← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 16 Ch. 155-156

Chapter 155

မင်းယုတ်မာတဲ့ကောင်

“ဘာပဲဖြစ်ဖြစ် ငါမင်းတို့ကို ဆက်ပြီး အနှောင့်အယှက်မပေးတော့ပါဘူး… ရွှမ်းလေးနဲ့ ရှန်းလေး… မင်းတို့ ဒဏ်ရာမရဘူးဆိုရင် ငါနဲ့ စကားလာပြောကြဦး”

ချင်ယန်ဇီက အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ၏ အထက်တွင် စက်ဝိုင်းပုံ ဖြည်းညှင်းစွာပျံသန်းလိုက်ပြီးနောက် မီတာတစ်ရာခန့်အကွာရှိ ကမ်းခြေအနီးသို့ ဆင်းသက်လိုက်၏။ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့လည်း ချက်ချင်းပင် သူတို့ဆရာ့ကို နှုတ်ဆက်ရန် အပြေးအလွှားသွားခဲ့ကြသည်။

နည်းပြတစ်ဦးက တိုးတိုးလေးရေရွတ်လိုက်သည်။

“အဲဒါ ဘာသဘောလဲ.. ရွှေအမြုတေအဆင့်ကျွမ်းကျင်သူက ပျံသန်းလာတယ်… တစ်ပတ်ပတ်တယ်… ပြီးတော့ ဒီအတိုင်းထွက်သွားတာလား”

ကျန်ရှိနေသူများကမူ ခါးသက်စွာသာပြုံးနေကြသည်။

တာအိုဂိုဏ်းများတွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ဦးရှိနေကြောင်းကိုသာ သူတို့ စောစောစီးစီးသိရှိခဲ့ပါက သူ့ကို အမြန်ဆုံးခေါ်ယူနိုင်ခဲ့မည်ဖြစ်ပြီး စစ်ဗျူဟာများချမှတ်ရန် ဤမျှ အားထုတ်နေစရာလိုမည်မဟုတ်ပေ။

ချင်ယန်ဇီ၏ ရုတ်တရက် ရောက်ရှိလာမှုက လဟာပြင်အစည်းအဝေးကို လုံးဝ ပျက်ပြားသွားစေခဲ့သည်။

ဆံပင်ဖြူဖြူနှင့် စစ်တပ်အရာရှိကြီးတစ်ဦးက မေးမြန်းလိုက်သည်။

“အဲဒီလူက ဝမ်ဖေးယွီနဲ့ မုပုယွီတို့ရဲ့ ဆရာလား… သူက မင်းထက် ကျင့်ကြံခြင်းအဆင့်ပိုမြင့်လား ဇီခွမ်း”

နည်းပြ ၉ယောက်လုံးက ခေါင်းညိတ်လျက် သက်ပြင်းချလိုက်ကြသည်။

မုချိုးလီက တတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ရှေးဟောင်းကျမ်းစာတွေအရ ရွှေအမြုတေအဆင့်ဟာ တာအိုလမ်းစဉ်ရဲ့ ပထမဆုံးသော ကြီးမားတဲ့အဆင့်အတန်းတစ်ခုအဖြစ် သတ်မှတ်ခံရပါတယ်… ကျွန်တော့်ရဲ့ဆရာက ကမ္ဘာဦးချီတွေ ပြန်လည်နိုးထမလာခင်ကတည်းက တောင်ပေါ်မှာ နှစ်ပေါင်း ၆၀ ကျော် တံခါးပိတ်ကျင့်ကြံခဲ့တာပါ၊၊ ဒီလိုစုဆောင်းမှုတွေနဲ့အတူ ခန္ဓာကိုယ်အင်အားပြန်လည်ပြည့်ဝစေမယ့် ဆေးလုံးတွေရဲ့ အကူအညီကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ရွှေအမြုတေအဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့တာဖြစ်ပါတယ်”

“မှတ်တမ်းတွေအရ ချင်ယန်ဇီဟာ အသက် ၄၀ ကျော်အရွယ်မှာရှိနေပြီး သူ့ရဲ့ အနှစ်သာရနဲ့ အသက်စွမ်းအားကလည်း အပြည့်အဝရှိနေပါတယ်၊၊ သူ့ရဲ့ ပါရမီအရ ရွှေအမြုတေအဆင့်ကို ဒီလောက်မြန်မြန်ရောက်သွားတာက မဆန်းပါဘူး”

ယန်ကျန်းနန်က စိတ်ပျက်နေသော ကျန်းဇီခွမ်းကို ပုခုံးဖြင့် အသာတွန်းလိုက်ပြီး စနောက်လိုက်သည်။

“သူ့ကို သွားပြီး စိန်ခေါ်လိုက်ပါလား… နိုင်တဲ့လူက တပည့်တွေကို ယူကြေးလေ”

“အဲဒါ… မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

ကျန်းဇီခွမ်းက လည်ပင်းကို ဆန့်လျက် ပြန်လည်တုံ့ပြန်လိုက်သည်။ သို့သော်လည်း သူက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူကို အနိုင်ယူရန် အခွင့်အရေးရှိသည်ဟု ကြွေးကြော်လုဆဲဆဲတွင် စောစောက သူ ခံစားခဲ့ရသည့် အရှိန်အဝါကို ပြန်လည်သတိရသွားခဲ့သည်။

