အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
Chapter 153
သိမ်းသွင်းရန်ကြိုးစားခြင်း
တာအိုအကြီးအကဲ ၇ယောက် ကမ်းခြေသို့ ရောက်ရှိလာချိန်တွင် တိုက်ပွဲက ပြီးဆုံးနေခဲ့ပြီဖြစ်၏။
ပုံရိပ်ယောင်အမြုတေအဆင့် မိစ္ဆာကျင့်ကြံသူ ခြောက်ယောက်အနက် တစ်ယောက်မျှ အသက်မရှင်ခဲ့ပေ။ သူတို့၏ ရုပ်အလောင်းများကိုမူ နောက်ထပ် သုတေသနပြုလုပ်ရန်အတွက် စီစစ်လေ့လာရေးဌာနတစ်ခုခုဆီ ပို့ဆောင်ရလိမ့်မည်။
လူသတ်ပွဲ၌ ပါဝင်ပတ်သက်ခဲ့သည့် မိစ္ဆာကျင့်ကြံသူ ၁၉၂ ယောက်လုံး လုံးဝသုတ်သင်ရှင်းလင်းခြင်းခံခဲ့ရ၏။ နတ်ဘုရားငါးပါးဂိုဏ်းမှာ ပြင်းထန်သောထိုးနှက်ချက်တစ်ခုကို ရရှိခဲ့ပြီး အာဏာပိုင်များကလည်း နတ်ဘုရားငါးပါးဂိုဏ်းနှင့် ထျန်းလင်ဂိုဏ်းမှ ကျန်ရှိနေသော အဖွဲ့ဝင်များကို ကမ္ဘာလုံးဆိုင်ရာအလိုရှိအမိန့်ထုတ်ပြန်ထားပြီး ဖြစ်သည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထိုလူဖမ်းပွဲကို ကိုယ်တိုင်ကိုယ်ကျကြီးကြပ်ကွပ်ကဲခဲ့သည်။
ကျဆုံးသွားသူများထဲတွင် သံမဏိနတ်ဘုရား၏ သေဆုံးမှုက အဆိုးရွားဆုံးဖြစ်ခဲ့၏။ နည်းပြ ၇ယောက် ၈ယောက်ခန့်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ စနစ်တကျအပိုင်းပိုင်းချိုးဖဲ့ခံခဲ့ရကာ မချိုးဖျက်နိုင်ဟုဆိုကြသော ခန္ဓာကိုယ်မှာလည်း လုံးဝပျက်စီးသွားခဲ့ရသည်။
သံမဏိနတ်ဘုရား၏ တာအိုပညာရပ်များက နက်ရှိုင်းသော ဗုဒ္ဓဘာသာပညာရပ်များနှင့် အလွန်တူညီနေသဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ဗုဒ္ဓဘာသာဂိုဏ်းများကို တာဝန်ခံခိုင်းရန်မှာ ရှောင်လွှဲ၍မရသော ကိစ္စရပ်တစ်ခုဖြစ်လာခဲ့၏။
အထူးစစ်ဆင်ရေးတပ်ဖွဲ့တွင် ထိခိုက်ဒဏ်ရာရသူ ၃၂ ယောက်ရှိခဲ့သော်လည်း အများစုမှာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ခြင်း ဖြစ်သည်။ ပုံရိပ်ယောင်အမြုတေအဆင့်နည်းပြများက ကျွန်း၏ ဗဟိုချက်ကျေးရွာသို့ စီးနင်းတိုက်ခိုက်မှုကို ဦးဆောင်ခဲ့ခြင်းကြောင့် သူတို့အနေဖြင့် ခုခံမှုအနည်းငယ်နှင့်သာ ရင်ဆိုင်ခဲ့ရသည်။ မိစ္ဆာကျင့်ကြံသူများသည် ဓားစာခံများကို သတ်ဖြတ်ရန် အခွင့်အရေးပင် မရရှိခဲ့ကြပေ။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များမှာ လှိုင်းလုံးများသဖွယ် ကျွန်းပေါ်သို့ တစ်သုတ်ပြီးတစ်သုတ်တက်ရောက်လာကြပြီး ဒဏ်ရာရရှိသူများကို ချက်ချင်းပြုစုစောင့်ရှောက်ကာ ဓားစာခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြ၏။ ရှင်းလင်းရေးလုပ်ငန်းစဉ်မှာ ချောမွေ့စွာ ပြီးမြောက်သွားခဲ့လေသည်။
လောလောဆယ်တွင် ဝမ်ရှန်း၊ ဖေးလျန်ဇီ သို့မဟုတ် မုဝမ်ရွှမ်းတို့ကို မည်သူမျှ ခေါ်ယူခြင်းမရှိသေးပေ။ ဝမ်ရှန်းက စပိဘုတ်ပေါ်သို့ ပြန်လည်ခုန်တက်လိုက်ပြီး မုဝမ်ရွှမ်းကလည်း သူ၏အနားသို့ ပျံသန်းရောက်ရှိလာခဲ့သည်။
အခြားတစ်ဖက်တွင်မူ ဖေးလျန်ဇီက နည်းပြအချို့နှင့် စကားလက်ဆုံကျနေပြီး အဆက်အသွယ်များပြုလုပ်နေပုံရ၏။ သူသည် စစ်တပ်တွင် နည်းပြလက်ထောက်ရာထူးကို ရယူရန် စဉ်းစားနေပုံရပြီး စနစ်အတွင်း၌ နှစ်အနည်းငယ်ခန့်ပါဝင်ပတ်သက်ရမည့် အကြံအစည်ကို သဘောကျနေဟန်တူသည်။
