အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
Chapter 157
ဆရာ့ဆုံးမစကား
ချီလင်းက သူမ၏နှုတ်ခမ်းကို အသာအယာကိုက်လိုက်သည်။
“ဖေးယွီနဲ့ ပုယွီတို့က လူ့လောကထဲမှာ အချိန်မဖြုန်းချင်ဘူးလို့ ငြင်းခဲ့ကြတယ်… ဒါပေမဲ့ ရှင်ကတော့...”
“အော်... အဲဒီနှစ်ယောက်က ငြင်းခဲ့တာလား။ ကောင်းတာပေါ့။ ငါ့ရဲ့ မူလရည်ရွယ်ချက်ကလည်း သူတို့ကို တောင်ပေါ်ပြန်ပြီး ကျင့်ကြံခိုင်းဖို့ပဲ”
ချင်ယန်ဇီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“ဒါက အတော်ပဲဖြစ်သွားတာပေါ့။ ကဲ... ပြောပါဦး။ ငါ့လို ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က မင်းတို့အဖွဲ့ထဲဝင်ရင် ဘာအကျိုးခံစားခွင့်တွေရမှာလဲ။ ငါ့မှာလည်း ကိုယ်ပိုင်ရည်ရွယ်ချက်ရှိတာပေါ့။ ငါ့ဂိုဏ်းမှာ ငါနဲ့ ငါ့တပည့်နှစ်ယောက်ပဲရှိတာလေ… ငါတို့မှာ အရင်းအမြစ် အဲဒီလောက်မများဘူး။ အကယ်၍ ငါက အစိုးရအတွက် အလုပ်လုပ်ပေးရင် သူတို့အတွက် အကျိုးခံစားခွင့်တချို့ရနိုင်မလားလို့ပါ”
ချီလင်းသည် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ ချင်ယန်ဇီကို ကြည့်သော သူမ၏အကြည့်က အနည်းငယ်ပျော့ပြောင်းသွားခဲ့သည်။
“ကောင်းပါပြီ။ ရှင့်ကို အမြင့်ဆုံးအကျိုးခံစားခွင့်ပေးမယ်။ ရှင့်ကို ဘာအသေးအဖွဲအလုပ်မှ ခိုင်းမှာမဟုတ်ဘူး။ လစဉ်လတိုင်း ဖေးယွီနဲ့ ပုယွီတို့က အထူးစစ်ဆင်ရေးအဖွဲ့က နည်းပြတွေရတဲ့အတိုင်း ဆေးလုံးတွေနဲ့ ချီကျောက်တုံးတွေ ရစေရမယ်”
ချင်ယန်ဇီက သူ့ခေါင်းကို ကုတ်လိုက်သည်။
“ဟမ်... ဒါဆို ငါ့ဝေစုကော”
“ဟွန့်... ရှင်ကတော့ အလကားလုပ်ပေးရမှာပေါ့”
“ကောင်းပြီလေ… ငါ့မိန်းမအတွက် အလကားအလုပ်လုပ်ပေးရတာ ဘာမှမမှားပါဘူး”
“ဘယ်သူက ရှင့်မိန်းမလဲ။ ရှင်ကတော့ အရင်အတိုင်း သည်းခံရခက်တုန်းပဲ။ အခု ကျွန်မက ရှင့်ရဲ့ အထက်လူကြီးနော်။ အပြောအဆိုဆင်ခြင်ပါ။ ပြီးတော့ ကျွန်မကို ကပ္ပတိန်လို့ ခေါ်ရမယ်”
အနီးရှိ မြက်တောထဲတွင် ပုန်းနေသော ဝမ်ရှန်းသည် ကလေးဆိုးတစ်ယောက်လိုပြောဆိုနေသော ဆရာကတော်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိ၏။ သူ၏ဆရာအပေါ် ကြည်ညိုလေးစားမှုမှာ အတိုင်းအဆမရှိကြီးမားသွားခဲ့သည်။
တစ်ဖက်တွင်လည်း... ဆရာက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ထဲကို ဒီလောက်လွယ်လွယ်ကူကူပဲ ဝင်လိုက်တာလား။
သူ့ဆရာက နောက်ပြောင်နေပုံမရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို အဖွဲ့ထဲမှ တမင်တကာချန်လှပ်ထားခဲ့ခြင်း ဖြစ်ပုံရသည်။
အခြေအနေကို သုံးသပ်ရလျှင် သူ့ဆရာသည် ဤနေရာသို့လာနေသည့် လမ်းခရီးကတည်းက စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ဝင်ရန် ဆုံးဖြတ်ချက်ချပြီးသားဖြစ်ဟန်တူသည်။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းက ဆရာမ၏နှလုံးသားကို ပြန်လည်ရယူရန် ပိုမိုလွယ်ကူစေမည့်အပြင် တပည့်နှစ်ဦးအတွက်လည်း ကျင့်ကြံခြင်း အရင်းအမြစ်အမြောက်အမြားကိုရရှိစေနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် ဂိုဏ်းကို ကာကွယ်ရန်အတွက် ဟွာသမ္မတနိုင်ငံ၏ တရားဝင်အာဏာကို အသုံးချနိုင်မည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် ကောင်းကင်အဆင့်သတ်မှတ်ချက်ရှိ ကျွမ်းကျင်သူအများအပြားထဲတွင် သူ့ဆရာသည် လူအများရှေ့၌ ထွက်ပေါ်လာခဲသော်လည်း ထာဝရရှင်သန်ခြင်းလမ်းစဉ်နှင့် ပတ်သက်သည့် ရေပန်းစားသောသတင်းများတွင် အမြဲတမ်းထိပ်ဆုံးက ပါဝင်နေရခြင်းကို တွေးမိသွားသည်။ ထို့ပြင် ချင်ယန်ဇီ ထွက်ပေါ်လာတိုင်း အင်တာနက်ပေါ်တွင် ကောလာဟလမျိုးစုံက တောမီးကဲ့သို့ ပျံ့နှံ့သွားရခြင်းမှာ တမင်တကာကြော်ငြာနေသကဲ့သို့ပင်၊၊
