အခန်း ၄၉၄
Vol. 50 Ch. 494
အခန်း (၄၉၄)
“ထကြပါ”
ပင်းယန် ခပ်အေးအေးပင် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်မလေးပင်း”
ဘုရင်များနှင့် မြို့စားများ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်ကြ၏။
ပင်းယန် သူမ၏လက်ကို ဖြည်းဖြည်းချင်းမြှောက်ကာ လွတ်နေသော ခုံအချို့ကို ညွှန်ပြလိုက်၏။
“ထိုင်ကြပါ”
“ဟုတ်ကဲ့”
ဘုရင်များနှင့် မြို့စားများ နေရာယူပြီးနောက် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ တပည့်များ ဝိုင်နှင့် အစားအသောက်များကို စားပွဲပေါ်သို့ တစ်ခုပြီးတစ်ခု လာရချပေးကြသည်။
ပင်းယန်က အိမ်ရှင်ပီပီ ဝိုင်ခွက်ကို ပထမဆုံးမြှောက်ကိုင်ကာ ပြောလိုက်၏။
“ရှင်တို့ အဝေးကြီးကနေ လာခဲ့ကြရတာ။ ကျွန်မကပဲ အရင်ဆုံး ဂါရဝပြုပါရစေ။ ကမ်းပေ့”
“ကမ်းပေ့”
ဘုရင်များနှင့် မြို့စားများ သူတို့ဝိုင်ခွက်များကို အသီးသီးမြှောက်ကာ တစ်ကျိုက်တည်း ကုန်စင်အောင် မော့သောက်လိုက်ကြသည်။
အနောက်မြောက်ပိုင်းရှိ ထိပ်သီး သူတော်စင်တစ်ပိုင်းအင်အားစုကြီးများသည် ကျားဇီတိုက်ပွဲအတွင်း အသာစီးရရန် အပြိုင်အဆိုင်ဖြစ်ကြသော်လည်း သာမန်နေ့ရက်များတွင် ပဋိပက္ခထက် ပူးပေါင်းဆောင်ရွက်မှုက ပိုများသည်။
ဝိုင်တစ်ခွက်သောက်ပြီးနောက် လူတိုင်းသည် ရင်းနှီးပွင့်လင်းလာကြ၏။
အားလုံးက ယနေ့ညစာစားပွဲ၏ အဓိကဇာတ်လိုက်ဖြစ်သော ချူဖုန်းကို ဝိုင်းဝန်း၍ ဂါရဝပြုလိုက်ကြသည်။
ဘဝနှစ်ခုလုံးတွင် ကျင်လည်ဖူးသည့် ချူဖုန်း ဝိုင်သောက်ခြင်းယဉ်ကျေးမှုကို ကောင်းစွာနားလည်ထားပြီး မကြာခင်မှာပင် လူတိုင်းနှင့် ရောနှောသွားတော့သည်။
သူ မာန်မာန လုံးဝမရှိသဖြင့် ဘုရင်ငါးပါးနှင့် မြို့စားများ၏ စိတ်ထဲရှိ ဖိအားများကိုလည်း လျော့ကျသွားစေသည်။
သုံးခွက်မျှ သောက်ပြီးသောအခါ မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် ပထမဆုံး မတ်တတ်ထရပ်ကာ ဝိုင်ခွက်ကို ကိုင်မြှောက်လျက် ဆိုလိုက်၏။
“သခင်မလေး၊ သမက်တော် ဒီနေ့ ကျုပ် တော်တော်လေး စော်ကားမိသွားပါတယ်။ ခင်ဗျားတို့နှစ်ယောက် သဘောထားကြီးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျုပ် မြောက်ပိုင်းသဲကန္တာရဂိုဏ်းက ပစ္စည်းတွေကို ယူလာခဲ့ပါပြီ။ ကျေးဇူးပြုပြီး လက်ခံပေးပါ”
ပြောပြီးသည်နှင့် သူ့လက်မှ သိုလှောင်လက်စွပ်က လင်းလက်သွားပြီး ခန်းမအလယ်တွင် ဝံပုလွေနတ်ဘုရားရုပ်တုတစ်ခု ပေါ်လာသည်။
ဝံပုလွေနတ်ဘုရားရုပ်တု ဘေးတွင် မြေပုံတစ်ခုနှင့် တံဆိပ်တုံးတစ်ခု ရှိနေ၏။
၎င်းသည် မြောက်ပိုင်းသဲကန္တာရဂိုဏ်း၏ လက်အောက်ခံ နယ်မြေငယ်လေးတစ်ခု ဖြစ်သည်။