တိုက်ပွဲတစ်လျှောက်လုံး အလွန်သတိထားနေခဲ့ရသည့် ချီလင်း က နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့တော့၏။ သူမ၏ နုနယ်သောမျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေလျက် စပိဘုတ်၏ ထိုင်ခုံကို မှီချလိုက်သည်။
ဝမ်ရှန်းက ထိုင်ခုံအောက်သို့ လက်လှမ်းကာ ရေပုလင်းကို ယူပြီး သူမထံ ကမ်းပေးလိုက်သည်။
“ဆရာကတော် ရေသောက်ပါဦး”
ချီလင်းက ၎င်းကို လက်ခံလိုက်ပြီး ဖြည်းညှင်းစွာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။
“ဒါတွေအားလုံးက မင်းတို့ကြောင့်ပါပဲ”
ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့က တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြသည်။
မုဝမ်ရွှမ်းက ခိုင်မာသောစစ်ကူတစ်ရပ်အဖြစ် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်မှာ သေချာပြီး ဝမ်ရှန်းကလည်း တိုက်ပွဲ၏ အစောပိုင်းအဆင့်များတွင် စစ်မြေပြင်ကို ထိန်းချုပ်နိုင်ခဲ့သဖြင့် သူ့ကို တာဝန်ပေးအပ်ခဲ့သူများ၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်ခဲ့လေ၏။ သူတို့၏ ပံ့ပိုးကူညီမှုများကို ငြင်း၍မရနိုင်ပေ။
“ဟုတ်သားပဲ နည်းပြယန်ရဲ့ ဓား”
ဝမ်ရှန်းက ချက်ချင်းထရပ်လိုက်ပြီး စောစောက သူ လွှင့်ပစ်လိုက်သည့် ရတနာဓားကို ရှာဖွေရန် ပင်လယ်ထဲသို့ ငုပ်ဆင်းသွားခဲ့သည်။ ထိုလက်နက်က အနက်ရှိုင်းဆုံးနားစွင့်သူထက်ပင် ပို၍သာလွန်ကောင်းမွန်သည်။ အကယ်၍ ၎င်း ပျောက်ဆုံးသွားပြီး နောက်ပိုင်းတွင် နည်းပြယန်က ပြန်မလိုချင်တော့ဟုပြောလာပါက ဝမ်ရှန်းအနေဖြင့် ကြီးမားသော ဆုံးရှုံးမှုတစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ပင်လယ်ကြမ်းပြင်တွင် အတန်ကြာရှာဖွေပြီးနောက် သူသည် ထိုလက်နက်ကို ပြန်လည်ဆယ်ယူနိုင်ခဲ့သည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ စစ်သားများ၏ အကြည့်အောက်တွင် သူက ရေထဲမှ ပေါ်ထွက်လာပြီး အပြုံးတစ်ခုနှင့်အတူ စပိဘုတ်ပေါ်သို့ ပြန်တက်လာခဲ့သည်။
ဤအချိန်တွင် ချီလင်းလည်း အင်အား ပြန်လည်ပြည့်ဝနေပြီ ဖြစ်သည်။ သူမက ထရပ်လိုက်ပြီး ကမ်းခြေရှိ အလုပ်ရှုပ်နေသော မြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။
သူမက တည်ကြည်စွာဖြင့် ပြောလိုက်သည်။
“ဖေးယွီ၊ ပုယွီ… မင်းတို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ထဲကိုဝင်ပါလား… ငါ မင်းတို့ကို အကောင်းဆုံးခံစားခွင့်တွေ သေချာပေါက်ရအောင်လုပ်ပေးမယ်… ဘယ်တာအိုဂိုဏ်း ဒါမှမဟုတ် ဘယ်မြင့်မြတ်တောင်ထက်မဆို ပိုများတဲ့အရင်းအမြစ်တွေပေးမယ်… ပြီးတော့ မင်းတို့ကို မစ်ရှင်အကုန်လုံး တာဝန်ပေးမှာလည်း မဟုတ်ပါဘူး”
“ဆရာကတော်… ကျွန်တော်တို့က အဲဒီလိုဆုံးဖြတ်ချက်မျိုး မချနိုင်ပါဘူး”
ဝမ်ရှန်းက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“ဒါ့အပြင် ကျွန်တော်တို့က ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ နေသားကျနေလို့ ချည်နှောင်ခံရတာကို သဘောကျမှာ မဟုတ်ဘူး… အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ရတာကပဲ ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်”
