← Chapters

အခန်း ၄၉၁

Vol. 50 Ch. 491

အခန်း ၄၉၁

Vol. 50 Ch. 491

အခန်း (၄၉၁)

“တောက်ပဓားအလင်းဂိုဏ်းက အရှုံးပေးမယ် ထင်လား”

“ငါတော့ မထင်ဘူး။ ဘာပဲဖြစ်ဖြစ် တောက်ပဓားအလင်းဂိုဏ်းက သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုခြောက်ခု ခေါင်းဆောင်ပဲလေ။ သူတို့ လွယ်လွယ်တော့ အရှုံးပေးမှာ မဟုတ်ဘူး”

ကြည့်ရှူသူ လူအုပ်ကြီးသည် ထင်မြင်ချက်အမျိုးမျိုးကို ပြောဆိုဆွေးနွေးရင်း ပွက်လောရိုက်နေကြ၏။

အခြားသော အင်အားစုလေးခုမှ ကျင့်ကြံသူများသည် အမူအရာအမျိုးမျိုးပင်။ အချို့က စိတ်ပျက်သွားကြပြီး အချို့က လက်လျှော့သွားကာ အချို့ကား သက်ပြင်းသာချကြ၏။ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များသည် ထိုအခိုက် ခံစားချက်များ ရောထွေးသွားကြသည်။ သူတို့ကူကယ်ရာမဲ့မှုများကြား အနည်းငယ်သော စိတ်သက်သာရာရမှုလေး ရှိသွားတော့သည်။ မဟာပဏ္ဍိတဝူရှန့်ပင် မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားကို လွယ်ကူစွာ ရှုံးနိမ့်သွားသည်။

သူတို့ ဂိုဏ်းမဟာပဏ္ဍိတများ ပူးပေါင်းတိုက်ခိုက်ရင်တောင် ပြိုင်ဘက်ကို အနိုင်ရဖို့ အင်မတန် ခက်ခဲပေသည်။ စိတ်ပျက်စရာ အကောင်းဆုံး အပိုင်းကား သူတို့ သူတော်စင်အဆင့် မြင့်မြတ်လက်နက်ကို လက်လွှဲပေးရတော့ပေမည်။

သူတော်စင်အဆင့်လက်နက်မရှိပါက သူတို့ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် နှစ်တစ်ထောင်အတွင်း ကျဆင်းရပေတော့မည်။

မည်သို့ပင်ဆိုစေ သူတော်စင်အဆင့်လက်နက်သည် မြို့စားများကို တာအိုအနှစ်သာရနားလည်ရာတွင် ကူညီပေးနိုင်သည့် လက်နက်တစ်ခုဖြစ်၏။

အင်အားစုခြောက်ခု ဆန်းကြယ်ကောင်းကင်ဒေသ အနောက်မြောက်ဘက်တွင် လှုပ်ခါ၍မရသော အဆင့်အတန်းကို ပိုင်ဆိုင်ထားနိုင်ခြင်းသည် သူတော်စင်အဆင့်ရတနာများကို ပိုင်ဆိုင်ထား၍ပင်။

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် ပြုံးလိုက်သည်။

“ဂိုဏ်းချုပ်လျူ ခင်ဗျားတို့ တောက်ပအလင်းဓားဂိုဏ်းကရော ဘယ်လိုဆုံးဖြတ်ထားလဲ”

“ဟမ့်”

ဂိုဏ်းချုပ်လျူ အေးစက်စွာ နှာခေါင်းရှုပ်သည်။

“ငါတို့ဓားသမားတွေက တိုက်ပွဲအတွင်းမှာပဲ သေမှာ။သွေးကြောင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ မင်း ငါတို့တောက်ပဓားအလင်းဂိုဏ်း မြင့်မြတ်မျိုးစေ့ကို လိုချင်ရင် တိုက်ခိုက်မှရမယ်”

“ကောင်းပြီ”