ငါ့ရဲ့ အတိတ်ဘဝတုန်းက ဆရာက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထိပ်တန်းလူကြီးတွေထဲက တစ်ယောက်ဖြစ်ခဲ့တာနေမယ်။ လူဆိုးတွေကို ဟန့်တားဖို့အတွက် ဆရာ့ကို အမှတ်လက္ခဏာတစ်ခုအနေနဲ့ သုံးခဲ့တာပဲ ဖြစ်ရမယ်….၊၊
ဝမ်ရှန်း ရင်ထဲတွင် မချိတင်ကဲသက်ပြင်းချလိုက်မိသည်။ သူ့ဆရာသည် သူနှင့် မုဝမ်ရွှမ်းတို့ကို ထောက်ပံ့နိုင်ရန်အတွက် သူ့ကိုယ်သူကော၊ သူ့အရည်အချင်းကိုပါ ရောင်းချသည်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သူ့ဆရာက စောစောက ဆုံးမမည်ဟု ပြောခဲ့သော်လည်း ဝမ်ရှန်းသည် ညသန်းခေါင်တိုင်အောင် စောင့်ဆိုင်းခဲ့ရသော်လည်း မည်သည့်ဆုံးမစကားမျှ မကြားရသေးပေ။ သို့သော် သူ့ဆရာသည် ဇနီးဖြစ်သူနှင့် အချစ်ခရီးလမ်းတွင် ပျော်ပါးနေခြင်းလည်း မဟုတ်ပေ။ ချီလင်းတွင် လုပ်စရာများတောင်ပုံရာပုံရှိနေသဖြင့် ချင်ယန်ဇီနှင့် အချစ်ဟောင်းကို ပြန်လည်အစပျိုးရန် အချိန်မရှိသေးပေ။
ထို့ထက် သူ့သူငယ်ချင်းဟောင်း ယန်ကျန်းနန်က နည်းပြများကို လမ်းညွှန်မှုအချို့ ပေးရန် ချင်ယန်ဇီကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သူနှင့် ယန်ကျန်းနန်တို့သည် ရင်းနှီးသော သူငယ်ချင်းများဖြစ်ကြသဖြင့် ငြင်းပယ်ရန် ခက်ခဲပုံရသည်။
တဖြည်းဖြည်းနှင့် ဝမ်ရှန်း၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ပိုမိုကြီးထွားလာသည်။ သူ့ဆရာက သူ့ကို မည်သို့အပြစ်ပေးမည် သို့မဟုတ် သူ ဘာအမှားလုပ်မိသည်ကို သူ လုံးဝမသိရသေးပေ။ သူ၏ကျင့်ကြံခြင်းကို ပေါ့ဆခဲ့၍လား။ သို့မဟုတ် ဓားတာအိုအပေါ် အလွန်အမင်း စွဲလမ်းမိသွား၍လား။ သို့မဟုတ် သူက ကိုယ့်သဘောနှင့်ကိုယ် လောကီရေးရာကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခဲ့၍ ဆရာက စိတ်ဆိုးနေခြင်းလား။
ဝမ်ရှန်းသည် ဘာမျှမသိရသဖြင့် သူ၏ စီနီယာအစ်မနှင့်အတူ ထိုင်ပြီး တရားမှတ်နေရုံသာတတ်နိုင်တော့သည်။
နောက်ဆုံးတွင် အထူးစစ်ဆင်ရေးအဖွဲ့သည် ဆုတ်ခွာသွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့သော်လည်း သူ့ဆရာကိုမူ အရိပ်အယောင်မျှ မတွေ့ရသေးပေ။ အတော်ကြာပြီးနောက် ဝမ်ရှန်း၏ ဝိညာဥ်အသိစိတ်တွင် ရင်းနှီးသော အငွေ့အသက်အချို့ကို ခံစားလိုက်ရသည်။ သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ စီနီယာအစ်မကို နှိုးလိုက်သည်။
ချင်ယန်ဇီသည် စစ်ဝတ်စုံကိုလဲလှယ်ဝတ်ဆင်ထားပြီး ဝမ်ရှန်း၏ တာအိုဝတ်စုံကို လက်တွင် ကိုင်ဆောင်ထားသည်။ သူ၏လက်ဝဲဘက်တွင် ရင်ဘတ်၌ ပတ်တီးများပတ်ထားဆဲဖြစ်သော ယန်ကျန်းနန်ရှိနေပြီး လက်ယာဘက်တွင်မူ အလွန်ကျေနပ်အားရပုံပေါက်နေသော ဖေးလျန်ဇီရှိနေသည်။
