အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
Chapter 159
ရှုဓားဂိုဏ်း
ဝမ်ရှန်းသည် အာကာသသိုလှောင်ရတနာပစ္စည်းများ၏ ဖြစ်တည်ပုံသဘောတရားကို သဘာဝအတိုင်းနားမလည်နိုင်သေးပေ၊၊ သူသည် ရတနာပစ္စည်းမွမ်းမံခြင်း သို့မဟုတ် ဆေးလုံးဖော်စပ်ခြင်းပညာရပ်များနှင့် ပတ်သက်၍ မည်သည့်ဗဟုသုတမျှ မရှိခဲ့ဖူးချေ၊၊
မာဇီပင်းပြောခဲ့သကဲ့သို့ပင် ကျင့်ကြံခြင်းသုတေသနအဖွဲ့သည် ကျင့်ကြံသူများအသုံးပြုသည့် အစီအရင်များနှင့် တံဆိပ်ခတ်နှိပ်ခြင်းသဘောတရားများကို အပြည့်အဝနားမလည်သေးသော်လည်း အခြေခံအဆောင်လက်ဖွဲ့သင်္ကေတများကိုမူ ကောင်းစွာအသုံးချနိုင်နေပြီ ဖြစ်၏၊၊ ဝမ်ရှန်း၏ ကမ္ဘာဦးချီစုစည်းကိရိယာနှင့် ယခုလေးတင် သူ ရရှိခဲ့သော သိုလှောင်အိတ်ငယ်မှာ ထိုနည်းလမ်းဖြင့် ဖန်တီးထားခြင်းဖြစ်ပေသည်၊၊
သူသည် အိတ်ငယ်၏ အတွင်းပိုင်းသို့ ငုံ့ကြည့်လိုက်ရာ မှောင်မိုက်နေသည်ကိုသာ မြင်တွေ့ရပြီး လက်လှမ်းနှိုက်ကြည့်သောအခါ အတိုင်းအဆမရှိကျယ်ပြောလှသော သံသေတ္တာတစ်လုံးကို ထိတွေ့မိသကဲ့သို့ ခံစားရ၏၊၊ ကြိုးကြာဝိညာဉ်ရတနာအိတ်အသုံးပြုပုံလက်စွဲအရ ၎င်းသည် ဝင်ဆံ့နိုင်စွမ်းပမာဏ ၅၀ လီတာရှိပြီး အတွင်းပိုင်းသိုလှောင်ဧရိယာ၏ အလျား၊ အနံ၊ အမြင့် အချိုးအစားမှာ ၁:၁:၂ ခန့် ရှိသည်၊၊ ဆိုလိုသည်မှာ ၎င်းသည် အလျားနှင့် အနံသုံးဆယ်စင်တီမီတာခန့် ရှိပြီး အနက်မှာမူ စင်တီမီတာ ၅၀ကျော် ရှိခြင်း ဖြစ်၏၊၊
၎င်းမှာ... ဓားတစ်စင်းထည့်သွင်းရန်အတွက်မူ လုံလောက်အောင် မကျယ်ဝန်းပေ၊၊
“ဒီပစ္စည်းကို မသုံးစွဲခင်မှာ သွေးတစ်စက်နဲ့ ဝိညာဉ်အသိစိတ်တို့ဖြင့် ဆက်သွယ်သတ်မှတ်ပေးရပါမယ်၊၊ အိတ်ဝမှာ ပစ္စည်းတွေ ပိတ်ဆို့မနေစေဖို့အတွက် ပစ္စည်းတွေကို တတ်နိုင်သမျှ မြန်မြန်ထုတ်ယူတာ ဒါမှမဟုတ် သိမ်းဆည်းတာမျိုး လုပ်ဆောင်ပါ၊၊ ကျွတ်... ဒါက တကယ်အံ့ဩစရာပဲ၊၊ ပစ္စည်းတွေကို လတ်ဆတ်အောင်ထိန်းသိမ်းပေးတဲ့ လုပ်ဆောင်ချက်တောင်ပါသေးတယ်...”
မီတာ ၁၀၀၀၀ အမြင့်၌ အနောက်ဘက်သို့ ပျံသန်းနေသော လေယာဉ်ပေါ်တွင် ဖေးလျန်ဇီသည် အသုံးပြုပုံလက်စွဲစာအုပ်ငယ်ကို တိုးညင်းသောလေသံဖြင့် ဖတ်ရှုနေပြီး ဝမ်ရှန်းကမူ သူ အသစ်ရရှိထားသော ပစ္စည်းများကို ကြိုးကြာဝိညာဥ်ရတနာအိတ်ထဲသို့ ထည့်သွင်းနေ၏၊၊
ကြိုးကြာဝိညာဉ်ရတနာအိတ်သည် အလွန်တရာရှုပ်ထွေးနက်နဲသော သဘောတရားများဖြင့် အလုပ်လုပ်ခြင်း သို့မဟုတ် သီးခြားကမ္ဘာငယ်တစ်ခုဖန်တီးထားခြင်းမျိုး မဟုတ်ပုံရပေ၊၊ ဝမ်ရှန်းအတွက်မူ အသုံးတည့်နေသရွေ့ အခြားအရာများကိုဂရုစိုက်နေရန် မလိုချေ၊၊
အာဏာပိုင်များကို ကူညီပေးခဲ့သည့်အတွက် ဆုလာဘ်အနေဖြင့် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် ကျင့်ကြံခြင်းကို မြှင့်တင်ပေးသည့် ကမ္ဘာဦးချီဆေးလုံး ၁၀ပုလင်းစီရရှိခဲ့ကြရာ စုစုပေါင်းအလုံး ၁၀၀ ဖြစ်၏၊၊ ထို့အပြင် ကျင့်ကြံခြင်းအခြေခံကို အထောက်အကူပြုပြီး တိုးတက်စေသည့် ချီဆေးလုံး ၅၀ပါဝင်သော သေတ္တာတစ်လုံးစီကိုလည်း ပေးအပ်ခဲ့သည်၊၊ ဤသည်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ အထူးချွန်ဆုံးထိပ်တန်းပုဂ္ဂိုလ်များရရှိတတ်သော စံပြထောက်ပံ့မှုမျိုး ဖြစ်ပေသည်၊၊
ကြိုးကြာဝိညာဉ်သိုလှောင်ရတနာအိတ်ထဲတွင် အခြားဆေးလုံး ပုလင်း ၂၀လည်း ပါရှိသေး၏၊၊ ဖေးလျန်ဇီ မနာလိုဖြစ်မည်ကို စိုးရိမ်သဖြင့် ဝမ်ရှန်းသည် သူ့၏လက်ချောင်းကို ချက်ချင်းကိုက်ကာ အိတ်ပေါ်ရှိ ကြိုးကြာငှက်ခေါင်းပုံစံထံသို့ သွေးစွန်းစေလိုက်ပြီး ဝိညာဉ်အသိစိတ်ဖြင့် အိတ်ကို အရှင်သခင်အဖြစ် အမြန်ဆုံးသတ်မှတ်လိုက်သည်၊၊