“အခြေအနေတွေကို မင်းကိုယ်တိုင်မြင်တွေ့ခဲ့တာပဲ”
ချီလင်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဒီမိစ္ဆာကျင့်ကြံသူတွေက အပြစ်မဲ့သူတွေကို ဘာမှမစဉ်းစားဘဲ သတ်ဖြတ်နေကြတယ်၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က မင်းတို့ရဲ့ အကူအညီလိုအပ်တယ်… စစ်ဆင်ရေးတပ်ဖွဲ့ရဲ့ အဓိကတာဝန်က နယ်စပ်ကိုကာကွယ်ဖို့ပဲ… သူတို့က မိစ္ဆာကျင့်ကြံသူတွေနောက်ကို အမြဲလိုက်မဖမ်းနိုင်ဘူး”
ဝမ်ရှန်းက မုဝမ်ရွှမ်းကို လှမ်းကြည့်လိုက်ရာ သူမက မျက်တောင်ခတ်လိုက်ပြီး သူ့ကို ပြန်၍လက်ညှိုးထိုးပြသည်။
“နင်”
သူမက သူ့ကို ဆုံးဖြတ်ချက်ချခိုင်းနေခြင်းဖြစ်သည်။
ဝမ်ရှန်း မတတ်သာဘဲ တိုးတိုးလေးရယ်မောလိုက်မိသည်။ ချီလင်း ကမ်းလှမ်းသောအခြေအနေများက သဘောကျစရာကောင်းသော်လည်း သူ လက်မခံနိုင်ပေ။
တောင်ပေါ်တွင် ကျင့်ကြံခြင်းဆိုသည်မှာ ကမ္ဘာဦးချီ၏ သန့်စင်မှုသက်သက်ကြောင့်တင် မဟုတ်ပေ။ ပို၍အရေးကြီးသည်မှာ မိမိ၏ တာအိုနှလုံးသားကို ကြည်လင်အောင်ထိန်းသိမ်းထားနိုင်ရန် ဖြစ်သည်။ အကယ်၍ လူ့လောကထဲသို့ စောစောစီးစီးရောထွေးပတ်သက်မိပါက ၎င်းက သူ၏ ကျင့်ကြံခြင်းကို ထိခိုက်စေလိမ့်မည်။
သူ၏ အဆင့်အတန်းအရ လောကီစိန်ခေါ်မှုများဖြင့် နှလုံးသားကို သွေးရမည့် အခြေအနေနှင့် များစွာဝေးကွာနေသေးသည်။
“ဆရာကတော်… ကျွန်တော် ဒီကိစ္စကို ဆရာနဲ့ အရင်တိုင်ပင်ရဦးမယ်… ဒါ့အပြင် ကျွန်တော် ရှုဓားဂိုဏ်းကိုလည်း ရှုတောင်တန်းဆီ လာလည်ပါ့မယ်လို့ ကတိပေးထားပြီးသားမလို့ပါ”
သူ့ဆရာက သူတို့၏ ဆုံးဖြတ်ချက်ကို အလေးပေးမည်ဖြစ်ကြောင်း ကောင်းစွာသိရှိထားသဖြင့် ဆရာ့ကိုသာ ဆင်ခြေအဖြစ်အသုံးပြုလိုက်ခြင်းဖြစ်သည်။ ချီလင်းက တောင်းဆိုရုံမျှဖြင့် သူ့ဆရာက သူတို့ကို တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရန် အတင်းအကျပ်ခိုင်းစေမည်မဟုတ်ပေ။
သူ ဆိုလိုသည်ကို နားလည်သွားသဖြင့် ချီလင်းက ရယ်မောလျက် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ… ဒါဆိုရင် မင်းက ဘယ်လိုဆုလာဘ်မျိုးလိုချင်လဲ”
ဝမ်ရှန်း မျက်တောင်ခတ်လိုက်ပြီး တိုက်ရိုက်ပင် တောင်းဆိုလိုက်သည်။
“အထူးစစ်ဆင်ရေးတပ်ဖွဲ့က သုံးတဲ့ ဆေးလုံးအချို့ကို ကျွန်တော်တို့ ရနိုင်မလား… အထူးသဖြင့် ကျင့်ကြံခြင်းကို အထောက်အကူပြုတဲ့ ဆေးလုံးတွေပေါ့”
“ရတာပေါ့”
ချီလင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေခဲ့သည်။ ဤနည်းဖြင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့တွင် ထိုကဲ့သို့သောအရင်းအမြစ်များစွာ တကယ်ရှိကြောင်းကိုလည်း သူမက မသိလိုက်မသိဘာသာဖြင့် အတည်ပြုပေးလိုက်သကဲ့သို့ပင်၊၊
မကြာမီ ကောင်းကင်ယံမှ ရဟတ်ယာဉ်တစ်စင်း ဖြည်းညှင်းစွာဆင်းသက်လာပြီး ချီလင်းကို လာရောက်ခေါ်ဆောင်သွားသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ အစည်းအဝေးတစ်ခုကို စီစဉ်ထားပုံရသဖြင့် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့လည်း အခွင့်အရေးကိုအရယူကာ လိုက်ပါသွားခဲ့ကြသာ်။ ဖိတ်ကြားခံရခြင်းဖြစ်သောကြောင့် ၎င်းမှာ အခြေအနေတင်ပြချက် အစည်းအဝေးတစ်ခုခုဖြစ်နိုင်ပေသည်။