ထိုသူသုံးဦး အနားသို့ ချဉ်းကပ်လာသောအခါ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့က နှုတ်ဆက်လိုက်ကြသည်။ သို့သော် ချင်ယန်ဇီသည် တည်တံ့သောမျက်နှာထားဖြင့် ဝမ်ရှန်းထံသို့ ဝတ်စုံကို ကမ်းပေးလိုက်ရုံသာ ပြုလုပ်ခဲ့သည်။
“ဖေးယွီ”
ဝမ်ရှန်းက ချက်ချင်း ခေါင်းငုံ့လိုက်သည်။
“ဟုတ်ကဲ့၊၊ ဆရာ”
“ထိုင်လိုက်။ မင်းရဲ့ အင်္ကျီကို ချွတ်”
“နားလည်ပါပြီ”
ဝမ်ရှန်း တုံ့ဆိုင်းမနေဘဲ သူ၏အပေါ်အင်္ကျီကို ချက်ချင်းပင် ချွတ်လိုက်လေသည်။
ဝမ်ရှန်းငယ်စဉ်က ကျောပေါ်တွင် စာလုံးဖော်၍ အနက်ကောက်ရသော ကစားနည်းကို ကစားဖူးလေသည်၊၊ ယခုမူ သူ၏ဆရာသည် ချီစွမ်းအင်ဖြင့် စုတ်တံတစ်ချောင်းဖန်တီးကာ သူ၏ကျောပြင်ပေါ်တွင် စာလုံးကြီးတစ်လုံးရေးသားနေခြင်းဖြစ်၏၊၊ အစပိုင်းတွင် ထိုစာလုံးမှာ ‘ငြိမ်သက်ခြင်း’ ဟူသော စာလုံး ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်၊၊
ကျင့်ကြံခြင်းလမ်းစဉ်သည် တည်ငြိမ်အေးချမ်းသော နှလုံးသားနှင့် စိတ်ဓာတ်ကို လိုအပ်ပေသည်၊၊ သူသည် လောကီရေးရာကိစ္စရပ်များကြားတွင် အချိန်အတော်ကြာ လုံးပန်းနေခဲ့သဖြင့် စိတ်အေးချမ်းမှုပျက်ပြားနေခဲ့၏၊၊ ထို့ကြောင့် သူ၏ဆရာက စိတ်ကို လျှော့ချကာ ကျင့်ကြံခြင်းအပေါ်၌သာ အာရုံစိုက်ရန် သတိပေးနေခြင်းဖြစ်ပေသည်၊၊ ထိုသို့ပြုလုပ်နိုင်မှသာ သူ၏ကျင့်စဉ်အဆင့် တိုးတက်နိုင်မည်မဟုတ်ပါလော၊၊
“ငါ ရေးလိုက်တာ ‘တည်ကြည်ခြင်း’ ဆိုတဲ့ စာလုံးပဲ၊၊ ဘာကြောင့်လဲဆိုတာ မင်းသဘောပေါက်ရဲ့လား”
ဝမ်ရှန်း တစ်ကိုယ်လုံး အနည်းငယ်တင်းမာသွားပြီးနောက် တိုးညင်းစွာရေရွတ်လိုက်သည်၊၊
“ကျွန်တော် မသိပါဘူး ဆရာ”
“မင်း အခုတလော စိတ်လိုက်မာန်ပါဖြစ်နေတယ်”
ချင်ယန်ဇီသည် ဝမ်ရှန်းအနီးသို့ လျှောက်လှမ်းလာပြီး မြက်ခင်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်၊၊ ဆရာ့ထံမှ လျှပ်စီးကဲ့သို့ ထက်ရှသောအကြည့်များကြောင့် ဝမ်ရှန်း အနည်းငယ်ထိတ်လန့်သွားရ၏၊၊ ဤအခြေအနေမှာ ကျောင်းအုပ်ကြီး၏ ရုံးခန်းပြတင်းပေါက်မှန်ကို ရိုက်ခွဲမိသဖြင့် အတန်းပိုင်ဆရာက ဆင့်ခေါ်ကာ လျော်ကြေးပေးခိုင်းသည့် ကျောင်းသားဘဝကို ပြန်လည်သတိရစေသည်၊၊ ပို၍ဆိုးသည်မှာ ‘စိတ်လိုက်မာန်ပါဖြစ်နေတယ်’ ဟူသော ဆရာ့စကား၏ အဓိပ္ပာယ်ကို သူ သေချာသဘောမပေါက်သေးခြင်းဖြစ်ပေသည်၊၊
အနီးအနားတွင် ရှိနေသော ဖေးလျန်ဇီနှင့် ယန်ကျန်းနန်တို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီးနောက် ပင်လယ်ပြင်အလှကို ရှုစားရန်အတွက် အဝေးသို့ဆုတ်ခွာသွားကြသည်၊၊ ဂိုဏ်းတိုင်းတွင် ကိုယ်ပိုင်တားမြစ်ချက်များရှိစမြဲဖြစ်ရာ ချင်ယန်ဇီက သူ၏တပည့်ကို ဆုံးမနေစဉ်အတွင်း ဘေးမှကြည့်ရှုနေရန် မသင့်တော်ပေ၊၊ သို့သော် ဖေးလျန်ဇီသည် ဝမ်ရှန်း အဆုံးမခံရသည်ကို မြင်တွေ့ရသဖြင့် စိတ်ထဲတွင် တိတ်တဆိတ်ဝမ်းမြောက်နေမိသည်၊၊
မုဝမ်ရွှမ်းသည် နှုတ်ဆိတ်လျက် လျှောက်လာပြီး ဝမ်ရှန်း၏ ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်၊၊ သူမသည် ဝမ်ရှန်းနှင့်အတူ ကောင်းတူဆိုးဖက်ခံယူရန်နှင့် ဆရာ့ဆူပူမှုကို အတူတကွရင်ဆိုင်ရန် အသင့်ရှိနေခြင်း ဖြစ်၏၊၊
ချင်ယန်ဇီသည် မိမိ၏ အကြီးဆုံးတပည့်ကို ဂရုမစိုက်ဘဲ ဝမ်ရှန်းကိုသာ စိုက်ကြည့်လျက်
“ငါ မင်းအတွက် ‘တည်ကြည်ခြင်း’ ဆိုတဲ့ စာလုံးကို ဘာကြောင့် ရေးပေးခဲ့တယ်ဆိုတာသိပြီလား”
