသူ ၁၀၀ကျော်က ကပ်၍ လိုက်ပါလာကြသည်။ ရဟတ်ယာဉ် ဒါဇင်ပေါင်းများစွာ အမြန်ရေယာဉ် ၁၀၀ကျော်နှင့် ကုန်းရေနှစ်မျိုးသုံးသံချပ်ကာယာဉ် ဒါဇင်ပေါင်းများစွာတို့သည်လည်း ကျွန်းကို လုံးဝဝိုင်းရံထားလိုက်ကြပြီ ဖြစ်သည်။
ချီလင်းကို ထမ်းထားဆဲဖြစ်သော ဝမ်ရှန်းသည် ရန်သူက သူ့ကို လိုက်မဖမ်းတော့သည်ကို သိလိုက်ရသည့်တိုင်အောင် ဆက်တိုက်ပြေးနေခဲ့သည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဖေးလျန်ဇီသည် ရေပြင်ထက်တွင် မြေနတ်ဘုရားနှင့် တိုက်ပွဲဖြစ်ပွားနေသည်ကို တွေ့လိုက်ရ၏။ ဖေးလျန်ဇီ၏ ဓားပျံသည် ရှေ့နောက်ဝဲယာပျံသန်းရင်း ထိုးနှက်နေသော်လည်း သူ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာနေခဲ့သည်။
ကျိရှောင်းယောင်မှလွဲ၍ မိစ္ဆာကျင့်ကြံသူအားလုံးသည် နောက်ဆုတ်ခြင်းမရှိတော့ဘဲ ၎င်းတို့တွင် ရှိသမျှ စွမ်းအားအကုန်ထုတ်ကာ တိုက်ခိုက်နေကြပြီဖြစ်သည်။
“မိစ္ဆာကျင့်ကြံသူတစ်ယောက်မှ လွတ်မသွားစေနဲ့။ တကယ်လို့ တစ်ယောက်လွတ်သွားရင် ဒီမှာရှိတဲ့လူတွေအားလုံး မင်းတို့ရဲ့ကျင့်ကြံခြင်းကို မင်းတို့ကိုယ်တိုင်ဖျက်ဆီးပစ်ကြရမယ်”
ကျန်းဇီခွမ်းက အော်ဟစ်လိုက်ရာ သူ၏စကားသံများသည် တိုက်ပွဲတစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။
ဝမ်ရှန်း၏ စိတ်နှလုံးထဲမှ ထိတ်လန့်သွားရသည်။ အကယ်၍ မိစ္ဆာကျင့်ကြံသူတစ်ဦးဦးက ၎င်းတို့ကို ဖြတ်ကျော်သွားနိုင်ပါက ၎င်းတို့အတွက် ကပ်ဘေးတစ်ခုဆိုက်ရောက်လာပေလိမ့်မည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သူသည် အနီးနားရှိ အမြန်ရေယာဉ်တစ်စီးကို တွေ့ရှိသွားခဲ့သည်။ သူသည် ချက်ချင်း ပြေးသွားပြီး ချီလင်းကို ထိုအထဲတွင် ချထားလိုက်၏။ တည်ငြိမ်သောမျက်နှာထားကို ထိန်းထားရန် ကြိုးစားနေသည့် ချီလင်းသည် ဆက်လက်အောင့်ထားနိုင်ခြင်းမရှိတော့ဘဲ ရှေ့သို့ ကိုင်းကာ ပျို့အန်နေလေသည်။
“ဆရာကတော် ကျွန်တော် ကူညီဖို့ ပြန်သွားတော့မယ်”
“နေ... ဝေါ့... သတိထားဦး”
ဝမ်ရှန်းသည် လှည့်၍ ရေပြင်ထက်ကို ဖြတ်သန်းပြေးလွှားရင်း မြေနတ်ဘုရားထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့သည်။ သူ နီးကပ်သွားစဉ်မှာပင် ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ခုကြောင့် ဖေးလျန်ဇီ လွင့်စင်သွားခဲ့ရ၏။ ထို့နောက် မြေနတ်ဘုရားသည် ဝမ်ရှန်းထံသို့ ပြေးဝင်လာရာ ဝမ်ရှန်းအတွက် ရန်သူ့ထံသို့ တိုးကပ်သွားရန်ပင် မလိုတော့ချေ။
ယခုအခါ ပုံရိပ်ယောင်အမြုတေအဆင့်ပညာရှင်တစ်ဦးကို ထိပ်တိုက်ရင်ဆိုင်ရပြီဖြစ်၍ ဝမ်ရှန်းသည် သူ၏ကျောတွင် ချိတ်ဆွဲထားသော ဓားအိမ်၏ လက်ဗွေရာသော့ပေါ်သို့ သူ၏ ညာဘက်လက်ကို ဖိကပ်လိုက်သည်။ ညင်သာသော ကလစ်ခနဲမြည်သံနှင့်အတူ ဓားသေတ္တာက ပွင့်သွားခဲ့၏။ ဓားရိုးသည် မီတာဝက်ခန့်အထက်သို့ ပျံတက်လာပြီး ဝမ်ရှန်းသည် ၎င်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ဝိညာဉ်မဲ့ဓားသည် ၎င်း၏ ဓားအိမ်ထဲမှ ထွက်ပေါ်လာချေပြီ။