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် စိတ်လှုပ်ရှားစွာ ပြောသည်။

“ကျုပ် ဒီနေ့ကို စောင့်နေတာ ကြာပြီ။ ဒီနေ့တော့ ခင်ဗျားတို့ တောက်ပဓားအလင်းဂိုဏ်းက မဟာပဏ္ဍိတတွေ ဘယ်လောက်သန်မာလဲဆိုတာ ကြည့်ရအောင်”

ဂိုဏ်းချုပ်လျူ စကားမပြောချေ။ သူ ဘေးက အကြီးအကဲကို အသာအယာ ဦးညွှတ်လိုက်၏။

“ဘိုးဘေးကို ဒုက္ခပေးရပါမယ်”

“ပြဿနာ မရှိဘူး”

မဟာပဏ္ဍိတဝူမင် ပြန်ဖြေပြီးနောက် ကောင်းကင်ပေါ်သို့ တက်သွားသည်။ ထို့နောက် တိမ်တိုက်များပေါ် တက်ပြီး သွေးခေါင်းတလားကို ဦးညွှတ်လိုက်၏။

“စီနီယာ ဒီဂျူနီယာ ဓားကို အကဲဖြတ်ပေးပါ။ စီနီယာ ဒီဓားချက်ကို လက်ခံနိုင်ရင် ကျွန်တော့်တောက်ပဓားအလင်းဂိုဏ်းက အရှုံးပေးပါတယ်”

မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား ရိုးရှင်းစွာ ပြန်ပြောသည်။

“ကောင်းပြီ။ ဒီလူအိုကြီးလည်း နတ်ဘုရားဓားမြင့်မြတ်နယ်မြေက အဆုံးစွန်ဓားပညာရပ်တွေကို မမြင်ရတာကြာပြီ။ မင်း နတ်ဘုရားဓားမြင့်မြတ်နယ်မြေက ဘယ်ဓားနည်းစနစ်ကို သင်လာလဲ”

“စီနီယာ ကျွန်တော် ကောင်းကင်ဓားနတ်ဘုရားဆီကနေ ကောင်းကင်ဓားကို သင်ယူခဲ့ပါတယ်။ စီနီယာ လမ်းညွှန်ပေးပါ”

မဟာပဏ္ဍိတဝူမင်၏ ဖိအား ထိုးထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါသည် လီထောင်ချီ အချင်းဝက်ကို ဖုံးအုပ်သွား၏။

ကျင့်ကြံသူများ၏ လက်ထဲမှ ဓားများသည် ထို အရှိန်အဝါကို ခံစားမိဟန်ဖြင့် ဓားအိမ်အတွင်းမှ ဓားမြည်တမ်းသံများ သံပြိုင်ထွက်ပေါ်လာသည်။

မဟာပဏ္ဍိတဝူမင် သူ့ဓားကို ဆွဲမထုတ်ပေ။ သို့သော် ထိုအခိုက် သူသည် နတ်ဘုရားလက်နက်အလား ပြိုင်ဘက်ကင်း ထက်ရှနေတော့၏။

“မင်း ဝိညာဉ်ဓားကို သုံးမလို့လား”

မဟာပဏ္ဍိတဝံပုလွေနတ်ဘုရား လေသံတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ပါဝင်နေသည်။

“စီနီယာ အကဲဖြတ်ကောင်းတယ်”

မဟာပဏ္ဍိတဝူမင် ပြောရင်း သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ် လွင့်ပျံသွား၏။

“ကောင်းကင်ဓားခုတ်ပိုင်းချက်”

သူ့စကားအဆုံးတွင် ဝိညာဉ်သည် ကောင်းကင်သို့ ပျံထွက်သွားတော့သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ပေါ်မှ အခြေအနေသည် ရုတ်ချည်းပြောင်းလဲသွားတော့၏။ ဧရာမဓားကြီးသည် ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။