ပြင်းထန်သော ကျဆုံးမှုများကို ထည့်သွင်းစဉ်းစားပါက အောင်ပွဲခံစားသောက်ပွဲပြုလုပ်ရန်မှာ မသင့်လျော်ပေ။ အကျပ်အတည်းကို လျင်မြန်စွာထိန်းချုပ်နိုင်ခဲ့ပြီး မိစ္ဆာကျင့်ကြံသူအားလုံးကို တရားဥပဒေအတိုင်း အရေးယူနိုင်ခဲ့သော်လည်း ဤဖြစ်ရပ်မှာ ဟွာသမ္မတနိုင်ငံအတွင်း မကြာသေးမီနှစ်များအတွင်း အပြင်းထန်ဆုံးဖြစ်ရပ်တစ်ခုဖြစ်နေဆဲပင်။
၎င်းမှာ ရှေ့တွင် မုန်တိုင်းထန်သော အနာဂတ်များရှိနေသည်ကို ပြသနေသည့် နိမိတ်လက္ခဏာတစ်ခုကဲ့သို့ ခံစားရစေ၏။
အစည်းအဝေးမှာ ရိုးရှင်းသောအခြေအနေတင်ပြချက်တစ်ခုသာဖြစ်သည်။ ယာယီကွပ်ကဲဗဟိုဌာနတွင် လူဒါဇင်ပေါင်းများစွာ စုဝေးကာ အခြေအနေကို အနှစ်ချုပ်နေကြခြင်း ဖြစ်သည်။ တက်ရောက်လာသူများထဲတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အရေးကြီးပုဂ္ဂိုလ်များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ နည်းပြ ၉ယောက်နှင့် စစ်တပ်မှ အဆင့်မြင့်အရာရှိကြီးအချို့ ပါဝင်သည်။
“ကျွန်မတို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ မိစ္ဆာကျင့်ကြံသူတွေကို စောင့်ကြည့်ဖို့ ပိုမို ထိရောက်တဲ့ စနစ်တစ်ခုကို အမြန်ဆုံး တည်ဆောက်သွားမှာပါ”
ချီလင်းက ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်ဖြင့် ပြောလိုက်သည်။
“ဒီလိုကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကျွန်မတို့ရဲ့ အတွေ့အကြုံမရှိမှုကြောင့် မိစ္ဆာကျင့်ကြံသူတွေ စုဝေးနေတာကို အချိန်မီမသိရှိခဲ့ရပါဘူး၊၊ ဒါက ကျွန်မတို့ရဲ့ တာဝန်ပျက်ကွက်မှုပါပဲ”
“မင်းတို့အားလုံး တကယ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့ကြတာပဲ”
ဆံပင်ဖြူဖြူနှင့် စစ်တပ်အရာရှိကြီးတစ်ဦးက သက်ပြင်းချလိုက်သည်။
“မိစ္ဆာကျင့်ကြံသူတွေ ပြဿနာရှာလိမ့်မယ်လို့ ငါတို့ မျှော်လင့်ထားပြီးသားပါ ကပ္ပတိန်ချီလင်း ကိုယ့်ကိုယ်ကိုယ် ဒီလောက်အပြစ်တင်နေစရာမလိုပါဘူး၊၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ ဒေသခံလက်နက်ကိုင်ရဲတပ်ဖွဲ့တွေ အားလုံးမှာလည်း ဒီလိုအမှားအယွင်းအတွက် တာဝန်ရှိပါတယ်”
“တရားဝင်ရပ်တည်ချက်ကတော့ ဒါကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် သတ်မှတ်မှာဖြစ်ပြီး ကျင့်ကြံသူတွေ ပါဝင်ပတ်သက်မှုကိုတော့ လျှော့ချဖော်ပြသွားမှာပါ…”
ထောင့်စွန်းတစ်ခုတွင် ရပ်နေရင်း ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့လည်း တိတ်ဆိတ်စွာ နားထောင်နေကြသည်။ မကြာမီမှာပင် မုဝမ်ရွှမ်းက စိတ်ဝင်စားမှုလျော့နည်းလာပြီး ဖုန်းကို ထုတ်ကာ မိုဘိုင်းဂိမ်းတစ်ခုကို ကစားနေတော့သည်။ အကြည့်အချို့က သူတို့ထံသို့ ရောက်ရှိလာသော်လည်း မည်သူမျှ ဘာမှမပြောကြပေ။
နည်းပြအချို့က အသံလွှင့်နည်းပညာဖြင့် စကားပြောလိုက်ကြပြီး သူတို့ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြ၏။ ဝမ်ရှန်း သတိပြုမိချိန်တွင် သူနှင့် မုဝမ်ရွှမ်းတို့သည် ထောင့်စွန်းတွင် စစ်တပ်ယူနီဖောင်းဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသား ၉ယောက်၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ သူတို့၏ အကြည့်များတွင် ရည်ရွယ်ချက်အချို့ပါဝင်နေသဖြင့် ဝမ်ရှန်း၏ တာအိုနှလုံးသားမှာ အနည်းငယ်တုန်လှုပ်သွားခဲ့ရသည်။