ငြိမ်သက်နေသော ညနေခင်းဒီရေအလယ်တွင် ဝိညာဉ်မဲ့ဓားသည် ညင်သာစွာ မြည်ဟည်းနေ၏။ သဲဝါများက ရုတ်တရက် လေထုထဲ၌ ပြည့်နှက်သွားပြီး အောင်ပွဲခံလိုသော ရယ်မောသံတစ်ခုနှင့် ဆုံတွေ့သွားခဲ့သည်။
ကမ္ဘာဦးချီများ၏ ပြင်းထန်သော လှုပ်ခတ်မှုများကြောင့် လေထုကို မတည်မငြိမ်ဖြစ်စေကာ လေပြင်းများတိုက်ခတ်လာသည်။ မိုးကြိုးများခြိမ်းပြီး မီးလျှံများတောက်လောင်လာ၏။ ဒေါသတကြီးအော်ဟစ်သံများသည် စစ်တလင်းတစ်ခုလုံး၌ ဟိန်းဟောက်နေပြီး လေပွေများသည် အရပ်မျက်နှာအနှံ့သို့ တိုးဝင်နေခဲ့သည်။ ပင်လယ်ပြင်ထက်၌ ကျယ်ပြောလှသော ကြယ်ရောင်စုံမိုးကောင်းကင်ကြီးကို ထင်ဟပ်နေသည့် ပင်လယ်ဝါကမ်းခြေတွင် ကမ္ဘာဦးချီများပြန်လည်နိုးထလာပြီးနောက်ပိုင်း ကျင့်ကြံခြင်းလောက၏ ပထမဆုံးသောတိုက်ပွဲကြီးက ပေါက်ကွဲထွက်လာချေပြီ။
ကမ္ဘာဦးချီများ ပြန်လည်ရောက်ရှိလာသောအခါ ဆယ်စုနှစ်တစ်ခု သို့မဟုတ် ဆယ်စုနှစ်အနည်းငယ်မျှ ကျင့်ကြံခဲ့ကြသော ကျင့်ကြံသူများသည် မယုံနိုင်လောက်အောင် လျင်မြန်သောအရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့၏ အစစ်မှန်ချီများကို သန့်စင်ကြပြီး ဝိညာဉ်အသိစိတ်များကို စုစည်းကာ တာအိုအမြုတေကိုဖြစ်တည်စေခဲ့ကြ၏။ ထို့နောက်တွင်မူ ပုံရိပ်ယောင်အမြုတေကို ဖွင့်လှစ်နိုင်ခဲ့ကြပြီး ယခုအခါ ၎င်းတို့၏ တာအိုအတတ်ပညာများကို အသုံးပြုကာ အသက်နှင့်လဲ၍ တိုက်ခိုက်နေကြသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ နည်းပြများသည် တာအိုဂိုဏ်းအသီးသီးမှ ရောက်ရှိလာကြသူများဖြစ်သဖြင့် ယခုတိုက်ပွဲကို လမ်းမှန်ကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများအကြား ပထမဆုံးသောထိပ်တိုက်ရင်ဆိုင်မှုဟု သတ်မှတ်နိုင်ပေသည်။
ထိုသူများထဲတွင် မုဝမ်ရွှမ်းသည် အတောက်ပဆုံးဖြစ်နေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ သူမသည် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ယင်ယန်ချီ၏ နက်နဲသောလျှို့ဝှက်ချက်များကို အသုံးပြုကာ မိစ္ဆာကျင့်ကြံသူများထဲမှ အကြီးအကဲတစ်ယောက်ဖြစ်သော သံမဏိနတ်ဘုရားကို တစ်ယောက်တည်းနှင့် တားဆီးထားနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်၌သာရှိသေးသော်လည်း ဝမ်ရှန်းသည် သူ၏ဓားတစ်လက်တည်းဖြင့် မိစ္ဆာကျင့်ကြံသူအများအပြားကို ထိပ်တိုက်ရင်ဆိုင်နေခဲ့၏။
ရှူဓားဂိုဏ်းမှ ဖေးလျန်ဇီမှာမူ... အတော်အသင့်တောင့်ခံနိုင်နေသည်။ သူသည် နှစ်ပေါင်းနှစ်ဆယ်၊ သုံးဆယ်မျှ ကျင့်ကြံခဲ့သော်လည်း သူ၏တာအိုနယ်ပယ်မှာ ပုံရိပ်ယောင်အမြုတေအဆင့်ပညာရှင်တစ်ဆယ်ယောက်ထက် နိမ့်ပါးနေသေး၏။ ထို့အပြင် မုဝမ်ရွှမ်းကဲ့သို့ ထူးခြားလှသော ပါရမီမျိုးလည်းမရှိချေ။ ထို့ကြောင့် သူသည် လူငယ်ကျင့်ကြံသူနှစ်ယောက်ကို ပိုမိုတောက်ပစေရန် ပံ့ပိုးပေးရသည့် အခန်းကဏ္ဍတွင်သာရှိနေခဲ့သည်။
၎င်းတို့နှင့် မတူသည်မှာ သူသည် လူငယ်တစ်ယောက်ဟုအခေါ်ခံရရန် ခက်ခဲလှပေသည်။