ကျန်းဇီခွမ်းက ပုခုံးတွန့်လိုက်သည်။

“ငါကိုယ်တိုင် ရွှေအမြုတေအဆင့်ကို ရောက်တဲ့အခါကျရင်တော့ အခွင့်အရေးရှိကောင်းရှိနိုင်မှာပေါ့၊၊ လောလောဆယ်တော့ ထားပါ… ငါတို့ဆီမှာ ပုံရိပ်ယောင်အမြုတေနှစ်ခုခွဲလောက်ပဲ အကောင်းဆုံးရှိတာ… သူကတော့ အမြုတေတွေက ခိုင်မာနေပြီး သုံးခုတောင် ရှိနေပြီ… ငါတို့ ဘယ်လိုမှ မယှဉ်နိုင်ဘူး”

အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များအုပ်စုမှာ ချက်ချင်းပင် ရယ်မောလိုက်ကြတော့သည်။ သူတို့ စုဝေးမိသည့်အခါတိုင်းတွင် ရိုင်းစိုင်းသော သို့မဟုတ် ထူးဆန်းသော ပြက်လုံးမျိုးစုံကို ပြောလေ့ရှိကြသည်။ ယခုအခါတွင် တာအိုဂိုဏ်းများ၏ တင်းကြပ်သော စည်းမျဉ်းများက သူတို့ကို ချည်နှောင်ထားခြင်းမရှိတော့သဖြင့် ထိုကဲ့သို့သော စကားပြောဆိုမှုများက သူတို့အတွက် အရေးမကြီးတော့ပေ။

သို့သော်လည်း တစ်ချိန်လုံး ငြိမ်သက်စွာ ထိုင်နေခဲ့သည့် ချီလင်းက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ကျန်းဇီခွမ်းကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ဒေါသမီးများ တောက်လောင်နေခဲ့သည်။

“ဒါက ရယ်စရာကောင်းတယ်လို့ ထင်နေတာလား”

ကျန်းဇီခွမ်းက မျက်တောင်ခတ်လိုက်သည်။ သူသည် ထိပ်တန်းကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ကျင့်ကြံခြင်းလုံးဝမရှိသော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ကပ္ပတိန်ရှေ့တွင် အလိုလျောက်တုန်လှုပ်သွားခဲ့ရသည်။

“ဟို… မဟုတ်ပါဘူး ရယ်စရာမကောင်းပါဘူး”

“ဟိုမှာ လူသေလောင်း ရာနဲ့ချီ ရှိနေတာ မင်းတို့ တကယ်ပဲ အခုအချိန်က ရယ်နေရမယ့်အချိန်လို့ ထင်နေတာလား”

ကျန်းဇီခွမ်းလည်း အရှက်ရသွားဟန်တူသည်။ သူက ကျောကို ဆန့်လိုက်ပြီး အလေးပြုလိုက်သည်။

“ကျွန်တော် အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ နည်းပြ ကျန်းဇီခွမ်းဟာ မစဉ်းစားမဆင်ခြင်ဘဲ တာဝန်မဲ့စွာ ပြုမူမိခဲ့ပါတယ်… ကပ္ပတိန် ပေးအပ်မယ့် ဘယ်လိုပြစ်တင်ဝေဖန်မှုနဲ့ ပြစ်ဒဏ်ကိုမဆို လက်ခံပါ့မယ်”

ချီလင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများကို ခဏမျှ မှိတ်ထားလိုက်သည်။ သူမ၏ လက်ချောင်းများက အနည်းငယ်တုန်ရင်နေခဲ့သည်။

“ငါ ရာထူးကိုကျော်ပြီး ပြောမိတဲ့အတွက် တောင်းပန်ပါတယ်… ငါနည်းနည်းပင်ပန်းနေလို့ ခဏလောက်နားလိုက်ဦးမယ်”

သူမထံတွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း အားလုံးသိသာထင်ရှားစွာ မြင်တွေ့နေရသည်။ သူမက စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဓိကအဖွဲ့ဝင်အချို့နှင့်အတူ ယာယီကွပ်ကဲမှုဗဟိုဌာနမှ ထွက်ခွာသွားချိန်တွင် ကျန်ရှိနေသူများက ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ယန်ကျန်းနန်က ချောင်းဆိုးလိုက်သည်။

“အဟမ်း… ငါ မှတ်မိသလောက်တော့ ဖေးယွီက ကပ္ပတိန်ချီလင်းကို တစ်ခါတလေကျရင် ဆရာကတော်လို့ ခေါ်တတ်တယ်”

နည်းပြများလည်း ချက်ချင်းပင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သကဲ့သို့ အမူအရာများဖြစ်သွားကြသည်။ သူတို့၏ မျက်ဝန်းများ တောက်ပသွားခဲ့ပြီး စုဝေးလျက် တွတ်တိုးကာ အတင်းပြောနေကြတော့သည်၊၊