ချူဖုန်း ပြုံးလိုက်သည်။
“ရပါတယ်။ အရင်ကတော့ လူတိုင်းက ကိုယ့်သခင်အကျိုးအတွက် ကိုယ်လုပ်ခဲ့ကြတာပဲဥစ္စာ။ ဒီဝိုင်တစ်ခွက်ကို ကျွန်တော် သောက်ပါ့မယ်”
မြောက်ပိုင်းသဲကန္တာရဂိုဏ်းချုပ် သူ့ဂိုဏ်းမှ မြင့်မြတ်မျိုးစေ့ကို ဆက်သပြီးနောက် အခြားသော အင်အားစုကြီးများသည်လည်း ဝိုင်ခွက်မြှောက်၍ ဂါရဝပြုသည့်အနေဖြင့် သူတို့ဂိုဏ်း၏ မြင့်မြတ်မျိုးစေ့များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ဆက်သကြတော့သည်။
တောက်ပဓားအလင်းဂိုဏ်းမှ ပေးအပ်သည်မှာ ဓားတာအို အနှစ်သာရစစ်များ ကိန်းအောင်းနေသည့် ဓားအမှတ်အသားတစ်ခု ဖြစ်သည်။
ကွမ်ရှင်းစင််မြင့်မှ ပေးအပ်သည်မှာ တာအိုအနှစ်သာရ ကိန်းအောင်းနေသည့် ကြယ်တာရာကျောက်တုံး ဖြစ်သည်။
ယဲ့ဝမ်နိုင်ငံမှ ပေးအပ်သည်မှာ တာအိုအနှစ်သာရ ကမ္ပည်းစာများပါရှိသော သားရဲဥဖြစ်သည်။ ရွှီကျိနိုင်ငံမှ ပေးအပ်သည်မှာ တာအိုအနှစ်သာရများ ပါဝင်သည့် ဝိညာဉ်သလင်းကျောက် ဖြစ်သည်။
ချူဖုန်း၏ အာရုံကို အဆွဲဆောင်နိုင်ဆုံးအရာသည် ထုံရှင်းကျောင်းတော်မှ ဆက်သလာသော ဗောဓိစေ့ဖြစ်သည်။
သူက= ဆရာတော်ကျွယ်မင်၏ လက်ထဲရှိ ဗောဓိစေ့ကို ကြည့်ကာ ပြုံးလိုက်သည်။
“ထုံရှင်းကျောင်းတော်မှာ ဒီလိုရတနာမျိုး ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူး”
ဆရာတော်ကျွယ်မင် ပြောပြလိုက်သည်။
“ကျွန်တော်တို့ ထုံရှင်းကျောင်းတော်ကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးဟာ အနောက်ဘက်ကောင်းကင်ရဲ့ မဟာမိုးကြိုးကျောင်းတော်က ဗုဒ္ဓတစ်ပါးရဲ့ လူဝတ်ကြောင်သားတော်ပါ”
“အဲ့ဒီတုန်းက ဘိုးဘေးဟာ မဟာမိုးကြိုးကျောင်းတော်ကနေ ပြန်လာတဲ့အခါ ဗုဒ္ဓချီးမြှင့်လိုက်တဲ့ ဗောဓိကိုင်းတစ်ကိုင်းကို ရခဲ့ပါတယ်။ သူက အဲ့ဒီအကိုင်းကို စိုက်ပျိုးပြီး နေ့တိုင်း တရားစာတွေရွတ်ဖတ်ပူဇော်ခဲ့တယ်။ အနှစ်တစ်ရာကြာတဲ့အခါ အဲ့ဒီဗောဓိကိုင်းဟာ ဗောဓိပင် ဖြစ်လာခဲ့ပါတယ်”
“မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ဗောဓိပင်ဟာ နတ်ဘုရားတစ်ပိုင်းအပင် ဖြစ်လာပါတယ်။ နှမြောစရာကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ ထုံရှင်းကျောင်းတော်မှာ ဗုဒ္ဓကျမ်းစာအသစ်တွေ မရှိတော့တာပါပဲ။ မဟုတ်ရင် အဲ့ဒီဗောဓိအပင်ဟာ နတ်ဘုရားသစ်ပင် ဖြစ်နေလောက်ပြီ”
ချူဖုန်း ထိုစကားကို ကြားသောအခါ မျက်လုံးများ တောက်ပသွား၏။
“ဒါဆို ခင်ဗျားပြောချင်တာက ဒီဗောဓိစေ့ကို စိုက်ပျိုးပြီးရင် နေ့တိုင်း တရားစာရွတ်ဖတ်ပူဇော်ရုံနဲ့ တစ်နေ့မှာ နတ်ဘုရားသစ်ပင် ဖြစ်လာနိုင်တယ်ပေါ့ ဟုတ်လား”