ဝမ်ရှန်းက ဝိညာဉ်မဲ့ဓားကို မဆင့်ခေါ်မီကတည်းက တိုက်ပွဲ၏ ရလဒ်မှာ ဆုံးဖြတ်ပြီးသားဖြစ်နေခဲ့ပြီဖြစ်သည်။ မိစ္ဆာကျင့်ကြံသူများသည် ၎င်းတို့၏ နောက်ဆုံးမျှော်လင့်ချက်ကို မြေနတ်ဘုရားထံတွင် ပုံအောထားကြပြီး ထိုသူက ချီလင်းကို ဖမ်းဆီးနိုင်လိမ့်မည်ဟု ယုံကြည်နေကြ၏။
ထို့ကြောင့် ဝမ်ရှန်းအတွက် အခြေအနေမှာ အလွန်ရိုးရှင်းသွားခဲ့သည်။ သူသည်မြေနတ်ဘုရားကို ခဏမျှအချိန်ဆွဲထားနိုင်ရန်သာလိုအပ်ပြီး ထိုသို့ဆိုလျှင် တိုက်ပွဲမှာ သေချာပေါက်အောင်ပွဲရရှိမည် ဖြစ်သည်။ အခြားအရာများမှာ အရေးမကြီးတော့ချေ။
ခုနှစ်စင်ကြယ်ခြေလှမ်း— ကြယ်တာရာများ ထပ်တူပေါင်းစည်းခြင်း၊၊
သူသည် ဓားကို ကိုင်စွဲကာ လှိုင်းလုံးများကို ဖြတ်ကျော်ပြေးလွှားလိုက်သည်။ ဓားသွားသည် ကြယ်ရောင်စုံကောင်းကင်ကြီးကို ထင်ဟပ်နေပြီး ရေပြင်ထက်တွင် ဖျော့တော့သော လမ်းကြောင်းတစ်ခုကို ချန်ရစ်ထားခဲ့၏။
မြေနတ်ဘုရား၏ မျက်နှာတွင် ဒေါသအခိုးငွေ့များပြည့်နှက်သွားသည်။ သူ၏ ပုံရိပ်ယောင်အမြုတေသည် လျင်မြန်စွာလည်ပတ်သွားပြီး သဲတိမ်တိုက်တစ်ခုကို ဝှေ့ယမ်းကာ ပင်လယ်ပြင်ထက်သို့ ဖြတ်သန်းထုတ်လွှတ်လိုက်ပြီး ဝမ်ရှန်းကို ပိတ်ဆို့ရန် ကြိုးစားလိုက်၏။ ဖေးလျန်ဇီသည် ထိုအကွက်ကြောင့်ပင် နှစ်ကြိမ်တိုင်တိုင်အရေးနိမ့်ခဲ့ရပြီး ယခုထိ ရုန်းထွက်နိုင်ခြင်းမရှိသေးချေ။
ဝမ်ရှန်းက ရှေ့သို့ ထိုးနှက်လိုက်ရာ ဝိညာဉ်မဲ့ဓားထံမှ နှစ်လက်မခန့်ရှိသော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ကျရောက်လာသော သဲများကို ထိုးခွဲပစ်လိုက်သည်။ ထိုအချိန်မှာပင် သူသည် သူ၏ခြေဖဝါးအောက်ရှိ အစစ်မှန်ချီများများကို လုံးဝဖယ်ရှားလိုက်ပြီး ပင်လယ်ထဲသို့ ငုပ်လျှိုးသွားခဲ့၏။ ပစ်မှတ်ပျောက်ဆုံးသွားသဖြင့် တိုက်ခိုက်လာသော သဲဝါမုန်တိုင်းသည် ရေပြင်ထက်ကိုသာ ရိုက်ခတ်သွားပြီး မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိတော့ချေ။
ဝုန်း။
ဝမ်ရှန်းသည် ရေပြင်ထက်သို့ ပြန်လည်ပေါ်ထွက်လာပြီး လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏လက်ထဲတွင် ဓားသည် တုန်ခါသွားပြီး ဓားချီလှိုင်းများသည် စူးရှသောအသံများနှင့်အတူ မြေနတ်ဘုရားထံသို့ တုံ့ပြန်တိုက်ခိုက်ရန် ပြေးဝင်သွားတော့၏။ သို့သော် မြေနတ်ဘုရားကို ဖုံးအုပ်ထားသော ဝါကျင့်ကျင့်အလင်းတန်းသည် အနည်းငယ်တောက်ပသွားပြီး တိုက်ခိုက်မှုကို လုံးဝချေဖျက်ပစ်လိုက်သည်။
၎င်းတို့အကြားရှိ အဆင့်အတန်း ကွာဟချက်မှာ ယခုအခါ သိသာထင်ရှားနေခဲ့ပြီဖြစ်သည်။ သို့သော် ဝမ်ရှန်းသည် နောက်ဆုတ်မည့်အစား ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး ၎င်းတို့အကြားရှိ အကွာအဝေးကို ကျုံ့ကာ အနီးကပ်တိုက်ပွဲအတွက် ပြင်ဆင်လိုက်၏။
မြေနတ်ဘုရားသည် သူ၏လက်ဝါးထဲတွင် သဲလုံးတစ်လုံးကို ဖန်တီးကာ အောက်သို့ ဖိချလိုက်သည်။ ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးချီများသည် ထိုအထဲသို့ လျင်မြန်စွာ စုပ်ယူခြင်းခံလိုက်ရပြီး ဝမ်ရှန်းကိုပါ ကြီးမားသော အင်အားဖြင့်ဆွဲငင်လိုက်တော့သည်။