ထိုအချင်းအရာကြောင့် ဖေးလျန်ဇီ မရယ်ဘဲမနေနိုင်တော့ဘဲ ညည်းတွားလိုက်၏၊၊
“ငါက မင်းရဲ့ ရတနာပစ္စည်းကို လုယူမှာ မဟုတ်ပါဘူးကွာ၊၊ ဘာတွေအလောတကြီးဖြစ်နေတာလဲ”
ဝမ်ရှန်းကမူ အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်၊၊
ထိုပုလင်းနှစ်ဆယ်မှာ ကမ္ဘာဦးချီဆေးလုံးများသက်သက် မဟုတ်ဘဲ အခြားအမျိုးအစားများလည်း ပါဝင်ပုံရ၏၊၊ ၎င်းမှာ ဆရာကတော်ထံမှ ရရှိသော သူဆရာ့၏လစာကြိုတင်ပေးချေမှုလား သို့မဟုတ် ဆရာကတော်က သူ့ကို တိတ်တဆိတ် အပိုဆုလာဘ်ပေးခြင်းလားဆိုသည်ကိုမူ သူ မဝေခွဲတတ်တော့ပေ၊၊
အခြားတစ်ဖက်တွင်မူ ယခုအခါ ချီလင်းကို ဆရာကတော်ဟု ခေါ်ဆိုရန် လုံးဝတရားဝင်သွားပြီ ဖြစ်၏၊၊ မနေ့ညက ချင်ယန်ဇီ၏ အပြုအမူနှင့် အားသွန်ခွန်စိုက်ကြိုးပမ်းမှုများအရဆိုလျှင် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင်...
ဘယ်သူသိနိုင်မလဲ၊၊ ငါ သုံးနှစ်ကြာ ကျင့်စဉ်တံခါးပိတ်ပြီး တောင်ပေါ်က ဆင်းလာတဲ့အခါ ဂိုဏ်းထဲမှာ ညီလေးအသစ် ဒါမှမဟုတ် ညီမလေးအသစ်တစ်ယောက် ရောက်နေလောက်ပြီ…၊၊
ချင်ယန်ဇီ သူမ၏ဘေးတွင် ရှိနေသဖြင့် ချီလင်း၏ ဘဝမှာ ဧကန်မုချပိုမိုပြည့်စုံပြီး စိတ်ဝင်စားစရာ ကောင်းလာလိမ့်မည် ဖြစ်၏၊၊ သူမသည် လာမည့်နှစ်များတွင် ပိုမိုကျန်းမာလာပြီး နုပျိုလန်းဆန်းမှုကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကာ ကျင့်ကြံသူများနှင့်သက်ဆိုင်သော အဖွဲ့အစည်းအတွင်း၌လည်း ဩဇာအာဏာပိုမိုရရှိလာနိုင်ပေသည်၊၊
ချီဝမ်သည် ကျင်းယွမ်၏ တပည့်အဖြစ် ခံယူကာ သူမ၏ တာအိုအမွေအနှစ်ကို ဆက်ခံရန် ကျုံးနန်တောင်တွင် နေထိုင်ရန် တကယ်ပဲစီစဉ်နေပုံရ၏၊၊ သို့သော် ချင်ယန်ဇီသည် သမီးဖြစ်သူကို လွမ်းဆွတ်နေမည်ဖြစ်ရာ သူတို့မိသားစုပြန်လည်ဆုံတွေ့နိုင်ရန် သူ သေချာပေါက်စီစဉ်ပေလိမ့်မည်၊၊
ကျင်းယွမ်နှင့် ပတ်သက်၍မူ... ကမ္ဘာပေါ်တွင် မည်သည့်အရာမျှ ပြည့်စုံလွန်းသည်ဟူ၍ မရှိနိုင်ပါချေ၊၊ ဝမ်ရှန်းကိုယ်တိုင် တောင်ပေါ်တွင် ကျင့်ကြံရန် ဆုံးဖြတ်ချက်၌ပင် အားနည်းချက်ရှိနေခဲ့ရာ ၎င်းမှာ မိဘများအပေါ် သားသမီးဝတ္တရားကို အပြည့်အဝမကျေပွန်နိုင်ခြင်းဖြစ်ပေသည်၊၊
ချင်ယန်ဇီသည် ချီလင်းအပေါ် အနှစ်နှစ်ဆယ်တိုင်တိုင် တစ်သွေမတိမ်းသစ္စာရှိခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ ညည်းညူခြင်း သို့မဟုတ် နောင်တရခြင်း မရှိခဲ့ဖူးချေ၊၊ သို့သော် ကျင်းယွမ်သည်လည်း ထိုမျှလောက်သော အချိန်ကာလကို သည်းခံဖြတ်သန်းခဲ့ရပြီး မိမိ၏ နှလုံးသားထဲတွင် ဖုံးကွယ်ထားသောခံစားချက်များကို တစ်ခွန်းမျှ မဟခဲ့ပေ၊၊ သူမသည် သူ၏ဘေးတွင် တိတ်ဆိတ်စွာသာ နေထိုင်ခဲ့၏၊၊ သူတို့နှစ်ဦးစလုံးအတွက် မလွယ်ကူခဲ့ပါချေ၊၊
လေယာဉ်ပြတင်းပေါက်မှ ဖြတ်သန်းသွားသော တိမ်တိုက်များကို ငေးမောကြည့်ရှုရင်း ဝမ်ရှန်းသည် ကြိုးကြာဝိညာဉ်ရတနာအိတ်၏ နူးညံ့သောပိတ်အသားစကိုသာ အသိစိတ်မဲ့စွာ ပွတ်သပ်နေမိပြီး ဆရာ့ဆုံးမစကားများကို ပြန်လည်သတိရလိုက်သည်၊၊ သူ၏စိတ်မှာ တဖြည်းဖြည်းတည်ငြိမ်သွားပြီး စိုးရိမ်ပူပန်မှုများကင်းစင်သွား၏၊၊