ဝမ်ရှန်း ခေါင်းခါလိုက်သည်၊၊ သူ၏ အကြည့်များမှာ ထုံးစံအတိုင်း ကြည်လင်နေဆဲဖြစ်သည်၊၊
“ဆရာ ညွှန်ပြပေးပါဦး”
“အခုအချိန်မှာ ကမ္ဘာမြေရဲ့ ချီစွမ်းအင်တွေ ပြန်လည်နိုးထလာပြီး ကျင့်ကြံခြင်းလမ်းစဉ်က တဖန်ပြန်ပွင့်လာပြီ၊၊ မင်းက ဓားလမ်းစဉ်ကို လျှောက်လှမ်းပြီး ခြေလှမ်းတိုင်းကို အားသွန်ခွန်စိုက်တက်လှမ်းနေခဲ့တယ်၊၊ မကြာသေးခင်ကပဲ ဆရာဦးလေး ယွမ်ဖူကျန်းရန်ရဲ့ လမ်းညွှန်မှုကြောင့် မင်းရဲ့ ဓားသိုင်းပညာက အကြီးအကျယ်တိုးတက်သွားခဲ့တယ်၊၊ အဲဒီနောက်ပိုင်းမင်းဘာတွေလုပ်ခဲ့လဲ”
ဝမ်ရှန်း ခဏမျှ ဆွံ့အသွားသော်လည်း တိုးညင်းစွာ ပြန်ဖြေလိုက်သည်၊၊
“တပည့်တော် ကျုံးနန်တောင်မှာ ဆရာ့ကို လာရှာပြီးနောက် ဆရာကတော်ကို ကူညီဖို့ တောင်အောက်ကို ဆင်းခဲ့ပါတယ်၊၊ အဲဒီနောက် ဆရာဒေါ်လေး ကျင်းယွမ်နဲ့အတူ လူတွေကို ဒုက္ခပေးနေတဲ့ မိစ္ဆာကျင့်ကြံသူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်”
“နတ်ဘုရားငါးပါးဂိုဏ်းက သစ်သားယင်နတ်ဘုရားဟာ ကျင့်ကြံခြင်းအဆင့် နက်ရှိုင်းပြီး အလွန်ရက်စက်တဲ့ မိစ္ဆာအတတ်ပညာတွေကို သုံးစွဲတယ်၊၊ မင်းက ဆရာဒေါ်လေးရဲ့ အကူအညီနဲ့ ဓားကိုကိုင်စွဲပြီး သူ့ကို သတ်ဖြတ်ဖို့ အသက်နဲ့လဲပြီး တိုက်ခိုက်ခဲ့တယ်၊၊ ဟုတ်တယ်မလား”
“ဟုတ်ပါတယ် ဆရာ”
“ကယ်လို့ သစ်သားယင်နတ်ဘုရားက ပိုပြီး ရက်စက်လို့ မင်းရဲ့ဆရာဒေါ်လေးကို ဂရုမစိုက်ဘဲ မင်းနဲ့အတူ အသေခံဖို့ဆုံးဖြတ်ခဲ့ရင် မင်းအခုချိန်မှာ ဒီနေရာမှာထိုင်ပြီး ငါ့ရဲ့ဆုံးမစကားကို နားထောင်နိုင်ဦးမယ်လို့ ထင်လား”
ဝမ်ရှန်း ခေါင်းငုံ့လျက် နှုတ်ဆိတ်သွားကာ ဘယ်လိုပြန်ဖြေရမည်မှန်း မသိတော့ပေ၊၊
Chapter 158
သိုလှောင်အိတ်
“အားလင်းဆီကနေ အကြောင်းစုံကို ငါ ကြားသိပြီးပြီ၊၊ မင်းက အသက်ကို ရင်းပြီး အဲဒီမိစ္ဆာကျင့်ကြံသူကို သတ်ခဲ့တယ်၊၊ အဲဒီနောက်ပိုင်း မင်းရဲ့ခြေထောက်က လုံးဝမသက်သာသေးတာတောင် ဓားစာခံတွေကို ကယ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်တွန်းအားပေးခဲ့တယ်၊၊ မင်းက တကယ်ပဲ မင်းမရှိရင် ဒီကမ္ဘာကြီးက ပရမ်းပတာဖြစ်သွားမယ်၊၊ မကောင်းဆိုးဝါးတွေ ကြီးစိုးပြီး လူသားတွေ အဆုံးမရှိအသတ်ခံရမယ်လို့ ထင်နေတာလား”
ဝမ်ရှန်း ပျာပျာသလဲပြန်ဖြေလိုက်သည်၊၊
“ကျွန်တော့် စိတ်ထဲမှာ အဲဒီလိုလုံးဝမတွေးမိပါဘူး ဆရာ”
“ဒါဆိုရင် မင်းက ကိုယ့်ရဲ့ အားနည်းချက်ကို ကိုယ်တိုင် မသိသေးတာပဲ၊၊ ရှန်းလေး... မင်းက သတ္တိရှိတာနဲ့ မိုက်ရူးရဲဆန်တာကို ရောထွေးနေပြီ”
ဝမ်ရှန်း မှင်တက်သွားရသည်၊၊ ချင်ယန်ဇီ၏ စကားလုံးတိုင်းမှာ သူ၏ နှလုံးသားကို နက်ရှိုင်းစွာ ရိုက်ခတ်သွား၏၊၊
ချင်ယန်ဇီက သက်ပြင်းချလိုက်ရင်း
“ငါ တံခါးပိတ်မကျင့်ကြံခင်ထဲက မင်းနဲ့ ဒီအကြောင်းကို ဆွေးနွေးချင်ခဲ့တယ်၊၊ ဒါပေမဲ့ လောကကြီးထဲမှာ အချိန်အနည်းငယ်ဖြတ်သန်းပြီးရင် မင်းရဲ့ အားနည်းချက်ကို မင်းကိုယ်တိုင်သဘောပေါက်လိမ့်မယ်လို့ ငါ ထင်ခဲ့တယ်၊၊ ဒါပေမဲ့ မင်းကတော့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲကိုပဲ ထပ်ခါတလဲလဲတွန်းပို့နေခဲ့တယ်၊၊ မင်း ဘာကြောင့် ဓားကို ဆွဲထုတ်ရသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးဖူးရဲ့လား”
“ဆရာ... ကျွန်တော်...”