၎င်းသည် ကောင်းကင်ကို ဖျက်ဆီး၊ မြေကမ္ဘာကို ရှင်းလင်းနိုင်သည့် နတ်ဘုရားဓားတစ်လက်ဖြစ်၏။

နတ်ဘုရားဓားမကျဆင်းခင် ဓားစွမ်းအင်က ဦးစွာ ကျဆင်းလာပြီး သွေးခေါင်းတလားကို ချိတ်ပစ်လိုက်သည်။

မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားသည် ထိုဓားချက်ကို မရှောင်တိမ်းနိုင်ပေ။ ရှောင်တိမ်းရန်လည်း ရည်ရွယ်ချက် မရှိပေ။ သူ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါပေမဲ့ မင်းနားလည်ထားတဲ့ တာအိုအနှစ်သာရက အရမ်းကို နည်းပါးလွန်းတယ်။ မဟုတ်ရင် မင်း ဒီလူအိုကြီးနဲ့ ယှဉ်တိုက်နိုင်တယ်”

ထိုစကားအဆုံး သွေးခေါင်းတလားသည် သုံးပုံတစ်ပုံ ပွင့်လာသည်။

သွေးခေါင်းတလားထဲမှ ကြီးမာသည့် အရှိန်အဝါတစ်ခု ထွက်လာပြီး ဓားစွမ်းအင်ကို ပျောက်ကွယ်သွားစေသည်။

နောက်တစ်ခဏတွင် သွေးခေါင်းတလားထဲမှ ရင်းနှီးနေသည့် လက်တစ်ဖက် ထွက်လာပြီး ကျဆင်းလာသည့် ဓားချက်ကို ဖမ်းဆုပ်သည်။ တားဆီးမရနိုင်သည့် ကောင်းကင်ဓားသည် ထိုလက်ထံမှ လွယ်ကူစွာ ဖမ်းဆုပ်ခံရပြီးနောက် တစ်လက်မလေးပင် မရွေ့နိုင်တော့ချေ။

ခရက်

သစ်ဆွေးပမာ ဆွေးမြည့်နေသော လက်တစ်ဖက်သည် အားအနည်းငယ် စိုက်ထုတ်လိုက်၍မျှဖြင့် ကောင်းကင်ဓားကို ကျိုးပျက်သွားစေသည်။

ဖွီး

မဟာပဏ္ဍိတဝူမင် ပါးစပ်အပြည့်သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သူ့ပုံရိပ်သည် ကောင်းကင်ယံ၌ မငြိမ်မသက် ယိမ်းယိုင်နေတော့သည်။

“စီနီယာ ကျင့်ကြံခြင်းက နက်နဲပြီး ခန့်မှန်းရခက်ပါတယ်။ ဒီဂျူနီယာ အရှုံးကို ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်”

သူ့စကားအဆုံး ပတ်ဝန်းကျင် တိတ်ဆိတ်သွားသည်။

လူတိုင်း မဟာပဏ္ဍိတဝူမင် ရှုံးမည်မှန်း ခန့်မှန်းထားသော်လည်း အပြတ်အသတ် ရှုံးနိမ့်သွားမည်ဟုတော့ မထင်ထားချေ။

တောက်ပဓားအလင်းဂိုဏ်းခေါင်းဆောင်သည် ထိုမြင်ကွင်းကို တွေ့တော့ မျက်လုံးများကို ပိတ်လိုက်၏။ သူ ထိုင်ခုံပေါ်တွင် နုန်းချည်စွာ ခွေကျသွားပြီး ဟာလာဟင်းလင်းဖြစ်သွားသည့်နှယ်။

“ဘိုးဘေးက ပြိုင်ဘက်ကင်းပါတယ်”

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် ပထမဆုံး အော်ဟစ်သည်။

ထိုသည်ကို ကြားသော် မြောက်ပိုင်းသဲကန္တာရဂိုဏ်းသားများ စတင်၍ ကျယ်လောင်စွာ အော်ဟစ်ကြတော့၏။