Chapter 154
ကောင်းကင်မှ ရွှေအမြုတေအဆင့်ကျင့်ကြံသူ
“မင်းက ချင်ယန်ဇီရဲ့ တပည့်လား”
အရပ်ရှည်ရှည်နှင့်ပိန်ပိန်ပါးပါး နည်းပြတစ်ဦးက ဝမ်ရှန်းကို အပြုံးတစ်ခုဖြင့် လှမ်းကြည့်လိုက်သည်။
“ချင်ယန်ဇီဆီကနေ ဒီလိုဓားပါရမီရှင်တစ်ယောက်ထွက်လာလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး၊၊ မင်းက ငါ့ရဲ့ အာရုံစိုက်မှုကို တကယ်ပဲ ဆွဲဆောင်နိုင်ခဲ့တယ်”
“လူကြီးမင်းကို ဘယ်လိုခေါ်ရမလဲခင်ဗျာ”
ဝမ်ရှန်းက ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
“လင်းရှီယွီ… မင်းရဲ့ဆရာက ပြီးခဲ့တဲ့တစ်ခေါက် ငါတို့စကားပြောတုန်းက မင်းအကြောင်းကို ခဏခဏထည့်ပြောခဲ့တယ်”
နည်းပြက သက်ပြင်းချရင်း ပြောလိုက်သည်။
“ငါနဲ့ ရှီရှင်းတောင် ဒီနှစ်တွေအတွင်း သူ မင်းကို ချီးမွမ်းသလောက် တစ်ဝက်လောက်တောင် အချီးမွမ်းမခံခဲ့ရဖူးဘူး”
ထိုသူက ဂိုဏ်းချုပ်ကြီး ယွမ်ဖူကျန်းရန်၏ တပည့်ဖြစ်နေခြင်းပင်။ သူ၏ ဓားသိုင်းက ဤမျှပြင်းထန်နေသည်မှာ မဆန်းတော့ပေ။
“ကျွန်တော် ဂိုဏ်းချုပ်ကြီးဆီကနေ လမ်းညွှန်မှုတွေ အများကြီးရရှိခဲ့ပါတယ်…”
ကျန်းဇီခွမ်းက အသာအယာချောင်းဆိုးလိုက်ပြီး ကြားဖြတ်ပြောလိုက်သည်။
“ကဲ တော်လောက်ပြီ တိုးတိုးပြောကြစမ်း ဖေးယွီနဲ့ ပုယွီ… မင်းတို့နှစ်ယောက် အထူးစစ်ဆင်ရေးတပ်ဖွဲ့ထဲကို ဝင်ဖို့ စိတ်ဝင်စားလား… ငါတို့က လူ ၃၀ လောက်ပါဝင်မယ့် ထိပ်တန်းတိုက်ခိုက်ရေးအဖွဲ့တစ်ခုအတွက် လူစုနေတယ်၊၊ ငါတို့က ထိပ်တန်းကျင့်ကြံသူတွေဖြစ်လာဖို့ အကောင်းဆုံးအရင်းအမြစ်တွေရမှာနော်… အနာဂတ်မှာ မင်းတို့က ကြီးမားတဲ့ ကျင့်ကြံခြင်းလောကအပေါ် လွှမ်းမိုးနိုင်လိမ့်မယ်… ဘယ်လိုလဲ စိတ်ဝင်စားလား”
ဝမ်ရှန်းလည်း ရယ်ရခက်၊ ငိုရခက်ဖြစ်သွားသည်။ သူနှင့် သူ၏ စီနီယာအစ်မတို့က ဘာကြောင့် ရုတ်တရက်ကြီး ဒီလောက်ရေပန်းစားသွားတာလဲ…၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့တို့က သူတို့ကို နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ရန် စည်းရုံးလိုကြပြီး သူတို့ဂိုဏ်း၏ အရင်းအမြစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ကြီးမားသောအခွင့်အလမ်းများကို ကမ်းလှမ်းနေကြသည်။ သို့သော်လည်း သူက ထိုအကြံအစည်အပေါ် ငြင်းဆန်လိုသည့်စိတ်ရှိနေဆဲဖြစ်ပြီး စစ်မှန်သောလွတ်လပ်ခွင့်ကသာ ပို၍ တန်ဖိုးရှိသည်ဟုယုံကြည်နေသည်။
အကယ်၍ သူက တိုက်ရိုက်ငြင်းဆိုလိုက်ပါက ထိုသန်မာသော အမျိုးသားကြီးများအုပ်စုက ဖျောင်းဖျသည့် နည်းလမ်းများကို အသုံးပြုလာကြမည်လား…။
ကံကောင်းထောက်မစွာဖြင့် ရင်ဘတ်တွင် ပတ်တီးများ ပတ်ထားလျက် အနီးနားတွင် ရပ်နေသော ယန်ကျန်းနန်က သူ၏ ဖိအားများကို လျှော့ချပေးခဲ့သည်။
“မင်းတို့အကုန်လုံး ဘာလုပ်နေကြတာလဲ… သူတို့ကို လုယူမလို့လား… သူတို့က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အတိုင်ပင်ခံတွေဖြစ်နေပြီ… ပြီးတော့ သူတို့က အများကြီးကူညီပေးခဲ့ပြီးပြီးပဲ… သူတို့က စိတ်မဝင်စားရင်လည်း လွှတ်ထားလိုက်ကြစမ်းပါ”