အကယ်၍ ဝမ်ရှန်းသည် ၎င်းကို ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒဖြင့် တုံ့ပြန်ခဲ့ပါက တိုက်ကွက်ကို ဖျက်ဆီးနိုင်မည့် အခွင့်အရေး ရာခိုင်နှုန်း ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှိပေလိမ့်မည်။ သို့သော် သူသည် သာမန်ထက်ထူးခြားသော နည်းလမ်းကို ရွေးချယ်ခဲ့၏။ ခုနှစ်စင်ကြယ်ဓားဆန္ဒကို အသုံးပြုကာ ရှေ့သို့ တိုးဝင်လိုက်ပြီး သူ့ကို ဆွဲငင်နေသော အင်အားကို အသုံးချ၍ ဝိညာဉ်မဲ့ဓားဖြင့် ရန်သူ့လည်မျိုသို့ ဦးတည်ထိုးနှက်လိုက်သည်။
ထိုတိုက်ကွက်တွင် မလိုအပ်သော ပြောင်းလဲမှုများမပါဝင်ချေ။ ၎င်းမှာ အရှိန်နှုန်းနှင့် တိကျမှုသက်သက်သာဖြစ်သည်။
မြေနတ်ဘုရားက လှောင်ပြုံးလိုက်သည်။ အကယ်၍ သူ၌ စကားပြောရန် အချိန်ရှိခဲ့ပါက “မင်းရဲ့ နာမည်ကျော်ကြားမှုက အပိုတွေပဲ၊၊ ဝူတန်းရဲ့ ခုနှစ်စင်ကြယ်ဓားသိုင်းက ဘာမှမဟုတ်ပါဘူး” ဟု နှာခေါင်းရှုံ့လှောင်ပြောင်မိပေလိမ့်မည်။
သူသည် မသိစိတ်အရ ရှောင်တိမ်းရန် ခေါင်းကို စောင်းလိုက်ပြီး သူ၏ အစစ်မှန်ချီများနှင့် အပြည့်အဝဖုံးအုပ်ထားသော ဘယ်လက်ဖြင့် ဓားသွားကို ဖမ်းဆွဲရန် လက်လှမ်းလိုက်၏။ ဝိညာဉ်မဲ့ဓားသည် လျင်မြန်လှသော်လည်း ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၏ တုံ့ပြန်မှုမှာလည်း ထပ်တူလျင်မြန်လှပေသည်။
ဓားရှည်ကို မိမိရရဆွဲကိုင်မိသွားပြီးနောက် သူသည် သူ၏ ညာလက်ထဲသို့ အစစ်မှန်ချီများကို အပြည့်အဝထည့်သွင်းကာ ဝမ်ရှန်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သို့သော် ဝမ်ရှန်းသည် တုန်လှုပ်ခြင်းမရှိချေ။ သူသည် မယုံနိုင်လောက်အောင် တည်ငြိမ်နေပြီး ထိုအရာအားလုံးမှာ သူ့အတွက် အရေးမကြီးသကဲ့သို့ရှိနေခဲ့၏။
တစ်ခုခုတော့ မှားနေပြီ…။
Chapter 152
ဝိုင်းရံပိတ်ဆို့ခြင်း
မြေနတ်ဘုရား၏ စိတ်ထဲတွင် ရုတ်တရက် တစ်ခုခုမှားနေသည်ဟူသောအတွေးက ရိုက်ခတ်သွားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူသည် ဝိညာဉ်မဲ့ဓား၏ ဓားသွားကို ဆုပ်ကိုင်ထားပြီးသား ဖြစ်နေ၏။ ဝမ်ရှန်းသည် သူ၏လက်ကောက်ဝတ်ကို ရုတ်တရက် လှည့်လိုက်ပြီး ဓား၏ထောင့်ကို ပြောင်းလဲကာ အလျားလိုက်ပိုင်းဖြတ်လိုက်သည်။ ထက်မြက်လှသော ဓားသွားသည် မြေနတ်ဘုရား၏ လက်မှ တွန့်ကောက်နေသော လက်ချောင်းလေးချောင်းနှင့် လက်မတစ်ဝက်ခန့်ကို တိကျစွာဖြတ်တောက်ပစ်လိုက်တော့၏။
ပြင်းထန်သော တုန်ခါမှုတစ်ခုသည် မြေနတ်ဘုရား၏ ပုံရိပ်ယောင်အမြုတေထံမှ ပေါက်ကွဲထွက်လာသည်။ သူသည် တောက်ပသော အဝါရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး ကြီးမားသောအင်အားတစ်ခုက ဝမ်ရှန်းကို နောက်သို့ လွင့်စင်သွားစေခဲ့၏။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ငါ့လက်ကို အစစ်မှန်ချီတွေနဲ့ သေချာဖုံးအုပ်ထားတာပဲကို...၊၊
မြေနတ်ဘုရားသည် သွေးချင်းချင်းနီနေသော သူ၏လက်ပြတ်ကို ဆုပ်ကိုင်ထားလိုက်သည်။ ဖြတ်တောက်ခံလိုက်ရသော လက်ချောင်းများ ပင်လယ်ထဲသို့ နစ်မြုပ်သွားသည်ကို ကြည့်ကာ သူသည် ဒေါသတကြီးအော်ဟစ်လိုက်လေ၏။