“နေပါဦး… တကယ်ကြီးလား အဲဒါမဖြစ်နိုင်တာကြီး… စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ကပ္ပတိန်နဲ့ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ဟုတ်လား”

“သောက်ကျိုးနည်း… နတ်ဘုရားတွေ သက်သေထူပါစေ… ဒီအတင်းအဖျင်းက ပေါက်ကွဲတော့မယ့် မြေမြှုပ်ဗုံးပဲ”

“ကပ္ပတိန်ချီလင်းမှာ သမီးတစ်ယောက်ရှိတယ်မဟုတ်လား… ဒါဆိုရင် အဲဒီတာအိုဆရာက ငယ်ရွယ်တုန်းက အိမ်ထောင်ကျခဲ့တာပေါ့… အဲဒါကိုတောင် ရွှေအမြုတေအဆင့်ကို ဒီလောက်မြန်မြန်ရောက်နိုင်သေးတယ်လား”

“တိတ်စမ်း… ငြိမ်ငြိမ်နေကြ.. ချီလင်းပြောတာ မှန်တယ်… မင်းတို့အားလုံး စည်းမရှိကမ်းမရှိဖြစ်နေကြပြီ”

အဆင့်မြင့်အရာရှိကြီးတစ်ဦးက အသံမာမာဖြင့် ကြားဖြတ်ပြောလိုက်သဖြင့် အဖွဲ့သားများ ချက်ချင်းပင် ကိုယ်ဟန်ပြင်လျက် ငြိမ်သက်သွားကြတော့သည်။

သက်ကြီးပိုင်းအမျိုးသားတစ်ဦးက ပြောလိုက်သည်။

“ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖယ်ထားရင်တောင် ဖေးယွီနဲ့ ပုယွီလိုတပည့်တွေကို လေ့ကျင့်ပေးနိုင်တဲ့လူဟာ ချီးမွမ်းစရာကောင်းတဲ့ စရိုက်လက္ခဏာရှိရမယ်၊၊ သူက လောကကြီးကို ဂရုစိုက်တဲ့ လမ်းမှန်ကျင့်ကြံသူတစ်ဦးပဲ”

“သူက ငါတို့ ပူးပေါင်းဆောင်ရွက်သင့်တဲ့လူမျိုးပဲ အထူးစစ်ဆင်ရေးတပ်ဖွဲ့အနေနဲ့ အနာဂတ်မှာ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်ရမှာကို ထည့်သွင်းစဉ်းစားရင် အရေးကြီးတဲ့အချိန်မှာ ဒီလိုသန်မာတဲ့ မဟာမိတ်တစ်ဦးရှိနေတာက ကောင်းတဲ့အချက်ပဲ”

သူ၏ စကားများကို တရားဝင်အမိန့်တစ်ခုအဖြစ် သတ်မှတ်လိုက်ကြသည်။ ကျန်းဇီခွမ်းနှင့် အခြားသူများက ချက်ချင်းပင် အလုပ်စလုပ်ကြသဖြင့် ယာယီကွပ်ကဲမှုဗဟိုဌာနမှာ ပြန်လည်အလုပ်ရှုပ်သွားခဲ့ရသည်။

ကမ်းခြေအနီးတွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့က ရေစပ်တွင် မတ်တတ်ရပ်လျက် အဝေးသို့ တိတ်ဆိတ်စွာ စိုက်ကြည့်နေသော သက်လတ်ပိုင်းအရွယ် တာအိုဆရာထံသို့ လျှောက်လှမ်းသွားခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးက အရိုအသေပေးလျက် နှုတ်ဆက်လိုက်ကြသည်။

သူတို့ မည်မျှပင် ရင်းနှီးနေပါစေ သင့်လျော်သောရိုသေမှုကိုတော့ ပြသရပေလိမ့်မည်။

“ဆရာ့ကို ဂါရဝပြုပါတယ်”

“အင်း”

“မင်းတို့နှစ်ယောက် လူ့လောကထဲ ရောက်နေတုန်း ပြဿနာတွေတော့ ရှာမထားကြဘူးမလား”

ချင်ယန်ဇီ၏ လေသံထဲမှနွေးထွေးမှုက ဝမ်ရှန်းကို ချက်ချင်းပင် စိတ်အေးသွားစေခဲ့သည်။ ချင်ယန်ဇီက အပြုံးတစ်ခုဖြင့် လှည့်ကြည့်လိုက်ရာ ဝမ်ရှန်းက အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်မိသည်။

ချင်ယန်ဇီ၏ ဤနေရာသို့လာခဲ့ရသော ခရီးစဉ်က သိသာထင်ရှားစွာပင် ငြိမ်းချမ်းမှုမရှိခဲ့ပေ။