ချင်ယန်ဇီ၏ အမူအရာက တည်ကြည်လေးနက်သွားပြီး ပြတ်သားစွာ ထပ်ပြောလိုက်သည်၊၊
“မင်း ဘာကြောင့် ဓားကို ဆွဲထုတ်ရသလဲဆိုတာ သဘောပေါက်ရင် မင်းထက်အင်အားကြီးတဲ့ ရန်သူနဲ့ ရင်ဆိုင်ရပါစေ... အားနည်းသူတွေကို ကာကွယ်ဖို့၊ မင်းချစ်ရသူတွေကို စောင့်ရှောက်ဖို့နဲ့ မင်းရဲ့ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့အတွက် တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့ကိုချီတက်နိုင်လိမ့်မယ်၊၊ ဒါဟာ စစ်မှန်ခိုင်မာတဲ့ စိတ်ဓာတ်ပဲ”
“ဒါပေမဲ့ မင်းက ဘာကြောင့် ဓားကို ဆွဲထုတ်ရသလဲဆိုတာမသိဘဲ စိတ်လိုက်မာန်ပါပဲလုပ်နေမယ်ဆိုရင် အန္တရာယ်ထဲကို မဆင်မခြင်တိုးဝင်နေတာနဲ့ အတူတူပဲ၊၊ မင်းက ကိုယ်လုပ်နိုင်လို့၊ လုပ်သင့်တယ်လို့ထင်လို့ပဲ လုပ်နေတာ… ဒါဟာ ပေါ့ပျက်ပြီး ထောင်လွှားနေတာသက်သက်ပဲ”
“ဒါတွေအပြင် မနေ့ညက မင်းနဲ့ မင်းရဲ့ စီနီယာအစ်မ၊ ဖေးလျန်ဇီတို့ နတ်ဘုရားငါးပါးဂိုဏ်းက မိစ္ဆာကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရတုန်းက မင်းဘာတွေတွေးနေခဲ့လဲ… မင်းက လူဆိုးတွေကို နှိမ်နင်းပြီး လူတွေကို ကယ်တင်ဖို့ပဲ တွေးနေခဲ့တာမဟုတ်ဘူး၊၊ မင်းကိုယ်မင်းသက်သေပြဖို့၊ မင်းထက် သန်မာသူတွေကို အနိုင်ယူတဲ့ စိတ်လှုပ်ရှားမှုကို ခံစားဖို့နဲ့ သူတပါးရဲ့ချီးမွမ်းမှုကိုရယူဖို့ စိတ်ထဲမှာ အကြိမ်ကြိမ်တွေးခဲ့တယ်”
“ဆရာဦးလေးယွမ်ဖူကျန်းရန်က မင်းကို ဓားသိုင်းပညာလမ်းညွှန်ပေးခဲ့ပေမဲ့ မင်းရဲ့ဆရာဖြစ်တဲ့ ငါကတော့ ဓားကို ဘယ်လိုကိုင်စွဲရမလဲဆိုတာ သွန်သင်ပေးရမယ့်တာဝန်ရှိတယ်၊၊ တကယ်လို့ မင်းက ဘာကြောင့် ဓားကို ဆွဲထုတ်ရသလဲဆိုတာကိုတောင် သဘောမပေါက်နိုင်သေးရင် ဒီနေ့ကစပြီး ဘယ်တော့မှ ဓားမကိုင်ရဘူး”
ဝမ်ရှန်း တစ်ကိုယ်လုံး အနည်းငယ်တုန်ခါသွားသည်၊၊ သူ ခေါင်းကို ပြန်ငုံ့လိုက်ပြီး တိတ်ဆိတ်သွား၏၊၊ ဆရာ့စကားလုံးများက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး တာအိုနှလုံးသားကို ထပ်ခါတလဲလဲရိုက်ခတ်နေသဖြင့် နဖူးပြင်မှ ချွေးစေးများ စီးကျလာသည်၊၊ ဖုန်မှုန့်များ ဖုံးလွှမ်းနေသော မှန်တစ်ချပ်ကို ခါယမ်းလိုက်သဖြင့် ဖုန်မှုန့်များ တဖြည်းဖြည်းလွင့်စင်သွားသကဲ့သို့ သူ ခံစားလိုက်ရ၏၊၊
သူ့၏ စကားများက ပြင်းထန်လွန်းသဖြင့် ဝမ်ရှန်း စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်သဖြင့် ချင်ယန်ဇီက လေသံကို လျှော့ချလိုက်သည်၊၊
“မင်းက ငယ်သေးတယ်၊၊ မဆင်မခြင်ဖြစ်တတ်တာက လူငယ်တွေရဲ့ သဘာဝပဲ၊၊ စိတ်နှလုံးက တာအိုနဲ့တသားတည်းကျနေပြီဖြစ်တဲ့ မင်းရဲ့ စီနီယာအစ်မလိုဖြစ်ဖို့ ငါ မင်းကို မမျှော်လင့်ပါဘူး”