ဝမ်ရှန်းသည် ရေပြင်ထက်တွင် ခြေလှမ်းတစ်ဒါဇင်ခန့် ယိမ်းထိုးသွားပြီးနောက်တွင်မှ မနည်းဟန်ချက်ထိန်းလိုက်ရသည်။ သူ၏ရင်ဘတ်ထဲတွင် သွေးများဆူပွက်လာပြီး သွေးတစ်လုပ်အန်ထုတ်လိုက်ရ၏။
“ကျွန်တော် အဆင်ပြေတယ်”
သူ၏ စီနီယာအစ်မက သူ့ကြောင့် အာရုံမပျက်စေရန်အတွက် သူက ချက်ချင်းအော်ပြောလိုက်သည်။ ယခုအချိန်တွင် မုဝမ်ရွှမ်းသည် နာမည်ဆိုးဖြင့် ကျော်ကြားလှသော သံမဏိနတ်ဘုရားကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူသည် စစ်မှန်သောခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး အစောပိုင်းက သာမန်မိစ္ဆာကျင့်ကြံသူများကဲ့သို့ မဟုတ်ချေ။ အမှားအယွင်းဖြစ်၍မရပေ။
လက်ချောင်းများ ဆုံးရှုံးသွားရသဖြင့်မြေနတ်ဘုရားသည် သူ၏တည်ငြိမ်မှုအားလုံးကို ဆုံးရှုံးသွားခဲ့ကာ ဒေါသတကြီးကြုံးဝါးကာ ဝမ်ရှန်းထံသို့ တဟုန်ထိုးပြေးဝင်သွားသည်၊၊
“မင်းကို ငါသတ်မယ်… မင်းကို ရအောင်သတ်မယ်လို့ ငါကျိန်ဆိုတယ်”
သို့သော် သူ ရောက်မလာမီမှာပင် ဓားပျံတစ်လက်သည် လေထုထဲမှ မြည်ဟည်းလျက် ပြေးဝင်လာသည်။ ဖေးလျန်ဇီသည် နောက်ဆုံးတွင် ရုန်းထွက်နိုင်ခဲ့ပြီး အပြေးအလွှားရောက်ရှိလာခြင်းဖြစ်သည်။
“ဖေးယွီ ငါတို့ အတူတိုက်ရအောင်… သူ့ကို ထွက်ပြေးခွင့်မပေးနဲ့”
ဝမ်ရှန်းက ခေါင်းညိတ်လိုက်ပြီး ခုနှစ်စင်ကြယ်ခြေလှမ်းကို အသုံးပြုကာ ရှေ့သို့ တိုးဝင်လိုက်သည်။ ဝိညာဉ်မဲ့ဓားသည် မြည်ဟည်းသွားပြီး မြေနတ်ဘုရားကို နောက်တစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်လိုက်၏။ သူ နီးကပ်သွားစဉ်မှာပင် အစောပိုင်းကနည်းဗျူဟာကို ထပ်မံအသုံးပြုကာ ပင်လယ်ထဲသို့ ငုပ်လျှိုးသွားခဲ့ပြန်သည်။
မြေနတ်ဘုရားသည် ရေထဲတွင် ထိရောက်စွာ မလှုပ်ရှားနိုင်ချေ။ သူ၏ခြေလှမ်းသိုင်းနှင့် နည်းစနစ်များသည် သိသိသာသာအားနည်းသွားသဖြင့် သူသည် ဒေါသတကြီး ကျိန်ဆဲနေရုံမှတစ်ပါး အခြားမရှိတော့ချေ။
ဖေးလျန်ဇီသည် ဝမ်ရှန်းထံမှ သင်ခန်းစာရရှိသွားခဲ့သည်။ သူသည် ထိပ်တိုက်ရင်ဆိုင်ရုံသက်သက်မဟုတ်တော့ဘဲ မြေနတ်ဘုရား တိုက်ခိုက်လာသည့် အခါတိုင်း ရေထဲသို့ နောက်ဆုတ်သွားခဲ့သည်။ ဝမ်ရှန်းက ရန်သူ၏ အာရုံကို ဆွဲဆောင်လိုက်သည်နှင့်တစ်ပြိုင်နက် သူသည် ရေပြင်ထက်သို့ ပြန်လည်ပေါ်ထွက်လာပြီး ဘေးဘက်မှ တိုက်ခိုက်လေသည်။
ပင်လယ်ပြင်ကို ၎င်းတို့၏ နည်းဗျူဟာအဖြစ် အသုံးပြုကာ ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် လွယ်ကူစွာအကာအကွယ်ယူနိုင်ခဲ့ကြပြီး အရပ်မျက်နှာအနှံ့မှ ၎င်းတို့၏ တိုက်ခိုက်မှုများကို ဟန်ချက်ညီညီဖော်ထုတ်ခဲ့ကြ၏။
ဒေါသစိတ်များဖုံးလွှမ်းနေသော မြေနတ်ဘုရားသည် ကျယ်လောင်စွာအော်ဟစ်ရင်း ချီစွမ်းအင်လက်ဝါးများကို ပင်လယ်ထဲသို့ အဆက်မပြတ်ရိုက်ချလိုက်သည်။ သို့သော် သူ၏ တိုက်ခိုက်မှုများသည် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့ကို ထိခိုက်ရန်မဆိုထားနှင့် ခြစ်ရာတစ်ကြောင်းပင် မထင်စေခဲ့ချေ။