“ဘိုးဘေး ပြိုင်ဘက်ကင်းပါတယ်”

“ဘိုးဘေး ထာဝရ အောင်နိုင်သူပါ”

သူတော်စင်တစ်ပိုင်းအင်အားစုငါးခုမှ တပည့်များလည်း ထိုမြင်ကွင်းကိုတွေ့သွားကြသည်။ သူတို့တစ်ယောက်စီတိုင်း မနာလိုသည့် အမူအရာများ ပြလာကြ၏။ သိူ့သော် အားကျရုံသာ တတ်နိုင်သည်။

သွေးခေါင်းတလားသည် နောက်တစ်ကြိမ် ပိတ်သွား၏။

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် တက်ကြွစွာ ထပ်မေးသည်။

“ဒီနေ့ကစပြီး နှစ်ခြောက်ဆယ်အတွင်း မြောက်ပိုင်းသဲကန္တာရဂိုဏ်းက ဆန်းကြယ်ကောင်းကင်ဒေသမှာ ခေါင်းဆောင်ပဲ။ ဘယ်သူတွေ ငြင်းချင်လဲ”

မြောက်ပိုင်းသဲကန္တာရဂိုဏ်းကို ထောက်ခံသူများ ကျယ်လောင်စွာ အော်ဟစ်သည်။

“ကျွန်တော်တို့ မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ်ကို ထောက်ခံပါတယ်”

ထိုခဏတွင် အချိန်အခါမသင့် အေးစက်သည့် အသံက ထွက်ပေါ်လာသည်။

“ငါငြင်းတယ်”

ထိုစကား ပွင့်အံကျလာသည်နှင့် လူအုပ်ကြီး ထိတ်လန့်ဆွံ့အသွားတော့၏။ လူတိုင်းသည် အသံထွက်လာရာ အရပ်သို့ လှမ်းမျှော်ကြည့်ကြတော့သည်။ သူတို့ ထိုစကားပြောသူသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ သခင်မလေးဖြစ်ကြောင်း မြင်တွေ့သွားချိန်တွင် မယုံနိုင်မှင်တက်နေသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

အံ့အားအသင့်ဆုံးသူများသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များပင်။ သူတို့ ယခုတစ်ခေါက် ပြန်လာလျှင် ကျန်သည့် အင်အားစုငါးခုထံမှ လှောင်ပြောင်ခံရတော့မည်ဟု ထင်မှတ်ထားကြ၏။ သို့သော် ဤသခင်မငယ်လေးက ပြဿနာထပ်ရှာနေမည်ဟု မထင်ထားချေ။

‘သောက်ကျိုးနည်း သူ ဘာတွေးနေတာလဲ’

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ပင်းယန်ကို နှာခေါင်းရှုပ်ကာ ကြည့်သည်။

“သခင်မလေးပင်း ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းဖို့ ရည်ရွယ်နေတာလား။ ဒီနေ့ ကျုပ်တို့ မြောက်ပိုင်းသဲကန္တာရဂိုဏ်းက ဘိုးဘေး ရှိတယ်လေ။ သခင်မလေးက ဝမ်တောက်ကျောင်းတော်က မဟာပဏ္ဍိတဆိုရင်တောင် သူတို့တွေ ခင်ဗျားကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”

“ကျွန်မ ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းမယ်လို့ ဘယ်တုန်းက ပြောလိုက်မိတာလဲ”

ပင်းယန် အေးစက်စွာ ချေပလိုက်သည်။

“ဒါဆို မင်း ငါတို့ မြောက်ပိုင်းသဲကန္တာရဂိုဏ်းဘိုးဘေးကို စိန်ခေါ်မယ်လို့ ပြောချင်တာလား”