ဝမ်ရှန်းလည်း ယန်ကျန်းနန်ကို ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်သည်။
ကျန်းဇီခွမ်းက နှာခေါင်းရှုံ့လိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ဒီလိုထူးချွန်တဲ့ ပါရမီရှင်နှစ်ယောက်ကို ဒီအတိုင်းဘယ်လိုလွှတ်ထားရမှာလဲ… ချင်ယန်ဇီရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ… ငါမင်းတို့နှစ်ယောက်အတွက် သူ့ကိုသွားတိုက်ခိုက်ရမလား… နိုင်တဲ့လူက အကုန်ယူကြေးပေါ့”
လုံဟူရှန်းတောင်တန်းမှ ကျင့်ကြံသူများသည် တကယ်ပဲ စိတ်ဝင်စားစရာကောင်းသောစရိုက်ရှိကြလေ၏။
ဝမ်ရှန်းက အစည်းအဝေးဆက်လက်ကျင်းပနေစဉ်အတွင်း စိတ်မသက်မသာဖြင့်သာ ရပ်နေခဲ့ရသည်။ သို့သော်လည်း မကြာမီမှာပင် အမည်မသိအရှိန်အဝါတစ်ခုက ကမ်းခြေသို့ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ ကားကြီးများဖြင့် ဝန်းရံထားသော လဟာပြင်ကွပ်ကဲမှုဗဟိုဌာနတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားခဲ့သည်။
ကျင့်ကြံခြင်းမရှိသော စစ်သားများ၏ ရင်ဘတ်ထဲတွင် ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များအပါအဝင် ကျင့်ကြံသူများမှာမူ ချွေးစေးများထွက်လာခဲ့ကြသည်။
နည်းပြ ၉ယောက်လုံး ချက်ချင်း ခေါင်းမော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ လေးနက်တည်ကြည်သွားခဲ့သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်မြင့်မားလေလေ အထက်မှ ဖြာထွက်လာသော ကြီးမားလှသည့်စွမ်းအားကို ပိုမိုရှင်းလင်းစွာ ခံစားရလေလေ ဖြစ်သည်။
ကျန်းဇီခွမ်းက ရုတ်တရက် အော်ဟစ်လိုက်သည်။
“သတိထားကြ… ကောင်းကင်ပေါ်မှာ လူတစ်ယောက်ရှိနေတယ်… ပုံရိပ်ယောင်အမြုတေအဆင့်အောက်ကလူတွေအားလုံးနောက်ဆုတ်ကြ”
ဝမ်ရှန်း အာရုံစိုက်ကြည့်လိုက်ရာ ညကောင်းကင်ယံတွင် ပျံသန်းနေသော လူရိပ်တစ်ခုကို သတိပြုမိလိုက်သည်။ ထိုသူထံမှ ကြီးမားသောဖိအားများထွက်ပေါ်နေသည်။
သို့သော်လည်း သူ၏ စီနီယာအစ်မကမူ တစ်စုံတစ်ခုကို မှတ်မိသွားပုံရသည်။ သူမက ဝမ်ရှန်း၏ အကျီစကို ဆွဲလိုက်သည်။
“ဆရာ”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီးတစ်ခု ကောင်းကင်ယံမှ ပဲ့တင်ထပ်လာခဲ့ပြီး ကီလိုမီတာအနည်းငယ်အတွင်းရှိ ကမ္ဘာဦးချီများကို ပြင်းထန်စွာ လှုပ်ခတ်သွားစေခဲ့သည်။ ဖိအားပြင်းအရှိန်အဝါက ပို၍ပြင်းထန်လာခဲ့သည်။
“မိစ္ဆာကျင့်ကြံသူတွေ ဘယ်မှာလဲ”
ဝမ်ရှန်း တစ်ကိုယ်လုံးတောင့်တင်းသွားလေသည်။
ကျန်းဇီခွမ်းက ဟိန်းဟောက်လိုက်သည်။
“သူ့ကို ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားလိုက်ကြ… အဲဒါရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ မြန်မြန်လုပ်ကြ”
“အမ်… လူကြီးမင်းတို့…”
ဝမ်ရှန်း အနေဖြင့် စကားပြောရန်ခက်ခဲနေသော်လည်း ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် ဝေခွဲမရစွာဖြင့် တိုးတိုးလေးရေရွတ်လိုက်သည်။
“ကောင်းကင်ပေါ်က လူက မိစ္ဆာကျင့်ကြံသူမဟုတ်ပါဘူး သူက… ဟို ကျွန်တော့်ဆရာလို့ထင်တယ်”