ထိုအချိန်တွင် ကျိရှောင်းယောင်က အသံလွှင့်ပညာကို အသုံးပြုကာ စစ်တလင်းတစ်ခုလုံးသို့ အော်ပြောလိုက်သည်။
“ဟေး မိတ်ဆွေတို့... ငါက ဒီကိုဖိတ်ခေါ်ခံရလို့ ရောက်လာတာပဲရှိတာပါ၊၊ အဲဒီလူတွေကို မညှာမတာသတ်ဖြတ်နေတာက သူတို့တွေပါ ငါမဟုတ်ဘူး… ငါဘယ်သူ့ကိုမှ မသတ်ရသေးဘူး၊၊ ဒါကြောင့် ငါ ဒီမှာဆက်မနေတော့ဘူးနော်”
ကျင့်ကြံသူအများအပြားသည် သူမရှိရာသို့ လှည့်ကြည့်လိုက်ကြရာ သူမသည် ပင်လယ်ကမ်းစပ်တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူမ၏ပြိုင်ဘက်ဖြစ်သော ယန်ကျန်းနန်သည် သဲပြင်ထက်တွင် ဒူးတစ်ဖက်ထောက်လျက် ရှိနေပြီး သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ထားကာ သွေးများ ကမ်းခြေထက်သို့ ဆက်တိုက် စီးကျနေခဲ့သည်။ ကျောက်စိမ်းဆံထိုးတစ်ချောင်းသည် သူ၏ကိုယ်တွင် စိုက်ဝင်နေပြီး သူ့ကို လှုပ်ရှား၍မရအောင်ချုပ်နှောင်ထားကာ မြစိမ်းရောင်အလင်းတန်းလေးများကို ထုတ်လွှတ်နေခဲ့၏။
ကျိရှောင်းယောင်က ရယ်မောလိုက်ပြီးနောက် ပင်လယ်ရေထဲသို့ တိုးဝင်ကာ ထွက်ပြေးရန် နောက်ဆုတ်လိုက်သည်။
ဝမ်ရှန်းကို ဓားတစ်လက်ငှားရမ်းပေးခဲ့ဖူးသော ချင်ယန်ဇီ၏ မိတ်ဆွေဟောင်း ယန်ကျန်းနန်သည် နာကျင်စွာဖြင့် ညည်းတွားလိုက်ပြီး ကျောက်စိမ်းဆံထိုးသည် ပြင်းထန်စွာ တုန်ခါသွားကာ အပြင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလာခဲ့သည်။ သူ၏မျက်လုံးများသည် ဒေါသကြောင့်သွေးရောင်လွှမ်းလာခဲ့၏။
ဘန်း၊၊
ကျိရှောင်းယောင် ပင်လယ်ထဲသို့ မရောက်မီမှာပင် တောအုပ်အတွင်းမှ သေနတ်သံတစ်ချက်ထွက်ပေါ်လာသည်။ သူမ တုန်ခါသွားပြီး ရေပြင်ထက်တွင် ဘေးဘက်သို့ လျှောတိုက်သွားခဲ့၏။ သူမ၏ သိပ်သည်းလှသော အစစ်မှန်ချီများသည် သေနတ်ကျည်ဆန်ကို လုံးဝပိတ်ဆို့ထားနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လူတစ်ယောက်သည် မီတာနှစ်ဆယ်၊ သုံးဆယ်ခန့် အကွာအဝေးမှ အလင်းတန်းတစ်ခုကဲ့သို့ ယန်ကျန်းနန်ကို ဖြတ်ကျော်ပြေးဝင်လာသည်။ သူသည် သူ၏ဓားရှည်ဖြင့် ကျိရှောင်းယောင်ကို ဆက်တိုက်ခုတ်ပိုင်းလိုက်ရာ စိမ်းဖျော့ဖျော့ဓားချီလှိုင်းသုံးခုသည် လေထဲမှတစ်ဆင့် သူမထံသို့ တိုးဝင်သွားတော့၏။
အကယ်၍ ဝမ်ရှန်း၌ လှည့်ကြည့်ရန် အချိန်ရှိခဲ့ပါက ထိုဓားသိုင်းပညာရပ်မှာ ဝူတန်း၏ ထိုက်ယီရွှေအင်မော်တယ်ဓားသိုင်းဖြစ်သည်ကို ချက်ချင်း မှတ်မိပေလိမ့်မည်။
“နင်တို့ အသေလိုက်ကိုက်တဲ့ဟာတွေ... အစိုးရမှာ ခွေးတွေ ဘယ်လောက်တောင်ရှိနေတာလဲ”
ကျိရှောင်းယောင်က ကျိန်ဆဲလိုက်သည်။ သူမသည် မိုးမခရွက်တစ်ရွက်ကဲ့သို့ လွင့်မျောသွားပြီး ဓားချီများကို ကပ်၍ရှောင်တိမ်းလိုက်၏။
သူမ ပင်လယ်ထဲသို့ ငုပ်လျှိုးရန် ပြင်လိုက်စဉ်မှာပင် ဓားကို ကိုင်စွဲထားသော နည်းပြသည် သူ၏ဓားကို ဝှေ့ယမ်းလိုက်ရာ ရေပြင်ထက်တွင် လှိုင်းတွန့်များဖြစ်ပေါ်လာသည်။ ဓားချီများသည် လှိုင်းလုံးများကို ဖြတ်တောက်ပစ်လိုက်ပြီး သူမ၏ ထွက်ပြေးမည့်လမ်းကြောင်းအားလုံးကို လုံးဝပိတ်ဆို့ထားလိုက်တော့၏။