ယခုအချိန်တွင် သူသည် အချစ်ရေးကိစ္စရပ်များ၌ အာရုံစိုက်ရန် အချိန်ပိုမရှိပေ၊၊ သူသည် တာအိုကို နေ့တိုင်းဆင်ခြင်ရန်နှင့် မိမိ၏ ဓားသိုင်းပညာကို သန့်စင်ရန်အတွက်ပင် အပြည့်အဝအာရုံစိုက်ရန် ရုန်းကန်နေရသဖြင့် စိတ်ကူးယဉ်ဆန်သောကိစ္စရပ်များဖြင့် စိတ်အနှောင့်အယှက်ခံနိုင်ခြင်းမရှိချေ၊၊
အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ လေယာဉ်သည် သူတို့အား ဟွာသမ္မတနိုင်ငံအလယ်ပိုင်းရှိ စစ်ဘက်ဆိုင်ရာလေဆိပ်တစ်ခုသို့ ပို့ဆောင်ပေးမည် ဖြစ်သည်၊၊ ထိုနေရာမှတစ်ဆင့် သူတို့သည် ရှုဒေသရှိ ဓားတံခါးသို့ ဦးတည်မည့် အရပ်ဘက်လေယာဉ်ဖြင့် ပြောင်းလဲစီးနင်းရမည်ဖြစ်၏၊၊
တစ်ချိန်တည်းမှာပင် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့သည် သူတို့ဖိတ်ခေါ်ထားသော တာအိုဆရာကြီးများ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် အလုပ်ရှုပ်နေကြသည်၊၊ မိစ္ဆာကျင့်ကြံသူများကို တိုက်ခိုက်ရန် ကမ်းခြေသို့ အချိန်မီရောက်ရှိလာသော လမ်းမှန်ကျင့်ကြံသူပေါင်း၁၀၀ခန့်သာရှိသော်လည်း တိုက်ပွဲဖြစ်ပွားချိန်တွင် ထိုနေရာသို့ ဦးတည်လျှောက်လှမ်းနေသော ကျင့်ကြံသူ စုစုပေါင်း ၇၀၀ခန့် ရှိနေခဲ့၏၊၊
အကယ်၍ အာဏာပိုင်များကို ပြင်ဆင်ရန်အတွက် နေ့တစ်ဝက်ခန့်သာ ပေးလိုက်မည်ဆိုလျှင် သူတို့သည် မည်မျှအထိ အစွမ်းထက်သော အင်အားစုကို စုစည်းနိုင်မည်ဆိုသည်ကို အတပ်မပြောပေ၊၊
ထိုကျင့်ကြံသူများအတွက် လျော်ကြေးငွေများ၊ နှုတ်ဆက်ခြင်းများနှင့် ပြန်လည်ထွက်ခွာမည့် ခရီးစဉ်များကို စီစဉ်ပေးရခြင်းမှာ ကြီးမားလှသော လုပ်ငန်းစဉ်ကြီးဖြစ်ပေသည်၊၊ ထို့ကြောင့် မုရွှယ်သည် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့အတွက် ရှုဒေသသို့ သွားမည့် လေယာဉ်လက်မှတ်များကို အဝေးမှနေ၍ စီစဉ်ပေးခဲ့သော်လည်း သူတို့ကို ထပ်မံဂရုစိုက်ရန် အချိန်မရှိတော့ပေ၊၊ ကံကောင်းသည်မှာ ဝမ်ရှန်းသည် မိမိ၏အထုပ်အပိုးများအတွက် စိုးရိမ်နေရန်မလိုခြင်း ဖြစ်၏၊၊ သူတို့ထက်စော၍ ရှုဓားဂိုဏ်းသို့ ပြန်သွားကြသော လီကူဖုန်းနှင့် ကျီလင်းတို့က ၎င်းတို့ကို တစ်ပါတည်းယူဆောင်သွားပေးခဲ့ကြသည်၊၊
သူသည် ယခင်ဘဝက ရှုဒေသသို့ လေးကြိမ်တိုင်တိုင်လာရောက်ဖူးခဲ့သည်၊၊ နှစ်ကြိမ်မှာ အပန်းဖြေခရီးဖြစ်ပြီး ကျန်နှစ်ကြိမ်မှာမူ ကျင့်ကြံခြင်းအခွင့်အလမ်းများကို ရှာဖွေရန်ဖြစ်သော်လည်း အားလုံး ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်ခဲ့ရ၏၊၊
ဟွာသမ္မတနိုင်ငံ၏ ဆယ်စုနှစ်ပေါင်းများစွာ အားသွန်ခွန်စိုက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါ ရှုဒေသသည် နိုင်ငံ၏ အနောက်တောင်ဘက်ပိုင်းတွင် စီးပွားရေးအချက်အချာကျသောနေရာတစ်ခုဖြစ်လာခဲ့ပြီး စည်ကားသောနယ်မြေတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်၊၊
ရှုဒေသရှိ လူနေမှုဘဝမှာ ယေဘုယျအားဖြင့် အေးအေးလူလူနှင့် စိတ်အပန်းပြေစရာကောင်းလှပြီး ကမ်းရိုးတန်းမြို့ကြီးများကဲ့သို့ အလောတကြီးဖြစ်နေခြင်းနှင့် ဖိအားမျိုးမရှိချေ၊၊ ထိုနေရာတွင် လူများသည် စိတ်အပန်းဖြေရန်နှင့် ပျော်ရွှင်ရန် လွယ်ကူလှပေသည်၊၊ ရှေးဟောင်းစကားပုံတစ်ခုပင် ရှိလေသည်... ‘လူငယ်များသည် ရှုဒေသသို့ မဝင်သင့်ပေ’
***
ည၈နာရီခန့်တွင် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့သည် ဟွာသမ္မတနိုင်ငံ၏ နယ်မြေအများစုကို ဖြတ်သန်းပျံသန်းခဲ့ပြီးနောက် သူတို့၏ ဦးတည်ရာသို့ ဆိုက်ရောက်လာခဲ့ကြသည်၊၊