နောက်ကျောဘက်က ကြည့်စဉ်က မသိသာခဲ့သော်လည်း သူ လှည့်ကြည့်လိုက်သည့် အချိန်တွင် မုဝမ်ရွှမ်းပင်လျှင် အနည်းငယ် စိတ်ပျက်သွားသည့်အမူအရာမျိုးပြလိုက်မိသည်။ သူ၏ မုတ်ဆိတ်မွေးများက ဖရိုဖရဲဖြစ်နေပြီး ဆံပင်များကလည်း ငှက်သိုက်ကဲ့သို့ဖြစ်နေကာ သူ၏ တာအိုဝတ်ရုံမှာလည်း လုံးဝကိုးရိုးကားယားဖြစ်နေလျက် အပေါက်အပြဲအနည်းငယ်ပင်ရှိနေခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့ ဖရိုဖရဲဖြစ်နေသည့်အခြေအနေတွင်ပင် သူ၏ ဟန်ပန်တွင် အဆင့်အတန်းရှိသော အငွေ့အသက်တစ်ခုရှိနေဆဲပင်၊၊

ဝမ်ရှန်း မမေးဘဲမနေနိုင်တော့ပေ။

“ဆရာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ခဲ့ရတာလား”

“တိုက်ခိုက်ရတာ ဟုတ်လား”

ချင်ယန်ဇီက သူ့ကိုယ်သူငုံ့ကြည့်လိုက်ပြီး ရယ်မောလျက် ခေါင်းခါလိုက်သည်။

“ငါ အလောတကြီးလာခဲ့တာလေ… လမ်းတစ်ဝက်မှာ အရာရှိတစ်ယောက်က ငါ့ကို ဒီခေါ်လာပေးဖို့ လေယာဉ်တစ်စင်း စီစဉ်ပေးပေမဲ့ မင်းတို့နှစ်ယောက်လုံးတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်လို့ လေယာဉ်ကို မရပ်ခိုင်းဘဲ လေယာဉ်အမိုးပေါ်မှာ မတ်တတ်ရပ်ပြီး တစ်လမ်းလုံးလာခဲ့ရတာ ကိုယ့်ကိုယ်ကိုယ်တောင် မပြင်ဆင်နိုင်ခဲ့ဘူး”

ဝမ်ရှန်း၏ နှလုံးသားထဲတွင် နွေးထွေးမှုများ ပြည့်နှက်သွားခဲ့ရသည်။ သူက ခေါင်းငုံ့လိုက်သည်။

“တပည့်ရဲ့ အသုံးမကျမှုကြောင့် ဆရာ့ကို စိုးရိမ်စေမိပါပြီ…”

ချင်ယန်ဇီက ပြုံးလျက် ခေါင်းခါလိုက်သည်။ ထို့နောက် တည်ကြည်သွားကာ ဝမ်ရှန်းကို သေချာစိုက်ကြည့်လိုက်သည်။ သူ စကားပြောရန် တွန့်ဆုတ်နေပုံရပြီး ဘယ်လိုစပြောရမှန်းမသိဖြစ်နေဟန်ရသည်။

ထိုအချိန်တွင် ဝမ်ရှန်းက သူ့၏ ဓားသေတ္တာကို ချလိုက်ပြီး တာအိုဝတ်ရုံကို ချွတ်ရန် ပြင်လိုက်သည်။

ချင်ယန်ဇီ ချက်ချင်းပင် အကြည့်လွှဲလိုက်ပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်တော့သည်။

“မင်း ယုတ်မာတဲ့ကောင်… မင်း လူ့လောကထဲ ရောက်နေတုန်း ဘယ်လိုစောက်တလွဲတွေ သင်လာတာလဲ… စိတ်လှုပ်ရှားရုံနဲ့ ကိုယ့်ဆရာအပေါ် မသင့်လျော်တဲ့ အတွေးမျိုးရှိစရာလား… မင်းရဲ့ စီနီယာအစ်မက ဒီလောက်လှပတာကို မင်းက ဘယ်လိုဖြစ်ပြီး ဒီလိုထူးဆန်းတဲ့… အာသာဆန္ဒမျိုးရှိနေရတာလဲ”

ဝမ်ရှန်း၏ ပါးစပ်က ပြင်းထန်စွာ မဲ့ရွဲ့သွားခဲ့လေသည်။ သူ အလွန်စိတ်ပျက်သွားခဲ့ပြီး မုဝမ်ရွှမ်းကမူ ဘာမှနားမလည်နိုင်သဖြင့် ခေါင်းကို စောင်းကြည့်လျက် ရှုပ်ထွေးနေခဲ့သည်၊၊

“ဆရာ သေချာကြည့်ပါဦး”

“ဟမ်.. ဘာကို သေချာကြည့်ရမှာလဲ”

ချင်ယန်ဇီက စနောက်သော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ ထိုအချိန်တွင် ဝမ်ရှန်းက သူ၏ တာအိုဝတ်ရုံကို ချွတ်ပြီးဖြစ်ကာ သူ့ဆရာထံသို့ ကမ်းပေးလိုက်သည်။

“ဆရာကတော်… ဝမ်လေးရဲ့ အမေက ဟိုဘက်မှာရှိနေတယ်”

ချင်ယန်ဇီ ခဏမျှ ကြောင်အမ်းသွားပြီးနောက် သက်ပြင်းချလိုက်သည်။

“အာ… ရွှမ်းလေး… ခဏလောက်တစ်ဖက်လှည့်နေဦး… ငါအဝတ်လဲရမယ်”