တစ်ချိန်တည်းမှာပင် ပျံသန်းနေသော သိမ်းငှက်များကဲ့သို့ အခြားလူလေးယောက်သည် တောအုပ်အထက်မှ ပျံသန်းဆင်းသက်လာကြသည်။ နှစ်ယောက်သည် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့ထံသို့ ချက်ချင်းပူးပေါင်းလိုက်ကြပြီး အခြားတစ်ယောက်က ရေနတ်ဘုရားကို တိုက်ခိုက်ကာ နောက်ဆုံးတစ်ယောက်မှာမူ မုဝမ်ရွှမ်းကို ကူညီရန် ပြေးဝင်သွားခဲ့သည်။
ကျန်ရှိနေသော မိစ္ဆာကျင့်ကြံသူများ၏ မျက်နှာများလုံးဝပျက်ယွင်းသွားခဲ့လေသည်။
ရေနတ်ဘုရားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရိုးရှင်းသောလက်ဟန်တစ်ခုကို ချက်ချင်းဖွဲ့စည်းလိုက်သည်။ ထို့နောက်တွင် သူမသည် ပေါက်ကွဲမှုတစ်ခုကို ထုတ်လွှတ်လိုက်ပြီး အရပ်မျက်နှာအနှံ့သို့ ရေမြှားပေါင်းများစွာကို ပစ်ခတ်လိုက်တော့၏။
သူမကို ဝိုင်းညှပ်တိုက်ရန် ကြိုးစားနေသော နည်းပြနှစ်ယောက်မှာမူ အံ့အားသင့်ခြင်းမရှိဘဲ မျက်မှောင်ကြုတ်လိုက်ကြသည်။ ၎င်းတို့သည် ရောက်ရှိလာသော ရေမြှားများကို ချက်ချင်းကြားဖြတ်တားဆီးလိုက်ကြ၏။
“ဒါက ထွက်ပြေးတဲ့ နည်းစနစ်မဟုတ်ဘူး၊၊ အာရုံလွှဲတာသက်သက်ပဲ… သူမရဲ့ ခန္ဓာကိုယ်အစစ်က အဲဒီနေရာမှာတင် ရှိနေသေးတယ်” ကျန်းဇီခွမ်းက အော်ပြောလိုက်သည်။
နည်းပြနှစ်ယောက်သည် ချက်ချင်း လှည့်ပြန်လာကြသည်နှင့် ရေနတ်ဘုရားသည် ပြန်လည်ပေါ်ထွက်လာပြီဖြစ်၏။ သူမသည် မခိုးမခန့်ရယ်မောလိုက်ပြီးနောက် သူမခန္ဓာကိုယ်ကို ရေစီးကြောင်းတစ်ခုဖြင့်ဖုံးအုပ်ကာ ၎င်းတို့ကို ဖြတ်ကျော်ပြီး ပင်လယ်ပြင်ထက်သို့ လျင်မြန်စွာ ဦးတည်သွားတော့သည်။
“အားတိုင် ငါတို့...”
ရေနတ်ဘုရားသည် ရုတ်တရက် ထိုနေရာတွင်တင် အေးခဲသွားခဲ့သည်။ သူမသည် အံ့အားသင့်စွာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူမ၏ ခြေဖဝါးအောက်တွင် ထိုက်ကျိငါးနှစ်ကောင်—တစ်ကောင်မှာ အဖြူဖြစ်ပြီး အခြားတစ်ကောင်မှာ အမည်း—၎င်းတို့သည် စက်ဝိုင်းပုံစံအတိုင်း ဖြည်းညှင်းစွာကူးခတ်နေသည်ကို တွေ့လိုက်ရ၏။
၁၀မီတာအကွာတွင် မုဝမ်ရွှမ်းသည် ခြေထောက်ကို ခိုင်မြဲစွာ ယူထားပြီး သူမ၏ ဘယ်ခြေဖဝါးမှာ ပင်လယ်ရေထဲတွင် ရှိနေကာ ညာခြေဖဝါးမှာမူ သဲပြင်ထက်တွင် ရှိနေခဲ့သည်။ သူမ၏ မျက်လုံးများကို အနည်းငယ်ပိတ်ထားပြီး သူမ၏ အခြားသော အာရုံခံစားမှုများကို အာရုံစိုက်နေပုံရပေသည်။ သူမ၏ ညာလက်ကို ရေနတ်ဘုရားဘက်သို့ ဆန့်ထုတ်လိုက်ပြီး လက်သီးကို တင်းကျပ်စွာဆုပ်ကာ သူမ၏လက်မောင်းကိုလှုပ်ခါလိုက်၏။
ရေနတ်ဘုရား အင့်ခနဲဖြစ်သွားကာ နောက်သို့ ယိမ်းထိုးသွားခဲ့သည်။ သူမ၏ ရင်ဘတ်ကို ကာကွယ်ထားသော ရေဒိုင်းကာတွင် လက်သီးရာလေးတစ်ခုပေါ်လာခဲ့၏။
၎င်းတို့အကြားရှိ ကျင့်ကြံခြင်းအဆင့်ကွာဟချက်ကြောင့် မုဝမ်ရွှမ်းသည် ရေနတ်ဘုရားကို သူမ၏လက်သီးဖြင့် ဒဏ်ရာရအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။ သို့သော် သူမသည် သူမကို လုံလောက်စွာ ဆွဲထားနိုင်ခဲ့ပြီ ဖြစ်သည်။