ထိုဒေသကို ကျွမ်းကျင်သော ဖေးလျန်ဇီသည် လိုင်စင်မဲ့တက္ကစီတစ်စီးကို တားဆီးကာ ခရီးစဉ်အတွက် ဈေးနှုန်းညှိနှိုင်းလိုက်သည်၊၊ ထို့နောက် ကားတံခါးကို ဂုဏ်ယူသောအမူအရာဖြင့် ဖွင့်လှစ်ပေးလိုက်ရင်း
“ကြွပါ… တာအိုဆရာဝမ်”
ဝမ်ရှန်း လက်သီးဆုပ်လိုက်၏၊၊
“ကျေးဇူးတင်ပါတယ် တာအိုဆရာ ဖေးလျန်ဇီ”
တက္ကစီဒရိုင်ဘာလည်း မျက်မှောင်ကုတ်သွားပြီး ချက်ချင်းပင် မကောင်းသောအတွေးအချို့ ဝင်ရောက်လာသည်၊၊ ခရီးလမ်းတလျှောက်တွင် သူသည် ဤ ‘လေလွင့်ကျင့်ကြံသူ’ နှစ်ဦးက ကားခမပေးဘဲ ထွက်ပြေးသွားမည်လား သို့မဟုတ် ပို၍ဆိုးသည်မှာ မိမိကို ဓားပြတိုက်မည်လားဆိုသည်ကို စိုးရိမ်နေမိ၏၊၊
ညဥ့်ကောင်းကင်ယံအောက်တွင် အဝေးပြေးလမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီ၌ တောင်တန်းကြီးများက အဆုံးမရှိဆန့်တန်းနေကြသည်၊၊ ရှေးခေတ်ကာလက ကဗျာဆရာထိုက်ပိုင်သည် ရှုဒေသသို့သွားရသော ခရီးလမ်း၏ ခက်ခဲပုံကို ညည်းတွန်းခဲ့ဖူးသော်လည်း ယခုမှာ ညအချိန်ဖြစ်သဖြင့် ဝမ်ရှန်းအနေဖြင့် ဒဏ္ဍာရီလာသစ်သားတံတားလမ်းများကို မြင်တွေ့ခွင့်မရခဲ့ချေ၊၊
ကမ္ဘာဦးချီပြန်လည်မနိုးထမီက အခြားသော ဂိုဏ်းအများစုကဲ့သို့ပင် ဓားတံခါးသည် အရေးပါသောစစ်ရေးခံတပ်တစ်ခုမှ ကမ္ဘာလှည့်ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုအဖြစ် ပြောင်းလဲခြင်း ခံခဲ့ရဖူးသည်၊၊ သို့သော် ကမ္ဘာဦးချီများပြန်လည်နိုးထလာသောအခါ ကျင့်ကြံခြင်းလောကရှိ အဓိကကျသော လမ်းမှန်ဂိုဏ်းကြီးများထဲမှတစ်ခုဖြစ်သည့် ရှုဓားဂိုဏ်းသည် ဓားတံခါးအပေါ် အာဏာပြန်လည်ရယူခဲ့၏၊၊ နေရာအများစုကို အများပြည်သူအတွက် ဖွင့်လှစ်ထားဆဲဖြစ်သော်လည်း ဂိုဏ်းသည် အဓိကတောင်ထိပ်ဖြစ်သော တာ့ကျန်းတောင်ကိုမူ တင်းကျပ်စွာ ပိတ်ဆို့ထားခဲ့သည်၊၊
ဂိုဏ်း၏ တံခါးဝတွင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပြင်တွင် ဓားရှည်များကို လွယ်ထားကြသော လူ၁၀ယောက်ကျော်က တိတ်ဆိတ်စွာ ရပ်နေကြသည်၊၊ ထိုအထဲတွင် လီကူဖုန်းနှင့် ကျီလင်းတို့လည်း ပါဝင်၏၊၊
လိုင်စင်မဲ့တက္ကစီဒရိုင်ဘာ၏ စိတ်ထဲတွင် အနည်းငယ်ထိတ်လန့်သွားပြီး ကားကို ရပ်တန့်လိုက်သည်၊၊ သူ တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် လီကူဖုန်းနှင့် ကျီလင်းတို့သည် ရှေ့သို့ အပြေးလှမ်းလာကြပြီး ကားတံခါးများကို ဆွဲဖွင့်လိုက်ကြတော့၏၊၊
“တာအိုဆရာ ဖေးယွီ... ဆရာ... ကျွန်တော်တို့ကို မိစ္ဆာကျင့်ကြံသူတွေကို ဘယ်လိုမောင်းထုတ်ခဲ့လဲဆိုတာ ပြောပြပါဦး”
“ရောင်းရင်း ဖေးယွီ” လီကူဖုန်းက လှိုက်လှိုက်လှဲလှဲနှုတ်ဆက်လိုက်သည်၊၊
“ခရီးပန်းလာပြီ ထင်တယ်၊၊ ခဗျားအနားယူဖို့အတွက် တောင်ပေါ်မှာ စားသောက်စရာတွေနဲ့ တိတ်ဆိတ်တဲ့ အခန်းတစ်ခန်းပြင်ဆင်ထားပါတယ်”
“ကျေးဇူးတင်ပါတယ်”
ဝမ်ရှန်း ပြုံး၍ ပြန်ဖြေလိုက်သည်၊၊ သူသည် သူ့၏ ဓားကို ကိုင်စွဲကာ ဓားတံခါး၏ နယ်မြေအတွင်းသို့ ခြေချလိုက်၏၊၊
ကျီလင်းက ဖေးလျန်ဇီကို အတင်းဆွဲခေါ်သွားတော့သည်၊၊ မိန်းကလေးငယ်သည် မိမိ၏ဆရာ့ကို စိတ်လှုပ်ရှားစွာဖြင့် ဖက်တွယ်ထားပြီး သူမ၏မျက်ဝန်းများထဲတွင် ဆရာဖြစ်သူက လူဆိုးများကို ဓားဖြင့် နှိမ်နင်းခဲ့သည့် သူရဲကောင်းဆန်သောပုံပြင်များအတွက် အထင်ကြီးလေးစားမှုများ ပြည့်နှက်နေ၏၊၊
တက္ကစီဒရိုင်ဘာက တွန့်ဆုတ်နေပြီးနောက် တိုးညင်းသောလေသံဖြင့် သတိပေးလိုက်သည်၊၊
“တာအိုဆရာတို့… ဟို... ကားခလေး... ...”