တင်းမာမှုများဖြင့် ပြည့်နှက်နေခဲ့သော ကွပ်ကဲမှုဗဟိုဌာနတစ်ခုလုံးမှာ ချက်ချင်းပင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့တော့သည်။
ရွှေအမြုတေကို ဖွဲ့စည်းနိုင်သည်နှင့်တစ်ပြိုင်နက် လူသားတစ်ဦးသည် အင်မော်တယ်ဖြစ်ရန် ခရီးစဉ်ကို စတင်နိုင်ပြီဖြစ်၏။
နှစ်ပေါင်း ၈၀၀ သက်တမ်းရရှိနိုင်ပြီး လောက၌ နာမည်တစ်ခုတော့ ကျန်ရစ်ပေလိမ့်မည်။
ကောင်းကင်ယံရှိ ရွှေအမြုတေအဆင့်ကျင့်ကြံသူမှာ သူတို့၏ ဆရာဖြစ်ကြောင်း ဝမ်ရှန်း ပြောသည်ကို ကြားလိုက်ရသောအခါ နည်းပြများက သက်ပြင်းတစ်ချက်အသာချလိုက်မိသော်လည်း သတိအနေအထားကိုမူ လျှော့ချခြင်းမရှိကြသေးပေ။
ဝမ်ရှန်းက အနီးနားရှိ ကားကြီးတစ်စီး၏ အမိုးပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ဆရာ့ကို လှမ်းခေါ်ကာ ပြဿနာရှာနေသော မိစ္ဆာကျင့်ကြံသူများအားလုံး သုတ်သင်ရှင်းလင်းပြီးဖြစ်ကြောင်း ရှင်းပြလိုက်သည်။ ထိုအခါမှသာ အနောက်မြောက်ဘက်မှ အလျင်အမြန်ပျံသန်းလာခဲ့သော ရွှေအမြုတေအဆင့်ကျင့်ကြံသူက သူ၏ အရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။
ချင်ယန်ဇီက တမင်ပင် ဆင်းသက်သည့်အရှိန်ကို လျှော့ချထားပုံရသည်။ သူက ဓားတစ်လက်ပေါ်တွင် မတ်တတ်ရပ်နေပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်အများအပြား၏ အားကျသောအကြည့်များကို ဆွဲဆောင်နေခဲ့သည်။ ထောင့်စွန်းတစ်ခုတွင် ဖေးလျန်ဇီက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ငါအတော်ရူးတာပဲ.. ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးဆီက တပည့်ကိုလုဖို့များ စဥ်းစားခဲ့ရတယ်လို့ကွာ…၊၊
ရှုဓားဂိုဏ်းတစ်ခုလုံးတွင် လောလောဆယ်၌ မည်သူမျှ ဓားပျံမစီးနိုင်ကြသေးပေ။ ပို၍ဆိုးသည်မှာ ယခုအချိန်တွင် ဓားပျံစီးနိုင်သူကို မြင်ဖူးလိုက်သော်လည်း ထိုသူက အခြားဂိုဏ်းမှ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်နေခြင်းပင်။
ချင်ယန်ဇီက မြေပြင်မှ မီတာသုံးလေးဆယ်ခန့်အကွာ ကောင်းကင်ယံတွင် ရပ်တန့်လိုက်သည်။
“ရွှမ်းလေး… ရှန်းလေး… မင်းတို့နှစ်ယောက်လုံး ဒဏ်ရာရသေးလား… အဝေးက ကျွန်းပေါ်မှာ သွေးကွက်တွေ တွေ့တယ် မိစ္ဆာကျင့်ကြံသူတွေလုပ်တာလား”
ဝမ်ရှန်းလည်း အစပိုင်းတွင် အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း မကြာမီမှာပင် သူ့ဆရာက ဆရာကတော်နှင့် မျက်နှာချင်းဆိုင်ရမှာကို တွန့်ဆုတ်နေသဖြင့် တမင်တကာ အကွာအဝေးတစ်ခုထိန်းထားခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ထိုအခိုက် ကျန်းဇီခွမ်းနှင့် အခြားသူများမှာ စကားပြောသင့်၊မပြောသင့် ဝေခွဲမရဖြစ်နေကြ၏။ အဆင့်မြင့်စစ်တပ်အရာရှိကြီးများက ကောင်းကင်ရှိ အမျိုးသားကိုသာ စိုက်ကြည့်နေကြပြီး ချီလင်းကမူ မော့ပင်မကြည့်ဘဲ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
ဝမ်ရှန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
“နတ်ဘုရားငါးပါးဂိုဏ်း၊ ထျန်းလင်ဂိုဏ်းနဲ့ အခြားဂိုဏ်းတွေက မိစ္ဆာကျင့်ကြံသူ နှစ်ရာနီးပါးကို သုတ်သင်ရှင်းလင်းပြီးပါပြီ၊၊ ဒီမှာရှိတဲ့လူကြီးမင်းတွေကတော့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ နည်းပြတွေပါ”