ဆရာတော်ကျွယ်မင် ခေါင်းအသာ ညိတ်သည်။
“မှန်ပါတယ်။ ဒါပေမဲ့သူတော်စင်တစ်ပိုင်းအဆင့် ဗောဓိပင်ကို နတ်ဘုရားသစ်ပင် ဖြစ်လာစေဖို့အတွက် အနည်းဆုံးတော့ ရှစ်ဆယ့်တစ်နှစ်တိုင်တိုင် ရွတ်ဖတ်ပူဇော်ပေးဖို့ လိုအပ်ပါတယ်”
“ကံဆိုးတာက ကျွန်တော်တို့ ဘိုးဘေး ထွက်သွားကတည်းက ထုံရှင်းကျောင်းတော်မှာ ဗုဒ္ဓတစ်ပါး ပေါ်မလာတော့သလို စစ်မှန်ဗုဒ္ဓနှလုံးသားစုဒြာကိုလည်း ဘယ်သူမှ မရေးသားနိုင်ကြတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ ထုံရှင်းကျောင်းတော်မှာ ဒုတိယမြောက် ဗောဓိဗုဒ္ဓပင်မရှိခဲ့တာပါ”
“ဒါဆိုရင်တော့ ဒီဗောဓိစေ့က ထူးခြားဆန်းပြားတဲ့ သူတော်စင်တစ်ပိုင်းအဆင့် ပစ္စည်းတစ်ခုပဲ။ နတ်ဘုရားအဆင့်အတန်းမဟုတ်ပေမဲ့ နတ်ဘုရားပစ္စည်းတစ်ခုနဲ့ညီမျှတယ်”
ချူဖုန်း လက်ထဲရှိ ဗောဓိစေ့ကို ကစားရင်း တိုးတိုးရေရွတ်လိုက်သည်။
ထိုစကားကို ကြားသောအခါ မဟာပဏ္ဍိတရွှေတောင်ပံသည် မျှော်လင့်တောင့်တသော အရိပ်အယောင်များ ပြသလာ၏။
အကယ်၍ မြှောင်တောင်တန်းပေါ်တွင် ဗောဓိပင်တစ်ပင် ရှိနေပါက သူ၏ ကျင့်ကြံခြင်းသည်လည်း ဒုန်းစိုင်းတိုးတက်သွားပေမည်။
စစ်မှန်ဗုဒ္ဓနှလုံးသားစုဒြာဆိုသည်မှာ အစ်ကိုကြီးအတွက်တော့ ခက်ခဲမည့်အရာမဟုတ်ပေ။
ထိုနေရာရှိ လူများသည် ဤအချက်ကို သတိမထားမိကြသေးချေ။ မဟာပဏ္ဍိတမိုးမြေ အဘယ်ကြောင့် ဗောဓိစေ့အသေးလေးတစ်ခုကို စိတ်ဝင်စားနေရသနည်းဟုသာ တွေးနေကြသည်။
ညစာစားပွဲက ညဉ့်နက်သည်အထိ ဆက်လက်ကျင်းပခဲ့၏။ ထို့နောက်တွင် ဘုရင်များနှင့် မြို့စားများသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ စခန်းမှ အတူတူ ထွက်ခွာသွားကြတော့သည်။
ချူဖုန်းနှင့် ပင်းယန်တို့ ခန်းမအလယ်တွင် ငြိမ်သက်စွာထိုင်ရင်း ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ လူများကို ကြည့်နေကြ၏။
ပင်းယန်က ပထမဆုံး စကားစလိုက်သည်။
“ယောက်ျား ဒါတွေက ရှင်နိုင်ခဲ့တဲ့ ပစ္စည်းတွေပဲ။ ရှင်ကိုယ်တိုင်ပဲ ခွဲဝေပေးသင့်တယ်”
ချူဖုန်း ဗောဓိစေ့ကို ပေါ့ပေါ့ပါးပါးပင် ကောက်ယူလိုက်ပြီး ဆိုလိုက်သည်။
“ကျန်တဲ့အရာတွေက ငါ့အတွက် အသုံးမဝင်ပါဘူး။ မင်းပဲ စီမံလိုက်ပါ”
တာအိုအနှစ်သာရကို အနည်းငယ်မျှသာ တိုးမြင့်ပေးနိုင်သည့် အရာများကို သူ လုံးဝ အရေးမစိုက်ပေ။
ထိုစကားကြောင့် ပင်းယန်၏ စိတ်ထဲတွင် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။ ခင်ပွန်းသည်က သူမ၏ ဩဇာအာဏာကို ဆက်လက် တည်ဆောက်ပေးနေခြင်းဖြစ်ကြောင်း သိလိုက်၏။
သူမ ကိုးယောက်မြောက်ဦးလေးကို ပြောလိုက်သည်။