မုဝမ်ရွှမ်း ထွက်ခွာရန်ပြင်လိုက်စဥ် ဝမ်ရှန်းက သူမနောက်သို့ ချက်ချင်းလိုက်သွားကာ သူမ၏ နားထဲသို့ စကားအချို့ကို တိုးတိုးလေးပြောလိုက်သည်။ သူက သူမကို ဆရာကတော်၏ စိတ်ကို တည်ငြိမ်အောင် လုပ်ပေးရန်နှင့် သူမ ထွက်မသွားအောင် သေချာလုပ်ခိုင်းလိုက်ခြင်းဖြစ်သည်။

Chapter 156

တာအိုဆရာ… ကျေးဇူးပြု၍ ကိုယ်အမူအရာဆင်ခြင်ပါ

မုဝမ်ရွှမ်းသည် ချီလင်းကို ရှာဖွေတွေ့ရှိသွားကြောင်း အတည်ပြုပြီးနောက် ဝမ်ရှန်းသည် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း ပင်လယ်ကမ်းခြေသို့ အပြေးအလွှားပြန်လာခဲ့လေ၏။

ဝမ်ရှန်းတစ်ယောက် ယခုကဲ့သို့ အားကြိုးမာန်တတ်ကြိုးစားနေရခြင်းမှာ သူ့ဆရာ၏ ဒုတိယအကြိမ်မြောက်အချစ်ခရီးလမ်းအတွက် စိုးရိမ်ပူပန်နေရသောကြောင့်ဖြစ်၏။ ထို့အပြင် ဝမ်ရှန်းသည် ဘက်ပေါင်းစုံမှ သေချာစဉ်းစားတွေးခေါ်တတ်သူဖြစ်ရာ အလုပ်တစ်ခုကိုလုပ်လျှင်လည်း အစအဆုံးသေသပ်အောင် ဆောင်ရွက်လေ့ရှိသည်။

ဝမ်ရှန်းသည် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်ပြီး အသံကိုနှိမ့်ကာ မေးလိုက်သည်။

“ဆရာ… တပည့်တစ်ယောက်အနေနဲ့ ဒါမျိုးမမေးသင့်ဘူးဆိုတာ သိပေမဲ့ တကယ်ကို မမေးပဲမနေနိုင်လို့ပါ။ ဆရာဒေါ်လေး ကျင်းယွမ်နဲ့... ဆရာက ကြိုက်နေကြတာလား”

“မင်းက ငယ်ငယ်လေးရှိသေးတာကို ကျင့်ကြံခြင်းဘက်မှာ အာရုံမစိုက်ဘဲ ငါ့ကိစ္စတွေကိုပဲ လျှောက်စပ်စုနေတာပဲ”

ချင်ယန်ဇီက ရယ်မောရင်း ဆူပူလိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ခေါင်းခါယမ်းလိုက်သည်။

“ကျင်းယွမ်ရဲ့ ဆရာမနဲ့ ငါ့ရဲ့ဆရာနဲ့က မေတ္တာမျှခဲ့ကြတယ်၊၊ ဒါပေမဲ့ အဲဒီတုန်းက ငါတို့ဂိုဏ်းရဲ့စည်းကမ်းအရ ဂိုဏ်းတူတပည့်အချင်းချင်းလက်ထပ်ခွင့်မရှိခဲ့ဘူး။ နောက်ဆုံးတော့ သူတို့ခမျာတစ်သက်လုံးနောင်တတွေနဲ့ပဲ ကျန်ရစ်ခဲ့ရရှာတယ်။ တကယ်တော့ အဲဒီတုန်းက မင်းရဲ့ ဆရာဘိုးဘေးက ငါ့ကို အားလင်းနဲ့ ဝေးသွားအောင် တားဆီးခဲ့တာဟာ ဒီအကြောင်းအရာကြောင့် သူကိုယ်တိုင်နာကျင်ခဲ့ရဖူးလို့ပဲ။ အခုတော့ ငါ အဲဒါကိုနားလည်သွားပါပြီ။ အခု ငါ ဂိုဏ်းချုပ်ဖြစ်လာပြီဆိုတော့ ငါတို့မျိုးဆက်မှာ အိမ်ထောင်ပြုခြင်းအပေါ် ဒီလိုကန့်သတ်ချက်တွေရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ လူပျိုဘဝကို ထိန်းသိမ်းထားနိုင်ရင်တော့ သန့်စင်ယန်အင်မော်တယ်မန္တန်ကို သုံးပြီး ကျင့်ကြံတဲ့နေရာမှာ အကျိုးကျေးဇူးတချို့တော့ရှိတာပေါ့”

“ဆရာ၊၊ ဆရာက ဆရာကတော်ကို ပြန်လိုချင်တာလား”

“အင်း... အကယ်၍ ကောင်းကင်နဲ့ မြေကြီးရဲ့ ကမ္ဘာဦးချီတွေသာပြန်မလာခဲ့ရင် ဒီတစ်သက်မှာ သူ့ကိုပြန်တွေ့ဖို့ ငါ ဘယ်တော့မှ သတ္တိရှိမှာမဟုတ်တော့ဘူး”