“ငါ တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်ဖို့ ရုတ်တရက်စိတ်ကူးပေါက်လာတာ… ဒါပေမဲ့ ဒီခရီးက အချည်းနှီးဖြစ်သွားပုံရတယ်၊၊ မိစ္ဆာကျင့်ကြံသူတွေကို နှိမ်နင်းပြီးပြီဆိုရင်ပဲ အဆင်ပြေပါတယ်၊၊ မင်းတို့နှစ်ယောက်က ကျင့်ကြံခြင်းနုနယ်သေးတာမလို့ အခြားသူတွေကို ဒုက္ခမပေးကြနဲ့ဦး”
ချင်ယန်ဇီက သတိပေးလိုက်သည်။
ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့က သူ၏ စကားတွင် ထူးဆန်းမှုတစ်ခုမျှ မတွေ့ရှိသော်လည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ ထိပ်တန်းအဖွဲ့ဝင်များနှင့် နည်းပြများမှာမူ ခါးသီးသောအပြုံးများဖြင့် ရှိနေကြလေသည်၊၊
သူတို့ရဲ့ ကျင့်ကြံခြင်းက နုနယ်သေးတယ်ပေါ့…၊၊
အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ ထိပ်တန်းအဖွဲ့ဝင်တိုင်းကို မြောက်မြားလှစွာသော အရင်းအမြစ်များစွာဖြင့် ပျိုးထောင်ပေးထားခြင်းဖြစ်သည်။ မြင့်မြတ်တောင်တန်းများမှ သာမန်တပည့်များပင် ထိုကဲ့သို့သော ခံစားခွင့်မျိုးကို မရရှိနိုင်ကြပေ။
ဝမ်ရှန်းအနေဖြင့် ဤမျှ အသက်အရွယ်နှင့် ထိုကဲ့သို့သော ကျင့်ကြံခြင်းအဆင့်နှင့် ဓားသိုင်းအဆင့်သို့ ရောက်ရှိနေခြင်းက…
သူ့ဘေးနားရှိ အေးစက်သောနတ်သမီးလေးအကြောင်းကိုမူ ပို၍ပင်ပြောနေစရာမလိုတော့ပေ။ သူမက အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နတ်ဘုရားသန္ဓေသားအဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းအကွာတွင် ရှိနေ၏။ သူမ၏ ယင်ယန်ချီအပေါ် ကျွမ်းကျင်မှုဖြင့် မိစ္ဆာတာအိုပညာရှင် သံမဏိနတ်ဘုရားကို လုံးဝပိတ်လှောင်ထားနိုင်ခဲ့ပြီး ထိုသူ့ကို လုံးဝအစွမ်းမဲ့သွားစေခဲ့သည်။
နည်းပြ ၉ယောက်လုံးပင် စောစောက မုဝမ်ရွှမ်း၏ ယင်ယန်ချီကို ဆန်းစစ်ရန် စုဝေးခဲ့ကြသေးသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူမကို တစ်ချက်တည်းဖြင့် ပြတ်ပြတ်သားသားအနိုင်ယူနိုင်ပါက အားလုံးသည် သံမဏိနတ်ဘုရားကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟူသော ကောက်ချက်ကို သူတို့ချနိုင်ခဲ့ကြ၏။ သို့သော်လည်း သူမ၏ ကျင့်ကြံခြင်းက နုနယ်သေးသည်ဟု သူမ၏ ဆရာက ဆုံးမနေလေသည်၊၊
ဤနေရာတွင် ရှိနေကြသော ကျင့်ကြံသူအတော်များများမှာ အလွန်စိတ်ဓာတ်ကျသွားကြသဖြင့် အော်ဟစ်ဆဲဆိုချင်စိတ်ပင် ပေါက်သွားကြသည်။ သို့သော်လည်း ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့၏ ဆရာဖြစ်သော ရွှေအမြုတေအဆင့် ကျွမ်းကျင်သူကိုယ်တိုင်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သဖြင့် သူတို့အနေဖြင့် ငြင်းခုံရန် နည်းလမ်းမရှိဘဲ ဘာမှမပြောနိုင်တော့ပေ။
ယန်ကျန်းနန်က ရယ်မောလိုက်သည်။
“တာအိုရောင်းရင်း ချင်ယန်ဇီ… အောက်ကိုဆင်းပြီး ငါတို့နဲ့ ပူးပေါင်းပါဦးလား”
“ရောင်းရင်း ကျန်းနန်လည်း ဒီမှာရှိနေတာလား… ငါအလောတကြီးလာခဲ့ရတာမလို့ လေပြင်းတွေက အရမ်းကြမ်းတာကြောင့် ငါ့ရဲ့ အဝတ်အစားတွေကလည်း စုတ်ပြတ်နေတာနဲ့ လူလုံးထွက်ပြဖို့ အဆင်မပြေလို့ပါ”
ချင်ယန်ဇီက အထက်မှ လှမ်းပြောလိုက်သည်။