“ကိုးယောက်မြောက်ဦးလေး ကျန်နေတဲ့ မြင့်မြတ်မျိုးစေ့ ငါးခုထဲကနေ ဓားအမှတ်အသားကလွဲရင် စိတ်ကြိုက်တစ်ခု ရွေးချယ်နိုင်ပါတယ်”
ဤစကား ထွက်လာသည်နှင့် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ ကျင့်ကြံသူများ၏ မျက်နှာတွင် ရူးသွပ်မတတ် လိုချင်တောင့်တသော အရိပ်အယောင်များ ပေါ်လာကြသည်။
ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ မြင့်မြတ်မျိုးစေ့ဆိုသည် အစဉ်အဆက် စံအိမ်သခင်များ သို့မဟုတ် စံအိမ်၏ မဟာပဏ္ဍိတများသာ အသုံးပြုနိုင်သောအရာ ဖြစ်သည်။
ယခု အပို မြင့်မြတ်မျိုးစေ့တစ်ခု ရရှိခြင်းက သူတို့အတွက် မဟာပဏ္ဍိတတစ်ပါး ဖြစ်လာရန် အခွင့်အရေးရှိလာခြင်းကို ဆိုလိုပေသည်။
“ကျွန်တော်တို့ သခင်မလေးကို ကျေးဇူးတင်ပါတယ်”
လူတိုင်း တညီတညွတ်တည်း ပြောကြသည်။
ပင်းယန် ခပ်အေးအေးပင် ဆိုလိုက်၏။
“ကျေးဇူးတင်ဖို့ မလောကြပါနဲ့ဦး။ စည်းကမ်းချက်တော့ ရှိတယ်”
“ကျေးဇူးပြုပြီး ပြောပေးပါ သခင်မလေး”
အသက်ကြီးပိုင်း အကြီးအကဲတစ်စု စိတ်မရှည်စွာ မေးမြန်းကြသည်။
မြင့်မြတ်မျိုးစေ့ကို ရလာလျှင် ဘုရင်များနှင့် မြို့စားများအဆင့်များကို ယှဉ်ပြိုင်ရန် အခွင့်အရေးရှိလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
“ကျွန်မမှာ စည်းကမ်းချက်တစ်ခုပဲ ရှိတယ်။ ချင်အာက ကျွန်မရဲ့ မွေးစားသမီး ဖြစ်လာရမယ်။ ရှင်တို့ သိကြတဲ့အတိုင်း ကျွန်မက ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ တရားဝင် ဇနီးကြီးက မွေးတဲ့ သမီးအရင်း မဟုတ်လား။ ပင်းရှောင်ဖုန်းကတော့ မယားငယ်က မွေးတာလေ”
ပင်းယန် ပြုံးလိုက်သည်။
ထိုနေရာရှိ အကြီးအကဲများသည် ငတုံးများမဟုတ်ကြချေ။ ထိုစကားထဲတွင် ပုံမှန်မဟုတ်သော အငွေ့အသက်တစ်ခုခုကို သူတို့ အာရုံခံမိလိုက်ကြသည်။
ဤမိန်းကလေးသည် နောင်တွင် ပင်းချင်ကို စံအိမ်သခင်ရာထူးအတွက် ယှဉ်ပြိုင်ခိုင်းရန် ကြံရွယ်နေခြင်းပင်။
ကိုးယောက်မြောက်ဦးလေး : “ဒါပေါ့။ မင်းက ငါတို့ ပင်းမိသားစုရဲ့ တစ်ဦးတည်းသော တရားဝင် သမီးအရင်းပဲ။ သေချာစဉ်းစားရင် စံအိမ်သခင်ရာထူးက မင်းအပိုင် ဖြစ်သင့်တာ”
“တကယ်လို့ ချင်အာကို မင်း နာမည်အောက်မှာ မွေးစားလိုက်ရင် သူ စံအိမ်သခင်ရာထူးကို ဆက်ခံဖို့ အရည်အချင်းပြည့်မီသွားလိမ့်မယ်။ ဒါဆိုရင် ငါတို့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှာ နောက်ထပ် မဟာပဏ္ဍိတတစ်ပါး ပေါ်ထွက်လာနိုင်တာပေါ့”
လူတိုင်းသည် ကိုးယောက်မြောက်ဦးလေး၏ စကားထဲမှ ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားကြသည်။