ချင်ယန်ဇီက နွေးထွေးစွာ ပြုံးလိုက်သည်။

“အခုတော့ ငါက သူနဲ့ ငါတို့သမီးလေးကို သေချာကာကွယ်စောင့်ရှောက်ပေးနိုင်ပြီ။ ဒါကြောင့်... ငါ သူတို့ကို ရှာဖွေပြီး ငါပျက်ကွက်ခဲ့တဲ့ နှစ်တွေအတွက် ပြန်လည်ကုစားပေးရမယ်”

ဝမ်ရှန်းက ဆရာဖြစ်သူအား သူ့ဖုန်းကို ကမ်းပေးလိုက်ပြီး တိုးတိုးကပ်ပြောလိုက်သည်။

“ဆရာ၊၊ ကျွန်တော် ကဗျာစာသားတချို့ ရှာထားတယ်။ နောက်ကျလို့ အခြေအနေက သိပ်အဆင်မပြေဘဲ ဘာပြောရမှန်းမသိဖြစ်နေရင် သုံးလို့ရအောင် အလွတ်ကျက်ထားလိုက်လေ။ ဒါတွေက အရန်အစီအစဉ်ပေါ့”

ချင်ယန်ဇီက ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောကာ ခေါင်းခါလိုက်သည်။

“မင်းကတော့ မင်းဆရာကို တကယ်အထင်သေးလွန်းတာပဲ”

“ကြိုတင်ပြင်ဆင်ထားတာ အမြဲတမ်းကောင်းပါတယ်”

“ငါ ငယ်ငယ်တုန်းက ဒီလိုရိုမန်တစ်ဆန်တဲ့ စကားလုံးတွေ ဘယ်တုန်းကမှ မလိုခဲ့ဘူး”

ချင်ယန်ဇီက ပြောလိုက်သည်။ သူ၏လက်ဖဝါးမှ ချီစွမ်းအင်များ ထွက်ပေါ်လာပြီး မုတ်ဆိတ်ရိတ်ဓားပုံစံအဖြစ် ပြောင်းလဲသွားကာ ၎င်းကိုအသုံးပြု၍ မုတ်ဆိတ်မွေးများကို ရိတ်သင်လိုက်သည်။ ထို့ပြင် သူ၏ဆံပင်ရှည်များကိုလည်း သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။

သူတို့နှစ်ဦးစလုံးသည် ကိုယ်လုံးကိုယ်ပေါက်ချင်းတူညီကြသဖြင့် တာအိုဝတ်စုံသည် ချင်ယန်ဇီနှင့် ကွက်တိဖြစ်နေလေ၏။ သန့်ရှင်းရေးလုပ်ပြီးနောက် သူ လှည့်လာသောအခါ ဝမ်ရှန်းက ချက်ချင်းပင် ပြုံးပြလျက် ခေါင်းညိတ်လိုက်သည်။

“မျက်စိတစ်မှိတ်အတွင်းမှာတင်ပဲ...”

ချင်ယန်ဇီသည် ညအမှောင်အောက်ရှိ စခန်းချရာနေရာကို ရှုပ်ထွေးသောမျက်ဝန်းများဖြင့် ငေးကြည့်ရင်း တိုးညင်းစွာသက်ပြင်းချလိုက်သည်။

“အနှစ်၂၀ တောင်ရှိခဲ့ပြီပဲ...”

“ဟုတ်ကဲ့၊၊ ဆရာလည်း ဒီနှစ်တွေထဲမှာ မလွယ်ကူခဲ့ဘူးဆိုတာသိပါတယ်”

“တော်ပြီ”

ချင်ယန်ဇီက ဝမ်ရှန်း၏ ပုခုံးကို ပုတ်လိုက်သည်။

“ငါအရင်ဆုံး အတိတ်က နောင်တတွေနဲ့ အမှားတွေကို ပြန်ပြင်လိုက်ဦးမယ်။ အဲဒါပြီးရင်တော့ မင်းကို ကောင်းကောင်းဆုံးမရမယ်”

ကောင်းကောင်းဆုံးမရမယ် ဟုတ်လား…။

ဝမ်ရှန်းသည် သူဘာအမှားလုပ်မိမှန်း မသိသဖြင့် ရုတ်တရက် စိတ်မချမ်းသာဖြစ်သွားသည်။ သူ ဂိုဏ်းထဲသို့ ရောက်ရှိလာကတည်းက ဆူပူကြိမ်းမောင်းခြင်းကို ခံရခဲလှသည်။ ယခုတစ်ကြိမ်တွင် သူ လွန်သွားသည်ဟု ဆရာက မကျေမနပ်ဖြစ်နေတာများလား…၊၊