Chapter 160
ဓားသိုင်းစမ်းသပ်ခြင်း
“ငါ ပေးပါ့မယ်” ဝမ်ရှန်း ရှေ့သို့ လှမ်းလာပြီး ပိုက်ဆံအိတ်ထုတ်ရန် သူ့အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည်၊၊
“ဟေး... ဖေးယွီ... မင်း ဘာလုပ်နေတာလဲ၊၊ အဲဒါကိုသိမ်းလိုက်စမ်း၊၊ မင်း ဘယ်နေရာကိုရောက်နေလဲ သိရဲ့လား၊၊ မင်းက တကယ်ပဲ ပိုက်ဆံပေးမလို့လား၊၊ အဲဒါဆိုရင် ငါတို့ဓားဂိုဏ်းက ဘယ်လိုမျက်နှာရှိတော့မှာလဲ”
ဖေးလျန်ဇီသည် သူ့ကို တားဆီးရန်အတွက် အော်ဟစ်လိုက်သော်လည်း သူ၏ခြေလှမ်းများမှာမူ ဆန့်ကျင်ဘက်သို့ ဦးတည်နေပြီး အဝေးသို့ ကျွမ်းကျင်စွာဆုတ်ခွာသွား၏၊၊
အနီးနားရှိ ရှုဓားဂိုဏ်းက လူငယ်တပည့်များသည် တစ်ပြိုင်နက်တည်း နဖူးကို လက်ဖြင့်ရိုက်ကာ စိတ်ပျက်သောအမူအရာများဖြစ်သွားကြသည်၊၊
လီကူဖုန်းက ဝမ်ရှန်းကို တားဆီးရန် ချက်ချင်း ရှေ့သို့ တိုးဝင်လာပြီး ကျီလင်းကမူ ဒေါသတကြီးဖြင့် သူမ၏ဆရာကို အတင်းပြန်ဆွဲခေါ်လာခဲ့၏၊၊
ဖေးလျန်ဇီသည် ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် သူ၏ တည်ကြည်လေးနက်သော အရှိန်အဝါများပျောက်ဆုံးသွားပြီး ဆိုးသွမ်းသောကလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားလေသည်၊၊
ဓားဂိုဏ်းက တပည့်အများစုသည် ဝမ်ရှန်းကို တိတ်တဆိတ်အကဲခတ်နေကြပြီး မည်သည့်အချက်က ထူးခြားနေသနည်းဟူသည်ကို သိလိုစိတ်ပြင်းပြနေကြ၏၊၊ သူတို့၏ အကြီးအကဲများက ထိုသူ့ကို အလွန်ချီးမွမ်းခဲ့ကြပြီး ဓား ၇၂လက် စမ်းသပ်ချက်အတွင်း၌ ကာလကြာရှည်ပျောက်ဆုံးနေခဲ့သော ဓားထိန်းချုပ်ခြင်းပညာရပ်ကို ပြန်လည်ဖော်ထုတ်နိုင်မည့် အလားအလာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောဆိုခဲ့ကြဖူးသည်၊၊
ဝမ်ရှန်းသည် သူတို့၏ အကြည့်များနှင့် ဆုံတွေ့သောအခါ နူးညံ့သောအပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး မည်သည့် မာန်မာနမျိုးမျှ ပြသခြင်းမရှိချေ၊၊ ဤသည်မှာ ချင်ယန်ဇီ၏ သွန်သင်ဆုံးမမှုကြောင့် ရရှိလာသော အကျိုးကျေးဇူးဖြစ်ပေသည်၊၊
အသစ်စက်စက် သန့်ရှင်းရေးလုပ်ထားသော တောင်ပတ်လမ်းအတိုင်း လျှောက်လှမ်းရင်း ဝမ်ရှန်းသည် မိမိ၏ခြေဖဝါးအောက်ရှိ ကျောက်ပြားချပ်တစ်ခုချင်းစီ၏ လေးလံမှုနှင့် ခိုင်ခံ့မှုကို ခံစားနေရ၏၊၊ ထို့အပြင် ဓားတံခါး၏ တောင်တန်းကြီးများအတွင်း၌ ဝှက်ဖုံးနေသော နက်ရှိုင်းလှသည့် အနှစ်သာရကိုလည်း သူ ခံစားမိနေသည်၊၊
သူ၏ဆရာက သူ့ကို တစ်ခါကပြောဖူးသည်၊၊ နေရာအသစ်များသို့ ခရီးလှည့်လည်ခြင်းသည် အတွေးအမြင်အသစ်များကို ရရှိစေနိုင်ပြီး ၎င်းသည်လည်း ကျင့်ကြံခြင်းပုံစံတစ်မျိုးဖြစ်သည်၊၊ ယခုမူ သူ တဖြည်းဖြည်းသဘောပေါက်လာခဲ့ပြီ ဖြစ်၏၊၊
အဝေးမှ တောင်ထိပ်ကြီးများသည် အဆုံးမရှိဆန့်တန်းနေပြီး ကြယ်နှင့် လကို ထိလုနီးပါးဖြစ်နေချေသည်၊၊ ရှေ့သို့ လှမ်းကြည့်လိုက်ရာ မတ်စောက်လှသော တောင်စွယ်များသည် ကောင်းကင်ယံသို့ ဦးတည်နေသည့် ထက်ရှသောဓားများကဲ့သို့ ဖြစ်နေ၏၊၊ ထိုတောင်တန်းကြီးများ ကိုယ်တိုင်၌ပင် ကိုယ်ပိုင်ဓားဆန္ဒများ ကိန်းအောင်းနေသကဲ့သို့ပင်၊၊
ဝမ်ရှန်းသည် ခေတ္တရပ်တန့်ကာ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ခံစားလိုသော်လည်း ဖေးလျန်ဇီသည် ဘေးမှနေ၍ ပတ်ဝန်းကျင်ရှိ တောင်ထိပ်များ၏ အမည်များကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးနေသဖြင့် ဝမ်ရှန်းအနေဖြင့် စကားဖြတ်ရန် မသင့်တော်ဟုခံစားမိလိုက်သည်၊၊