အကယ်၍ နည်းပြနှစ်ယောက်သာ ထိုအခွင့်အရေးကို အရယူရန်ပျက်ကွက်ခဲ့ပါက ၎င်းတို့အနေဖြင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့သို့ ပြန်ရန် မျက်နှာရှိတော့မည်မဟုတ်ချေ။ ထို့ကြောင့် တွေဝေမနေဘဲ ၎င်းတို့သည် မိမိတို့တွင် ရှိသမျှ အရာအားလုံးဖြင့် တိုက်ခိုက်လိုက်ကြတော့သည်။ အဆောင်စာရွက်များ၊ ဂါထာမန္တန်များနှင့် ဓားသိုင်းများအားလုံးကို စုစည်းထုတ်ဖော်လိုက်ကြ၏။
မကြာမီမှာပင် ဓားရှည်တစ်လက်သည် ရေနတ်ဘုရား၏ ရင်ဘတ်ကို လျင်မြန်စွာ ဖြတ်သန်းစိုက်ဝင်သွားခဲ့သည်။ သူမ၏ ပုံရိပ်ယောင်အမြုတေမှ အလင်းတန်းသည် ခဏမျှတုန်ခါသွားပြီးနောက် ပျောက်ကွယ်သွားတော့၏၊၊
ပင်လယ်ပြင်ထက်တွင် ဝူတန်းနည်းပြသည် ကျိရှောင်းယောင်ကို မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ရောက်အောင် တွန်းပို့ထားပြီးသားဖြစ်နေခဲ့ပြီဖြစ်သည်။ သူ၏ ပြောင်မြောက်လှသော ဓားသိုင်းကြောင့် သူမအတွက် ပြေးစရာလမ်းမရှိတော့ချေ။
တစ်ချိန်တည်းမှာပင် ဝမ်ရှန်းကို ကူညီရန် ရောက်ရှိလာကြသော နည်းပြနှစ်ယောက်သည် မြေနတ်ဘုရားထံသို့ လက်ဝါးရိုက်ချက်ပေါင်းများစွာကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့သည် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့ထံမှ ဖိအားအားလုံးကို ချက်ချင်းသက်သာရာရသွားစေခဲ့၏။
အသားညိုသော နည်းပြတစ်ယောက်သည် အားရပါးရ ရယ်မောလိုက်သည်။
“ကောင်းတယ် မိတ်ဆွေလေး… သွားပြီး နားလိုက်တော့.. မင်း အသိအမှတ်ပြုမှုအားလုံးကို ရစေရမယ်”
ထိုညွှန်ကြားချက်ကို မငြင်းတော့ပဲ ဝမ်ရှန်းသည် သူ၏ဓားကိုချလိုက်ပြီး နောက်သို့ ဖြည်းညှင်းစွာ ဆုတ်ခွာလိုက်သည်။
ဖေးလျန်ဇီမှာမူ အားနာစရာအခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့ရ၏။ သူသည် နည်းပြများနှင့် ဝါချင်းတူညီနေပြီး ၎င်းတို့ထက်ပင် အသက်အနည်းငယ်ပိုကြီးနေသေးသဖြင့် သူသည် ဘေးသို့ ဖယ်ပေးရမလား သို့မဟုတ် ဆက်လက်တိုက်ခိုက်ရမလား ဟူ၍ ဝေခွဲမရ ဖြစ်နေခဲ့သည်။
ထားလိုက်ပါတော့… ငါလည်း ဆက်ပြီး တိုက်ခိုက်တာက ပိုကောင်းပါတယ်…၊၊
ဝမ်ရှန်းက တိုက်ပွဲအခြေနေကို စူးစမ်းလိုက်သည်။ ရေနတ်ဘုရားသည် ခုလေးတင် သုတ်သင်ခံလိုက်ရပြီဖြစ်သည်။ သံမဏိလင်းယုန်နှင့် တွမ့်ခုန်းမင်တို့လည်း အရေးနိမ့်သွားခဲ့ကြပြီဖြစ်သည်။ ဝူတန်းနည်းပြ၏ စွမ်းဆောင်ရည်အပေါ် အပြည့်အဝယုံကြည်မှုရှိနေသဖြင့် ကျန်းဇီခွမ်းနှင့် အခြားသုံးယောက်သည် သံမဏိနတ်ဘုရားကို ဝိုင်းရံရန် ၎င်းတို့၏ အာရုံကိုပြောင်းလဲလိုက်ကြ၏။
တောအုပ်အတွင်း၌မူ အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ အထူးချွန်ဆုံးအင်အားစုများသည် ကျန်ရှိနေသော မိစ္ဆာကျင့်ကြံသူများကို လိုက်လံရှာဖွေနေကြသဖြင့် ပြန့်ကျဲနေသော တိုက်ပွဲငယ်အချို့ ဖြစ်ပွားနေဆဲပင်၊၊ ပတ်ဝန်းကျင် ရေပြင်ထက်တွင်လည်း တိုက်ပွဲအချို့ ပေါက်ကွဲထွက်နေခဲ့၏။ သို့သော် မကြာမီမှာပင် မိစ္ဆာကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသည် ရေပြင်ထက်သို့ စတင်ပေါ်ပေါက်လာခဲ့ကြသည်။
ယနေ့ညတွင်မူ ၎င်းတို့သည် မိစ္ဆာကျင့်ကြံသူများကို အမြစ်ပြတ်ခြေမချေမှုန်းနိုင်မချင်း ရပ်တန့်ကြမည်မဟုတ်ချေ။