“ရှန်းလေး... တာအိုကို မကျင့်ကြံခင် နှလုံးသားကို အရင်ကျင့်ကြံရတယ်၊၊ နတ်ဘုရားမဖြစ်ခင် လူလိုအရင်နေတတ်ရမယ်၊၊ ငါ မင်းအပေါ် မျှော်လင့်ချက်အများကြီးထားတယ်၊၊ ဒီနေ့ကစပြီး မင်းက သန့်စင်ယန်အင်မော်တယ်ကျမ်းကို စောင့်ရှောက်ရမယ့် တာဝန်ကိုလည်း ထမ်းဆောင်ရမယ်၊၊ ဒါကြောင့် ငါ မင်းကို ဒီနေ့ ‘တည်ကြည်ခြင်း’ ဆိုတဲ့ စာလုံးကို ရေးပေးခဲ့တာပဲ၊၊ မင်း အဲဒါကို သေချာဆင်ခြင်သုံးသပ်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်၊၊
“မင်းက ရှုဓားဂိုဏ်းရဲ့ တောင်းဆိုချက်ကို လက်ခံပြီး ရှုတောင်တန်းက ဓား ၇၂လက် စမ်းသပ်ချက်ကို သွားဖို့သဘောတူထားပြီးပြီဆိုတော့ အဲဒီအခွင့်အရေးကို ကိုယ့်ကိုယ်ကိုယ်စမ်းသပ်တဲ့အနေနဲ့ သုံးလိုက်ပါ၊၊ ဒါပေမဲ့ သတိထားပြီးလုပ်ဖို့ ငါမျှော်လင့်သလို မင်းက အစွမ်းကုန်ကြိုးစားဖို့လည်း လိုအပ်တယ်၊၊ နားလည်လား”
“နားလည်ပါပြီ ဆရာ”
“မင်း အောင်မြင်သည်ဖြစ်စေ… မအောင်မြင်သည်ဖြစ်စေ အဲဒီနောက်ပိုင်း ဂိုဏ်းကိုပြန်လာပြီး သုံးနှစ်တိတိတံခါးပိတ်ကျင့်ကြံရမယ်၊၊ ငါ့ခွင့်ပြုချက်မရှိဘဲ တောင်ပေါ်ကနေ မဆင်းရဘူး၊၊ အဲဒီအချိန်အတွင်းမှာ ရွှမ်းလေးက ငါ့အနားမှာ ကျင့်ကြံနေမှာဖြစ်ပြီး မင်းဆီကို ပုံမှန်လာလည်ဖို့၊ ဆေးလုံးတွေနဲ့ ချီကျောက်တုံးတွေ ယူလာပေးဖို့ ငါ စီစဉ်ပေးမယ်၊၊ ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့”
ပြောပြီးနောက် ချင်ယန်ဇီသည် ထရပ်ကာ ကမ်းခြေသို့ လျှောက်လှမ်းသွားသည်၊၊ သူသည် ဖေးလျန်ဇီကို လက်သီးဆုပ်၍ နှုတ်ဆက်ကာ သူ့၏ တပည့်ကို စောင့်ရှောက်ပေးရန် ရှုဓားဂိုဏ်းထံ အပ်နှံလိုက်သည်၊၊
ဝမ်ရှန်းသည် ဆရာပြောသမျှ စကားလုံးတိုင်းကို ရင်ထဲတွင် မှတ်သားထားလိုက်သည်၊၊ သူ တောင်ပေါ်က ဆင်းလာပြီးနောက်ပိုင်း လုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ကြည့်ရာ သူက အနည်းငယ်စိတ်လိုက်မာန်ပါဖြစ်ခဲ့ပြီး မာန်တက်ခဲ့ကြောင်း တဖြည်းဖြည်းသဘောပေါက်လာ၏၊၊
အဆုံးတွင်မူ သူသည် ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ချိန်က ကောင်းကင်နှင့် တာအိုအပေါ် ထားရှိခဲ့သော ရိုသေလေးစားသောစိတ်များ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ပေသည်၊၊
ဝမ်ရှန်းတစ်ယောက် စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့နေဆဲ ဖြစ်သည်ကို မြင်သောအခါ မုဝမ်ရွှမ်းလည်း စိုးရိမ်စိတ်ကို မအောင့်နိုင်တော့ပေ၊၊ သူမသည် သူ၏ အင်္ကျီလက်စကို ဆွဲလိုက်ပြီး ဂရုတစိုက်ဖြင့် သူ၏ ကျင့်ကြံရေးဝတ်စုံကို ပခုံးပေါ်သို့ တင်ပေးလိုက်သည်၊၊ ထို့နောက် ငုံ့ကာ မြေပြင်ပေါ်တွင် စာလုံးအချို့ ရေးသားလိုက်၏၊၊
-ဆရာက ငါတို့ကို စိတ်ပူလို့ပါ၊၊
ဝမ်ရှန်း မချိပြုံး ပြုံးလိုက်ပြီးနောက် သူ၏ အဖြေကို ပြန်ရေးလိုက်သည်၊၊
-ကျွန်တော် သိပါတယ်၊၊ ကျွန်တော် နည်းနည်းလွန်သွားတာဟုတ်တယ်၊၊
-မောင်လေးက တကယ်တော်ပါတယ်၊၊ မောင်လေးက ငါ့ထက် အများကြီးပိုပြီး ဉာဏ်ကောင်းပြီး စိတ်မြန်တယ်၊၊