ဓားဂိုဏ်းသည် သူ့ကို အလွန်တန်ဖိုးထားကြောင်း ထင်ရှားလှပေသည်၊၊ တောင်ခြေတွင် သူ့ကို ကြိုဆိုရန် တပည့် ၁၀ယောက်ကျော်ကို စေလွှတ်ထားရုံသာမက တောင်ထိပ်ရှိ တာအိုဘုရားကျောင်းတွင်လည်း ကြီးကျယ်ခမ်းနားသော ကြိုဆိုပွဲတစ်ခုကို ပြင်ဆင်ထားခဲ့ကြ၏၊၊
ကြီးမားလှသော ကျောက်တိုင်ကြီးနှစ်ခု၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လူငယ်တပည့်ဒါဇင်ပေါင်းများစွာသည် စနစ်တကျတန်းစီရပ်နေကြသည်၊၊ ချိတ်ဆွဲထားသော မီးအိမ်များသည် ပတ်ဝန်းကျင်တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေစေ၏၊၊
ဝမ်ရှန်း တောင်ထိပ်သို့ ရောက်ရှိသောအခါ ကျောက်တိုင်ကြီးများ၏ နောက်ကွယ်တွင် ရပ်နေသော တာအိုဆရာကြီးတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊၊
“ဓားမြှောက်ကြစမ်း”
တပည့်ပေါင်း ဒါဇင်များစွာသည် မိမိတို့၏ ဓားရှည်များကို ပြိုင်တူ ဆွဲထုတ်လိုက်ကြပြီး ‘တောင်ဘက်ကောင်းကင်ဓားသိုင်း’ ၏ အကွက်ကို ဖော်ဆောင်လိုက်ကြသည်၊၊ သူတို့၏ ဓားသွားများသည် ညဥ့်ကောင်းကင်ယံသို့ ထက်ရှစွာ ဦးတည်သွား၏၊၊
ဓားချင်းထိသံများက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်၊၊ ဝမ်ရှန်းကိုယ်တိုင်ပင် သတိမထားမိဘဲ သူ၏ ဓားက ဓားအိမ်ထဲမှ လက်မဝက်ခန့် ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဓားဆန္ဒနှစ်ခုမှာလည်း လှုပ်ရှားတုံ့ပြန်လာခဲ့၏၊၊
ထို့နောက် တပည့်များသည် ညီညာထက်မြက်လှသော ဓားသိုင်းကွက်တစ်ခုကို သရုပ်ပြသကြသည်၊၊ သူတို့ကို ကြည့်ရှုရင်း ဝမ်ရှန်းသည် စိတ်လှုပ်ရှားမှုကြောင့် သွေးများ ဆူပွက်လာသကဲ့သို့ ခံစားရပြီး ခဏမျှ ဓားကိုဆွဲထုတ်ကာ သူတို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်လိုစိတ်ပင် ပေါက်သွားရ၏၊၊
သူတို့သည် ဓား ၇၂လက်သိုင်းပညာ၏ နည်းစနစ်တစ်ခုကို ဖော်ဆောင်ပြီးနောက် ကန့်လန့်ဖြတ်တန်းနှစ်တန်းအဖြစ် အမြန်ဆုံး ပြန်လည်နေရာယူလိုက်ကြသည်၊၊ ထို့နောက် မျက်လုံးအားလုံးက ဝမ်ရှန်းထံသို့ ကျရောက်လာတော့၏၊၊
“ကြွပါ” ဖေးလျန်ဇီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊၊
သူသည် ဝမ်ရှန်းကို တာအိုဘုရားကျောင်း၏ တံခါးဝသို့ ဦးဆောင်ခေါ်သွားပြီး တာအိုအကြီးအကဲသုံးဦးနှင့် အလယ်အလတ်အဆင့် တာအိုဆရာကြီး ၁၀ယောက် တို့က ရှေ့သို့ လှမ်းလာကာ သူ့ကို နှုတ်ဆက်ကြသည်၊၊ ဤမျှ ကြီးကျယ်သော ကြိုဆိုဧည့်ခံမှုမှာ ဓားဂိုဏ်းက သူ့ကို မည်မျှအထိတန်ဖိုးထားကြောင်း ပြသနေခြင်းဖြစ်၏၊၊
ဝမ်ရှန်းသည် တည်ကြည်လေးနက်သော အမူအရာကို ထိန်းသိမ်းထားရင်း ဖေးလျန်ဇီ၏ နောက်မှ လိုက်ပါလာခဲ့သည်၊၊ ဘုရားကျောင်း၏ တံခါးဝသို့ ရောက်သောအခါ သူသည်ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် လက်သီးဆုပ်ကာ ဦးညွှတ်လိုက်၏၊၊
“ဝူတန်းတောင်တန်းမှ ချင်ယန်ဇီ၏ တပည့် ဝမ်ရှန်း... ရှုဓားဂိုဏ်းမှ လေးစားရပါသော စီနီယာကြီးများကို ဂါရဝပြုပါတယ်”
…
ဆေးနတ်ဘုရားချိုင့်ဝှမ်းတွင် နေရာအနှံ့၌ ဆေးဖက်ဝင်အပင်များကို နေလှန်းထားလေ့ရှိပြီး ဂိုဏ်းသားများနှင့် တပည့်များသည် ဆေးလုံးဖော်စပ်နည်းနှင့် ဆေးညွှန်းပြင်ဆင်နည်းများကိုသာ အဓိကထား ဆွေးနွေးလေ့ရှိကြ၏၊၊ ထို့အတူပင် လုံဟူရှန်းတောင်တန်းတွင်လည်း အဆောင်လက်ဖွဲ့စက္ကူများကို တစ်တောင်လုံးအပြည့် နေလှန်းထားလေ့ရှိကာ တာအိုဆရာကြီးများသည် ကျင့်ကြံသူလူငယ်များကို စုတ်တံကိုင်နည်းနှင့် အဆောင်လက်ဖွဲ့ရေးဆွဲနည်းများကို အဆက်မပြတ်သင်ကြားပြသပေးနေတတ်သည်၊၊