တပည့်ဆိုသည်မှာ သားသမီးကဲ့သို့ပင်ဖြစ်သည်။ ဆရာ၏ဝန်ထုပ်ဝန်ပိုးကို မျှဝေထမ်းဆောင်ခြင်းမှာ သဘာဝကျပေသည်။ သို့သော် ဆရာ၏စကားကို ထောက်ဆ၍ ဆူပူခံရရန် စိတ်ပိုင်းရာအရ ကြိုတင်ပြင်ဆင်ထားခြင်းက ပို၍ကောင်းပေလိမ့်မည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ကမ်းခြေအနီးရှိ ကျောက်ဆောင်တစ်ခုအနားတွင် ပင်လယ်လေသည် တဖြူးဖြူးတိုက်ခတ်နေပြီး တစ်စုံတစ်ယောက်၏ နှလုံးသားကို လှုပ်ခတ်နေသကဲ့သို့ ရှိသည်။ မုဝမ်ရွှမ်း၏ ဖျောင်းဖျမှုကြောင့် ရောက်ရှိလာသော ချီလင်းသည် တိတ်ဆိတ်စွာ မတ်တတ်ရပ်လျက် အပြန်အလှန်ရိုက်ခတ်နေသော လှိုင်းလုံးသံများကို နားစွင့်နေသည်။ သူမ ဝတ်ဆင်ထားသော စစ်ဝတ်စုံမှာ အနည်းငယ်ပွနေသဖြင့် သူမအား အနည်းငယ် နုနယ်ဖျော့တော့ပုံပေါက်နေစေ၏။

အနီးရှိ သစ်ပင်ရိပ်ထဲမှ ချင်ယန်ဇီသည် ဖြည်းညင်းစွာထွက်ပေါ်လာသည်။ သူ၏ခြေလှမ်းများသည် တစ်ခါတစ်ရံ မြန်ဆန်ပြီး တစ်ခါတစ်ရံ နှေးကွေးသော်လည်း ဘယ်တော့မှ ရပ်တန့်မသွားခဲ့ပေ။ သူသည် ချီလင်း၏ နောက်ကျော တည့်တည့်သို့ ရောက်သည်အထိ လျှောက်လှမ်းလာခဲ့သည်။

“အားလင်း...”

ကြေးမုံပြင်ကဲ့သို့ ကြည်လင်သော တာအိုနှလုံးသားရှိနေပြီး ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ချင်ယန်ဇီ၏ အသံသည် အနည်းငယ်တုန်ရင်နေဆဲဖြစ်သည်။

“ကျွန်မမှာလုပ်စရာတွေ အများကြီးရှိသေးတယ်။ ပြောစရာရှိရင် လိုရင်းတိုရှင်းပဲပြောပါ”

သူမ စကားမဆုံးခင်မှာပင် ချင်ယန်ဇီသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ လျှပ်စီးကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် သူနှင့် အနှစ် ၂၀တိုင် ဝေးကွာခဲ့သော ချီလင်းကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

ချီလင်း၏ မျက်ဝန်းများသည် ချက်ချင်းပင် ရဲတက်လာသည်။ သူမသည် စက္ကန့်အနည်းငယ်ခန့် ငြိမ်သက်သွားပြီးမှ သူ့ကို အားပြင်းပြင်းဖြင့်တွန်းထုတ်လိုက်သည်။

“တာအိုဆရာ… ကျေးဇူးပြုပြီး ကိုယ်အမူအရာဆင်ခြင်ပါ”

ချင်ယန်ဇီသည် ခေါင်းကိုငုံ့ကာ သူ့လက်များကို ကြည့်ပြီး တိုးညင်းစွာ သက်ပြင်းချလိုက်သည်။ သူ၏မျက်ဝန်းများတွင် နက်ရှိုင်းသော ကြင်နာယုယမှုများပြည့်နှက်နေပြီး နားထင်စပ်ရှိ ဆံပင်ဖြူများက လွမ်းဆွတ်ခြင်းဒဏ်ကို ခံစားခဲ့ရသော နှလုံးသားကို ဖော်ပြနေသည်။

“အားလင်း… ငါ မင်းကို ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး။ မင်း ငါ့ကို အနှစ် ၂၀လုံးလုံး ရှောင်ဖယ်နေခဲ့တယ်။ ဒီလိုမွန်းကျပ်မှုတွေက ငါ့ကို ရူးသွပ်လုနီးပါးဖြစ်စေခဲ့တယ်”

ချီလင်းသည် အနည်းငယ်တုန်ခါသွားသော်လည်း ချင်ယန်ဇီကိုသာ စိုက်ကြည့်နေသည်။

“မင်းက အရင်အတိုင်း ချစ်ဖို့ကောင်းနေတုန်းပဲ အားလင်း… ငါ ဒါကို အဆင်ခြင်မဲ့ပြောလိုက်တာ မဟုတ်ပါဘူး၊၊ ငါ့ကိုယ်ငါ စဉ်းစားဖို့ အချိန်ပေးခဲ့ရင်တောင် ဒီစကားကိုပဲ ထပ်ပြောမိမှာပဲ”

“ရှင်...”