ဝမ်ရှန်း ပြန်မဖြေတော့ပေ၊၊
သူမသည် ဝမ်ရှန်း၏ စိတ်ကို ရွှင်လန်းစေရန်အတွက် စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကို ထုတ်လိုက်သည်၊၊ ထို့နောက် ဟာသ Meme တစ်ခုကို ရှာဖွေကာ သူ့ကို ပြသလိုက်၏၊၊
ဝမ်ရှန်း ရယ်ရခက်၊ ငိုရခက်ဖြစ်သွားလေ၏၊၊
“စီနီယာအစ်မကတော့ တကယ်ဉာဏ်ကြီးရှင်ပဲ”
ထို့နောက် ဝမ်ရှန်းက ဘေးရှိ ဓားသေတ္တာကို ကြည့်လိုက်သည်၊၊ ခဏမျှတွန့်ဆုတ်နေပြီးနောက် ဓားသေတ္တာကို ကောက်ကိုင်ကာ မုဝမ်ရွှမ်းထံသို့ ကမ်းပေးလိုက်သည်၊၊
“စီနီယာအစ်မ... ဝိညာဉ်မဲ့ဓားကို ကျွန်တော့်အတွက် သုံးနှစ်လောက် သိမ်းပေးထားပါဦး”
“အင်း” မုဝမ်ရွှမ်း ဇဝေဇဝါဖြစ်သွားသော်လည်း ဓားသေတ္တာကို လှမ်းယူလိုက်သည်၊၊
ဝမ်ရှန်းက ပြုံးလျက် ဓားသေတ္တာကို ဖွင့်လိုက်ရာ အလွန်ထက်မြက်လှသော ရတနာဓားက အထဲတွင်ရှိနေသည်ကိုကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်၊၊
“ဆရာ့စကားတွေက ကျွန်တော့်ကို ပြန်လည်ဆင်ခြင်မိစေတယ်၊၊ တောင်ပေါ်ပြန်ရောက်ရင် သစ်သားဓားနဲ့ပဲ ဆက်ပြီး ကျင့်ကြံချင်တယ်”
“ပြီးတော့ စီနီယာယန် ပေးထားတဲ့ ဓားက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လုံလောက်ပါတယ်၊၊ ‘ဝိညာဉ်မဲ့’ က ထက်လွန်းတယ်၊၊ တကယ်လို့ ကျွန်တော်က သူ့အပေါ်မှာပဲ မှီခိုနေမိရင် ဒုက္ခရောက်နိုင်တယ်၊၊ စီနီယာအစ်မပဲ ကျွန်တော့်အတွက် သိမ်းထားပေးပါ”
“အွန်း” မုဝမ်ရွှမ်း ပါးလေးဖောင်းကာ ဓားသေတ္တာကို ပိတ်ပြီး ဘေးတွင် ချထားလိုက်သည်၊၊
သူတို့ မကြာမီခွဲခွာရတော့မည်ကို သူမ သိရှိထား၏၊၊ ဝမ်ရှန်းသည် ဖေးလျန်ဇီနှင့်အတူ ရှုတောင်တန်းသို့ လိုက်ပါသွားရမည် ဖြစ်ပြီး သူမကမူ ဆရာ့အနားတွင်နေထိုင်ကာ အဖြစ်အပျက်များ၏ နောက်ဆက်တွဲကိစ္စရပ်များကို ကူညီဖြေရှင်းပေးရမည် ဖြစ်သည်၊၊ သို့သော် သူ ဤမျှမြန်မြန်ထွက်ခွာသွားရမည်ဟု မမျှော်လင့်ထားပေ၊၊
သူမသည် သူ့ကို ဂရုစိုက်ရန် မှာကြားလိုသော်လည်း စကားပြောနှေးကွေးသူဖြစ်သဖြင့် အချိန်အတော်ကြာတွန့်ဆုတ်နေမိသည်၊၊
သူမ စကားမပြောနိုင်ခင်မှာပင် ချင်ယန်ဇီ၏ ခေါ်သံထွက်ပေါ်လာ၏၊၊
“ရှန်းလေး... မင်းရဲ့ ဆရာကတော်က မင်းကို ရှာနေတယ်၊၊ သူမက အကြီးအကဲဖေးလျန်နဲ့အတူ ခရီးစဉ်ကို စီစဉ်ပြီးပြီ၊၊ မင်းတို့က အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ သီးသန့်လေယာဉ်နဲ့သွားရမယ်၊၊ ဒါပေမဲ့ အခုချက်ချင်းထွက်ရမယ်”
ဝမ်ရှန်း ချက်ချင်းထရပ်လိုက်သည်၊၊ ဆရာ့ထံမှ ဆူပူကြိမ်းမောင်းခံထားရသဖြင့် သူသည် ယခုအချိန်တွင် အလွန်လိမ္မာယဉ်ကျေးနေ၏၊၊
“ဂရုစိုက်ပါ စီနီယာအစ်မ”
မုဝမ်ရွှမ်း နူးညံ့စွာ ပြုံးပြလိုက်သည်၊၊
“အွန်း”