သို့သော် ရှုဓားဂိုဏ်းသို့ရောက်ရှိလာချိန်တွင်မူ ဝမ်ရှန်း မြင်တွေ့လိုက်ရသည်မှာ... နေရာအနှံ့ တွဲလောင်းဆွဲ၍ လှန်းထားကြသော ခြေအိတ်များ၊ တာအိုဝတ်စုံများနှင့် လေ့ကျင့်ရေးဝတ်စုံများသာဖြစ်ချေတော့သည်၊၊ ဤသည်မှာလည်း မတတ်နိုင်ပါချေ၊၊ ဝိညာဥ်ပေါင်းစည်းခြင်းအဆင့်အောက်ရှိ ကျင့်ကြံသူများသည် ဓားသိုင်းကို လေ့ကျင့်သည့်အခါ အလွန်ချွေးထွက်လေ့ရှိကြသောကြောင့် ဖြစ်၏၊၊
ထို့အပြင် ဂိုဏ်းအတွင်း၌ စည်းကမ်းချက်များကိုလည်း လိုက်နာကြရပေသည်၊၊ ဝမ်ရှန်း ကျင့်ကြံခြင်းအဆင့်နိမ့်ပါးစဉ်ကကဲ့သို့ စိတ်တိုင်းကျ ပေါ့ပေါ့ပါးပါးဝတ်ဆင်၍ မရချေ၊၊ ထိုစဉ်ကမူ သူသည် ဘောင်းဘီတိုနှင့် စွပ်ကျယ်တစ်ထည်တည်းဖြင့်ပင် ခြောက်သွေ့သောအအေးဒဏ်နှင့် ပြင်းထန်သောအပူဒဏ်တို့ကို ကြံ့ကြံ့ခံကာ လေ့ကျင့်နိုင်ခဲ့ဖူးသည်၊၊ သို့သော်ငြားလည်း ယခုရရှိနေသော ရိုးရှင်းသည့်အငွေ့အသက်များက ဝမ်ရှန်းအား ဓားကျင့်ကြံခြင်းလောက၏ လေထုထဲသို့ ချက်ချင်းပင် စီးမြောသွားစေခဲ့၏၊၊
သူ ရောက်ရှိလာသည့် ထိုညမှာပင် အကြီးအကဲအချို့နှင့် တာအိုဆရာကြီးများသည် ဝမ်ရှန်းအား ရှေးဟောင်းနန်းတော်တစ်ခုထံသို့ ဆင့်ခေါ်လိုက်ကြသည်၊၊ ထိုနန်းတော်အတွင်း၌ သူတော်စင်သုံးပါးကို ပူဇော်ထားရှိပြီး ကမ္ပည်းပြားများ၏ ရှေ့တွင်မူ ငါးမီတာခန့်ရှည်လျားသော ကျိုးပဲ့နေသည့် ကျောက်ဓားကြီးတစ်စင်းကို စောင်းလျက် ချထားလေသည်၊၊
မကြာမီ တံခါးပိတ်ကျင့်ကြံခြင်းမရှိသော တာအိုအကြီးအကဲများနှင့် တာအိုဆရာကြီးများသည် ဝါစဉ်အလိုက် တစ်ဦးပြီးတစ်ဦးဝင်ရောက်လာကြပြီး ကူရှင်ဖျာများပေါ်တွင် နေရာယူလိုက်ကြ၏၊၊ ဖေးလျန်ဇီမှာမူ အနည်းငယ်ထောင့်ကျသောနေရာတွင် ထိုင်နေသည်၊၊ ဂိုဏ်းသားများနှင့် တပည့်ငယ်များသည် နန်းတော်ဆောင်၏ အပြင်ဘက်မှသာ ချောင်းမြောင်းကြည့်ရှုနိုင်ကြပြီး မည်သူမျှ အသံတစ်ချက်ပင် မပြုရဲကြချေ၊၊ သူတို့အားလုံးသည် ဝမ်ရှန်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြတော့သည်၊၊
ဝမ်ရှန်း နေရာယူထိုင်လိုက်သည်နှင့် အကြီးအကဲတစ်ဦးက သူ့ထံသို့ ရုတ်တရက် လှမ်းကြည့်လိုက်၏၊၊ ထိုအကြီးအကဲ၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ ထက်ရှလှသော အရှိန်အဝါများ ထွက်ပေါ်လာပြီး လေထုထဲတွင် ဓားချင်းထိခတ်သံများ ချက်ချင်းပင် လွှမ်းမိုးသွားတော့သည်၊၊
ထိုအခါ ဝမ်ရှန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဓားဆန္ဒအမျှင်တန်းနှစ်ခုမှာလည်း ပေါ်ထွက်လာခဲ့၏၊၊ တစ်ခုမှာ သံသရာအလှည့်အပြောင်း သဘောတရားများကို ဖော်ဆောင်နေသည့် ပြတ်သားထက်မြက်သော ဓားဆန္ဒဖြစ်ပြီး အခြားတစ်ခုမှာမူ ခပ်သိမ်းသော တရားသဘောအားလုံးကို ရင်ခွင်ပိုက်ထားသည့် တည်ငြိမ်လေးနက်သော ဓားဆန္ဒဖြစ်ပေသည်၊၊
သူ့ဘေးနားရှိ တာအိုဆရာကြီးများ၏ မျက်လုံးများပြူးကျယ်သွားကြသည်ကို မြင်သောအခါ ဖေးလျန်ဇီသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးလိုက်၏၊၊ ထို့နောက် သူတို့၏ ဒေသအသီးသီးမှ လေယူလေသိမ်းများဖြင့် ဆူညံစွာ ရေရွတ်လိုက်ကြတော့သည်၊၊
“အို... သူက တကယ်ပဲ ဓားဆန္ဒနှစ်ခုကို ပိုင်ဆိုင်ထားတာပဲ...”