ချင်ယန်ဇီက ရှေ့သို့တိုးကာ ချီလင်းကို တစ်ဖန်ပြန်လည်ပွေ့ဖက်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူမ တွန်းမထုတ်တော့ပေ။

အနီးရှိ သစ်ပင်ရိပ်တွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် မြေပြင်ပေါ်၌ ဝပ်လျက် တိတ်တဆိတ်ချောင်းကြည့်နေကြသည်။ ဝမ်ရှန်းသည် သူ့မျက်နှာကို သုတ်လိုက်ပြီး ဖုန်းထဲတွင် ကြိုတင်ပြင်ဆင်ထားသော ကဗျာစာသားများကို တိတ်တဆိတ်ဖျက်ပစ်လိုက်သည်။

သူ့ဆရာသည် အမှန်တကယ် ဘက်ပေါင်းစုံမှ ထူးချွန်သောစံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

“စီနီယာအစ်မ”

“အွန်း”

“ဟူး... ကျွန်တော် နည်းနည်းချမ်းလာသလိုပဲ...”

မုဝမ်ရွှမ်းက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ ဂါဝန်ရှည်ကြယ်သီးများကို ချက်ချင်းဖြုတ်လာသည်။ ဝမ်ရှန်းလည်း အလွန်ထိတ်လန့်သွားပြီး နောက်ပြောင်ရုံသာဖြစ်ကြောင်း ထပ်ခါတလဲလဲတောင်းပန်လိုက်ရလေ၏။ သူတို့နောက်ကွယ်ရှိ နေရာအသီးသီးတွင် ပုန်းအောင်းနေကြသောအုပ်စုမှာလည်း အော်ရယ်လုနီးပါးဖြစ်သွားကြသည်၊၊

ချင်ယန်ဇီက သူတို့ရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ရာ အားလုံးက အသက်ရှူအောင့်ထားမိကြပြီး တစ်ယောက်မှ အသံမထွက်ရဲကြတော့ပေ။

“ငါတို့ ဒီထက်ပိုပြီး တိတ်ဆိတ်တဲ့နေရာကို သွားကြမလား”

ချင်ယန်ဇီက တိုးညင်းစွာ အကြံပြုလိုက်သည်။

“ပုယန်”

ချီလင်းက ချင်ယန်ဇီ၏ ရင်ခွင်ထဲမှ တစ်ဖန် ရုန်းထွက်လိုက်သော်လည်း ယခုတစ်ကြိမ်တွင် သူမ၏ လေသံမှာ အလိုအလျောက်ပျော့ပြောင်းသွားခဲ့သည်။

“ကျွန်မမှာ အလုပ်အပြင်ဘက်က ကိစ္စတွေကို ဖြေရှင်းဖို့ ခွန်အားသိပ်မရှိတော့ဘူး။ အဲဒီတုန်းက ကျွန်မ ရှင့်ကို စိတ်ဆိုးပြီးထွက်သွားခဲ့တာဖြစ်ပေမဲ့ တကယ်တော့ ကျွန်မလည်း ရှင့်အပေါ် မှားခဲ့ပါတယ်။ ရှင့်အနေနဲ့ ကျွန်မအပေါ် ဒီလိုဆက်ပြီး ပြုမူနေဖို့မလိုတော့ပါဘူး”

ချင်ယန်ဇီ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။

“အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အတိအကျဘာတွေလုပ်တာလဲ”

ချီလင်းက သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။

“ကျင့်ကြံခြင်းလောကနဲ့ လူလောကကြားက ဆက်ဆံရေးကို ထိန်းသိမ်းဖို့… ကျင့်ကြံသူတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးဖို့… လမ်းမှန်ဂိုဏ်းတွေကြားဆက်သွယ်မှုအားကောင်းစေဖို့နဲ့ ကျင့်ကြံခြင်းလောကကို ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ယူရတာပါ”

ချင်ယန်ဇီက အသံကိုနှိမ့်ကာ မေးလိုက်သည်။

“လူသစ်တွေ လက်ခံနေတုန်းပဲလား”

ချီလင်း ခဏမျှအံ့အားသင့်သွားပြီးနောက် ချင်ယန်ဇီကို ချက်ချင်းမျက်မှောင်ကုတ်ကြည့်လျက် တိုးတိုးလေးပြောလိုက်သည်။

“ရှင် ကျွန်မအတွက်နဲ့ ဒါမျိုးလုပ်စရာမလိုပါဘူး။ ရှင်က ထာဝရရှင်သန်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေပြီဖြစ်ပြီး အခုဆိုရင် အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲဖြစ်နေပြီလေ...”

“ငါ မင်းနဲ့ ထပ်ပြီး မခွဲခွာချင်တော့လို့ပါ” ချင်ယန်ဇီက ပြုံးလျက် ကြားဖြတ်ပြောလိုက်သည်။

“ဒါ့အပြင် ငါ့ရဲ့ စိတ်အခြေအနေတည်ငြိမ်နေသရွေ့တော့ လူ့လောကကြီးက ငါ့ရဲ့ကျင့်ကြံခြင်းကို မနှောင့်ယှက်နိုင်ပါဘူး။ ရွှမ်းလေးနဲ့ ရှန်းလေးတို့ကလည်း ငါ နေ့တိုင်းလမ်းညွှန်ပေးဖို့မလိုတော့ဘူး... တစ်ခါတလေ သင်ကြားပေးရုံနဲ့တင် လုံလောက်ပါတယ်”

All Chapters