ထိုမိန်းကလေးသည် အဆင့်တက်ခါစ မဟာပဏ္ဍိတတစ်ပါးသာ ဖြစ်သော်လည်း သူမ ခင်ပွန်းကမူ ကောင်းကင်အောက်တွင် နံပါတ်တစ် မဟာပဏ္ဍိတကြီး မဟုတ်လော။
မဟာပဏ္ဍိတမိုးမြေ ပင်းချင်ကို ပေါ့ပေါ့ပါးပါး လမ်းညွှန်ပေးရုံဖြင့် သူတို့ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် ဘာမှမလုပ်လိုက်ရဘဲ မဟာပဏ္ဍိတအဆင့် စံအိမ်သခင်တစ်ဦးကို ရရှိသွားမည် ဖြစ်သည်။
ယခုလောက် ကောင်းမွန်သည့်အရာမျိုးကို ဘယ်မှာ သွားရှာနိုင်ပါတော့မည်နည်း။ ထို့အပြင် အလကားရမည့် မြင့်မြတ်မျိုးစေ့တစ်ခုကလည်း သူတို့ကို စောင့်ကြိုနေသေး၏။
“ဟုတ်ပါတယ်။ ကျွန်တော်တို့ သခင်မလေးရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်”
“ကျွန်တော်တို့ မိန်းကလေးချင်ကို အနာဂတ်စံအိမ်သခင်အဖြစ် ထောက်ခံဖို့ အသင့်ပါပဲ”
“…”
ပင်းယန် လူတိုင်း၏ အဖြေကို အလွန်စိတ်ကျေနပ်သွားပြီး နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်သွားတော့သည်။
“ရှင်တို့အားလုံး ဉာဏ်ရှိတဲ့ လူတွေပဲ။ အချင်းချင်း တိုင်ပင်ပြီးရင် စရွေးကြတော့”
“ဟုတ်ကဲ့”
ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ အကြီးအကဲများသည် မထွက်ခွာဘဲ သူတို့နှစ်ဦးရှေ့တွင် အချင်းချင်း တိုင်ပင်ကာ ရွေးချယ်မည့်အရာကို လျင်မြန်စွာ ဆုံးဖြတ်လိုက်ကြသည်။
“သခင်မလေး... ကျွန်တော်တို့ ကွမ်ရှင်းစင်မြင့်ရဲ့ ကြယ်တာရာကျောက်တုံးကို ရွေးချယ်ပါတယ်”
“ဦးလေးကိုး အဲ့တာဆို ကြယ်တာရာကျောက်တုံးကို ရှင့်ဆီ အပ်လိုက်မယ်”
ပင်းယန် ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်၏။ ကြယ်တာရာကျောက်တုံးက ကိုးယောက်မြောက်ဦးလေး လက်ထဲသို့ ကျရောက်သွားသည်။
အကြီးအကဲများ၏ စိတ်ထဲတွင် မနာလိုဖြစ်မိသော်လည်း မည်သူမျှ ဘာမှမပြောရဲကြချေ။
နောက်တစ်နေ့တွင် ချူဖုန်းနှင့် ပင်းယန်တို့ ရထားလုံးတစ်စီးပေါ်တွင် ထိုင်ကာ ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ အဖွဲ့နှင့်အတူ မူလလမ်းကြောင်းအတိုင်း စံအိမ်သို့ ပြန်လာကြသည်။
တစ်ချိန်တည်းမှာပင် ပြင်းထန်အေးခဲတောင်တန်းစံအိမ်အတွင်း၌ ပင်းအောက်ကူ၊ ပင်းရှောင်ဖုန်းတို့သည် ကျားဇီတိုက်ပွဲ၏ သတင်းကို ရရှိထားပြီးဖြစ်ရာ သူတို့စိတ်ထဲတွင် ရှုပ်ထွေးပွေလီသော ခံစားချက်များဖြင့် ပြည့်နှက်နေကြတော့၏။
နေဝင်ရီတရောအချိန်တွင်
ကျယ်လောင်သော အသံတစ်သံသည် ပြင်းထန်အေးခဲတောင်တန်းစံအိမ်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့၏။
“သခင်မလေးနဲ့ သမက်တော်တို့ ပြန်ရောက်လာပါပြီ”