“ဒီလောက်ငယ်တဲ့ အသက်အရွယ်နဲ့... လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဓားဆန္ဒနှစ်ခုကို ဘယ်လိုများထိန်းထားနိုင်ရတာလဲ...”
“ဒီလောက် နှစ်အနည်းငယ်အတွင်းမှာ ဓားသိုင်းရဲ့ ပုံသေကားချပ်တွေကနေ ရုန်းထွက်နိုင်တာတင်ပဲ အံ့ဩဖို့ကောင်းနေပြီကို... အခုတော့ ဓားဆန္ဒနှစ်ခုကို တစ်ပြိုင်နက်ကျင့်ကြံနေတာတဲ့လား၊၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”
ဖေးလျန်ဇီသည် နက်နဲသောအမူအရာဖြင့် သူ၏လက်ကို မြှောက်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွား၏၊၊ ထိုအခါ တာအိုအကြီးအကဲတစ်ဦးက သူ့ကို စိုက်ကြည့်လိုက်သဖြင့် သူသည် လည်ပင်းကို အမြန်ပင် ကျုံ့လိုက်ပြီး အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်သည်၊၊
“ဖေးယွီ ပြောတာကို အရင်နားထောင်ကြည့်ရအောင်” ဖေးလျန်ဇီက ပြောလိုက်၏၊၊
“ဝူတန်းတောင်တန်းက ဆရာကြီးတစ်ဦးက ကျွန်တော့်ကို ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒကို လက်ဆင့်ကမ်းပေးခဲ့တာပါ”
ဝမ်ရှန်းက ပြုံးလျက် ပြောလိုက်သည်၊၊
“ကျွန်တော်ကိုယ်တိုင်သဘောပေါက်ခဲ့တာမဟုတ်ပါဘူး”
ထိုအခါမှသာ တာအိုဆရာကြီးများလည်း စိတ်သက်သာရာရသွားကြတော့သည်၊၊
အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်ကာ “ဓားဆန္ဒကို လက်ဆင့်ကမ်းပေးနိုင်ဖို့ဆိုရင် အဲဒီလူဟာ ဓားတာအိုမှာ အလွန်မြင့်မားတဲ့ နားလည်မှု ရှိရမယ်၊၊ အဲဒီဆရာကြီးက ယွမ်ဖူကျန်းရန်လား...”
“ဟုတ်ပါတယ်”
“ဒါကြောင့်ကိုး၊၊ ငါ လူငယ်ဘဝတုန်းက သူနဲ့ ၁၂ရက်ကြာ ဓားချင်းလက်ရည်စမ်းဖူးပြီး တစ်ကွက်၊ နှစ်ကွက်အသာနဲ့ ရှုံးနိမ့်ခဲ့ဖူးတယ်၊၊ သူဟာ ဓားတာအိုမှာ ဒီလောက်အထိနက်နဲတဲ့ အသိအမြင်ကိုရရှိပြီး ဓားဆန္ဒကိုတောင် လက်ဆင့်ကမ်းပေးနိုင်နေပြီလား...”
ယွမ်ဖူကျန်းရန်နှင့် ဆုံတွေ့ခဲ့ရသည့် အချိန်များကို ပြန်လည်တွေးမိရင်း ဝမ်ရှန်း၏ ရင်ထဲတွင်လည်း ခံစားချက်များ လှုပ်ခတ်သွားရသည်၊၊
အခြားအကြီးအကဲတစ်ဦးက ပြုံးကာ “တော်ရုံဆရာကောင်းရှိရုံနဲ့တင် ဓားဆန္ဒကို အလွယ်တကူလက်ဆင့်ကမ်းပေးလို့ မရနိုင်ပါဘူး၊၊ အဲဒီအချိန်တုန်းက ဖေးယွီကိုယ်တိုင်ကလည်း ကိုယ်ပိုင်ဓားဆန္ဒတစ်ခုကို သဘောပေါက်ထားပြီးသားဖြစ်ရမယ်၊၊ ဒါမှသာ ဓားဆန္ဒကို ဒီလိုတိုက်ရိုက်အမွေဆက်ခံနိုင်မှာဖြစ်တယ်”
“ဒီထက်ပိုပြီး မပြောနေပါနဲ့တော့၊၊ ဖေးယွီရဲ့ ဓားသိုင်းကို သရုပ်ပြခိုင်းပြီး အကဲခတ်ကြည့်တာက ပိုပြီး ရှင်းလင်းမသွားဘူးလား၊၊ ဖေးယွီ... ဘယ်လိုလဲ ...”
ဝမ်ရှန်းလည်း မိမိ၏ စိတ်ကို အတတ်နိုင်ဆုံးတည်ငြိမ်အောင် ထိန်းသိမ်းထားရင်း လေးနက်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်၊၊ ဤမျှလောက်များပြားလှသော ဓားဆရာကြီးများ၏ ရှေ့မှောက်တွင် မိမိ၏ဓားသိုင်းကို ပြသရမည်ဖြစ်သဖြင့် သူ၏ ရင်ထဲ၌ အနည်းငယ်လှုပ်ရှားနေမိသည်မှာ အမှန်ပင်ဖြစ်၏၊၊
ဝမ်ရှန်း စိုးရိမ်နေသည်ကို ရိပ်မိသည့် ဖေးလျန်ဇီလည်း အခြေအနေကို ပေါ့ပါးသွားအောင် ကူညီပေးရန် ဆုံးဖြတ်လိုက်သည်၊၊ သူသည် ဝမ်ရှန်း၏ ဘေးတွင် ရပ်ကာ ရယ်မောလိုက်ရင်း “ဖေးယွီ... ငါတို့ တိုက်ပွဲရဲ့ တတိယအချီကို အခုပဲ ယှဉ်ပြိုင်ကြမလား၊၊ ငါတို့ကြားက အရှုံးအနိုင်ကို အပြတ်အသတ်ရှင်းလိုက်ကြရအောင်...”
Telegram Channel- https://t.me/wanshang68