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် မျက်နှာပေါ်မှ အထင်မြင်သေးမှုများသည် ဖုံးဖိမရစွာ ပေါ်လွင်လာတော့သည်။ သူ့အမြင်တွင် ဝမ်တောက်ကျောင်းတော်မှ မဟာပဏ္ဍိတတစ်ပါးဖြစ်ရင်တောင် မျိုးဆက်သစ်လေးတစ်ဦးက မဟာပဏ္ဍိတဝံပုလွေနတ်ဘုရားကို တိုက်ခိုက်ဖို့ အရည်အချင်းမပြည့်မှီပေ။

ပင်းယန် : “ဟုတ်တယ်။ ဒါမှမဟုတ် ကျွန်မလို ပါရမီရှင်သမီးတော်တစ်ပါးက ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ သူတော်စင်အဆင့်လက်နက်ကို ဘာမဟုတ်တာအတွက် အလကား ပေးရမှာလား”

ထိုသည်ကို ကြားသော် လူအုပ်ကြီး ပင့်သက်ရှိုက်မိသည်။ သူတို့ ပင်းယန်ကို အင်မတန် ရှုပ်ထွေးစွာ ကြည့်လာကြသည်။

အထူးသဖြင့် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များပင်။ သူတို့ သခင်မလေးဆိုသည့် အမျိုးသမီးကို သတ္တိကြောင်သူဟု ထင်မှတ်ထားသော်လည်း ထိုအမျိုးသမီးက သူတို့ တစ်ခါသော်မှ စိတ်မကူးထားသည့် အကွက်ကို ရွေ့လို့လာသည်။

ဆန်ကျင်ဘက်အားဖြင့် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ အကြီးအကဲများသည် စိတ်လှုပ်ရှားသည့် အမူအရာများ ပြသလာကြသည်။ သူတို့ ဤအခိုက်ကို စောင့်မျှော်နေကြခြင်းဖြစ်၏။

အချိန်ကြာရှည်စွာ အောင့်အည်းသည်းခံရပြီးနောက် သူတို့ ဦးမော့နိုင်ပြီ ဖြစ်သည်။

“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်”

မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် ထပ်ခါတလဲလဲ ပြောလိုက်သည်။

“သခင်မလေးပင်းက ပျက်စီးရာ ပျက်စီးကြောင်းလမ်းကြောင်းကို ရှာနေတာပဲ။ ငါတို့ မြောက်ပိုင်းသဲကန္တာရဂိုဏ်းကို ထွက်ပေါက် မချန်ပေးထားဘူးဆိုပြီး အပြစ်မတင်နဲ့။ ဘိုးဘေးချန်ရှန်း အဲဒီအမျိုးသမီးကို ဖိနှိပ်ပေးဖို့ ဘိုးဘေးကို ဒုက္ခပေးရမယ်”

“ကောင်းပြီလေ”

မဟာပဏ္ဍိတချန်ရှန်း ပြဿနာမရှိကြောင်း ပြန်ဖြေသည်။ ယခုလို အကောင်သေးသေးလေးကို ဖြေရှင်းဖို့ ဘိုးဘေးကို ဒုက္ခပေးရန် မလိုချေ။

ပင်းယန် သူမဘေးက သူကို လှည့်ကာ ပြောသည်။

“ယောကျ်ား ကျွန်မ ရှင့်ကို ဒုက္ခပေးရဦးမယ်”

ချူဖုန်း သူ့လက်ထဲက ငှက်မွေးယပ်တောင်ကို ခပ်ရင်း ပြုံးကာ ပြော၏။

“သာမန်ကိစ္စလေးပါ။ ပြီးတော့ ကိုယ်လည်း သွေးခေါင်းတလားထဲမှာ ဘယ်လိုမျိုး အကောင်ရှိလဲ သိချင်တယ်”

ထိုစကားများ ပြောပြီးနောက် ချူဖုန်း မတ်တပ်ရပ်ပြီး လေထဲသို့ တက်လာသည်။

ထိုသည်ကို ကြည့်ပြီးနောက် လူအုပ်ကြီးသည် အနည်းငယ် ကြောင်အသွားတော့၏။

All Chapters