ဝမ်ရှန်းသည် တာအိုဝတ်စုံကို ကောက်ကိုင်ကာ လမ်းလျှောက်ရင်း ဝတ်ဆင်လိုက်သည်၊၊ သူ နောက်လှည့်ကြည့်လိုက်သောအခါ မုဝမ်ရွှမ်းသည် စိမ်းလန်းစိုပြည်သော သစ်ပင်များ၊ ကျယ်ပြောလှသော ကောင်းကင်ပြာကြီးနှင့် ပင်လယ်ပြင်တို့ကို နောက်ခံထားလျက် ရပ်နေသည်ကို မြင်တွေ့ရ၏၊၊ သူမသည် ငွေဖြူရောင်ဓားသေတ္တာကို ရင်ခွင်တွင် ပိုက်လျက် သူ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေပေသည်၊၊
ဝမ်ရှန်း တိုးညင်းစွာ သက်ပြင်းချလိုက်မိသည်၊၊ ထိုမြင်ကွင်းသည် သူ၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့၏၊၊
သုံးနှစ်အတွင်း သူက မည်သည့်အဆင့်သို့ ရောက်ရှိမည်ကို သူမသိသော်လည်း ထိုအချိန်တွင် သူ၏ စီနီယာအစ်မမှာမူ ပုံရိပ်ယောင်အမြုတေအဆင့်သို့ ဧကန်မုချရောက်ရှိနေလိမ့်မည်ဖြစ်သည်၊၊ မည်သို့ပင်ဖြစ်စေ သူ၏ဆရာသည် သူ့ကို အနှောင့်အယှက်များမှ ကာကွယ်ပေးရန်နှင့် သူ၏ ကောင်းကျိုးအတွက် တံခါးပိတ်ကျင့်ကြံစေခြင်းဖြစ်ပေသည်၊၊
ယခုအခါ သူသည် စားသောက်စရာမလိုသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဝူတန်းတောင်တန်းရှိ ခြံဝင်းငယ်လေးထဲမှ သုံးနှစ်တိတိ မထွက်ဘဲနေရန်မှာ မခက်ခဲပေ၊၊ ထို့အပြင် ဆရာက စီနီယာအစ်မကို သူ့ထံ ပုံမှန်လာလည်ရန်၊ ဆေးလုံးများနှင့် ချီကျောက်တုံးများယူဆောင်လာပေးရန် မှာကြားထားသဖြင့် သူတို့ ပြန်လည်ဆုံတွေ့ရန် သုံးနှစ်တိတိ စောင့်ဆိုင်းနေစရာမလိုပေ၊၊
ဒါပေမဲ့ ချီကျောက်တုံးက ဘာလဲဆိုတာ ငါ မသိသေးဘူး၊၊
သို့သော် ဝမ်ရှန်း မကြာမီသိရှိသွားခဲ့ရသည်၊၊ သူ မထွက်ခွာမီလေးတွင် ချီလင်းသည် မုရွှယ်ကို စေလွှတ်ကာ ဤအဖြစ်အပျက်တွင် သူနှင့် ဖေးလျန်ဇီတို့ စွမ်းဆောင်မှုများအတွက် ဆုလက်ဆောင်များပေးအပ်ခဲ့၏၊၊
ထိုအထဲတွင် ချီကျောက်တုံး သေတ္တာနှစ်ခုပါဝင်သည်၊၊ ၎င်းတို့တွင် သန့်စင်သော ကမ္ဘာဦးချီများပြည့်နှက်နေပြီး ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ရန်အတွက် ချီစုစည်းမှု အစီအရင်အဖြစ်ပုံဖော်ကာ အသုံးပြုနိုင်ပေသည်၊၊
ကျင့်ကြံခြင်းကို မြှင့်တင်ပေးသည့် ချီကျောက်တုံးများနှင့် ဆေးလုံးများအပြင် ချီလင်းသည် ဝမ်ရှန်းအတွက် ကြိုးကြာငှက်နှစ်ကောင်ဖြင့် ပုံဖော်ထားသော အိတ်ငယ်လေးတစ်လုံးကိုလည်း ပေးအပ်ခဲ့သည်၊၊ ထိုအိတ်ကို ခန္ဓာကိုယ်တွင် ချည်နှောင်ကာ အသုံးပြုရခြင်း ဖြစ်၏၊၊ ဖေးလျန်ဇီလည်း ထိုအိတ်ကို မြင်သောအခါ ချင်ယန်ဇီကို ဆရာအဖြစ် ပြန်ကန်တော့ချင်စိတ်ပေါက်သွားရသည်အထိဖြစ်သွား၏၊၊
၎င်းမှာ အဆင့်နိမ့်ရတနာပစ္စည်းတစ်ခုသာဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် အလွန်တန်ဖိုးကြီးမားလှပေသည်၊၊ ထိုပစ္စည်းကို ပိုင်ဆိုင်ခြင်းသည် ဂုဏ်သရေရှိခြင်းနှင့် ချမ်းသာကြွယ်ဝခြင်း၏ ပြယုဂ်တစ်ခု ဖြစ်၏၊၊
အကြောင်းမူကား ကျင့်ကြံခြင်းသုတေသနအဖွဲ့မှ ပုံတူဖန်တီးထားသော ထို ‘ကြိုးကြာဝိညာဉ်ရတနာအိတ်’ မှာ အာကာသသိုလှောင်အိတ်ရတနာပစ္စည်းတစ်ခုဖြစ်နေခြင်းကြောင့်ပင်၊၊